top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

အင်ဒိုနီးရှားက တမူကွဲပြားတဲ့ ဘာလီကျွန်း ဆီ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း မှာ တစ်ပတ်ခန့် လည်ပတ်ပြီး သွားလာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ခရီးစဉ်လေးကို ပြန်ပြီးရေးသားဖော်ပြချင်တာပါ။ ရှေ့မှာလည်း ဘာလီ မသွားခင် သိထားသင့်တဲ့ အချက်အလက်တွေနဲ့ ကြိုတင်ပြင်ဆင် ယူဆောင်သွားခဲ့တာတွေကို ရေးသားခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ဘာလီကျွန်းမှာ သွားလာလည်ပတ်သင့်တဲ့ နေရာတွေကို လက်တွေ့ကျကျ တင်ပြသွားချင်ပါတယ်။ လက်တွေ့ကျကျ ဆိုတာက သာမန်ခရီးသွားတစ်ယောက်အနေနဲ့ လည်ပတ်သင့်တဲ့ ပုံစံကို ဆိုလိုတာပါ။ Travel Blogger တစ်ဦးအသွင်မျိုး၊ သာမန်ထက် ထူးခြားစွာ ခရီးသွားလိုသူတွေရဲ့အသွင်မျိုးနဲ့ တူကောင်းမှ တူပါမယ်။ ဒါကြောင့်မို့ ခု ကျွန်တော်ရေးမဲ့ အကြောင်းအရာတွေမှာ ဘာလီကျွန်းရဲ့ သိပ်လှလွန်းတဲ့ လျှို့ဝှက်လည်ပတ်စရာမျိုး၊ တောနက်ကြီးထဲသွားပြီး ရှာဖွေ ခံစားရမဲ့ ရေတံခွန်မျိုးတွေ ပါဖို့တော့ မရှိပါဘူးဆိုတာကိုတော့ ကြိုပြီး အသိပေးချင်ပါတယ်။ ဘာလီကို ကျွန်တော်တို့ နိုင်ငံကနေ သွားမယ်ဆိုရင် ရှေ့တစ်ရက် နောက်တစ်ရက်ကိုတော့ လေယာဉ်ချိန် သီးသန့်ဖယ်ထားဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်ကွင်းရယ်၊ လေယာဉ်ပေါ်ရယ် နဲ့ အချိန်ကွာခြားမှုရယ်မှာ အဲ့ဒီရက်တွေ အလိုလို ကုန်ဆုံးသွားတာပါပဲ။ ဒါကြောင့် ကိုယ်က ၃ ရက် ဟိုမှာ အပြည့်နေမယ်ဆိုရင် အသွားတစ်ရက် အပြန်တစ်ရက် ပေါင်းပြီး ၅ ရက် အားလပ်ချိန် လိုအပ်ပါလိမ့်မယ်ဆိုတာ ကြိုတင်သတိထားရပါလိမ့်မယ်။


ဘာလီကျွန်း ဆိုတာ

ဘာလီကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံထဲမှာ ရှိနေတဲ့ တခြားအင်ဒိုနီးရှားနိုင်ငံတွေနဲ့ မတူညီသော ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေထိုင်မှုပုံစံ၊ တောတောင်ရေမြေနဲ့ပင်လယ်၊ သစ်တောနဲ့တိရစ္ဆာန်တွေ ရှိနေရာအရပ်ပါ။ ဘာလီကျွန်း ဟာ ကျယ်ပြောပြီး လည်ပတ်စရာနေရာတွေက တစ်နေရာနဲ့ တစ်နေရာ အတော်လေး ဝေးဝေးမှာ တည်ရှိနေလို့ ပျင်းလောက်အောင် ကားစီး ဆိုင်ကယ်စီးရပေမဲ့ ရောက်သွားတဲ့အခါလည်း သဘောကျချင်စရာတွေ မြင်တွေ့တတ်ပါတယ်။ နေရာကျယ်ပြောတဲ့အလျောက် ဘာလီမှာ သဘာဝအလှ အကုန်ရှိနေတာကို ထူးခြားစွာ သိရပါမယ်။ ပင်လယ်ကမ်းခြေ၊ တောင်ပေါ်အပန်းဖြေစခန်း၊ မီးတောင်၊ လယ်ကွင်း၊ အင်းအိုင်၊ ရေတံခွန် စသဖြင့် စုံစိနေပါလေရော။


ဘာလီ ကို Tour နဲ့ သွားသင့်သလား

ဒီနေရာမှာ စဉ်းစားစရာတစ်ခုရှိပါတယ်။ ဘာလီ ကို Tour တွေအများကြီးရောင်းနေပါတယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားကြတယ်။ ဘယ်ဟာ ပိုကောင်းသလဲဆိုတာပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားရင် အတော်များများမှာ စမ်းတဝါးဝါး သွားရမယ်။ စူးစမ်းမှုတွေ လုပ်ရမယ်။ ကားငှား၊ ဆိုင်ကယ်ငှား က အစ ထမင်းစားဖို့ နေဖို့အဆုံး ကိုယ့်ဟာကိုယ် စီစဉ်ရမှာ ဖြစ်တဲ့အတွက် ဒီလိုလုပ်ဖို့ အရမ်းမကျွမ်းကျင်ထားရင်၊ အဲ့လိုလုပ်ဖို့ အချိန်နည်းပါးသူမျိုးဆိုရင် မကိုက်လှပါဘူး။ Tour နဲ့သွားရင်တော့ ခရီးစဉ်တစ်ခုမှာ ကိုယ်ရောက်သင့် ရောက်ထိုက်တဲ့ နေရာအကုန်ကို ခေါင်းသိပ်စားစရာမလိုဘဲ သက်တောင့်သက်သာ ရောက်သွားနိုင်တယ်။ ဒါ့အပြင် ဒေသခံလမ်းညွှန်ကြောင့်လည်း တစ်ထိုင်တည်းမှာ ဗဟုသုတ အပြည့်အဝ ရသွားစေနိုင်တယ်လေ။

ကျွန်တော် ဘာလီကို ET Tour နဲ့ သွားဖြစ်ပါတယ်။


ဘာလီ မသွားခင် ကြိုပြင်ဆင်

ဒီအကြောင်းအရာကိုတော့ ပေးထားတဲ့ Link မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဆောင်ရန် ရှောင်ရန်တွေ အတော်ပြည့်ပြည့်စုံစုံ ရေးသားပေးထားပါတယ်။


ရန်ကုန် ကနေ ဘာလီ ကို လေယာဉ်စီးရင်

ကျွန်တော့ရဲ့ ခရီးစဉ်ကို အသွားကိုတော့ Air Asia နဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်ကနေ တဆင့်ခံပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း ပေါ်က တစ်ခုတည်းသော လေဆိပ် Ngurah Rai International Airport ကို ရောက်ရှိပါမယ်။ မနက်စောစော ၈ နာရီလေယာဉ်နဲ့ ရန်ကုန်ကနေ ထွက်လာပြီး (၃) နာရီကြာပျံသန်းလို့ ကွာလာလမ်ပူလေဆိပ်ကို ရောက်ပါတယ်။ အဲ့ဒီမှာ Transit အတွက် စစ်ဆေးရေးဂိတ် (၃) ဂိတ်လောက်ကို ဖြတ်ပြီးမှ ကိုယ်ထပ်စီးမဲ့ ဂိတ်ကို ရောက်ပါတယ်။ ကွာလာလမ်ပူမှာ စားသောက်ဆိုင်နဲ့ မုန့်ဆိုင်၊ တခြားအရောင်းဆိုင်မျိုးစုံရှိပေမဲ့ ခဏလေးသုံးဖို့အတွက် ရင်းဂစ်ငွေ လဲဖို့ အဆင်မပြေလို့ ဘာမှ ဝယ်ပြီး မစားမသောက်ဖြစ်ဘူး။ ၂ နာရီခွဲလောက် လေယာဉ်ချိန် ဟ နေတော့ ရေငတ်တဲ့ဒုက္ခကို အတော် အောင့်အီးရတယ်။ ဝယ်ရင် ရေဗူးလေးတွေက ခွက်လေးတွေထဲ ထည့်ထားပြီး တစ်ဒေါ်လာတောင် မပေးရပေမဲ့ အကြွေမပါသွားလို့ မဝယ်ဖြစ်ခဲ့တာ။ သောက်ရေအတွက် ပေးထားပေမဲ့ အဲ့ရေထားတဲ့နေရာတိုင်းမှာ လူတွေက ပြည့်ကျပ်ပြီး ဘူးတွေနဲ့ လာလာ ခံနေကြတော့ ကိုယ့်အလှည့်မရောက်နိုင်ဘူး။ ဒါလေးတစ်ခုတော့ ဆိုးသား။ ကွာလာလမ်ပူလေဆိပ်ကနေ ဘာလီက လေဆိပ်ကို နောက်ထပ် (၃) နာရီ ထပ်ပျံသန်းရပါတယ်။ အဲ့ဒီလေဆိပ်ဟာ Kuta နယ်ရဲ့ တောင်ဘက်မှာ ရှိတာမို့ Kuta နဲ့ အနီးဆုံး ဖြစ်ပြီး လေဆိပ်ကနေ ကားနဲ့သွားမယ်ဆို ၁၀ မိနစ်ပဲ ကြာပါတယ်။


