ခေတ်ကိုက တိုးတက်တာ မြန်လွန်းလို့ထင်တယ်။ ကျွန်တော်တို့လည်း အလုပ်ကိစ္စ တစ်နေရာကနေ တစ်နေရာ ခရီးသွားရတာ များလာတယ်။ ခရီးများလာတော့ ခရီးသွားတဲ့နေရာတွေက စားသောက်ဆိုင်လုပ်ငန်းတွေလည်း တိုးတက်လာတယ်။ ကျွန်တော်တို့တွေ ကတိုက်ကရိုက် စားရတာက များသောအားဖြင့် ယာဉ်ရပ်နားစခန်းတွေ၊ လေဆိပ်စားသောက်ဆိုင်တွေမှာဖြစ်လာတယ်။ ကုန်းကြောင်းက ကိစ္စ သိပ်မရှိဘူး မြို့ရှိ ရွာရှိရင် စားစရာရှိတယ်။ ခုဆို အမြန်လမ်းလိုနေရာမျိုးမှာတော့ လမ်းဘေးဆိုင်လေးတွေ နေရာအနှံ့ အလျှိုလျှိုပေါ်လာသေးတာပဲဆိုတော့ ကုန်ကြောင်းက စားရေးသောက်ရေး စိတ်မပူရဘူး။ ပူရတာက လေကြောင်း ရေကြောင်းနဲ့ ခရီးသွားတဲ့အခါမျိုးမှာသာပါ။ သင်္ဘောစီးတာဆိုလည်း သင်္ဘောပေါ်၊ လေယာဉ်စီးတာဆိုလည်း လေယာဉ်ပေါ်မှာ စားရသောက်ရတာ အဆင်မပြေခဲ့ရင် ကျွန်တော်တို့ စိတ်ဆင်းရဲရတယ်ပေါ့ဗျာ။
ခရီးတို စီးတာမှာ ကိစ္စမများလှပေမဲ့၊ ညအိပ်ညနေ အချိန်အကြာကြီး လေယာဉ်စီး၊ သင်္ဘောစီး ရရင် ဒီ အစားအသောက်ဟာ အရေးပါလာတယ်လို့ ကျွန်တော်ထင်တယ်။ ပြီးခဲ့တဲ့ လက ဒူဘိုင်းမြို့ကို အလည်သွားတော့ ကျွန်တော် Emirates လေကြောင်းနဲ့သွားခဲ့တယ်။ လေယာဉ်ချိန်က ၅ နာရီသာ ဖြစ်ပေမဲ့ အဲ့ဒီနေ့က ကျွန်တော်တို့ ရန်ကုန်လေဆိပ်သစ်ကြီးက စက်ချွတ်ယွင်းမှုတစ်ခု ဖြစ်နေလို့ဆိုပြီး ပစ္စည်းတွေသယ်တာ လူအင်အားနဲ့ လုပ်ဆောင်ရတဲ့နောက်မှာတော့ လေယာဉ် Check-in နဲ့ လေယာဉ်ပေါ်မှာ အတော်လေး စောင့်လိုက်ရတယ်။ ထွက်တဲ့အချိန်က ည ၁ နာရီ ဆိုပေမဲ့ ည ၃ နာရီကျမှ တကယ်ထွက်ရတယ်။ လေယာဉ်ပေါ်တက်ပြီး မအိပ်ခင်လေး လေယာဉ်မယ်လေးတွေက မနက်စာကို ကြိုမှာထားရင် အအိပ်မပျက်တော့ဘူးဆိုလို့ သူတို့ပေးထားတဲ့ Menu လေး ကပြာကယာ ကြည့်လိုက်တယ်။ Menu လေးကိုင်လိုက်တာနဲ့တင် ကိုယ့်ကိုကိုယ် Fine Dinning စားသောက်ဆိုင်ရောက်သွားသလား ထင်ရအောင်ပဲ။ အဲ့ဒီထဲက မနက်စာအဖြစ် ကိုယ်စားချင်တဲ့ Set တစ်ခုကို ရွေးပေးလိုက်တယ်။ ခါတိုင်းလည်း လေယာဉ်ပေါ်မှာ ဂျီးမများတတ်ခဲ့သလို၊ များသောအားဖြင့်လည်း Budget လေကြောင်းလိုင်းတွေပဲ စီးတတ်တော့ စားစရာရှိ လေယာဉ်ပေါ်ရောင်းတဲ့ ခေါက်ဆွဲပြုတ်ပဲ ဝယ်စားခဲ့တာမို့ (မချမ်းသာဘူးဆိုတာ ကြွားတာပါ) လေယာဉ်ပေါ်က အစားအသောက်ကို ခေါင်းထဲ သိပ်မထည့်ဖြစ်ဘူး။
