ကျွန်တော် ငယ်ငယ်ကတည်းက သေမင်းတမန် ရထားလမ်း ဆိုတာ ကြားဖူးတယ်။ ဖေဖေ က အကောက်ခွန်ဦးစီးမှူးဆိုတော့ နယ်စုံမှာ တာဝန်ကျတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ တာဝန်ကျတဲ့အချိန် ကျွန်တော် လိုက်လည်တုန်းကလည်း ဖေဖေတို့ ပြောသံကြားပေမယ့် စိတ်ထဲ ထင်တာက သေမင်းတမန် ဆိုတဲ့အတိုင်း သရဲအရမ်းခြောက်တဲ့ နေရာ ထင်တယ်ဆိုပြီး ကြောက်လို့ သွားကြည့်မယ် တစ်ခါမှ မပြောဖြစ်ခဲ့ဘူး။ ကြီးလာမှ စာအုပ်တွေ ဖတ်တော့ သေမင်းတမန် မီးရထားလမ်းဆိုတာ သရဲခြောက်တဲ့နေရာမဟုတ်ဘဲ၊ တကယ့်ကို ရင်နင့်စရာနေရာတစ်ခု ဆိုတာ သိလာရတယ်။
သေမင်းတမန် မီးရထားလမ်း ကို ခုနောက်ပိုင်းမှာ ခရီးစဉ်တစ်ခုအနေနဲ့ ပြည်တွင်း ခရီးသွားတွေရော၊ ပြည်ပ ခရီးသွားတွေ အတွက်ပါ ထည့်ဆွဲကြတာ သတိထားမိတယ်။ မွန်ပြည်နယ်ဘက် ခရီးစဉ်ဆွဲရင် သံဖြူဇရပ်မြို့ရဲ့ အထင်ကရ ပြသစရာတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲလာကြပါတယ်။ ဒီ ၂၀၁၆ ခုနှစ်၊ နှစ်စ လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ကမှ အဲ့ဒီ မီးရထားလမ်းပိုင်းမှာ အသစ်ဖွင့်လိုက်တဲ့ သေမင်းတမန်မီးရထားလမ်းပိုင်းပြတိုက် ကိုလည်း ဝင်လေ့လာလို့ ရနေပါပြီ။ ဒီလို ပြတိုက်အနေနဲ့ စနစ်တကျ တည်ဆောက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ပြသပေးတာ ကောင်းတယ်လို့ ကျွန်တော်တော့ မြင်မိသား။ ပြတိုက်က ရန်ကုန် - မြိတ် ကားလမ်းမကြီး နဲ့ ရန်ကုန် - ရေး မီးရထားလမ်းဆုံတဲ့နေရာ သံဖြူဇရပ်က ဝဲကဝါကျေးရွာမှာ ရှိပါတယ်။
ထူးခြားတာလေးတွေ ရှိတယ်ဗျ။ ပြတိုက်က သေးသေးငယ်ငယ် နှစ်ထပ်ပုံစံလေးပေမယ့် ခေတ်မီတယ်။ ပြတိုက်ရှေ့အဝင်ဝမှာ ရုပ်ကြွထုဆစ်ထားတဲ့ ရထားလမ်းခင်းနေတဲ့ လုပ်သားကြီးတွေရဲ့ ပင်ပန်းနေတဲ့ဟန်၊ ဖက်ဆစ်ဂျပန်တွေရဲ့ အတင်းအကြပ်ခိုင်းစေဟန်တွေ ပေါ်လွန်နေလို့ မြင်ရတာ ကြက်သီးထစရာ ကောင်းပါတယ်။ ပြတိုက်ထဲ ဝင်မယ်ဆိုရင်တာ့ ဝင်ကြေးက ၈၀၀ ကျပ် ပေးရပါတယ်။ အသက် (၇) နှစ်အောက်ဆိုရင်တော့ ပေးစရာမလိုပါဘူး။ နိုင်ငံခြားသားဆိုရင်တော့ ၅၀၀၀ ကျပ် ယူတယ်လို့ သိရပါတယ်။
