top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဗီယက်နမ် က ချစ်စရာ ဒါနန်းမြို့လေး

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • May 21, 2020
  • 4 min read

Updated: Sep 11, 2020

ဗီယက်နမ်နိုင်ငံ ကို ကျွန်တော် မြောက်ပိုင်း မြို့တော်ဟနွိုင်း နဲ့ တောင်ပိုင်း မြို့တော် ဟိုချီမင်း တွေကို ရောက်ခဲ့ လည်ခဲ့ဖူးတယ်။ မြို့တော်နှစ်ခု ရဲ့ ပုံစံက နည်းနည်းကွဲပြားတယ်။ မြောက်ပိုင်း ဟနွိုင်းမြို့က ပိုပြီး ဗီယက်နမ် ဆန်တယ် လို့ ဆိုရမလားဘဲ။ ဟိုချီမင်းမြို့ ကတော့ ခေတ်မီတယ်။ တစ်မျိုးဆီ ဆွဲဆောင်မှုရှိကြတယ်ပေါ့။ ကျွန်တော် မရောက်ဖူးသေးတာက ဗီယက်နမ် အလယ်ပိုင်း ပါ။ ဒါကြောင့် ကျွန်တော့် မွေးနေ့ရက်လေးနဲ့ တိုက်ဆိုင်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ထဲ ဗီယက်နမ် အလယ်ပိုင်း ကို ခရီးဆန့်လိုက်တယ်။ ဒါနန်းမြို့ဟာ ကျွန်တော့်ကို ရှေ့က ကျွန်တော် ရောက်ဖူးတဲ့မြို့တွေနဲ့ မတူတဲ့ ဗီယက်နမ်ရသ တစ်မျိုးကို ထပ်ပေးသွားပါတယ်။ နောက်တစ်ခါ ဗီယက်နမ်ကို လာလည်ပါဦးဆိုရင် အရင်ဆုံး ရွေးချယ်မိမှာက ဒါနန်း ဖြစ်မှာပါပဲ။


ဘာလို့ ဒါနန်းမြို့ ကို သွားလည်သင့်လဲ

ဗီယက်နမ်နိုင်ငံ ဟာ ပြင်သစ် ရဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးတယ်။ ဒါနန်းမြို့ဟာ ပြင်သစ်တွေအုပ်စိုးစဉ်က ဆိပ်ကမ်းမြို့ ဖြစ်ခဲ့တဲ့အတွက် ဒီအငွေ့အသက်တွေရှိနေသေးတယ်။ ထူးခြားစွာပဲ ကမ်းခြေ နဲ့ တောင်တန်းတွေကို ပိုင်ဆိုင်ထားတယ်။ ပြာလဲ့နေတဲ့ ပင်လယ်၊ စိမ်းစိုနေတဲ့ တောတောင်တွေနဲ့အတူ တစ်မြို့ထဲမှာ နေရာပေါ်မူတည်ပြီး မတူညီတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပြန်တယ်။ ထူးခြားတဲ့ ဖွဲ့စည်းမှုနဲ့ ခရီးသွားတွေကို ဆွဲဆောင်မှုပေးနေတဲ့မြို့လေး ဖြစ်တာမို့ လည်ပတ်ဖို့ စဉ်းစားသင့်ပါတယ်။


ဘယ်အချိန် သွားလည်လို့ အကောင်းဆုံးလဲ

ဒါနန်းမြို့ကို သွားအလည်သင့်ဆုံးအချိန်ကတော့ မေလ ကနေ သြဂုတ်လ အတွင်းပါ။ နေလည်း အမြဲပွင့်ပြီး လှိုင်းလည်း ငြိမ်တယ်။ Activities နဲ့ Sightseeing တွေ ပိုပြီး လုပ်ဆောင်နိုင်တဲ့အတွက်ပါ။ ကျန်တဲ့အချိန်တွေရော မကောင်းဘူးလား ဆိုပြန်တော့ အဲ့လိုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မိုးလေး စွေတတ်တာမျိုး ရှိတတ်လို့သာပါ။ ကိုယ်တွေ အောက်တိုဘာလ သွားတော့လည်း ရာသီဥတုက သာယာနေတာပါပဲ။ ဒီဇင်ဘာဆို အေးအေးလေးနဲ့ သွားလည်လို့ ကောင်းဦးမှာပါပဲလေ။


ငွေကြေး

ဗီယက်နမ် ဒေါင် ကိုပဲ အသုံးပြုပြီး ဒေါ်လာ တစ်ရာ ကို ဒေါင် ၂၃ သိန်းကျော် ရရှိမှာ ဖြစ်ပါတယ်။ တစ်ဒေါ်လာ ကို နှစ်သောင်းသုံးထောင်ကျော် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆို တစ်ကျပ် ကို သူတို့ငွေ ၁၅ ဒေါင် ဖြစ်ပါမယ်။