ဘယ်မှာ တည်းဖြစ်ခဲ့လဲ

ကျွန်တော်တို့ တည်းခိုဖို့ကို Kuta ထဲမှာပဲ စီစဉ်ပေးပါတယ်။ စည်ကားပြီး လှည့်ပတ်ကြည့်ရှုပြီး ဈေးဝယ်ဖို့ လမ်းဘေးဆိုင်တွေ ပေါများတယ်။ အနှိပ်ခံဖို့ Massage & Spas တွေရှိတယ်။ စားသောက်ဆိုင်တွေလည်း ပေါပြီး Bar တွေရှိတယ်။ Bar တွေမှာဆိုလည်း DJ ဒါမှမဟုတ် Live Band ပါဝင်တဲ့ Bar တွေ ရှိနေတော့ လူငယ်တွေ အကြိုက်ပါ။ ပြီးတော့ Shopping Mall ကြီးကြီးမားမားတွေလည်း ဒီအရပ်မှာပဲ ရှိတဲ့အပြင် နာမည်ကျော်တဲ့ Kuta Beach ကမ်းခြေကလည်း ဒီနယ်မှာပဲ ရှိနေပါတယ်။ နာမည်ကျော် Club တွေဆိုတာလည်း ဒီအရပ်မှာ အစုံလင်ဆုံးပါ။ ရှင်းရှင်းပြောရရင် ခေါ်လို့ရတဲ့ ကောင်မလေးတွေကအစ ဒီအရပ်မှာ ပိုမြင်ရတတ်ပါတယ်။ ဒါကြောင့် ဒီ Kuta ဟာ ဘာလီကို အပျော်လာလည်သူတွေအကြိုက်အတွေ့ဆုံးနေရာ ဖြစ်နေတာပါ။


ကျွန်တော်တို့ ဘာလီရောက်တဲ့အချိန်က သူတို့နာရီနဲ့ဆိုရင် ၇ နာရီလောက် ဖြစ်နေပါပြီ။ ညစာစားအပြီး ဟိုတယ် ဝင်တော့ ည ၁၀ နာရီလောက် ဖြစ်သွားတယ်။ အပြင်ထွက်ပြီး လည်ကြည့်တော့ ဆိုင်တွေက ပိတ်နေကြပြီ။ ဈေးမဝယ်တော့ဘဲ ထပ်စားသောက်ပြီး ပြန်ကြတယ်။ အဲ့ဒီညကို ဟိုတယ်မှာ အိပ်ပြီး နောက်ရက်အတွက် အားမွေးလိုက်တာပေါ့။


ဘာလီကျွန်းမှာ လည်ပတ်စရာ

ကျွန်တော်ရဲ့ ဒီ လည်ပတ်စရာကဏ္ဍက နေရာလေးတွေက ကျွန်တော် ပထမတစ်ခါသွားတုန်းက Tour အစီအစဉ်နဲ့ လည်ပတ်ခဲ့တဲ့ နေရာတွေနဲ့ နောက်တစ်ကြိမ် ဘာလီပြန်သွားတော့ လည်ပတ်ခဲ့တဲ့နေရာတွေရယ်ကို စုစည်းပေးထားတာပဲ ဖြစ်ပါတယ်။


မျောက်တို့တော Monkey Forest

ကျွန်တော်တို့ရဲ့ ပထမခရီးစဉ်က ဘာလီရဲ့ နာမည်ကျော် Monkey Forest ကို သွားတာ နဲ့ စတင်ပါတယ်။ Kuta ကနေ အတော်ဝေးဝေး သွားရပါတယ်။ ကားလမ်းလေးတွေက အသွားတစ်စီး၊ အပြန်တစ်စီးစာ နှစ်လမ်းသွားလေးတွေမို့ ကျဉ်းကျဉ်းကျပ်ကျပ် အသည်းယားစရာလေးတွေပါ။ ကားများ လမ်းမှာ ပျက်ပြီ ဆိုတာနဲ့ ကားကျပ်ချိန်ဆို ဒုက္ခများတော့တာပါပဲ။ ကားလမ်းတွေတော့ အရမ်းအရမ်းကောင်းပါတယ်။ Monkey Forest ဟာ Ubud နယ်မှာ ရှိနေတာပါ။ အဲ့ဒီကို ကားနဲ့ ၃ နာရီလောက် သွားပြီးတဲ့အခါ သစ်တောရိပ်ထူထပ်သလိုရှိပေမဲ့ ပူအိုက်တဲ့ Moneky Forest ထဲက ယဉ်တဲ့ မျောက်များစွာကို တွေ့ရပါတယ်။ မျောက်တွေက ယဉ်ပါတယ်။ လူကို မြင်တာနဲ့ ညင်ညင်သာသာ ဖက်တက်တယ်။ ဓါတ်ပုံအရိုက်ခံတတ်ပါတယ်။ ဒါပေမဲ့လည်း တိရစ္ဆာန်ပဲ ဖြစ်တာမို့ သတိတော့ ပြုရပါတယ်။ သူတို့ကို ရန်ပြုသလို ထင်ရမှာမျိုးကို မပြုလုပ်မိအောင် သတိထားရပါတယ်။ သူတို့နဲ့ မျက်လုံးချင်း ဆုံကြည့်တာ၊ သူတို့ တွယ်တက်တဲ့အချိန် လန့်ပြီး ခါချတာ။ အော်မိတာ၊ သူတို့ကို စနောက်တာ၊ ခြောက်လှန့်တာတွေကို သူတို့ မကြိုက်ကြလို့ ပြန်ပြီး ရန်မူတတ်ပါတယ်။ မျက်မှန်၊ ဦးထုပ်၊ နားကပ်၊ လည်ဆွဲ စတဲ့ ဖြုတ်ရလွယ်တဲ့ အရာတွေကိုလည်း ယူဆောင်တတ်လို့ သတိတော့ ထားရပါတယ်။ ဒါပေမဲ့ ဒီက မျောက်တွေက အတော်လေး ယဉ်ပါးတယ်လို့ ခေါ်ရမှာပါ။ ဒီ Monkey Forest ကနေ နှစ်စဉ်ရတဲ့ ဝင်ငွေဟာ ဒေါ်လာ သိန်းချီ ပါတယ်။ ဒါကို ရပ်ရွာ ဖွံ့ဖြိုးရေးအတွက်၊ သာရေး၊ နာရေးအတွက် အသုံးပြုတယ်။ အစိုးရကို သတ်မှတ်ထားတဲ့ ပမာဏ ပေးတယ်။ ဒါကြောင့်လည်း အဲ့ဒီဒေသ မျောက်တွေဟာ သူတို့ ကျေးဇူးရှင်တွေအဖြစ်ကို မှတ်ယူထားပါတယ်။ သေရင်တောင် အသုဘစားရိတ်မကုန်အောင် မျောက်တွေဆီက ရတဲ့ ငွေတွေကနေ လုပ်ပေးသွားနိုင်တယ်လို့ ဆိုပါတယ်။


