Budget Airline, 7 Kg နဲ့ ဖြစ်တတ်တဲ့ကိစ္စလေးတွေအကြောင်း ပြောပြချင်ပါတယ်။
ကျွန်တော်တို့ အကြောင်းကြောင်းကြောင့် လေယာဉ်စီးကြရပြီဆိုရင် အသက်သာဆုံး လေကြောင်းလိုင်းတွေကို Trip, Booking, Agoda, Skyscanner စသဖြင့် လေယာဉ်ဘိုကင် အက်ပလီကေးရှင်းတွေ တစ်ခုခု သုံးပြီး ရှာတတ်ကြတယ်။ တခါတရံလည်း ကိုယ်မရှာတတ်တဲ့အခါ မိတ်ဆွေ တစ်ဦးဦးကို ကူညီခိုင်းတတ်ကြတယ်။ အဲဒီလိုချိန်မှာ 7 Kg ပြဿနာကို သတိမမူမိဘဲ ကြုံတတ်ကြရပါတယ်။
7 Kg ဆိုတာ
ဈေးအလွန်ချိုသာတယ်လို့ ယူဆကြတဲ့ Budget Airline ဘတ်ဂျက်လေကြောင်းလိုင်း တွေဟာ တခြားပုံမှန်လေကြောင်းလိုင်းတွေလိုပါပဲ ကြိုတင်ဝယ်ယူထားရင် အတော်ဈေးချိုသာတတ်ပြီး ပုံမှန်လေကြောင်းလိုင်းတွေထက် အဆများစွာ သက်သာနေတတ်ပါတယ်။ အနီးမှ အရေးပေါ်ကပ်ဝယ်ရင်တော့ ထုံးစံအတိုင်း ဈေးအတော်ကြီးနေတတ်ပြန်ပါတယ်။ ဒီနေရာမှာ ပိုပြီး သတိထားရတာ လေကြောင်းလိုင်းက ခရီးသည်ကို သယ်ယူခွင့်ပြုတဲ့ အထုတ်အလေးချိန်ပါ။
ဘတ်ဂျက်လေယာဉ်မို့ သူတို့ Add on ပေးထားတဲ့ဟာတွေ မယူရင် ကိုယ့်ရပိုင်ခွင့်က ၇ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အထုတ် တစ်ထုတ် သယ်ခွင့်ပါပဲ။ ဒါကို လေယာဉ်အောက်ထဲ ပေးထည့်တာမျိုးမဟုတ်ဘဲ၊ ကိုယ်နဲ့ တပါတည်း လေယာဉ်ပေါ်ယူသွားရမှာပါ။ အထုတ် ၁ ထုတ်တည်းလို့ သတ်မှတ်ထားလို့ တချို့လေကြောင်းလိုင်းတွေဟာ ကျောပိုးအိတ် တစ်လုံး၊ Luggage ငယ်တစ်လုံး ပါတာမျိုးကို ခွင့်မပြုတတ်တော့ပါဘူး။ ဒါကြောင့် သူတို့သတ်မှတ်ထားတဲ့ အိတ်တစ်လုံးတည်းမှာပဲ ၇ ကီလိုဂရမ် ပမာဏသာ သယ်သွားခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒါကို အများစု သတိမပြုမိတတ်ကြပါဘူး။ အဲဒီခါမျိုးမှာ လေဆိပ်ရောက်မှာ ပေါင်ပိုကြေး များစွာ ပေးပြီး ကီလို ဝယ်ရတာမျိုးတွေ ဖြစ်ပေါ်လာပါတော့တယ်။
လေယာဉ်ပေါ် တပါတည်းသယ်ရတာမို့ မေ့တတ်တာလေးတွေ