မနက်စာ စားဖို့ လာနှိုးတော့မှာ သူတို့ပြင်ဆင်ပေးတဲ့ မနက်စာဟင်းလျာတွေက အနံ့လည်း ဆွဲဆောင်မှုရှိသလို အရသာလည်းကောင်း အပြင်အဆင်လည်း လှတယ်လို့ သိလိုက်ရတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်ထိ ကျွန်တော်ဟာ ဒီလေယာဉ်ပေါ်က အစားအသောက်တွေကို ဘယ်လို ထုတ်လုပ်နေသလဲဆိုတာ မစဉ်းစားမိခဲ့ဘူးဆိုတာ အမှန်။ ကိုယ်စီးဖူးတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေဆိုလည်း ကိုယ်မြင်တွေ့နေကျ ဆိုင်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး ကျွေးနေတာများတယ်။ နိုင်ငံခြားလေကြောင်းလိုင်းဆိုလည်း ဒီဟင်းလျာမျိုးတွေချည်း ပုံမှန်စားနေရသလောက်ပဲဆိုတော့ စိတ်ထဲထင်တာက စားသောက်လုပ်ငန်းတစ်ခုခုကို အပ်လိုက်တယ်ပဲ ထင်မိတာ။ ကျွန်တော့ အထင် လုံးလုံးကြီးမှားနေတယ်ဆိုတာ Emirates လေကြောင်းလိုင်းရဲ့ အစားအသောက်တွေ ထုတ်တဲ့နေရာကြီးကို ရောက်တော့မှ သိလိုက်ရတယ်။
နေ့စဉ် အစီးရေများစွာ၊ ခရီးစဉ်များစွာ ပြေးဆွဲနေတဲ့ Emirates လေကြောင်းလိုင်းမှာ အစားအသောက်တွေကို ထုတ်လုပ်တဲ့ပုံစံဟာ စားသောက်ဆိုင်ပေါင်း ၁၀၀ လောက် တစ်ပြိုင်နက် ချက်ပြုတ်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ လေ့လာရေးဝင်လာတဲ့ ကျွန်တော်တို့ဟာ ဝတ်စုံအဖြူကြီးတွေ ဝတ်လို့ ခေါင်းက ဆံပင်တွေမကျအောင် ခေါင်းပေါင်း ပေါင်းရတယ်။ မုတ်ဆိတ်မွှေးရှိရင် ပါးစပ်နဲ့ နှာခေါင်းပါ အုပ်ရပါသေးတယ်။ သက်ဆိုင်ရာ အခန်းကို မဝင်ခင် လက်ဆေးတာမျိုးလည်း လုပ်ရပါတယ်။ လုပ်သားတွေရဲ့ ကျန်းမာရေးသာမကဘူး လေယာဉ်ပေါ်က စားသုံးသူတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပါတယ်။ ကျွန်တော်တို့ လေ့လာခွင့်ရခဲ့တာမှာ ဌာန တစ်ခုစီမှာ ဝန်ထမ်းပေါင်းများစွာနဲ့ လုပ်ဆောင်နေကြတယ်။ သန့်ရှင်းရေးလား၊ ဇွန်း၊ ခရင်း၊ တူ ထုပ်ပိုးရေးလား၊ အားလုံးကို လူအား စက်အားနဲ့ မနားမနေ ထုတ်လုပ်နေကြပါတယ်။
အစားအသောက်ကိုလည်း ကမ္ဘာနဲ့အဝှမ်းက စားဖိုမှုးပေါင်း ၅၀၀ ကျော်နဲ့ ချက်ပြုတ်နေတယ်လို့ သိရပါတယ်။ ကမ္ဘာအနှံ့က ဖြစ်လို့ အစားအသောက်ကလည်း နိုင်ငံစုံက အစားအသောက်တွေ ပါဝင်ပါတယ်။ ဂျပန်လို ဆယ်လ်မွန်အစိမ်း လား၊ အနောက်နိုင်ငံတွေကလို Steak တွေစားမှာလား။ အိန္ဒိယဒံပေါက်လား။ တရုတ်ဆန်ပြုတ်လား။ ထိုင်းပင်စိမ်းဟင်းလား သူတို့မှာ ချက်ပြုတ်ဖို့ စွမ်းအားအပြည့်ဆိုတာ တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ကြည့်ရတဲ့ ကျွန်တော်တောင် ခြေထောက်ညောင်းသွားတယ်။ မကုန်နိုင်ဘူးရယ်။ အချိုပွဲအတွက် ပြင်ဆင်နေတာကလည်း အားရစရာ၊ စားချင်စရာ။ နှိုက်စားချင်စိတ်တွေ မနည်းထိန်းသိမ်းရတယ်။