နာမည်ကျော် စပါးခင်း Ubud Rice Terrace

အရင်ကတော့ စပါးခင်းဆိုရင် Paddy Field လို့ သိထားပေမဲ့ သူတို့က Rice Field လို့ပဲ ခေါ်တာ သတိထားမိတယ်။ Instagramer တွေ၊ Travel Blogger တွေရဲ့ ဓါတ်ပုံတွေထဲမှာ အလှဆုံး ရိုက်ပြသွားလို့ ကိုယ်တွေလို လှေကားထစ်စပါးခင်း ရှိတဲ့နိုင်ငံက လူတွေတောင် အသည်းအသန် သွားချင်နေကြတဲ့ နေရာပေါ့။ Monkey Forest ကနေ အဲ့ဒီကို တစ်နာရီလောက် ထပ်ပြီး ကားစီးရသေးတယ်။ အဲ့ဒီကို ရောက်ချိန် နေက ခေါင်းတည့်တည့်မို့ ပူလိုက်တာ အတော် နေရ ခက်တယ်။ စပါးခင်းကြီးထဲ ဆင်းချင်စိတ်ကို မရှိတော့တာ။ ပိုဆိုးတာက ရှိသမျှ Tour အဖွဲ့တွေ ဆုံကြတဲ့အချိန် ဖြစ်နေတော့ လူက စပါးခင်းထဲ စာကလေးသိုက် ကျသလိုပဲ၊ ဖွေးဖွေးလှုပ်နေတာ။ အဲ့ကြားတည်းကမှ ဓါတ်ပုံလေးရအောင် မနည်းလုရိုက်ရတယ်။ တစ်ယောက်ကို တစ်ယောက် အားမနာစတမ်း အတင်းတွေ ဖယ်ခိုင်းပြီး ကိုယ့်ပုံထဲ တခြားသူတွေ မပါအောင် လုပ်ကြရတယ်။ ဒီနေရာမှာ ကားလမ်းက ကုန်းမြင့်မှာ ရှိနေပြီး၊ စပါးခင်းတွေက အောက်မှာမို့လို့ အတော်ဆင်းရတယ်။ လှေကားလေးတွေတော့ လုပ်ပေးထားပါတယ်။ အဲ့ဒီနားတစ်ဝိုက်မှာပဲ ဒန်းလေးတွေနဲ့ ခပ်မြင့်မြင့်လွှဲပြီး ဓါတ်ပုံကောင်းကောင်း ရိုက်လို့ရနိုင်တဲ့နေရာလေးတွေလည်း ရှိတယ်။ ပိုက်ဆံတော့ ပေးရမယ်။ ကျွန်တော်တော့ မစီးခဲ့ဖြစ်ဘူး။ ဒီ Rice Field တွေကို သွားတဲ့အခါ သတိပြုရတာက အခင်းပိုင်ရှင်တွေကို မုန့်ဖိုးပေးရတာပဲ။ သိပ်များများမဟုတ်ပါဘူး Rp 1000 လောက်ပေါ့။ ကိုယ် ဓါတ်ပုံရိုက်တဲ့အခါ ဝေးဝေးသွားရင် အခင်းပိုင်ရှင် ပြောင်းလဲသွားမှာမို့လို့ ပြောင်းတာနဲ့ ပေးရမှာပေါ့နော်။ စပါးခင်းဆီသွားဖို့ ကားရပ်တာက လမ်းဘေး ချရပ်စရာ မရှိတဲ့အတွက် အတော်ဝေးဝေးမှာ သွားရပ်ရတယ်။ အဲ့ဒီအထိ လမ်းပြန်လျှောက်ယူရပါတယ်။ တစ်ခုကောင်းတာက ဘေးမှာ ဆိုင်ခန်းလေးတွေ အများကြီးမို့ မျက်စိနဲ့ Shopping လုပ်ရင် သွားလို့ရတာပေါ့။


Kintamani မီးတောင် မြင်ကွင်း

Ubud Rice Field ကနေ Kintamani မီးတောင်ကို အဝေးက မြင်ရတဲ့ နေရာကနေ ကြည့်ရင်း နေ့လည်စာ စားနိုင်မဲ့ ဆိုင်ကို Tour နဲ့ လာတဲ့သူတွေ အတော်များများ လာကြပါတယ်။ မီးတောင်ရဲ့ အောက်ခြေမှာ ၂၀၀၀ ပြည့်နှစ်အလွန်လောက်က တစ်ခါ ပေါက်ထားပြီးဖြစ်လို့ ကြွင်းကျန်နေတဲ့ ချော်ခဲ မဲမဲတွေကိုလည်း အဝေးကနေ လှမ်းမြင်ရတယ်။ အဲ့ဒီနေရာကို ရောက်တော့ ရာသီဥတုဟာ မထင်မှတ်လောက်အောင်ကို အေးမြသွားတယ်။ ဘာလီမှာ ပူတဲ့နေရာတွေချည်း ရှိတယ် ထင်တာ၊ အေးတဲ့နေရာတွေလည်း ရှိမှန်း အဲ့ဒီမှာ စ သိလိုက်ရတယ်။ အထူးအဆန်းကြီး မဟုတ်လှပေမဲ့ မီးတောင်တစ်ခုရဲ့ သက်ငြိမ်အလှကို အဝေးကနေ တွဲဖက် မှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့ဗျာ။


ကြောင်ချီးကော်ဖီစိုက်ခင်း

သူတို့ကတော့ Animal လို့ပဲ သုံးတယ်။ မြင်ရတဲ့အကောင်ကတော့ ကျွန်တော့်အထင် ကြောင်ကတိုးဖြစ်မယ်။ ရောက်သွားတဲ့ စိုက်ခင်းလေးက Satria Luwak Coffee စိုက်ခင်းပါ။ အဲ့ဒီမှာ ကြောင်ကတိုးကောင်လေးတွေကို လှောင်အိမ်လေးထဲ မွေးမြူပုံ ပြထားတယ်။ အဖြစ်သဘောလောက်ပဲ နေမှာပါ။ ရှိတဲ့ ၅ ကောင် ၆ ကောင်လောက်ကနေ ကော်ဖီမှုန့်ထုတ်ဖို့က မဖြစ်နိုင်ဘူးလေ။ သူတို့အပြောအရတော့ သဘာဝအတိုင်း လွှတ်ထားတဲ့ ကြောင်ကတိုးတွေကို ကော်ဖီစေ့ပဲ ကျွေးတယ်။ သူတို့ မစင်စွန့်တဲ့အခါ ကော်ဖီစေ့တွေရဲ့ အပေါ်ယံ အသားကို လွှာပြီးသား ဖြစ်သွားပြီး အတွင်းက အစေ့အတိုင်းပဲ ပါလာတော့တယ်။ အဲ့ဒီအခါကျမှ ပြန်သန့်စင်ပြီး လှော်လို့ အမှုန့်လုပ်တယ်တဲ့။ အဲ့ဒီလုပ်တဲ့ပုံနဲ့ အညစ်အကြေးနဲ့ ကော်ဖီစေ့ထွက်လာပုံတွေကိုလည်း လက်တွေ့မြင်နိုင်အောင် ပြပေးထားတယ်။ အဲ့ဒီနေရာမှာ ကော်ဖီသောက်ရတာလည်း သဘောကျချင်စရာပါ။ တောင်လေးတွေနဲ့ ကော်ဖီသောက်ဖို့ နားခိုစရာ တဲလေးတွေ လုပ်ထားပေးတယ်။ ကော်ဖီတစ်မျိုးတည်းတင်မကဘူး ကော်ဖီအစုံ၊ လက်ဖက်ရည်အစုံကို မြည်းစမ်းနိုင်အောင် အခမဲ့ စီစဉ်ပေးသေးတယ်။ ချောကလက်ကော်ဖီ၊ ဂျင်ဆင်းကော်ဖီ၊ ဂျင်းလက်ဖက်ရည်၊ ချဉ်ပေါင်ဖူးလက်ဖက်ရည် စသဖြင့် အတော်စုံစုံပါပဲ။ အဲ့ဒါတွေသောက်ပြီး ကြိုက်ရင် ကြိုက်တဲ့အမျိုးအစားကို ဝယ်သွားနိုင်တယ်။ ဒီဟာတွေကို အလကားတိုက်ပေမဲ့ ကြောင်ချီးကော်ဖီကိုတော့ အလကား မမြည်းခိုင်းပါဘူး။ တစ်ခါမြည်းချင်ရင် တစ်ခွက်ကို Rp 50,000 ပေးရပါတယ်။ ကျွန်တော်တော့ သောက်ဖူးတယ်ရှိအောင် သောက်ခဲ့တယ်။ ကိုယ်တိုင်လည်း ကော်ဖီကြိုက်တာကိုး။ အရသာ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မရှိပါဘူး။ ကော်ဖီကောင်း အရသာမျိုးပါပဲ။ အဲ့ဒီကနေ အရောင်းခန်းမထဲဝင်ပြီး ကြိုက်တဲ့ ကော်ဖီ၊ လက်ဖက်ရည်အမျိုးအစားတွေကို ဝယ်ပေါ့။ ဆိုင်ရှေ့မှာ ကြောင်ကတိုးလေး နှစ်ကောင် ထားပေးထားတယ်။ သူတို့က ပုံမှန်ဆို နေ့ဘက် အိပ်တယ်။ နိုးနေရင်တော့ လျှောက်ဆော့နေတတ်လို့ ကိုယ့်ပခုံးပေါ် လက်ပေါ် တင်ပြီး ဓါတ်ပုံရိုက်နိုင်သေးတယ်။