Hand Carry လို့ မြန်မာအများစုသိထားကြတဲ့ လေယာဉ်ပေါ်သယ်လို့ရတဲ့ အိတ်ပဲ ၇ ကီလိုဂရမ် သယ်ဆောင်ခွင့်ရတဲ့အခါ အထုတ် ၁ ထုတ်ထဲ ရှိသမျှအကုန် ထည့်သယ်ရပြီမို့ သတိလက်လွတ်နဲ့ ကိုယ်သုံးနေကျ မျက်နှာသစ်ဆေး၊ သွားတိုက်ဆေး၊ Skin Care Set၊ အလှကုန်၊ ရေမွှေး စသဖြင့် အရည်တစ်မျိုးမျိုးပါဝင်တဲ့ပစ္စည်းတွေကို မေ့ပြီး သယ်သွားမိတတ်ကြပါတယ်။ ဒီပစ္စည်းတွေဟာ လေယာဉ်အောက်ထဲ ထည့်လို့ရတဲ့ Luggage နဲ့ဆို ပြဿနာမဟုတ်ပေမဲ့ 7 Kg ကြောင့် ကိုယ်နဲ့ တပါတည်းယူရတဲ့အခါ သတ်မှတ် ၁၀၀ မီလီလီတာ အောက် မရှိသမျှ အကုန် လွှင့်ပစ်ခံကြရတော့တာပါပဲ။ မျက်စိရှေ့မှာတင် လွှင့်ပစ်ခံလိုက်ရသူတွေကို အတော်လေး စိတ်မကောင်းဖြစ်မိပေမဲ့ မတတ်နိုင်ဘူးပေါ့။ Power Bank လိုမျိုးကတော့ ပြဿနာမရှိ ယူလို့ရပါတယ်။ အစကတည်းက ဘက်ထရီပါတဲ့ ပစ္စည်းမျိုးတွေဟာ ကိုယ်နဲ့ပဲ တပါတည်း ယူသွားကြရတာကိုး။
ဘတ်ဂျက်လေကြောင်းလိုင်း စီးမယ်ဆိုရင် ဒါတွေ ပြင်ဆင်ပါ
ကိုယ်ဝယ်တဲ့ လေကြောင်းလိုင်း ရဲ့ သယ်ခွင့်ရတဲ့ Hand Carry နဲ့ Luggage ကို ကြိုတင်စစ်ဆေးဝယ်ယူပါ...
Hand Carry 7 Kg ပဲ ပါတယ်ဆိုရင် ထည့်မယ့်အဝတ်အစား ရက်တိုအတွက်သာ လုံလောက်ကြောင်း သိထားရပါမယ်....
ရက်ရှည်နေထိုင်ဖို့လိုအပ်ရင် Luggage ကို ကြိုတင်ဝယ်ယူတာ လေဆိပ်မှ ဝယ်တာထက် အများကြီး ပိုသက်သာပါတယ်....
7 Kg ပဲ ဝယ်ထားရင် အရည်၊ ဂျယ် စတဲ့ပစ္စည်းတွေကို ၁၀၀ မီလီလီတာ အောက် ပုလင်းတွေနဲ့ ပြောင်းထည့်ပါ.... (နည်းနည်းပဲ ကျန်တော့တယ်ဆိုရင်တောင် ဘူးပေါ်က စာကိုပဲအတည်ယူတာကြောင့် လွှင့်ပစ်ခံရပါတယ်)
ကျချင်တဲ့နေရာ ကျတာမျိုး မကြိုက်ရင် ငွေနည်းနည်းပိုသုံးပြီး ခုံနေရာ ကြိုရွေးထားပါ....
ခုံတွေက ကျဉ်းသလို၊ ရှေ့ခုံနဲ့လည်း ကပ်လျက်မို့ ဒူးရှည်သူ အရပ်ရှည်သူတွေ နေရခက်တတ်ပါမယ်....
အစားအသောက် မပါတတ်လို့ ဗိုက်ဆာတတ်ရင် ဘိုကင်တင်ကတည်းက အစားအသောက် ကြိုမှာထားပါ...
လေယာဉ်ပေါ်မှ ဝယ်စားမယ်ဆိုရင် ဒေါ်လာအကြွေ ဆောင်ထားပါ....
တကယ်တော့ ဘတ်ဂျက်လေကြောင်းလိုင်းတွေဟာ ငွေနည်းနည်းနဲ့ ကမ္ဘာပတ်ချင်သူတွေအတွက် အားထားရာတစ်ခု ဖြစ်ပေမဲ့ ကြိုတင်ပြင်ဆင်မှုရှိမှ သက်သာတဲ့ဈေးနှုန်းရရှိတာမျိုး ဖြစ်လို့ အကျိုးရှိရှိ အသုံးချနိုင်အောင် တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ...
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် | Thiha, the Traveller
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Comments