ပြတိုက်အတွင်းထဲမှာ 3D ပုံစံရေးဆွဲထားတဲ့ ပန်းချီကားချပ်ကြီး ရှိပါတယ်။ အဲ့ဒီမှာ ကိုယ်နှစ်သက်ရာဟန်လေးနဲ့ ဓါတ်ပုံရိုက်ယူနိုင်ပါတယ်။ ကျွန်တော် စိတ်ဝင်စားမိတာကတော့ ဓါတ်ပုံမှတ်တမ်းတွေပါပဲ။ ကြားပဲ ကြားဖူးခဲ့တဲ့ သေမင်းတမန် ရထားလမ်းရဲ့ ဇာတ်လမ်းတွေကို ဓါတ်ပုံတွေထဲကနေတဆင့် ကိုယ်တိုင်ခံစား ရင်နင့်နိုင်စေတယ်လို့ ကျွန်တော် သိလိုက်ရတယ်။ အဲ့ဒီခေတ်ကို ချက်ချင်းရောက်သွားသလို၊ သုံ့ပန်းတွေနဲ့အတူ ပင်ပန်းဆင်းရဲမှုတွေကို ကိုယ်ချင်းစာမိသွားတယ်။
ပြတိုက်ရဲ့ အပြင်ဘက်မှာတော့ မီးသွေးငွေ့သုံး မီးရထားစက်ခေါင်းကြီးကို ပြထားတဲ့နေရာ ရှိသေးတယ်။ အဲ့ဒီမှာလည်း မှတ်တမ်းဓါတ်ပုံတွေ ရိုက်နိုင်ပါတယ်။ ဒီစက်ခေါင်းကြီးက ဒီသေမင်းတမန်ရထားလမ်းပေါ် ပထမဆုံး ပြေးဆွဲခဲ့တဲ့ ကျောက်မီးသွေး စွမ်းအင်သုံး C_0522 မီးရထားစက်ခေါင်းကြီးလို့ သိရပါတယ်။ ဇလီဖားတစ်တုံး၊ အသက်တစ်ချောင်း လို့တောင် တင်စားထားတဲ့ သေမင်းတမန် ရထားလမ်းပေါ်က ဇလီဖားတုံးတွေပေါ် လမ်းလျှောက်ကြည့်မိတယ်။ တချို့လည်း ဒီသေမင်းတမန် ရထားလမ်း အစပြုရာ ကျောက်တိုင်မှာ အမှတ်တရ ဓါတ်ပုံရိုက်တတ်ကြတယ်။
ဂျပန်တွေ မြန်မာနဲ့ ထိုင်းကို ဆက်သွယ်ဖို့ ၁၇၅ မိုင်ရှည်တဲ့ ရထားလမ်းကို ၁၉၄၂ ခုနှစ်မှာ ဖောက်လုပ်ဖို့ ကြံစည်ခဲ့တယ်။ အဓိက က စားနပ်ရိက္ခာတွေ၊ အသုံးအဆောင်တွေကို ထိုင်းကနေ မြန်မာ ကို ပို့ဖို့ ပင်မဆက်သွယ်ရေးလမ်းကြောင်းအနေနဲ့ပါ။ ရထားလမ်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ဖို့အတွက် စုဆောင်းထားတဲ့ သုံ့ပန်း တစ်သိန်းနှစ်သောင်း ဟာ မီးရထားလမ်းဖောက်ခဲ့ကြရပြီး တချို့က ရောဂါရ၊ တချို့က အဟာရပြတ်လပ်၊ တချို့က ကျားဆွဲ နဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ နှိပ်စက်မှုအောက်မှာ အသက်ပေးခဲ့ကြရတယ်။ မြန်မာတွေတင်မကပါဘူး နိုင်ငံခြားသားတွေပါ အများအပြားပါဝင်နေလို့ သေဆုံးသွားသူတွေထဲမှာလည်း နိုင်ငံခြားသားတွေ ရှိနေပါတယ်။ နိုင်ငံခြားသားစစ်သုံ့ပန်းတွေအတွက်တော့ ဓနသဟာရ စစ်သချုႌင်းမှာ မြှုပ်နှံပေးထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်ဘက်ရောက်ရင်တော့ အထင်ကရ လည်ပတ်စရာတစ်ခုအနေနဲ့ရော၊ ဗဟုသုတယူစရာအနေနဲ့ရော သွားရောက်လေ့လာသင့်တဲ့နေရာလို့ ကျွန်တော်ကတော့ယူဆမိပါတယ်။ The Death Railway Museum သေမင်းတမန် ရထားလမ်းပိုင်း ပြတိုက် ကို မနက် ၇ နာရီကနေ ည ၇ နာရီထိ ဖွင့်ပေးတယ်လို့ သိရပါတယ်။ လမ်းကြုံရင် ဝင်လေ့လာဖို့ လက်တို့ချင်ပါတယ်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)