ဆုတောင်းပြည့်တယ်ဆိုတဲ့ Tirta Empul

ညနေစောင်းတော့ Tampak Siring ရွာက Tirta Empul ဘုရားကျောင်းကို ရောက်လာခဲ့ပါတယ်။ ဒီမှာတော့ စည်းကမ်းနည်းနည်းတင်းကျပ်တယ်။ ဘုရားကျောင်းအဝင်မှာတင် လုံခြည် ငှားဝတ်ရတယ်။ အလှူငွေ စေတနာရှိသလောက် ထည့်ပေးရတယ်။ ဒီဟိန္ဒူကျောင်းကို ခရီးသွားအများစု မဖြစ်မနေ လာကြပါတယ်။ မှတ်တမ်းအတွက်ရော၊ ဆုတောင်းဖို့အတွက်ရော ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာကြတာပါ။ ဘုရားကျောင်းဝန်းက အတော်လေး ကျယ်ဝန်းပါတယ်။ ဒီကိုလာတဲ့သူတိုင်း ဘာလီကျွန်းလုံခြည်လေးတွေနဲ့မို့ အရောင်အသွေးစုံ လှပနေတယ်။ ဘာလီသူ ဘာလီသားတွေကတော့ ဝတ်စုံပြည့်နဲ့ တွေ့ရတယ်။ ဓါတ်ပုံရိုက်ချင်စရာ နေရာတိုင်းလိုလိုပဲ။ နောက်ဘက်မှာ ရေကန်ကြီး နှစ်ကန် ရှိတယ်။ ရေကန်ထဲမှာ ရေထွက်တဲ့ ရုပ်တုလေးတွေ ရှိတယ်။ အဲ့ဒီရေကျတဲ့အောက်မှာ ခေါင်းထိုး ရေလောင်းခံပြီး ဆုတောင်းကြပါတယ်။ ဒါကို ဒီအလည်လာတဲ့သူတိုင်းလိုလို လုပ်ဆောင်ကြပါတယ်။ ဆုတောင်းပြည့်တဲ့ စိမ့်စမ်းရေမို့ ကျန်းမာရေးကောင်းအောင်၊ လိုချင်တာရအောင် ဆုတောင်းကြတာပါ။


Tamjung Benoa ကမ်းခြေ

ဒီနေ့တော့ သိပ်ပြီး သွားစရာများများမရှိ။ ဘာလို့လဲဆို တစ်နေရာနဲ့ တစ်နေရာကို အတော်ကားစီးရမယ်။ သွားမဲ့နေရာတိုင်းကလည်း အချိန်ကြာကြာနေရမဲ့နေရာတွေဖြစ်နေလို့ပါ။ ခုပထမဆုံး Tamjung Benoa ကမ်းခြေကို ရောက်လာကြတယ်။ ကိုယ်တွေသွားတဲ့နေရာက အများအတွက်ဖြစ်လို့ ကမ်းခြေသာဆိုပေမဲ့ ကိုယ်တွေ ထင်သလို ငပလီ၊ ချောင်းသာ၊ ငွေဆောင်လိုမျိုးမဟုတ်ပါဘူး။ သဲသောင်မရှိဘူး။ ဒီနေရာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လာတဲ့သူ အများစုလည်း လာမလည်ကြပါဘူး။ Tour နဲ့ လာတဲ့သူတွေပဲ များပါတယ်။ ဒီကမ်းခြေမှာပဲ Luxury Resort တွေရှိတယ်။ သူတို့မှာတော့ သဲသောင်တွေနဲ့ လှပါတယ်။ ကိုယ်တွေသွားတဲ့နေရာက အများသူငှာ ပင်လယ်နဲ့ပတ်သက်တဲ့ ကစားနည်းတွေ လာကစားကြတာ များတယ်။ ရေပေါ်မှာ ပျံနေတဲ့စက်နဲ့ ကစားတာမျိုး၊ ရေကူးတတ်တတ်၊ မတတ်တတ် ပင်လယ်ရေအောက်ထဲ သံဂေါင်းစွပ် ဆင်းကြည့်ပြီး ရေအောက်က ငါးတွေ ကြည့်တာမျိုး၊ ရေပေါ်ကနေပဲ ဘုတ်အလယ်က ရေအောက်ကြည့်မှန်ကို ကြည့်ပြီး ရေအောက်က ငါးတွေကို ကြည့်တာမျိုး (ရေနောက်နေရင် မမြင်ရလို့ ဒီဘုတ်ငှားတာကို အားမပေးပါဘူး)၊ တစ်ဘက်က လိပ်ကျွန်းကို သွားလည်တာမျိုးနဲ့ Banana Boat စီးတာမျိုး လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ကစားနည်းတစ်မျိုးစီတိုင်းအတွက် သီးသန့် ပိုက်ဆံပေးရပါတယ်။ ဈေးလည်း ဆစ်ရပါတယ်။ လိပ်ကျွန်းကို သွားခဲ့ရင် ဘုတ်နဲ့ ၁၅ မိနစ်လောက် စီးပြီး သွားရတယ်။ ဟိုရောက်ရင် လိပ်အကြီးကြီးတွေ မွေးထားတာကို ကိုင်ကြည့်နိုင်၊ ဓါတ်ပုံရိုက်နိုင်တယ်။ တခြားသတ္တဝါလေးတွေလည်း ရှိတယ်။ ဒါလေးတွေနဲ့လည်း ဓါတ်ပုံရိုက်နိုင်အောင် စီစဉ်ပေးပါတယ်။