ဒါနန်းမြို့ ရောက်ရင် မဖြစ်မနေ လည်သင့်တဲ့ နေရာ (၁၀) ခု

ဗီယက်နမ် အလယ်ပိုင်းရဲ့ အောက်ပိုင်းက ဒါနန်းမြို့လေးကို ရောက်ရင် မသွားမဖြစ် သွားရမဲ့ နေရာလေးတွေ ရှိပါတယ်။ ဒီနေရာလေးတွေက ကိုယ့်ကို စိတ်လှုပ်ရှားစေမဲ့ နေရာလေးတွေပါ။ မတူညီတဲ့ ရသလေးတွေ စုစည်းထားသလိုပါပဲ။ ဘုရားကျောင်းကန်၊ ရှုခင်းသာ၊ ပင်လယ်၊ ပြတိုက် နဲ့ အစားအသောက်တွေကို တစ်မြို့တည်းမှာ အစုံအစိ ခံစားရသွားစေမယ်လေ။


(၁) Marble Mountains

စကျင်ကျောက်တောင်တွေဆီ ခရီးစဉ်ကလည်း ဒါနန်းမြို့ လာလည်သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ ခရီးစဉ်ပါ။ ထုံးကျောက်တောင်နဲ့ စကျင်ကျောက်တောင်တွေ စုပေါင်းဖြစ်ပေါ်နေတဲ့ ဒီအရပ်မှာ ဘုရားကျောင်းဆောင်တွေ တည်ထားပါတယ်။ Hoa Hai အရပ်မှာ ရှိတဲ့ ဒီနေရာကို လာရင် တချို့က လှေကားနဲ့ တောင်ပေါ်တက်ကြတယ်။ ကျွန်တော်တို့ကတော့ အတက်ကို ဓါတ်လှေကားနဲ့ တက်ပြီး အဆင်းကိုမှ လှေကားနဲ့ ဆင်းကြပါတယ်။ ပထမတုန်းက အတော် မြင့်မယ် မှတ်လို့ပါ။ အောက်က ကြည့်ရင် မတ်စောက်တယ်လို့ထင်ရပေမဲ့ သူတို့ လှေကား တည်ဆောက်ထားပုံက အဆင်ပြေတော့ တက်ရတာ သိပ်မပင်ပန်းလှပါဘူး။ အပေါ်မှာတော့ တရုတ်ဘုံကျောင်းပုံစံ ကျောင်းဆောင်တွေရှိသလို၊ ဗုဒ္ဓရုပ်ပွားတော်တွေ၊ ကွမ်ရင်မယ်တော်ရုပ်တုတွေ ရှိပါတယ်။ ထူးခြားတဲ့ လိုဏ်ဂူတွေလည်း တွေ့ရပါမယ်။ ဒီတောင်ကို မတက်ခင် ဒါမှမဟုတ် တက်ပြီးရင် Tour ခရီးစဉ်နဲ့ သွားလာသူတွေကိုတော့ ဒေသခံလမ်းညွှန်တွေက စကျင်ကျောက်နဲ့ ရုပ်တုထုတဲ့လုပ်ငန်းတွေဆီ ခေါ်ဆောင်သွားပြီး ဈေးရောင်းကြလေ့ ရှိတတ်ပါတယ်။

ဝင်ကြေး - VND 15,000

ဓါတ်လှေကား အသုံးပြုခ - VND 30,000

ဖွင့်ချိန် - မနက် ရး၀၀ မှ ညနေ ၅း၀၀ ထိ


(၂) My Son Sanctuary

အေဒီ ၄ ရာစု နဲ့ ၁၃ ရာစုကြားက ထူးခြားတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ အဆောက်အဦးတွေကို မြင်တွေ့ရမဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာဟာ ဟိန္ဒူ ဘုရားကျောင်းဆောင်တွေ တည်ရှိရာဖြစ်ပြီး ကျွန်တော်တို့ဆီက ပုဂံ ဘုရားပုထိုးတွေနဲ့ အတော်လေး ဆင်တူပါတယ်။ သူတို့ဆီမှာတော့ ပုဂံလောက် မကျယ်ပြန့် ဘုရားပုထိုး မများပေမဲ့ ဒီနေရာလေးဟာ UNESCO ရဲ့ World Heritage Site အဖြစ် အသိအမှတ်ပြုခံရပြီး ဖြစ်ပါတယ်။ ဒီကို ရောက်ရင် သူတို့ရဲ့ ရိုးရာ အက တွေကိုလည်း ခံစားနိုင်ပါသေးတယ်။ ဝင်ကြေးကတော့ VND 150,000 ဖြစ်ပါတယ်။


