The Holy Land ခရီးစဉ်တွေဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အတော် စိတ်ဝင်စားစရာအပြည့်နဲ့ လည်ပတ်ကြရတဲ့ ခရီးစဉ်ပါ။ သို့သော်လည်း ကိုယ်က ကျမ်းစာကို သေချာလေ့လာမှု အနည်းအကျဉ်း မရှိထားရင်တော့ ဘုရားကျောင်း ပြီး ဘုရားကျောင်း၊ အပြိုအပျက်တွေနဲ့ ကန္တရလွင်ပြင်ဖြတ်၊ ဘာကို ပုံဖော်မှန်းမသိတဲ့ အနုပညာရပ်တွေကိုပဲ အူကြောင်ကြောင် ခံစားပြီး ပြန်သွားရမယ့် ခရီးစဉ်မျိုး ဖြစ်တတ်ပါတယ်။ Tours တွေမှာတော့ ကျမ်းစာအချက်အလက်အကိုးအကားနဲ့ ရှင်းပြပေးသူတွေ ပါဝင်တတ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ပုံစံတစ်မျိုးနဲ့ လည်ပတ်ကြည့်ကြရမှာဖြစ်ပါတယ်။
မာတိကာ
ဒီတစ်ခေါက် ပြောပြချင်တဲ့နေရာလေးက အစ္စရေးနိုင်ငံ မှာ ရှိနေတဲ့ ကပါနေယမ် ရှေးဟောင်းရွာလေး အကြောင်းပါ။ ယေရှုမြို့ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ခရစ်ယာန်ဘုရားဖူးခရီးသွားတွေနဲ့ သမိုင်းကို စိတ်ဝင်စားသူ ခရီးသွားတွေ အကြိုက် အစ္စရေးမြောက်ပိုင်းက လည်ပတ်စရာတစ်ခု ဆို မမှားပါဘူး။
ကပါနေယမ် တံငါရွာလေး (Capernaum)
မြန်မာဘာသာပြန် သမ္မာကျမ်းစာထဲမှာတော့ ကပေရနောင်မြို့ လို့ ဖော်ပြထားတဲ့ ကပါနေယမ် ဟာ အစ္စရေးမြောက်ပိုင်း ရဲ့ သိပ်လှတဲ့ ဂယ်လိလီကုန်းတွင်းပင်လယ်ဒေသ (သမ္မာကျမ်းစာထဲမှာတော့ ဂါလိလဲပင်လယ်) မှာ ပါဝင်ပါတယ်။ ဂယ်လိလီဒေသဝန်းကျင်မှာတော့ ခရစ်ယာန်တွေအတွက် သမိုင်းဝင်လည်ပတ်စရာတွေ ပိုများတာမို့ ဒီနေရာလေးအပြင် တခြားနေရာလေးတွေပါ တဆက်တည်း လည်ပတ်သွားလာနိုင်ကြပါတယ်။ ဒီ ကပါနေယမ် ကို Kfar Nahum လို့လည်း ရေးတတ်ပြောတတ်ကြပါတယ်။ ဒီမှာ အထူးပြုလည်ပတ်စရာအနေနဲ့ Franciscan ခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီးကျောင်း၊ ဂရိ အော်သိုဒေါ့စ် Orthodox ဘုရားကျောင်း အပါအဝင် ရှေးခေတ် အဆောက်အအုံ အပျက်အစီးတွေကို ထိန်းသိမ်းထားရာ နေရာတွေ၊ ရှေးဟောင်း ဂျူးဘုရားကျောင်း တရားဇရပ် နဲ့ သခင်ယေရှုရဲ့ တပည့်တော် ၁၂ ပါးအဝင် ရှင်ပေတရု ရဲ့ အိမ်တော်ဟောင်း တို့ကို လည်ပတ်နိုင်မှာပါ။
ကပါနေယမ် (ကပေရနောင်) မြို့ နဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာ ထဲမှာ တံငါရွာလေးအဖြစ် ဖော်ပြပါတယ်။ ဂယ်လိလီ (ဂါလိလဲ) အိုင် (ကြီးမားလွန်းလို့ ကုန်းတွင်းပင်လယ်လို့လည်း တင်စား) မှာ ငါးဖမ်းကြတဲ့တံငါသည်တွေ နေထိုင်ကြရာဖြစ်သလို ခရီးသွားတွေ၊ ကုန်သည်တွေနဲ့ စည်ကားနေတယ်လို့ ဆိုပါတယ်။ အရင်ကတော့ ပါလက်စတိုင်းနိုင်ငံ ထဲမှာ ပါဝင်ခဲ့တယ်လို့လည်း ဆိုကြပါသေးတယ်။ လူဦးရေးအားဖြင့် ၁၅၀၀ ဝန်းကျင်ရှိတဲ့ မြို့ပါ။ ရောမခေတ်တုန်းက ချမ်းသာတဲ့ ဂျူးလူမျိုးတွေ နေထိုင်ကြတယ်လို့ မှတ်တမ်းတင်ကြပြန်ပါသေးတယ်။ ဓမ္မဟောင်းကျမ်း ထဲမှာတော့ ဒီမြို့နဲ့ ပတ်သက်လို့ ဖော်ပြထားတာ မတွေ့ရသလောက်ဖြစ်ပေမဲ့ ဓမ္မသစ်ကာလမှာတော့ ဒီ ကပါနေယမ်မြို့ဟာ ခရစ်ယာန်တွေအတွက် အတော် အရေးပါတဲ့ မြို့ ဖြစ်ခဲ့ပါတယ်။
ဘာကြောင့် ယေရှုမြို့ လို့ တင်စားကြသလဲ?