Pandawa ကမ်းခြေ

ဒီနေ့မှာပဲ နောက်ထပ်ကမ်းခြေတစ်ခုကို ဆက်လည်ပတ်ကြတယ်။ သူကတော့ ကျွန်တော်တို့ စိတ်ကူးထားသလို သဲသောင်လေးတွေနဲ့ ပင်လယ်နဲ့ အုန်းရည်လေးပါ သောက်နိုင်တဲ့ နေရာမျိုးပါ။ ဟိုးအဝေးမှာ ဂလိုက်ဒါစီးနေတဲ့လူတွေကိုလည်း မြင်ရတယ်။ ပင်လယ်က အတော်လှတယ်။ ကယက်လှေ လှော်ချင်ရင်လည်း ရတယ်။ ဒီမှာတော့ ပင်လယ်ရေကူးတာ ပိုအဆင်ပြေပေမဲ့ ကျွန်တော်တို့က ဟိုမှာ ရေဆော့ခဲ့ပြီးသားမို့ ဒီမှာ ထပ်မဆော့ဖြစ်တော့ဘူး။ ပင်လယ်အလှကိုပဲ ခံစားနေလိုက်တယ်။ အများအတွက်ကမ်းခြေမို့လားမသိ ဆိုင်ခန်းလေးတွေကတော့ ကျွန်တော်တို့ဆီက ချောင်းသာလိုပဲ။


ရာမ ဇာတ်တော်ကို ဘာလီဗားရှင်းနဲ့ ကြည့်ရမဲ့ Uluwatu

ဘာလီကို လာတဲ့ ခရီးသွားတိုင်း မဖြစ်မနေလာခဲ့ကြတာက Uluwatu Temple ပါ။ ဒီမှာ ရှုခင်းလှတာရော၊ ဒီက လူအများကြီးနဲ့ ဆက်တင်အများကြီးမသုံးဘဲ ပါးစပ်ဆိုင်းနဲ့ ဖျော်ဖြေတင်ဆက်တာကို လာလေ့လာကြတာလည်း ပါပါတယ်။ ရာမ ဇာတ်တော်ကို ပုံစံတစ်မျိုးနဲ့ ခံစားရတာလေး သဘောကျတယ်။ တချို့ အဖြူတွေလည်း သိပ်စိတ်မဝင်စားဘဲ ပြန်ကြတယ်။ ကျွန်တော်ကျတော့ အစအဆုံးလေး သေချာကြည့်ဖြစ်တယ်။ သူတို့ အနုပညာကို သဘောကျတာလည်း ပါတယ်။ ပါဝင်တဲ့ လူက နည်းတာမဟုတ်ဘူး။ သဘောအကျဆုံးက တူရိယာမပါဘဲ ပါးစပ်နဲ့ နောက်ခံအသံတွေကို ဂီတတစ်ခုလို ဖန်တီးသွားတာကိုပါ။


ညကမ္ဘာမှာ ပျော်စရာကောင်းတဲ့ Kuta

ဒီညတော့ အဖော်ကောင်းလို့ ဟိုတယ်ပြန်ရောက်တာ အပြင်ထွက်လည်ပါတယ်။ Kuta နယ်မြေက Shopping Mall တွေ၊ Bar တွေ၊ Spa တွေ ပေါလို့ လည်ရပတ်ရ ဝယ်ရခြမ်းရကောင်းတယ်။ ဒီကနေ နည်းနည်းလှမ်းတဲ့ နေရာလေး တစ်ခု Ground Zero တဲ့။ ဒီမှာတော့ Club တွေ Pub တွေ ရှိတယ်။ ကျွန်တော်တို့ အဆောက်အဦးတစ်ခုတည်းမှာတင် Club ၅ ခုလောက် ရှိတဲ့ Ground Zero မှာ လာကဲကြတယ်။ အတော်မိုက်ပါတယ်။ အဖော်များရင် ပိုကောင်းပါတယ်။


Ulu Danu Temple

သမိုင်းဝင် Ulu Danu ကျောင်းတော်ရာကို လည်ပတ်သွားလာသင့်ပါတယ်။ ဒီနေရာလေးက အတော်လေး သာယာပါတယ်။ ရေကန်နဲ့ တောင်နဲ့ ဘုရားကျောင်းတွေနဲ့ဆိုတော့ လှချင်တိုင်း လှနေတော့တာ။ တော်တော်ဝေးဝေးတော့ လာရပါတယ်။ ကိုယ်တွေ သွားတော့ ကံဆိုးစွာပဲ တခြား အင်ဒိုနီးရှားဒေသတွေက လေ့လာရေးလာတဲ့ ကျောင်းသားတွေနဲ့ ကြုံတာရော၊ ပိတ်ရက်နဲ့တိုးတာရောကြောင့် အားလုံးက ဒီနေရာလေးကို တက်လာကြတော့ ကားတန်းရှည်ကြီးဖြစ်ပြီး အတော်စောင့် သွားခဲ့ရတယ်။ ကားလမ်းကလည်း အပြန်တစ်စီး၊ အသွားတစ်စီးစာပဲဆိုတော့ လမ်းမှာ ကားပျက်တာနဲ့ မကြုံပါစေနဲ့ ဆုတောင်းရတယ်။


Tanah Lot Temple

Ulu Danu ကနေ နောက်ထပ် ၂ နာရီလောက် ကားမောင်းသွားတဲ့အခါ Tanah Lot ကျောင်းတော်ရာ ကို ရောက်ပါတယ်။ ဒီနေရာကတော့ ဘာလီ လာသူတိုင်း မဖြစ်မနေ အရောက်သွားကြတဲ့နေရာ။ ကိုယ်တွေက ပိတ်ရက်ဖြစ်နေတော့ လူက အရမ်းစည်ကားနေတယ်။ လူတွေမပါအောင် ဓါတ်ပုံကို အတော်ကြိုးစားရိုက်ယူရပါတယ်။ ပင်လယ်ဘက်ကို ထိုးထွက်နေတဲ့ ကျောက်ဆွယ်ကျောက်တုံးကြီးပေါ်မှာ ဘုရားကျောင်းတည်ထားတာကို လာကြည့်ကြတာပါ။ ကိုယ်တွေရောက်တဲ့အချိန်က ရေကျချိန်လည်း ဖြစ်နေတော့ လူကတော့ ကူးလို့ရတယ်။ ဓါတ်ပုံထဲမှာတော့ သိပ်လှမနေတော့ဘူးပေါ့။ အပေါ်ကိုတက်ခွင့်တော့ ပိတ်ထားပါတယ်။


GWK Cultural Park

Garuda Wisnu Kencana Cultral Park ကို GWK Cultural Park လို့ပဲ ခေါ်ကြပါတယ်။ Ungasan မှာ တည်ရှိတာပါ။ လေဆိပ်ကနေဆို ၁၅ မိနစ်လောက် ကားနဲ့လာရင် ရောက်ပြီ။ ဒီအထဲမှာ ဧရာမ ရုပ်တုကြီးတွေ ရှိနေတယ်။ ဒါတွေကို လာကြည့်ရတာ ကြက်သီးထဖို့ကောင်းတယ်။ သဘောအကျဆုံးကတော့ ၇၅ ပေခွဲမြင့်တဲ့ Vishnu ရုပ်တုကြီးပဲ။ ဂဠုန်ရုပ်ကြီးတွေကလည်း ထူးခြားနေပါတယ်။ မနက် ၈ နာရီ ကနေ ည ၁၀ နာရီထိ ဖွင့်ပါတယ်။ ဝင်ကြေးကတော့ တစ်ဦးကို ရူးပီးရား ၇၅၀၀၀ ပေးရပါမယ်။ အရမ်းကျယ်လွန်းတဲ့အတွက် ကြိုပို့ ကားလေးတွေ စီးလို့လည်း ရတယ်။ ဘတ်စ်ကားလေးတွေကို တစ်ဦး ရူးပီးရား ၂၀၀၀၀ ပေးရပါတယ်။ တခြား ဖျော်ဖြေရေး အကအလှတွေရှိသေးလို့ အချိန်ယူချင်သလောက် ယူပြီး နေလို့ရပါတယ်။


