top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဥရောပ မသွားခင် ကြိုပြင်ဆင်

Writer's picture: Thiha Lu LinThiha Lu Lin

ဥရောပနိုင်ငံတွေဆီကို အလည်သွားဖို့ဆိုတာ တချို့ခရီးသွားချစ်သူတွေအတွက် အိပ်မက်တစ်ခုပါ။ အဲ့ဒီ အိပ်မက်ကို ကျွန်တော်လည်း စွဲလန်းပါတယ်။ ခုတော့ ဒီအိပ်မက်လေးကို တစိတ်တပိုင်း အကောင်အထည်ဖော်ခွင့် ရခဲ့ပြီမို့ အတန်သင့် အာသာပြေတယ်ပဲ ဆိုပါတော့လေ။ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလလေးမှာ သွားခဲ့ရတဲ့ ဥရောပခရီးစဉ်မှာ ကျွန်တော် နောက်တစ်ကြိမ်လာခဲ့ရင် သိရမဲ့အချက်အလက်တွေ အတော်အတွေ့အကြုံရလိုက်တယ်။ ဒါတွေကို ကျွန်တော့်ရဲ့ ခရီးဖော် တွေကိုလည်း ဝေမျှပေးချင်ပါတယ်။ ဒီအချက်အလက်တွေက ဥရောပ သွားနေကျ ခရီးဖော်တွေအတွက်ကတော့ မထူးဆန်းပေမဲ့ ပထမဦးဆုံးသွားမဲ့သူတွေအတွက်ကတော့ အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းခရီးစဉ်တွေ လည်ကြတယ်၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေကို လည်ကြတယ်။ အာရှကို လည်နေကြရာကနေ ခုဆို ကျွန်တော်တို့ မြန်မာတွေ ဥရောပ နဲ့ အမေရိကားဘက်ကိုတောင် ခြေဆန့်ချင်နေကြပါပြီ။ ဒီတော့လည်း သိထားသင့်တာလေးတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ပြောပြပေးချင်ပါတယ်ဗျား။


ဥရောပ ဝင်ခွင့်ဗီဇာ

ဥရောပ ကို ကျွန်တော်တို့မြန်မာတွေအနေနဲ့ ဝင်ခွင့်ဗီဇာ လျှောက်ဖို့လိုပါတယ်။ ဥရောပ က နိုင်ငံ ၂၆ နိုင်ငံဝင်ခွင့် တစ်ခါတည်း ပါဝင်တဲ့ ရှန်ဂန်ဗီဇာ (Schengen Visa) လျှောက်ထားပြီး Austria, Belgium, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Iceland, Italy, Latvia, Lithuania, Luxembourg, Malta, Netherlands, Norway, Poland, Portugal, Slovakia, Slovenia, Spain, Sweden, Switzerland နဲ့ Liechtenstein တွေကို လည်ပတ်နိုင်ပြီး ဒီ Schengen Visa ကိုတော့ ပြည်တွင်းမှာရှိတဲ့ သံရုံးတွေမှာ လျှောက်ထားနိုင်ပါတယ်။ ဒီမှာတော့ ဂျာမနီသံရုံး၊ အီတလီသံရုံး နဲ့ ပြင်သစ်သံရုံးတွေမှာ လျှောက်ထားလေ့ရှိပါတယ်။ ရှန်ဂန်ဗီဇာ ၂၆ နိုင်ငံထဲမှာ မပါဝင်တဲ့ အခြားဥရောပနိုင်ငံတွေ ဖြစ်ကြတဲ့ Bulgaria, Croatia, Cyprus, Ireland, Romania နဲ့ United Kingdom အင်္ဂလန် တို့ကိုတော့ သီးသန့် သူ့သံရုံးအလိုက် လျှောက်ထားဖို့ လိုအပ်ပါမယ်။ လျှောက်တဲ့အခါ လိုအပ်တာကတော့ -

  • မြန်မာပြည်ကို ပြန်လာမဲ့အချိန် အနည်းဆုံးသက်တမ်း ၆ လ (အတိ) ကျန်နေရမဲ့ ပတ်စပို့၊ ဗီဇာကပ်ဖို့ အနည်းဆုံးစာရွက် ၂ ရွက် ကျန်ရပါမယ်။

  • နောက်ခံ အဖြူနဲ့ လတ်တလောရိုက်ကူးထားတဲ့ ၂ လက်မပတ်လည် ဓါတ်ပုံ ၂ ပုံ၊ အိမ်ထောင်စုစာရင်း မိတ္တူ နဲ့ ဘာသာပြန်နိုတြီ၊ (မူရင်းလည်း ဆောင်သွားပါ)။

  • မှတ်ပုံတင် မိတ္တူတွေ လိုအပ်ပါတယ်။ (မူရင်းလည်း ဆောင်သွားပါ)။

  • ပိုင်ဆိုင်မှုပြတဲ့ စာရွက်စာတမ်းစာချုပ်တွေကို မိတ္တူနဲ့ နိုတြီ လိုအပ်ပါတယ်။ မူရင်းလည်း တောင်းကြည့်တတ်ပါတယ်။