သခင်ယေရှု ဟာ ဗက်သ်လဟမ် (ဗက်လင်) မြို့မှာ ဖွားမြင်တယ်၊ နာဇရက်မြို့မှာ ကြီးပြင်းပြီး ဂျေရုဆလင်မြို့မှာ တရားဓမ္မတွေ ဟောကြားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဂယ်လိလီဒေသ သာသနာပြုအစီအစဉ်တွေနဲ့ တန်ခိုးပြမှုတွေဟာ ဒီ ကပါနေယမ် (ကပေရနောင်) မြို့မှာ ထူးထူးခြားခြား ဖြစ်ထွန်းခဲ့တာမို့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီမြို့မှာ ယေရှုနေထိုင်ခဲ့တဲ့အကြောင်းကို ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁၃ မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ယေရှုမြို့ လို့လည်း တင်စားခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ဒီမြို့မှာပဲ သခင်ယေရှုဟာ သူ့ရဲ့ တပည့်တော် ၁၂ ပါးအဝင်ဖြစ်တဲ့ ရှင်ယာကုပ်၊ ရှင်ယောဟန်၊ ရှင်ပေတရု၊ ရှင်အန္ဒြေ နဲ့ ရှင်မဿဲ (ဂျိမ်းစ်၊ ဂျွန်၊ ပီတာ၊ အန်ဒရူး နဲ့ မက်သရူး) တို့ကို ဆုံတွေ့ခဲ့တာပါ။
ကပါနေယမ် မှာ လေ့လာစရာ
ဒီမှာတော့ မြို့ဟောင်းအပြိုအပျက်အပိုင်းအစတွေကို နေရာအနှံ့ မြင်တွေ့ကြရပါမယ်။ တစ်ဘက်မှာ ဂယ်လိလီအိုင် ရဲ့ အလှကိုလည်း ခံစားရင်း ရှေးခေတ်အဆောက်အအုံ အပြိုအပျက်တွေနဲ့ အဲ့ဒီခေတ်က အိမ်ဆောက်ရာမှာ အသုံးပြုခဲ့ကြတဲ့ မီးသင့်ကျောက် သို့မဟုတ် ချော်ခဲ မည်းမည်းတွေ၊ တူးဖော်တွေ့ရှိထားတဲ့ သံလွင်ဆီကြိတ်ရာမှာ အသုံးပြုတဲ့ ကျောက်သားကိရိယာတွေ စသဖြင့် ရှေးခေတ်အသုံးအဆောင်တချို့ကို ဖော်ထုတ်ထားသမျှ လေ့လာနိုင်ပါတယ်။ အထူးလေ့လာစရာကတော့ -
ရှေးဟောင်း ကပေရနောင် တရားဇရပ်
တိုင်ကြီးတွေ ခန့်ခန့်ထည်ထည်နဲ့ ရှေးခေတ်တရားဇရပ် (ဂျူးဘုရားကျောင်းတော်ကြီး) ဆီကို မဖြစ်မနေ လေ့လာကြည့်ရှုသင့်ပါတယ်။ ဒီမြို့ဟောင်းမှာ အိမ်ခြေတွေကို မီးသင့်ကျောက် သို့မဟုတ် ချော်ခဲ မည်းမည်းတွေနဲ့ တည်ဆောက်ကြပေမဲ့ တရားဇရပ်ကိုတော့ ထူးခြားစွာပဲ အဖြူရောင်ထုံးကျောက်တုံးတွေနဲ့ တည်ဆောက်ထားပါတယ်။ ဒါကြောင့်လည်း သူက ထင်ရှားပေါ်လွင်နေပါတယ်။ တရားဇရပ်ကို အပြည့်အစုံ မြင်ရတာမျိုးမဟုတ်ဘဲ နံရံတစ်ဘက်သာ အကောင်းကျန်တော့တဲ့ အနေအထားနဲ့ ပြန်လည်တူးဖော်ရရှိထားသမျှ တိုင်လုံးနဲ့ အပိုင်းအစတွေကို ပြုပြင်ဖန်တီးထားတာတွေကို လေ့လာနိုင်ကြမှာမျိုးပါ။ ခရီးသွားတိုင်းကလည်း ဒီ တရားဇရပ်အတွက်ကို သေချာအချိန်ပေး လာကြတာများပါတယ်။