Emirates မှာ နေ့စဉ် ခုလို အစားအသောက်တွေ ထုတ်လုပ်နေကြရပြီးတော့ ၆ လတစ်ကြိမ်လည်း အစားအသောက် Menu ကို ပြောင်းတယ်လို့ သိရပါတယ်။ တစ်ကြိမ်မှာတော့ Menu ပုံစံ ၃ ခုလောက်ကို အလှည့်နဲ့ ကျွေးမွေးဖို့ ပြင်ဆင်တယ်လို့ သိရပါတယ်။ ဒီကိုရောက်မှပဲ လေယာဉ်ပေါ်မှာ စားရတဲ့ အစားအသောက်ဟာ ပေါ့သေးသေး မဟုတ်မှန်းသိရတယ်။ လေယာဉ်ပေါ်မှာ သိုမှီးထားလို့ရအောင်၊ လေယာဉ်မောင်မယ်တွေ Microwave နဲ့ နွှေးဖို့လွယ်ကူအောင်ကအစ သေချာစဉ်းစားပြင်ဆင်ရတယ်။ လေယာဉ်ပေါ်က ဝယ်ယူတဲ့လက်မှတ်အတန်းအစားပေါ်မူတည်ပြီး သုံးတဲ့ ခွက်ယောက်ကအစ နည်းနည်းကွာသွားအောင်လည်း စဉ်းစားထားကြတယ်။
ကျွန်တော် စိတ်ဝင်စားမိတာက သူတို့ ဘယ်အချိန်မျိုးမှာ ကိစ္စကြီးငယ် ကြုံတတ်သလဲပေါ့။ သူတို့ လိုက်ပြတဲ့ ထိန်းချုပ်ရေးခန်းတစ်ခု ရှိတယ်။ လေယာဉ်တွေထွက်ခွာတာ၊ ဆိုက်ရောက်တာကို အဲ့ဒီမှာ Screen ကြီးကြီးတွေနဲ့ ပြထားတယ်။ လူတွေ ထိုင်စောင့်ကြည့်နေကြတယ်။ တချို့လေယာဉ်တွေက ထွက်ခွာချိန် အကြောင်းအမျိုးမျိုးနဲ့ နောက်ကျနေတယ်။ ဟိုဘက်လေဆိပ်ရဲ့ ရာသီဥတု အနေအထားအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်ထွက်ချိန်နောက်ကျတဲ့အခါ အစားအသောက်ထုတ်လုပ်တဲ့ဌာနမှာလည်း ပူပန်ရပါတယ်။ ဆိုပါတော့ ဒီခရီးစဉ်က ပုံမှန်ပျံသန်းရင် မနက်စာ နဲ့ နေ့လည်စာ ကို ပြင်ဆင်ပေးရတယ်။ ဒါပေမဲ့ အဲ့ဒီနေ့ လေယာဉ်ထွက်ချိန်နောက်ကျနေတော့ အရင် ကြိုတင်စီစဉ်ထားတာအစား နေ့လည်စာ နဲ့ ညစာ ကို ပြောင်းပြီး လေယာဉ်ပေါ်တင်ပေးရတော့မယ်။ ဒီလိုမျိုး အခက်အခဲတွေလည်း သူတို့မှာ ရှိတတ်ကြတယ်လို့ သိလိုက်ရတယ်။
ဒီ Emirates လေကြောင်းလိုင်းရဲ့ အစားအသောက်ထုတ်လုပ်တဲ့ဌာနကနေ နေ့စဉ် အစားအသောက်မျိုးစုံ ပွဲရေ ၁၄၀,၀၀၀ လောက် ထုတ်လုပ်နေရတယ်ဆိုတာ ရုတ်တရက်ဆို ယုံဖို့ခက်မယ်လေ။ အစားအသောက်တွေကို တည်ခင်းတဲ့အချိန်မှာ စားသုံးသူက မြေပြင်ပေါ်မှာ အခုမှာပြီး အခုစားရတဲ့ အရသာမျိုးရအောင် ကြိုးစားဖန်တီးနေကြတဲ့ ပညာရှင်တွေကိုတော့ မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်ဆိုတာ ဒီနေ့တော့ ကျွန်တော် စာလေးရေးရင်းနဲ့ ဝန်ခံ ချီးကျူးမိပါပြီလေ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)