Seminyak Beach

ဒီတစ်ခါ ဒီကမ်းခြေလေးမှာ ရေဆော့ဖို့ထက် နေဝင်ချိန်ကြည့်ပြီး Bar ထိုင်ဖို့ရောက်လာခဲ့တယ်။ Bar တွေ ကမ်းခြေမှာ များပေမဲ့ ကိုယ်တွေကတော့ La Plancha ဆိုင်မှာ ထိုင်ဖြစ်ခဲ့တယ်။ အင်တာနက်မှာတော့ အတော်ခေတ်စားနေတာ။ ရောင်စုံထီးလေးတွေနဲ့ ကမ်းခြေမှာ သိပ်လှနေလို့လေ။ ဓါတ်ပုံရိုက်လို့ကောင်းတာကိုး။ ညနေ ၄ နာရီလောက် အရောက်သွားပြီး နေဝင်ချိန်ကြည့်ရင်း Cocktail သောက်ရတာ သိပ်အရသာရှိတာ။ တစ်ခုပဲ ကားငှားစီးရင်တော့ ကားဆရာတွေက ပိုက်ဆံအတိအကျမပေးရင် ပြန်မအမ်းချင်ကြဘူး။ စကားများရတယ်။ နောက်ပြီး ကမ်းခြေထိ ကားမရောက်တော့ ရောက်တဲ့နေရာအထိပဲ သွားပြီး လမ်းဆင်းလျှောက်ကြရပါမယ်။


Bali Swing

ခုနောက်ပိုင်း ဘာလီ ခရီးစဉ်ဆို မသွားမဖြစ် သွားကြတဲ့နေရာပေါ့။ လက်မှတ်ဝယ်ရပါတယ်။ ဝယ်တဲ့အခါ တံဆိပ်တုံးလေး လက်မှာ ထုပေးတယ်။ အအေး၊ ကော်ဖီ၊ လက်ဖက်ရည် သောက်ခွင့်ရမယ်။ စိတ်ကြိုက် ဒန်းစီးတာ၊ ဓါတ်ပုံရိုက်တာတွေ လုပ်လို့ရပါတယ်။ ဓါတ်ပုံလှလှ ရိုက်ဖို့အတွက် မဖြစ်မနေ သွားကြတဲ့နေရာလေးပါ။ ဝါသနာပါရင် လှေလှော်လို့လည်း ရသေးတယ်။


Omnia Day Club

Uluwatu Temple နားမှာရှိတဲ့ Luxury အချေ Bar ပေါ့နော်။ Infinity Pool ကြီးကို သမုဒ္ဒရာကြီး ကြည့်ပြီး ကူးလို့ ဆော့လို့ရတယ်နေရာပါ။ တစ်ဦးချင်းဝင်ကြေးထက် အဖွဲ့လိုက် သိန်း ၄၀ ဆိုတာမျိုး က ပိုတန်ပါတယ်။ လန့်မသွားနဲ့ဦး သူတို့ငွေပါ။ တစ်ဦးချင်းဆို မြန်မာငွေ ၂ သောင်းလောက်ပဲ ပေးရတယ်။ အဖွဲ့လိုက်ဆို ပိုတန်တယ်ဆိုတာက အစားအသောက်တွေ ကိုယ်ပေးထားတဲ့ ဈေးအတိုင်း ပြန်ဝယ်စားလို့ ဝယ်သောက်လို့ရလို့ တန်တယ်လေ။ Day Club ဆိုတဲ့အတိုင်း နေ့ခင်းကြီးမှာကို စည်စည်ကားကားနဲ့ Beach Party ဖြစ်နေတာ။ ရေကူးဖို့အတွက်လည်း ပါပြီးသား။ တဘက်လည်း ပေးတယ်။ အတော်လေး ပျော်စရာ ကောင်းတဲ့နေရာလေးတစ်ခုပါ။


ဘယ်လောက်ကုန်ကျမလဲ

အသုံးစရိတ်ကတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ်မို့ ကိုယ်ဝယ်ခြမ်းသုံးစွဲတဲ့ပေါ်မှာပဲ မူတည်ပါမယ်။ Tour နဲ့ သွားခဲ့တာဖြစ်လို့ ခရီးစဉ်အစအဆုံး သွားလာနေထိုင်စားသောက်စရိတ်တွေ ပါဝင်ပြီးသား ဖြစ်ခဲ့လို့ သိပ်တွက်ချက်နေစရာ မရှိခဲ့ဘူး။ အပိုကုန်တာဆိုလို့ ဆင်းမ်ကတ်ဝယ်၊ မုန့်စား၊ ပင်လယ်မှာကစားနည်းတွေကစား၊ လက်ဆောင်ဝယ်တာတွေအတွက် ဒေါ်လာ ၂၀၀ လောက်ပဲ ထပ်ကုန်ခဲ့တယ်။ Tour တွေကတော့ ဒေါ်လာ ၇၀၀ - ၈၀၀ ပတ်ချာလည် ရောင်းကြတာ များပါတယ်။ အပြီးအစီးပေါ့လေ။ ခု အပေါ်မှာ ပြောတဲ့ နေရာအစုံ ပါမှာတော့ မဟုတ်ဘူး။ ကျွန်တော်က ကိုယ့်ဘာသာလည်း သွားတာတွေ ရှိသေးလို့လေ။ အဲ့လိုတွေ ညဘက်အားချိန်တွေ ထပ်သွားဘာညာဆိုရင်တော့ ပိုပိုသာသာ ပိုက်ဆံဆောင်ခဲ့ကြပေါ့နော်။


ဘာလီရောက်ရင် သတိထားသင့်တဲ့ အချက် (၉) ချက်

ဒီလို ချစ်စရာကောင်းတဲ့ ဘာလီကျွန်းကို သွားလည်မဲ့ ကျွန်တော့်ခရီးဖော်တွေကို မဖြစ်မနေ သတိထားသင့်တဲ့ အချက် (၉) ချက် ကို ပြောပြချင်ပါတယ်။


(၁) အူရိုင်း အူနုလေးတွေ ဘာလီရဲ့ Bar တွေက Happy Hours မှာ အလွန်အကျူး မသောက်သင့်ပါ။

ဟုတ်ပါတယ်။ ဘာလီ မှာ ပျော်စရာလေးတွေ ပေါတယ်။ ကမ်းခြေတွေမှာရော၊ Nightlife ရှိတဲ့ နေရာတွေမှာရော Bar ကောင်းကောင်းတွေ ပေါများပါတယ်။ များတဲ့အလျောက်လည်း ဧည့်ဆွယ်တာ အပြိုင်အဆိုင်တွေပဲ။ Happy Hours တွေလုပ်ပြီး Cocktail တွေကို ဈေးချိုချိုနဲ့ ရောင်းကြတယ်။ အဲ့ဒီမှာ သတိထားရမှာက သူတို့ရဲ့ ဒေသထွက် အရက်တွေ၊ ဝိုင်တွေကို သုံးပြီး အရက်စပ်ထားတာ ဖြစ်လို့ သောက်လေ့သောက်ထ မရှိသူတွေ၊ ခုမှ စ သောက်မဲ့သူတွေအနေနဲ့ အများကြီး သောက်သုံးဖို့ မသင့်ဘူးလို့ ဆိုပါတယ်။ ကျွန်တော်လည်း Cocktail သမားပဲမို့ ဒါလေးတော့ သတိထားရတယ်။ ခုထိတော့ မကြုံဖူးသေးပေါင်။


(၂) မူးယစ်ဆေးဝါး ဘာမှ မလုပ်ပါနဲ့။

သိပ်အရေးကြီးပါတယ်။ ဘာလီကျွန်းမှာ မူးယစ်ဆေးသုံးစွဲရောင်းချသယ်ဆောင်တာဟာ သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့အတွက် သတိပြုစေလိုပါတယ်။ သြစတြေးလျလူငယ်တွေ မူးယစ်ဆေးသယ်ဆောင်လာလို့ အပြစ်ပေးခံခဲ့ရတဲ့ Bali 9 အကြောင်းဟာ သတင်းလောက မီဒီယာလောကမှာ အတော်နာမည်ကြီးတဲ့ နမူနာ ပစ်မှုတစ်ခုပါ။