  • ဘဏ်စာအုပ်ထဲမှာ သိန်း (၁၀၀) လောက်ရှိဖို့ လိုအပ်ပြီး Bank Statement တောင်းပါတယ်။ ဒါကို သက်ဆိုင်ရာဘဏ်ကနေ သွားထုတ်ထားပါ။ စာအုပ်ရှိတဲ့သူကတော့ စာအုပ်ကိုပဲ မိတ္တူဆွဲ ပြရသလို၊ စာအုပ်မူရင်းလည်း ထားခဲ့ရပါတယ်။ အကယ်လို့ မလုံလောက်ခဲ့ရင်လည်း စိတ်မပူပါနဲ့။ တခြားပိုင်ဆိုင်မှုတွေနဲ့ ပေါင်းပြီး ကြည့်ပေးတတ်ပါတယ်။

  • ကုမ္ပဏီ ရှိသူက လုပ်ငန်းလိုင်စင် ကို မိတ္တူဆွဲသွားရသလို (အင်္ဂလိပ်လို ပါပြီးသားဆိုရင် နိုတြီမလို)၊ Business Card လည်း တွဲပေးရပါတယ်။

  • ဝန်ထမ်းဆိုရင်တော့ ကုမ္ပဏီ Letterhead နဲ့ အလုပ်လုပ်နေကြောင်း၊ ခရီးသွားတာကို ခွင့်ပြုကြောင်းနဲ့ ဘယ်နေ့ဘယ်ရက် ပြန်လာမှာဖြစ်ကြောင်းကို အလုပ်ရှင်ရဲ့ ထောက်ခံချက် ပါရပါတယ်။

  • လေယာဉ်လက်မှတ် Booking တင်ထားတာ ပြရပါတယ်။ သွားမဲ့ ပြန်မဲ့ရက်က အရေးကြီးပါတယ်။ ပထမဆုံးအကြိမ်ဆို အဲ့ဒီရက်အတိုင်းလောက်ပဲ ခွင့်ပြုပေးတတ်လို့ပါ။ မဟုတ်ရင် ပြန်လျှောက်ရတတ်ပါတယ်။ တချို့ သံရုံးတွေကတော့ လက်မှတ်ထုတ်ခိုင်းတတ်ပါတယ်။

  • ဟိုတယ် Booking လုပ်ထားတာလည်း ပြရပါတယ်။

  • ဗီဇာကြေးကတော့ $70 ပေးသွင်းရပါတယ်။ ဗီဇာမရခဲ့ရင်လည်း ပြန်မရပါဘူး။

  • ဗီဇာဖောင်ဖြည့်ရပါတယ်။ သက်ဆိုင်ရာ သံရုံးအလိုက် ဖောင်ကို သူတို့ဝက်ဘ်ဆိုက်တွေကနေ ဒေါင်းလုဒ် ရယူရပါတယ်။ ဥပမာ - ဂျာမနီသံရုံးမှာလျှောက်မယ်ဆို ဂျာမနီသံရုံး မြန်မာအတွက်ဖွင့်ထားတဲ့ဝက်ဘ်ဆိုက်ကနေ ရယူနိုင်ပါတယ်။

  • ကိုယ်သွားမဲ့ ခရီးလမ်းကြောင်း ကို တင်ပြရပါတယ်။ ဘယ်နိုင်ငံက စဝင်ပြီး ဘယ်နိုင်ငံသွားမယ်၊ ဘယ်တွေလည်မယ် ဆိုတာကို ရေးသားတင်ပြရတာပါ။ (ဗီဇာရမှ အပြောင်းအလဲ လုပ်လည်း ရပါတယ်)

  • Travel Insurance ဝယ်ရပါမယ်။ $30 ကနေ စရှိပါတယ်။ ဝန်ဆောင်မှုပေးတဲ့ အေဂျင့်တွေ ရှိပါတယ်။

  • အားလုံးစုံလင်ရင် သံရုံးမှာ Appointment ယူရပါတယ်။ Online ကပဲ ယူရမှာပါ။ သူတို့ ပေးတဲ့အချိန်တွေထဲက ကိုယ်အဆင်ပြေတဲ့အချိန်ကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပြီးတဲ့အခါ Confirm ဖြစ်တဲ့အကြောင်း အီးမေးလ်ပို့လာပါလိမ့်မယ်။

ကျွန်တော့တုန်းက ဂျာမနီသံရုံးမှာ လျှောက်ခဲ့ပါတယ်။ အဆင်ပြေတယ်။ ဖောင်လက်ခံတဲ့ တာဝန်ရှိသူနဲ့ အမေးအဖြေလေး လိုအပ်သလောက် လုပ်ဆောင်ရပါတယ်။ အင်္ဂလိပ်လို လုံးဝ မပြောနိုင်ရင်တော့ သိပ်အဆင်မချောတတ်ပါဘူး။ ဒါလေးတစ်ချက်သတိပြုရပါမယ်။