ဒီတရားဇရပ်ဟာ ခရစ်ဝင်ကျမ်းစာစောင်တိုင်းမှာ ပါဝင်တဲ့ ကပေရနောင်တရားဇရပ်ဖြစ်ပြီး သခင်ယေရှု ရဲ့ နာမည်ကျော် အသက်မုန့် တရားဒေသနာ ကို ဒီမှာ ဟောကြားခဲ့တာ ဖြစ်ပါတယ် (ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၃၅-၅၉)။ သခင်ယေရှုဟာ ဒီတရားဇရပ်မှာ အမြဲလိုလို တရားဟောကြားခဲ့ပြီး (ရှင်ယောဟန် ၆:၅၉၊ ရှင်လုကာ ၄:၃၃) ဒီတရားဇရပ်မှာပဲ ကျန်းမာရေးအတွက် အနာရောဂါငြိမ်းခြင်းတွေ၊ နတ်ဆိုးစွဲနေသူတွေကို နှင်ထုတ်ပေးခြင်းတွေကို တန်ခိုးပြသခဲ့တာလည်း ဖြစ်ပါတယ် (ရှင်မာကု ၁:၂၁-၂၇၊ ရှင်လုကာ ၇:၃)။ ဒါ့အပြင် သွေးသွန်နာစွဲတဲ့ အမျိုးသမီး ရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်းကြောင့် ယေရှုအဝတ်တော်ရဲ့ ပန်းပွားကို လာတို့ပြီး ပျောက်ကင်းရခြင်း၊ တရားဇရပ်မှူး ရဲ့ သမီး အသက်သေဆုံးရာကနေ ပြန်လည်ကျန်းမာရှင်ပြန်ရခြင်း စတဲ့ တန်ခိုးနိမိတ်တွေကိုလည်း ပြသခဲ့ရာ အရပ်လို့ ဆိုရပါမယ် (ရှင်လုကာ ၈:၄၁-၅၃)။ ဒါကြောင့် ဒီမြို့ဟောင်းကို လာလည်ကြရင် ခရစ်ယာန်တွေဟာ ဒီနေရာကို အသေအချာ လာရောက်လည်ပတ်လေ့လာကြတာလည်း ဖြစ်ပါတယ်။
ဒီတရားဇရပ်ကြီးကို ၇ ရာစုတုန်းက အာရပ်လူမျိုးတွေရဲ့ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ နောက်တော့ ခရစ်နှစ် ၂၀၀ ဝန်းကျင်လောက်မှာ ပြန်လည် တည်ထောင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ် မြင်တွေ့ရတဲ့ ကျန်ကြွင်းနေရာတွေကိုတော့ အီတလီအစိုးရအထောက်အပံ့နဲ့ Franciscans ခရစ်ယာန်ဂိုဏ်းကြီးတစ်ခု က ၁၉၆၈-၈၄ မှာ တစ်ပိုင်း၊ အစ္စရေးရှေးဟောင်းဌာန ရဲ့ အစီအစဉ်နဲ့ ဂရိ အော်သိုဒေါ့စ်ခရစ်ယာန်ဂိုဏ်းကြီးတစ်ခုက ၁၉၇၈-၈၂ မှာ တူးဖော်မှု တစ်ပိုင်း တို့ကို ပြုလုပ်ဖော်ထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်။
သူတော်စင်ကြီး ရှင်ပေတရု ရဲ့ အိမ်
မဖြစ်မနေ လည်ပတ်လေ့လာကြတဲ့နေရာ နောက်တစ်ခုကတော့ စိန့်ပီတာ (ရှင်ပေတရု) ရဲ့ အိမ်ဖြစ်ပါတယ်။ ရှင်ပေတရုရဲ့ အိမ်ဟာလည်း သမ္မာကျမ်းစာရဲ့ အရေးပါတဲ့နေရာတစ်ခုပါ။ သခင်ယေရှု ဟာ ကပါနေယမ် (ကပေရနောင်) မြို့က ပီတာ (ပေတရု) နဲ့ အန်ဒရူး (အန္ဒြေ) ညီအစ်ကိုတွေရဲ့ အိမ်ကို အလည်ကြွတဲ့အခါ ပီတာ (ပေတရု) ရဲ့ ယောက္ခမ ဟာ နာမကျန်းဖြစ်နေပါတယ်။ အဲ့ဒီအမျိုးသမီးကို လက်နဲ့တို့တော်မူတဲ့အခါ အနာပျောက်ကင်းပြီး ထလို့ ဧည့်ခံနိုင်ခဲ့တဲ့အပြင် အဲ့ဒီညမှာလည်း နတ်ဆိုးစွဲသူတွေနဲ့ မကျန်းမာသူတွေကို