(၃) လှူဘွယ်ဆွမ်းကွမ်းတွေကို သွားလေရာ သတိပြုပါ။

ဒီအကြောင်းကိုတော့ အရင်ရေးဖူးပါတယ်။ ထပ်သတိပေးပါရစေ။ ဟိန္ဒူဘာသာဝင်တွေများတဲ့ ဘာလီကျွန်းမှာ နေရာတကာ ဆွမ်းကပ်သလိုမျိုး နတ်ဆက်ထားတဲ့ အစာတွေကို အုန်းရွက်ခွက်လေးတွေနဲ့ အမွှေးတိုင်ထွန်းပြီး ချထားလေ့ရှိပါတယ်။ အိမ်ရှေ့၊ လမ်းပေါ်၊ နတ်စင်၊ ဘုရားစင် အကုန်မှာ ဒါလေးတွေကို တွေ့ရမှာပါ။ သတိထားရမှာက ကိုယ့်ကြောင့် မပျက်စီးသွားအောင်ပါ။ တိုက်မိလို့ ပြုတ်ကျတာ၊ နင်းမိသွားတာမျိုး မဖြစ်အောင် သတိထားရပါတယ်။ အဲ့ဒီ ဆွမ်းလှူဘွယ်တွေကို ခွေးပဲစားစား၊ ကျီးပဲထိုးထိုး ပြဿနာမဟုတ်ပေမဲ့ ခရီးဖော်တွေအနေနဲ့က ကိုယ့်ကြောင့် ပျက်စီးသွားတာမျိုး မဖြစ်ဖို့ သွားလာလည်ပတ်တဲ့အခါ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါတွေကို နင်းမိရင် နင်းသူက ကံဆိုးမိုးမှောင် ကျတယ်လို့ အယူအဆရှိကြောင်း ကြားဖူးပါတယ်။ ဒါပေမဲ့လည်း ဥပါဒန်ကြောင့် ဥပါဒ်ရောက်တယ်ဆိုတာမျိုး ဖြစ်နေပါဦးမယ်။ မတော်တဆ ကတော့ မတတ်နိုင်ဘူးပေါ့။ သူတို့ဆိုတာလည်း ဒီ ဆွမ်း၊ နတ်ဆက်စာ တွေကို နေရာတကာ ချထားတတ်တာကိုး။


(၄) လိုက်ပြီးရှင်းပြပေးမယ်ဆိုတဲ့ သူတွေကို မယုံပါနဲ့။

Tour Agency တွေနဲ့သွားတဲ့သူတွေကတော့ ဒီကိစ္စ ပူစရာမလိုပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့သူတွေကျတော့ သတိကြီးကြီးထားရပါမယ်။ လည်ပတ်စရာ နေရာတစ်ခု ရောက်ပြီဆိုရင် ကိုယ်ကလည်း တစ်ယောက် နှစ်ယောက်လောက်ပဲဆို ကိုယ့်အနားကပ်လာပြီး ပိုက်ဆံပေးစရာမလိုဘဲ လိုက်ရှင်းပြပေးမလို အတင်းလာရော ပါမယ်။ ပြီးရင် ဟိုပြောပြ ဒီပြောပြ တကောက်ကောက် လိုက်ကပ်နေလိမ့်မယ်။ ပြီးတာနဲ့ လူရှင်းတာတစ်နေရာမှာ ဖြစ်ဖြစ်၊ လူနည်းတဲ့တစ်နေရာမှာ ဖြစ်ဖြစ် လိုက်လံရှင်းပြခ ဆိုပြီး တောင်းလိမ့်မယ်။ အဲ့ကျရင် ပုံမှန် တစ်နေ့လုံး လိုင်စင်နဲ့ လမ်းညွှန်ငှားရင်တောင် မကျသင့်မဲ့ ပမာဏကို အတင်းတောင်းလိမ့်မယ်။ ရန်မူမဲ့ပုံစံမျိုးအထိ ရှိတတ်လို့ ဒါမျိုးဆို အစကတည်းက အားမနာတမ်း ပြတ်ပြတ်သားသား ငြင်းသင့်ပါတယ်။


(၅) ငွေကြေး သုံးစွဲတဲ့အခါ ဂဏန်းတွေကို သေချာသတိပြုပါ။

ကျွန်တော်ဆိုလည်း အမြဲမှားတယ်။ ၅၀၀၀၀ ပေးရမှာကို ၅၀၀၀၀၀ ပေးလိုက်တာမျိုးပေါ့။ သူတို့ငွေကြေးက နောက်က သုညတွေ သိပ်များတော့ အရမ်းရောတယ်။ ဒေါ်လာတစ်ရာပေးလိုက်ရင် သူတို့ငွေ ရူပီးရား ၁၄သိန်းခွဲ လောက် ရောက်မှာဆိုတော့ ဈေးဝယ်တဲ့အခါ တွက်ချက်ရ ခက်တယ်။ ဒါတောင် သူတို့က လွယ်အောင်လို့ နောက်က သုည သုံးလုံးကို ဖြုတ်ပြီး ပြောတာ။ ဥပမာ ၅ သိန်းတန် ပစ္စည်းဆိုရင် ၅၀၀ ပဲ အလွယ်ပြောတယ်။ ဒီလိုဆိုတော့ တခါတလေ ပိုရှုပ်ထွေးသွားတတ်တယ်။ ပိုက်ဆံပေးတဲ့အခါ ရိုးသားတဲ့ဆိုင်ရှင်နဲ့ဝန်ထမ်းတွေကတော့ မှားနေပြီဆိုပြီး ပြန်ပေးတတ်ပေမဲ့ မရိုးသားတဲ့သူတွေက ယူထားပါလိမ့်မယ်။ ဒါကြောင့် သတိပြုပါ။ ငွေလဲတဲ့အခါမှာလည်း တတ်နိုင်သမ ျှ ဘဏ်နဲ့ ငွေလဲကောင်တာအကြီးတွေမှာ သေချာလဲပါ။ ကျွန်တော့်တုန်းက အရမ်းလိုလို့ နီးစပ်ရာ ဆိုင်သေးတစ်ခုမှာ ဒေါ်လာ ၂၄၀ လဲတာကို ဂဏန်းပေါင်းစက်မှာ ၂၃၀ နဲ့ မြှောက်ပေးလိုက်တာ ဖြတ်ခနဲ သိလိုက်ရလို့ တစ်ခုချင်းပြန်တွက်တော့မှ မျက်နှာပျက်ပြီး တောင်းပန်တယ်။ ဒါမျိုးလုပ်လေ့ရှိတယ်။ တချို့ဆိုင်တွေကျတော့ အပြင်မှာ မတန်တဆ ဈေးရေးတင်ထားပြီး ကိုယ်က အတွင်းထဲဝင်လဲတော့မှ ဈေးဖြုတ်ချတာမျိုးလဲ ကြုံရနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်ဆို VISA card နဲ့ပဲ ဖြစ်နိုင်ရင် သုံးတယ်။ ငွေလဲစရာမလိုလို့လေ။ ငွေလဲနှုန်းနှစ်ခါ မနာဘူးပေါ့။