ဥရောပကို မြန်မာတွေ ခရီးသွားဖို့ အကောင်းဆုံးအချိန်

ကျွန်တော်တို့ရဲ့ ပိတ်ရက်တွေနဲ့ နည်းနည်းချိန်ညှိပြောရရင် ဧပြီလ သင်္ကြန်ပိတ်ရက် နဲ့ ဒီဇင်ဘာလ နှစ်သစ်ကူး ပိတ်ရက်တွေကို ဒီက ခရီးသွားတွေ ဥရောပဘက်ခြေဆန့်ဖို့ အများဆုံး စဉ်းစားကြသလို၊ ဒီရာသီမတိုင်ခင် ခရီးသွားအေဂျင်စီတွေကလည်း အပြိုင်ကြော်ငြာတတ်ကြတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ ဒီဇင်ဘာပိတ်ရက် ခရီးသွားတာက အနွေးထည်အထူကြီးတွေ သယ်သွားရလို့ အတော်အလုပ်များတဲ့ကိစ္စအဖြစ် မြင်မိတယ်။ ကိုယ်က ဟိုဘက်မှာ ဈေးဝယ်ထွက်ဦးမယ်ဆိုရင် ဒီအနွေးထည်တွေနဲ့ ထပ်ဝယ်တာတွေနဲ့ အတော် တိုင်ပတ်မှာ။ ကျွန်တော်ဆို တချို့အဝတ်တွေ ထားခဲ့ရတဲ့အထိပဲ။ တစ်ဘက်က ကောင်းတာကျတော့ အဲ့ဒီရာသီက ဥရောပတစ်ခွင်မှာ ဧည့်ပါးချိန်ဖြစ်လို့ ဈေးနှုန်းအရတော့ သက်သာနေတတ်တယ်။ အထူးသဖြင့် ဟိုတယ်ပေါ့။ ဧပြီလကတော့ မြန်မာတွေအတွက် ရာသီဥတုအရတော့ ပိုအဆင်ပြေမယ်လို့ ယူဆမိတယ်။ သိပ်မအေးတော့လို့ အနွေးထည်အထူကြီးတွေ အများကြီး သယ်ရတဲ့ဒုက္ခ နည်းတာပေါ့။ ဈေးအားဖြင့်လည်း သက်သာနေတုန်းဖြစ်ပါတယ်။ ပုံမှန် သွားလို့အကောင်းဆုံးအချိန်ကတော့ ဇွန်လ ကနေ စက်တင်ဘာလ အတွင်းပါ။ ရာသီဥတုလည်း အပူအအေးမျှလို့ အဆင်ပြေပါတယ်။ ဒါကတော့ အကြမ်းဖျဉ်းပေါ့နော်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနည်းငယ်တော့ ကွာခြားမှု ရှိနိုင်ပါတယ်။ Backpack သွားမယ်ဆိုလည်း ဒီရာသီက အဆင်ပြေဆုံးပါ။ လူလည်းရှင်းချင်တယ်၊ ရာသီဥတုလည်း အရမ်းမအေးချင်ဘူးဆိုရင်တော့ သူတို့ဆီက ခရီးသွားရာသီ ပြီးခါစအချိန် စက်တင်ဘာလကုန်ပိုင်းလောက်သွားတာ အဆင်ပြေစေမှာပါ။ ဆောင်းတွင်း သွားမယ်ဆိုရင်တော့ နေ့တာအရမ်းတိုပြီး ညတာရှည်တာကို သတိပြုရပါမယ်။ တချို့နိုင်ငံနဲ့ မြို့တွေမှာ နေမထွက်တာမျိုးတောင် ရှိတတ်ပါတယ်။ သူတို့ရဲ့ဈေးဆိုင်တွေကလည်း ညဘက်ဖွင့်တာ နည်းပါတယ်။ သူတို့နိုင်ငံတွေဟာ အလုပ်ချိန်ကို သတ်မှတ်ချိန်အတိုင်းလုပ်ဆောင်ပြီး လူ့အခွင့်အရေးအပြည့်ယူတဲ့နိုင်ငံတွေပါ။ နှစ်ကူးကာလမျိုးမှာဆိုရင် သတ်မှတ်ချိန်ထက် နှစ်နာရီလောက်ကို စောပိတ်တာမျိုး၊ လုံးဝပိတ်ထားတာမျိုးထိအောင် လုပ်တတ်လို့ ဒီကာလတွေမှာ Shopping လုပ်မယ်ဆို အချိန်နဲ့ ဖွင့် မဖွင့်ကို သေချာ ချိန်ညှိပြီး သွားစေလိုပါတယ်။ နွေရာသီမှာတော့ နေတာရှည်ပြီး ည ၈ နာရီလောက်ထိ အလင်းရှိနေသေးတာမျိုး ရှိတတ်တဲ့ နိုင်ငံနဲ့ မြို့တွေ ရှိလို့ လည်ရတာ အဆင်ပြေပါတယ်။ Shopping ကတော့ သူတို့ ပုံသေ ဆိုင်ဖွင့်ချိန် ပိတ်ချိန်အတိုင်းပါပဲ။ လင်းနေသေးလို့ဆိုပြီး ပိုမဖွင့်သလို၊ နှစ်ကူးမို့ဆိုပြီး ရောင်းရအောင် ပိုဖွင့်မယ် ဆိုတာမျိုး မလုပ်ကြပါဘူး။