ပျောက်ကင်းချမ်းသာစေခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကြောင့် အရင် ဓမ္မဟောင်းကာလမှာ ပရောဖက် ဟေရှာယ ဟောခဲ့ဖူးတဲ့ “သူသည် အကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်” ဆိုတဲ့ နိမိတ်စကားက ပြည့်စုံခဲ့တယ်လို့ ဆိုရပါတယ် (ရှင်မဿဲ ၈:၁၄-၁၇)။ ဒါကြောင့်လည်း ဘုရားဖူးခရီးသွားတွေဟာ ဒီနေရာကို မပျက်မကွက် လာရောက်ကြတာပါ။ အခုတော့ အိမ်တော်ရာ တူးဖော်ထားတဲ့အပေါ်မှာ ရှစ်ထောင့်ပုံစံဆန်း နဲ့ ဘုရားကျောင်းတစ်ခုကို တည်ဆောက်ထားပါတယ်။ Franciscan ခရစ်ယာန်ဂိုဏ်းရဲ့ ဘုရားကျောင်း ဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ အလယ်မှာ မှန်ပြားခင်းထားလို့ အောက်ဘက်က တူးဖော်ထားတဲ့ ရှင်ပေတရုအိမ်တော်ရာ ကို မြင်တွေ့လေ့လာနိုင်တာပါ။
ကျိန်ခြင်းခံရတဲ့ ကပေရနောင်မြို့လေး
ဒီမြို့လေး ဟာ ဒီလို အပြိုအပျက်လေးနဲ့ပဲ ကျန်ကြွင်းရစ်မယ်ဆိုတာ သခင်ယေရှု ခေတ်ကာလကတည်းက ဟောကြားခဲ့ပြီးသားလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲ တရားဓမ္မတွေ ဟောပြောသွန်သင်ပြသ ပြသ၊ တန်ခိုးနိမိတ်လက္ခဏာတွေ ဘယ်လောက်ပဲ ထူးထူးခြားခြား ပြသ ပြသ၊ မပြောင်းမလဲ ဆိုးသွမ်းမြဲ ဆိုးသွမ်းနေခဲ့တဲ့ ဒီမြို့သားတွေကြောင့် ဒီမြို့ဟာ ကျိန်ခြင်းအမင်္ဂလာကို ခံခဲ့ရပါတယ်။ “အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်း ခံရသော်လည်း မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်း ခံရလတံ့။” (ရှင်မဿဲ ၁၁:၂၃)။ ချမ်းသာကြွယ်ဝတဲ့ ဂျူးတွေရဲ့ ကုန်သွယ်မြို့ဖြစ်ခဲ့တဲ့တိုင် အခုတော့ အပြိုအပျက်တွေနဲ့ တိတ်ဆိတ်နေခဲ့ရပြီလေ။
အစ္စရေးကို ရောက်တဲ့အခါ ကပါနေယမ်မြို့ဟောင်း ကို သွားရောက်လေ့လာသင့်ပါတယ်။ နေရာအဝန်းအဝိုင်း သိပ်မကျယ်လို့ အချိန်တိုအတွင်းလည်း စုံစုံစိစိလေ့လာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သွားရင်းလာရင်း အော် ဒီ အုတ်ခုံလေးမှာ သခင်ယေရှု ထိုင်ခဲ့လေမလား၊ ငါ ခု လျှောက်နေတဲ့ လမ်းလေးတွေမှာလည်း သခင်ယေရှု လျှောက်ခဲ့မှာပဲ စသဖြင့် အတွေးပေါင်းများစွာနဲ့ ကြည်ကြည်နူးနူး လေ့လာခွင့် ရခဲ့လို့ပါပဲ။
အားလုံးပဲ ကပ်ရောဂါဆိုးကြီးဘေးမှ အစဉ်ကင်းဝေးကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin
Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+
Photos are modified in Lightroom by Thiha Lu Lin.
Comments