(၆) ပေါ့ပါးတဲ့ဝတ်စုံ၊ ပေါ့ပါးပြီး အကြမ်းခံတဲ့ဖိနပ် တွေပဲ သယ်လာပါ။

ဘာလီရဲ့ ရာသီဥတုက အတော်ပူပါတယ်။ တချို့ တောင်တက်ခရီးစဉ်တွေမှာပဲ နည်းနည်းပါးပါး အေးမြတာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ဝတ်စုံကို ပေါ့ပေါ့ပါးပါး လေဝင်လေထွက် ကောင်းတာမျိုးလေးတွေပဲ သယ်လာပါ။ ဖိနပ်ဆိုလည်း ကမ်းခြေမှာ စီးဖို့ရော တောင်တက်ခြေလျင်သွားရမှာ အဆင်ပြေဖို့ရော စဉ်းစားပြီး ယုူဆောင်လာ သင့်ပါတယ်။ ကျွန်တော်ဆို Crocs Classic Clog နဲ့ Crocband Clog ဖိနပ်တွေပဲ သယ်လာလိုက်တယ်။ အကြမ်းခံတယ်။ ဖိနပ်က စီးရင် လေးလည်း မလေးဘူး။ ပေါ့ပေါ့လေးနဲ့ ခြေထောက်မနာဘူး။ ရှေ့မှာ လေဝင်လေထွက်ကောင်းတဲ့ အပိတ်လေးနဲ့ဆိုတော့ ခြေထောက်လည်း မပူသလို၊ တစ်ခုခု ထိခိုက်မိမှာလည်း မပူရဘူး။ ကမ်းခြေမှာဆိုလည်း ရေထဲဆင်းရင် ရေထဲ မြုပ်ပြီး ပျောက်မသွားနိုင်ဘူး။ ဒီဇိုင်းကလည်း လူငယ်ဆန်ဆန်လေး လှနေတော့ သဘောအရမ်းကျမိတယ်။ အရင်ကတော့ ပုံစံက တစ်မျိုးလို့ ထင်ခဲ့ပေမဲ့ စီးရင်းစီးရင်း ဒီဇိုင်းက သူများနဲ့ ကွဲလို့ သဘောကျတယ်။ ဖိနပ်မှာ ရင်ထိုးလေးတွေ စိတ်ကြိုက်ထိုးလို့ရတာလည်း ကိုယ့်ဖိနပ်က သူများနဲ့မတူတဲ့ ပုံစံလေး ကွဲထွက်သွားစေလို့ ပိုသဘောကျမိသွားတယ်။ ဒါမျိုး ဖိနပ်လေးတွေ ယူဆောင်သင့်တယ်လို့ ကျွန်တော့် ခရီးဖော်တွေကို အကြံပြုချင်ပါတယ်။

Crocs Clog ဖိနပ်တွေ ဝယ်မယ်ဆိုရင် ရန်ကုန်မှာဆို Junction Square, Myanmar Plaza, City Mall (St. John)၊ မန္တလေးမှာဆို Skywalk Shopping Mall တွေမှာ Crocs ဆိုင်တွေ ရှိပါတယ်။


(၇) သေချာမကျွမ်းကျင်ရင် ဘာလီမှာ ဆိုင်ကယ် မစီးပါနဲ့။

ကားငှားတာထက် ဆိုင်ကယ်ငှားပြီး ကိုယ်တိုင် မောင်းတာက ပိုသက်သာပါတယ်။ ဒါပေမဲ့ ကိုယ်က ဆိုင်ကယ်ကို သေချာကျွမ်းကျွမ်းကျင်ကျင် မစီးတတ်ရင် ဆိုင်ကယ် မစီးဖို့ မှာချင်ပါတယ်။ ဆိုင်ကယ်မောင်းသူတွေ အတော်လေး ကြမ်းသလို ကားလမ်းကလည်း ကြပ်၊ လမ်းလေးတွေကလည်း အတော်ကျဉ်းတယ်။ တစ်ခါတလေ လမ်းဆုံတွေမှာ ဖြတ်ဝင်ဝင်လာတတ်တဲ့ ဆိုင်ကယ်သမားတွေကလည်း အသည်းတဖိုဖို နဲ့ ရှောင်ရမှာပါ။ ဒါကြောင့် အန္တရာယ်ကင်းအောင် သိပ်မကျွမ်းကျင်ရင် ဆိုင်ကယ်မမောင်းတာ ပိုကောင်းပါတယ်။


(၈) ကိုယ်နှစ်သက်တဲ့ နေထိုင်မှုပုံစံပေါ်မူတည်ပြီး တည်းခိုမဲ့နေရာ ရွေးချယ်ပါ။

ဘာလီကျွန်းက တစ်နေရာနဲ့ တစ်နေရာ လူနေထိုင်မှုပုံစံ ကွာခြားပါတယ်။ ဒါ့ကြောင့် ကိုယ့်အကြိုက်ပေါ်မူတည်ပြီး တည်းခိုမဲ့နေရာ စဉ်းစားသင့်တယ်။ ကိုယ်က လယ်ကွင်းတွေနဲ့ သဘာဝ အနေအထားတွေကြိုက်တယ်၊ ရိုးရာဓလေ့တွေ လေ့လာလိုတယ်ဆိုရင် Ubud ဘက်မှာ နေဖို့ စဉ်းစားသင့်တယ်။ ကမ်းခြေလေးတွေမှာ ပါတီ၊ ကလပ် နဲ့ ဘားတွေ နဲ့ ညဘက် ပျော်ပျော်ပါးပါးနေချင်ရင်တော့ Kuta ဘက်ကို စဉ်းစားသင့်ပါတယ်။ တောတောင်နဲ့ ရေတံခွန်လိုမျိုး သဘောကျရင်တော့ ဘာလီကျွန်း မြောက်ပိုင်းနေရာတွေကို စဉ်းစားသင့်ပါတယ်။ ဈေးကျတော့လည်း ဒီဘက်မှာ ပိုသက်သာတယ်။ ကမ်းခြေလေးမှာ ဈေးသက်သက်သာသာနဲ့ ဘားလေးတွေထိုင် ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေ ထိုင်မယ်ဆိုရင်တော့ Canggu ဘက်ကို ရွေးချယ်နိုင်တယ်။


(၉) မျောက်လေးတွေကို မ စပါနဲ့။

ဘာလီ နဲ့ မျောက်ဆိုတာက တွဲမှတ်မိနေတဲ့အရာပါ။ ဟိုးအရင်ကဆို မျောက်လေးတွေ အုန်းသီးခူးခိုင်းတာမျိုးလေးတွေကို ခရီးသွားတွေ အတော် စိတ်ဝင်စားကြတယ်။ ခုတော့ တိုးတက်လာတာနဲ့အလျောက် မျောက်လေးတွေရဲ့ နေရာလည်း နည်းလာတယ် ထင်ပါရဲ့။ Monkey Forest နဲ့ ဘုရားကျောင်းတချို့မှာပဲ ရှိတော့တယ်။ မြင်တဲ့အခါ သူတို့ကို မ စဖို့ လိုအပ်ပါတယ်။ လူနဲ့ ယဉ်ပါးတယ် ထင်ရပေမဲ့ စိတ်အမြဲ မှန်နေမယ်လို့တော့ တွေးမရပါဘူး။ နောက်တစ်ခုက သူတို့ စိတ်ဝင်စားတဲ့ ပစ္စည်းတစ်ခုခုဆိုလည်း လူ မကြောက်ဘဲ လာလုတတ်လို့ ဦးထုပ်၊ ပိုက်ဆံအိတ်၊ ဖုန်း၊ ကင်မရာ စတဲ့ ပစ္စည်းအမျိုးမျိုး ကို သေချာလေး ထိန်းသိမ်းပြီး လည်ပတ်ဖို့ လိုအပ်တယ်လို့ ကြိုတင်သတိလေးပေးချင်ပါတယ်။


ဘာလီ ဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့သလို Romantic ဖြစ်တဲ့နေရာတစ်ခုလည်း ဖြစ်သလို၊ သူငယ်ချင်းတွေနဲ့ ပျော်စရာစုံတဲ့နေရာလည်း ဖြစ်ပါတယ်။ စိတ်ကူးယဉ်အချစ်ပုံပြင်လေးနဲ့ ချစ်သူလေးကို လက်တွဲပြီး ဘာလီသွားလို့ ပျော်ချင်သူတွေအတွက် ဘာလီသည် အချစ် ဖြစ်နေမှာ သေချာပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။ Photo :: Thiha Lu Lin & friends Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens Photos are modified in Lightroom by Thiha Lu Lin.

Comments


bottom of page