အချိန်ကွာခြားချက်

ဥရောပ နဲ့ ကျွန်တော်တို့နိုင်ငံနဲ့ဆိုရင် ၆ နာရီလောက် ကွာဟပါတယ်။ သူတို့ဆီမှာ ည ၁၂ နာရီဆိုရင် မြန်မာနိုင်ငံမှာ မနက် ၆ နာရီ ရှိနေပါပြီ။


လေယာဉ်ချိန် နဲ့ လေယာဉ်ပေါ်မှာ အိပ်တတ်ဖို့ ကြိုးစားမယ်

ဥရောပ ဆီကို တစ်ထောက်နား ခရီးစဉ်နဲ့ သွားလေ့ရှိပါတယ်။ တောက်လျှောက် ပျံသန်းချိန်က ၁၂ နာရီကနေ ၁၄ နာရီ ဝန်းကျင် ရှိပါတယ်။ တစ်ထောက်နား လေဆိပ်မှာ လေယာဉ်စောင့်ချိန်ကလည်း ပျမ်းမျှ ၄ နာရီဝန်းကျင် ရှိတတ်ပါတယ်။ ဒါကြောင့်မို့ လေယာဉ်ပေါ်မှာ အိပ်တတ်အောင် ကြိုးစားရင် အချိန်ကွာခြားချက်ကြောင့် လူပင်ပန်းနွမ်းနယ်တာမျိုး လျော့နည်းနိုင်ပါတယ်။ ကျွန်တော်ကတော့ တကယ် အိပ်မရတဲ့အတွက် ရုပ်ရှင်ထိုင်ကြည့်ရင်းနဲ့အချိန်ကုန်တတ်ပါတယ်။ လူလည်း ပိုပင်ပန်းတာပေါ့နော်။ တစ်ခု လုပ်ဆောင်နိုင်တာက ဥရောပ မသွားခင် သူ့ အချိန်ကို ကိုယ့်နာရီမှာ ကြိုပြောင်းပြီး အိပ်ချိန်နေချိန် ကြိုလေ့ကျင့်ထားလို့တော့ရတယ်။ တစ်ရက်နှစ်ရက်လောက်ပေါ့။


ငွေကြေး

Euro ငွေကြေး သုံးပါတယ်။ နိုင်ငံအလိုက် သုံးစွဲတဲ့ ငွေကြေးအပြောင်းအလဲ အနည်းငယ် ရှိပေမဲ့ ဥရောပတစ်ခွင်ကတော့ Euro ကို အဆင်ပြေပြေသုံးစွဲကြပါတယ်။ Credit/Debit Card ကိုင်သွားမဲ့သူတွေအတွက် သိပ်ပြောစရာမရိှပေမဲ့၊ ငွေသားကိုင်သွားမယ်ဆိုရင်တော့ USD မဝယ်သွားပါနဲ့ တစ်ခါတည်း Euro ဝယ်သွားပါ။ ဟိုမှာ USD ကနေ Euro လဲရင် အရမ်းနာပါတယ်။ ဒီမှာက ဈေးပိုအဆင်ပြေလို့ပါ။ USD ငွေကို Euro လဲသုံးတာထက် Card ကနေ ATM မှာ ထုတ်သုံးတာတောင် ပိုကိုက်တဲ့ အနေအထားရှိလို့ဖြစ်ပါတယ်။


ကိုယ့် Credit/Debit ကတ်တွေ သေချာအောင် စီမံလာခဲ့ပါ။

ဥရောပမှာ တကယ်အသုံးပြုလို့ရမဲ့ ကတ်တွေ ဖြစ်ဖို့ ကိုယ့်ကတ်ထုတ်ပေးတဲ့ ဘဏ်နဲ့ သေချာမေးမြန်းယူဆောင်လာပါ။ ကတ်အများစု အဆင်ပြေပါတယ်။ Paywave နဲ့ သုံးနေကျ ကတ်တွေအနေနဲ့ Pin နံပါတ်ကို မမေ့မလျော့အောင် သတိထားပြီး မှတ်သားလာပါ။ ဒီမှာ နေရာတော်တော်များများမှာ Pin တောင်းတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် ကတ်ပျောက်ခဲ့ရင် ဆက်သွယ်ရမဲ့ Hotline တွေ၊ email တွေ နဲ့ Website တွေကို သေချာမှတ်သွားပါ။


Multi Plug/Adaptor ယူသွားဖို့ မမေ့ပါနဲ့

ဝယ်ချင်ရင် အလွယ်တကူ ရှာမရတတ်တာသလို၊ လိုမှ ဟိုမှာ ဝယ်မယ်ဆို ဈေးလည်းပိုများတတ်ပါတယ်။ ဒီမှာ ကြိုဝယ်ပြီး ပြင်ဆင်သွားသင့်ပါတယ်။ နိုင်ငံစုံမှာ သုံးလို့ရအောင် ထုတ်ထားတဲ့ဟာမျိုး ဝယ်ပါ။ ဖြစ်နိုင်ရင် Plug ပေါက်များများပါတာမျိုး၊ ဖုန်းတွေအားသွင်းဖို့ပါ ပါတာမျိုးလေး တစ်ကိုယ်ရည် သုံးနိုင်ဖို့ သေချာ ယူသွားစေချင်ပါတယ်။ ဟိုတယ်တွေမှာ ပလပ်ပေါက်ကလည်း တစ်ခု နှစ်ခုပဲ ရှိတတ်လို့ပါ။ ပြီးတော့ လိုအပ်လာရင် ဟိုတယ်တွေမှာ ငှားရခက်ပါတယ်။ ဆိုင်တိုင်းမှာလည်း တင်မရောင်းတာမျိုးမို့ ရန်ကုန်က ပါမလာရင်တောင် လေဆိပ်တွေမှာ ဝယ်သွားပါ။ Tour နဲ့သွားရင်လည်း သူတို့ဆီက မမျှော်လင့်ပါနဲ့၊ ကိုယ့်ဟာကိုယ် ယူလာတာ စိတ်အချရဆုံးပါ။


SIM Card ဝယ်မယ်

ဒီမှာတော့ ဖုန်းပြောဖို့ထက် အင်တာနက်သုံးဖို့ Data SIM တွေ လိုအပ်ပါတယ်။ SIM ကတ်တွေကို အဲ့ဘက်မှာ ရောင်းတာလေးတွေ ရှိပါတယ်။ Vodafone တို့ဆိုလည်း Euro 20 လောက် ပေးရတယ်။ ဟိုကျမှ ဝယ်တာထက် ဒီက နိုင်ငံတော်တော်များများ သုံးနိုင်တဲ့ Data SIM တွေ မြန်မာပြည်မှာလည်း ရောင်းနေပြီမို့ ဝယ်သွားသင့်တယ်။ ကျွန်တော်ကတော့ Wi-Ho! ဆိုတဲ့ SIM Card လေး ဝယ်သွားတယ်။ USD 40 ပေးရတယ်။ 4GB ရတယ်။ ၁၅ ရက် သုံးနိုင်တယ်။ သူ့ဘာသာ သူ တစ်နိုင်ငံရောက် တယ်လီကွန်းတစ်ခုနဲ့ အလိုလို ချိတ်ပြီး အင်တာနက်ပေးသွားတယ်။ 4GB က ၁၀ ရက်ခရီးမှာ အတော်ပဲ ဆိုပေမဲ့ အမြဲသုံးနေသူအတွက်က သိပ်တော့ မလောက်ချင်ဘူး။ တစ်မြို့နဲ့ တစ်မြို့ ကို ကားနဲ့ ၃ နာရီ ကနေ ၅ နာရီလောက် ကားစီးပြီး ကူးရတော့ သုံးမိနေရော၊ အဲ့အခါမှ မလောက်တတ်လို့ ဖြစ်နိုင်ရင် ဝိုင်ဖိုင် အခမဲ့ ရတဲ့နေရာရောက်ပြီဆိုတာနဲ့ ဝိုင်ဖိုင် ချိတ်ပြီး သုံးစွဲပါ။ ဒါဆို လုံလောက်အဆင်ပြေနိုင်ပါတယ်။ 4GB ကုန်သွားရင် အင်တာနက် အမြန်နှုန်း အရမ်းကျသွားလို့ သုံးရတာ စိတ်ညစ်လာမှာ။ သုံးလို့တော့ ရပါသေးတယ်။


ခါးပိုက်နှိုက် ပြဿနာ

ဥရောပ မှမဟုတ်ဘူး ဘယ်မှာပဲ ဖြစ်ဖြစ် ခရီးသွားများရင် ခါးပိုက်နှိုက် တို့၊ ဂျင်း ကောင်တို့ ဆိုတာ ရှိနိုင်ပါတယ်။ ခုလို ပိုက်ဆံရှိသူတွေ အလာများတဲ့ နေရာတွေမှာဆို သူတို့ ပိုပျော်တယ်လေ။ ဒါကြောင့် အိတ်ကို ဘယ်တော့မှ အလွယ်မထားပါနဲ့ ဖွင့်ရလွယ်တဲ့ ဘေးလွယ်အိတ်မျိုး ဆို ပိုသတိထားပါ။ အိတ်တွေကို ခွဲလည်း ယူတတ်ကြပါတယ်။ လမ်းမေးသလိုလိုနဲ့ အဖွဲ့လိုက် နှိုက်တတ်ကြပါတယ်။ အတန်တန်သတိထားနေရင်းနဲ့ ကျွန်တော်မိတ်ဆွေညီမငယ် တစ်ဦးဆို သူ့ကို မြေပုံကြီးကိုင်ပြီး လမ်းလာမေးတဲ့ လူမည်းအမျိုးသမီးလေး ၃ ယောက်ကြား လက်တစ်ဘက်ကို မသင်္ကာလို့ သူ့ဘေးလွယ်ပိုက်ဆံအိတ်ကို ကိုင်လိုက်ချိန် ဟိုဘက်ကောင်မလေးတစ်ယောက်က အိတ်ထဲ လက်ဝင်နေတာကို ဖမ်းကိုင်မိလိုက်တယ်လေ။ ဒါကြောင့် သတိတော့ မပြတ်ထားပါ။ ပိုက်ဆံအိတ်၊ ပတ်စပို့တွေ ကို သေချာထိန်းသိမ်းပါလို့ မှာချင်ပါတယ်။


ကလေးတွေနဲ့ သွားမယ်ဆို မိဘဖြစ်ကြောင်း အထောက်အထားလို

ဒါကတော့ ထူးခြားဖြစ်စဉ်ပါ။ လိုအပ်မှလည်း လိုအပ်မယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ခရီးစဉ်မှာတော့ ဟိုဘက် လေဆိပ်ကအထွက်မှာ အထောက်အထားပြနိုင်မှ Check-in လက်ခံပြီး လက်မှတ်ထုတ်ပေးမယ်ဆိုတာမျိုး ထူးထူးခြားခြား ကြုံခဲ့ရပါတယ်။ ဆိုတော့ ဖြစ်နိုင်ရင် ကလေးတွေရဲ့မွေးစာရင်း၊ ဒါမှမဟုတ် အိမ်ထောင်စုစာရင်းတွေကို ဘာသာပြန်ထားတာရှိရင် စာရွက်ယူလာပါ။ ဓါတ်ပုံရိုက်ထားပါ။ တောင်းလာရင် ပြပေးပါ။ ကလေးတွေနဲ့ လူကြီးရဲ့ တော်စပ်ပုံကို အထောက်အထားပြဖို့လိုတတ်လို့ပါ။


ကိုယ်ဝန်ဆောင်တွေ ခရီးသွားမယ်ဆို ဆရာဝန်ထောက်ခံချက်လို

ကိုယ်ဝန်ဆောင်တွေမှာလည်း ခရီးသွားဖို့ လေယာဉ်စီးဖို့ သတ်မှတ်ချက်လေးတွေ ရိှတဲ့အတွက် ကိုယ်ဝန်ဘယ်နှပတ် ရှိပြီဖြစ်ကြောင်းနဲ့ ခရီးသွားဖို့ ကျန်းမာရေးစိတ်ချရကြောင်း ထောက်ခံစာ လိုအပ်ပါတယ်။ အသွားတစ်ခါ အပြန်တစ်ခါ ပြရမှာမို့ ကြိုတင်ပြင်ဆင်လာခဲ့ဖို့ လိုအပ်ပါတယ်။


Luggage တွေ အများကြီး မဖြစ်စေနဲ့

ဖြစ်နိုင်ရင် Luggage အကြီးဆုံးနဲ့ပဲ ခရီးသွားလိုက်ပါ။ နှစ်ခုသုံးခုက လေယာဉ်ပေါ်တင်ပြီဆို အတော် စကားပြောရပါတယ်။ နှစ်ခုလောက်အထိက အဆင်ပြေသေးပေမဲ့ ၃ ခုလောက်ဖြစ်လာရင် စကား စပြောရလာပါပြီ။ ဈေးဝယ်မဲ့သူကတော့ လေယာဉ်ပေါ်ယူတင်သွားလို့ရတဲ့အရွယ် Baggage အသေးတစ်လုံး ထပ်ယူပါ။ အဲ့ဒီအိတ်ထဲ ဝယ်လာသမျှတွေ ထည့်ပါ။ Tax Refund ထုတ်တဲ့အခါ လေဆိပ်မှာ ဝယ်လာတဲ့ပစ္စည်းတချို့ကို မဖြစ်မနေ ပြန်ပြပေးရတာမို့ အဲ့ဒီပစ္စည်းတွေ ထည့်ဖို့ပါ။ Tax Refund တချို့သာ Check-in မဝင်ခင် ထုတ်လို့ရပေမဲ့ တချို့ကတော့ Check-in ဝင်ပြီးမှ ထုတ်လို့ရတာမို့ လေယာဉ်ပေါ်တင်နိုင်တဲ့ အိတ်တစ်လုံးအပိုပါလာတာ ပိုကောင်းပါတယ်။ ဈေးဝယ်အိတ်တွေ အများကြီးနဲ့ဆိုလည်း လေယာဉ်က ပြဿနာရှာတတ်ပါသေးတယ်နော်။ တန်ပိုကြေးလည်း ဈေးများတာမို့ ဝယ်မယ်ဆို သေချာချိန်ညှိဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။ တစ်မြို့နဲ့ တစ်မြို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကား၊ ရထားတွေ နဲ့ ကူးရမှာမျိုးမို့ အထုပ်အများကြီးဆို သယ်ရခက်တတ်လို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမှာမျိုးဆိုရင် တတ်နိုင်သမျှ ဝန်ကျဉ်းကျဉ်းနဲ့ သွားပါ။ ခရီးသွားအေဂျင်စီတွေနဲ့ သွားတာဆိုရင်လည်း ကိုယ့်အထုပ်ကိုယ်ဆွဲရမှာမျိုးမို့ပါ။ (နိုင်ငံကြီးတွေမှာ Tour Guide, Tour Leader, Driver တွေက အကုန်လိုက်လုပ်မပေးပါဘူး။ ကံကောင်းပြီး ကူညီတတ်သူမျိုးမှသာ လုပ်ပေးပါတယ်။ အာရှနိုင်ငံတွေကလူတွေနဲ့ မတူပါဘူး။)


ဈေးကြီးတိုင်း ဟိုတယ်ကျယ်ကျယ် မမျှော်လင့်ပါနဲ့

ကိုယ်သွားတဲ့မြို့ကြီးတွေမှာ မြို့ထဲမှာ နေချင်ရင် ဈေးသက်သာဖို့ မလွယ်သလို ဈေးကြီးတိုင်းလည်း အခန်းကျယ်ကျယ် ရမယ် မမျှော်လင့်ပါနဲ့။ မြို့ထဲမှာဆို ရာသီချိန်မဟုတ်ရင်တောင် မြန်မာငွေနဲ့ ၂ သိန်း၊ ၃ သိန်းလောက် ကျသင့်ပြီး အခန်းကလည်း ခပ်ကျဉ်းကျဉ်းပဲ ရတတ်ပါတယ်။ မြို့ပြင်မှာ ဆိုရင်တော့ ကိုယ်မျှော်လင့်တဲ့အခန်းမျိုး ရနိုင်ပါတယ်။ ဈေးကတော့ ဒီဈေးဝန်းကျင်ပါပဲ။ မြို့ထဲမှာ နေရတာရဲ့အားသာချက်ကတော့ ညဘက်လည်း လည်ပတ်နိုင်တာပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်ဆိုရင် ဟိုတယ်တွေထက် Hostel လို ဟာမျိုးက ပိုပြီး ဈေးသက်သက်သာသာနဲ့ ပျော်စရာ ဖြစ်နိုင်ပါတယ်။ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် နဲ့ မျက်နှာသုတ်ပုဝါလိုမျိုးတော့ ဝန်ဆောင်မှုပေးတတ်ပေမဲ့ သွားတိုက်ဆေး၊ သွားပွတ်တံတွေကို ဝန်ဆောင်မှု မပေးတတ်လို့ ကိုယ်သုံးနေကျလေး ဆောင်လာခဲ့ဖို့ လိုအပ်ပါမယ်။


Google Maps နဲ့ Google Translate Applications တွေ Download လုပ်သွားပါ

ဒီနှစ်ခုလုံး အရေးကြီးပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ သွားသွား၊ Tour နဲ့ပဲ သွားသွား Maps ကြည့်တတ်ရင် အတော်အဆင်ပြေပါတယ်။ Tour အစီအစဉ်နဲ့ဆိုလည်း တစ်ခါတလေ ဒီနားဝန်းကျင်ကို သွားကြည့်ဖို့ ဈေးဝယ်ဖို့ အချိန်ပေးတဲ့အခါ စုရပ်ကို ပြန်လာဖို့ ဒီမြေပုံတွေက ကောင်းကောင်း ကူညီပေးနိုင်ပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားသူအတွက်ကတော့ အားကိုးအရဆုံးပေါ့။ Translate App ဘာလို့လိုအပ်သလဲဆိုရင် တချို့နိုင်ငံတွေမှာ အင်္ဂလိပ်စကားနဲ့ အဆင်မပြေတဲ့နေရာလေးတွေ ရှိတတ်ပါတယ်။ တရုတ်လိုတောင် ပိုအဆင်ပြေတာမျိုး ရှိပါသေးတယ်။ ဒါကြောင့် Translate App က တစ်ခုခုဆို အကူအညီပေးနိုင်ပါတယ်။


ဥရောပ အစားအစာ ကြိုက်ပါ့မလား

ကျွန်တော်ကတော့ အစားအစာအစုံကြိုက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ နေ့စဉ် မြန်မာအစားအစာနဲ့ ထိတွေ့လာသူမို့ တစ်ခါတလေလည်း အစပ်လေးတွေ အချဉ်လေးတွေ တောင့်တတယ်။ ထမင်းလည်း စားချင်မိတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ်စားတတ်တဲ့ အကြော်လှော် အခြောက်အခြမ်းလေးတွေကို ဆီလုံလုံ ထည့်သွားသင့်ပါတယ်။


ဥရောပတစ်ခွင် ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်မယ်

ဒီလိုမျိုးစဉ်းစားရင် ဥရောပကို ပထမဆုံးတစ်ခေါက်ဖြစ်မယ်ဆို ခရီးစဉ်ကို ကား၊ ရထားနဲ့ တိုတိုသွားပြီး နိုင်ငံများများ ရောက်နိုင်မဲ့ အစီအစဉ်မျိုး စဉ်းစားလို့ရတယ်။ အဲ့ဒီအခါမှာ ဘယ်နိုင်ငံရဲ့ ဘယ်မြို့ကနေ ဘယ်နိုင်ငံရဲ့ ဘယ်မြို့ကို သွားရင် နီးမလဲ ဆိုတာမျိုးလေး ကြိုတင်လေ့လာထားနိုင်တယ်။ ထက်အောက် တောင်မြောက် သွားလာနေရတာမျိုးထက် အနီးအပါးလေးကို ကူးကူးပြီး သွားရတာ ခရီးလည်း မပင်ပန်းဘဲ ပိုပျော်စရာကောင်းလာနိုင်ပါတယ်။ မြို့တွေကူးတာ ရထားနဲ့ဆိုရင် ဈေးနည်းနည်းများတတ်ပေမဲ့ ခရီးအရမ်းတိုသွားပါတယ်။ ကျွန်တော်တို့ဆို ဖလော်လန့်စ် ကနေ ရောမ ကို သွားတာ ကားနဲ့ သွားသူတွေက ၃ နာရီကျော်လောက် စီးရတဲ့ ခရီးကို ရထားနဲ့ သွားသူတွေက ၁ နာရီ ၂၀ မိနစ် လောက်ပဲ စီးပြီး ရောက်သွားလို့ပါ။ ရထားက အဆင့်လည်းမြင့်တော့ စီးရတာ အတော်အဆင်ပြေပါတယ်။


Tour နဲ့ သွားသင့်သလား၊ မသွားသင့်ဘူးလား။

ကိုယ်က သိပ်ပြီး လည်ဝယ်နေရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားတာ သိပ်ကောင်းပါတယ်။ ဈေးနှုန်းတော့ ပိုကုန်ကျတာမျိုး ရှိကောင်းရှိနိုင်ပါမယ်။ ကိုယ့်ရဲ့ ဉာဏ်ကြွယ်မှုပေါ်မူတည်ပြီး လုပ်ဆောင်နိုင်တာပေါ့နော်။ ဒါမှမဟုတ် ပထမဆုံးအကြိမ်ခရီးစဉ်ကို ချောချောမောမောနဲ့ သက်တောင့်သက်သာ သွားချင်ရင်တော့ Tour နဲ့သာ သွားပါ။ ကိုယ့်ခရီးမှာ ရောက်သင့်တဲ့နေရာကို စုံအောင် ပို့ပေးနိုင်သလို၊ ဟိုတယ်၊ သွားလာရေး က အစ ကိုယ်စိတ်ပူနေရတာ မရှိဘူးပေါ့။ ဒါမျိုးလေး တစ်ခေါက် ရောက်လို့ လည်ဝယ်သွားရင် နောက်တစ်ကြိမ် ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြည့်ပေါ့။ ဒါမျိုး လုပ်ဆောင်နိုင်ပါတယ်။


ဘယ် Tour ကို ရွေးချယ်သင့်သလဲ။

မြန်မာပြည်ကနေ ဥရောပ ကို အစီအစဉ်ကောင်းကောင်းနဲ့ ပို့ဆောင်ပေးနေတဲ့ Tour Agency တွေ အများကြီးပါ။ အများစုက အဆင်ပြေကောင်းမွန်ကြပါတယ်။ သွားချင်သူတွေ မိမိ နှစ်သက်ရာနဲ့ သွားလာနိုင်ပါတယ်။ မေးမြန်းစုံစမ်းကြည့်ချင်တယ်ဆိုရင် ဒီခရီးသွားလုပ်ငန်းကိုလည်း မေးမြန်းကြည့်နိုင်တယ်။ ဗီဇာ လျှောက်တာက အစ ပေါ့နော်။ သိချင်တာလေးတွေ ရှိရင်…


သုခလမ်းညွှန် ခရီးသွားလုပ်ငန်း အမှတ် ၁၅၆၊ ၃ လွှာ၊ ရန်ကုန် - အင်းစိန်လမ်းကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။ ဖုန်း - 09 25 29 29 722

ဥရောပ သွားဖို့ စိတ်ကူးထားတဲ့ ခရီးဖော်တွေ ဒါလေးဖတ်ပြီး အတိုင်းအတာတစ်ခုလောက်တော့ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ဥရောပ ခရီးသွားအကြောင်းအရာလေးတွေလည်း ဆက်ပြီး ရေးပါဦးမယ်ဗျ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comentarios


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page