(၃) Son Tra (Monkey) Mountain

ဒီနေရာလေးက Son Tra ကျွန်းဆွယ်မှာ တည်ရှိနေတဲ့ သဘာဝဥယျာဉ်ကြီးပါ။ တောင်လေးပေါ်ကို ကားလေးနဲ့ ကွေ့ဝိုက် တက်ရပါတယ်။ တောင်တက်လမ်းလေးပေါ်ကတင် မြင်ရတဲ့ ပင်လယ်ကြီးနဲ့ ဒါနန်းမြို့ရဲ့ ရှုခင်းလေးတွေက ရင်သပ်ရှုမောဖွယ်ပါ။ လမ်းအကွေ့မှာ ပေါ်လာတဲ့မြင်ကွင်းက “ဟာ… လှလိုက်တာ” ဆိုတာချည်းပဲ အာမေဋိတ် ထွက်လာစေတယ်။ လမ်းမှာ မျောက်လေးတွေကိုလည်း တွေ့ရတတ်တယ်။ တခြား တိရစ္ဆာန်လေးတွေလည်း မြင်ရပါသေးတယ်။ တောင်ထိပ်ရောက်တော့ ကွမ်ရင်မယ်တော် ရုပ်တုကြီး ကို အံ့မခန်းတွေ့ရပါတယ်။ ဒီရုပ်တုကြီးကို မြို့ရဲ့ နေရာအနှံ့ကနေ မြင်တွေ့နေရတယ်ဆိုတော့ အနီးကပ်ဆို ဘယ်လောက် ကြီးမလဲ မှန်းကြည့်နိုင်တယ်။ ဒီရုပ်တုကြီးကို ၁၈ ရာစုတုန်းက တည်ဆောက်ထားတာပါတဲ့။ အရှည်အားဖြင့် ၆၇ မီတာ ရှည်လျားတယ်လို့ သိရပါတယ်။ တစ်ဘက်မှာတော့ နာမည်ကျော် မုခ်ဦးကြီးတစ်ခု ရှိပါတယ်။ ဒီကို လာရောက်ကြသူတိုင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးကြတဲ့နေရာတစ်ခုပါ။ ဒီမှာတော့ ဝင်ကြေး ပေးစရာ မလိုပါဘူး။ မလိုဘူးဆိုတဲ့အတိုင်း ဧည့်သည်တွေကတော့ ၁၂ ရာသီပြည့်ကျပ်နေတော့တာပါပဲဗျာ။ မနည်းရှောင်ပြီး ဓါတ်ပုံ ရိုက်ကြရပါတယ်။


(၄) Dragon Bridge

နဂါးပုံစံ တံတား ဟာ ဒါနန်းမြို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ဒီတံတားကို နေ့ဘက်ထက် ညဘက်မှာ မြင်ရတာက ပိုပြီး သဘောကျစေပါတယ်။ မီးရောင်လှလှတွေ ဆင်ထားတာဖြစ်လို့ မျက်စိပဿဒ ဖြစ်စေလို့ပါ။ ၆၆၆ မီတာ ရှည်လျားပြီး ဟန်မြစ်ကို ဖြတ်သန်းဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရုံးပိတ်ရက်ညဘက် ၉ နာရီဆိုရင် LED မီးရောင်စုံ နဲ့ ရေပန်းလေးတွေ ဖြာထွက် ကစားပေးတာမို့ ခရီးသွားနဲ့ ဒေသခံတွေ စိတ်အပန်းပြေ လာရောက်လေ့လာကြည့်ရှုကြတဲ့နေရာလည်း ဖြစ်ပါတယ်။


(၅) Cham Museum

ဒီပြတိုက်ဟာ အပေါ်မှာ ပြောခဲ့တဲ့ နဂါးတံတားရဲ့ မျက်နှာချင်းဆိုင် မနီးမဝေးအရပ်မှာ တည်ရှိပါတယ်။ ရှေးခေတ်က စိတ်ဝင်စားစရာ အမွေအနှစ်လေးတွေကို စနစ်တကျ စုဆောင်း ခင်းကျင်း ပြသထားပါတယ်။ ဒီထဲမှာ ရှိနေတဲ့ အနုသုခုမလက်ရာတွေ ကျောက်ရုပ်တုတွေဟာ လွန်ခဲ့တဲ့ ၇ ရာစု ကနေ ၁၅ ရာစုကြားက ဖြစ်လို့ တကယ်ကို ထိန်းသိမ်းထားသင့်တဲ့အရာတွေလို့ ဆိုရပါမယ်။ ဒီလိုပစ္စည်းတွေအပြင် ဗီယက်နမ်တွေရဲ့ ရိုးရာဝတ်စုံတွေ၊ နေထိုင်မှုပုံစံနဲ့ သက်မွေးဝမ်းကျောင်းမှုပုံစံတွေ၊ တေးဂီတနဲ့ တူရိယာပစ္စည်းတွေ စတာတွေကိုလည်း လေ့လာသွားနိုင်ဖို့ ထည့်သွင်း ပြသထားပါသေးတယ်။

ဝင်ကြေး - လူကြီး VND 40,000၊ ကျောင်းသား VND 5,000

ဖွင့်ချိန် - နေ့စဉ် မနက် ရး၀၀ မှ ညနေ ၅း၃၀ ထိ


(၆) Da Nang Cathedral

ဒါနန်းမြို့ က ရှေးခေတ် ကက်သလစ်ဘုရားကျောင်းကြီးပါ။ ပန်းရောင်အသွေးနဲ့မို့ တမူကွဲပြားနေပါတယ်။ ဒီဘုရားကျောင်းကြီးကို ၁၉၂၃ ခုနှစ်မှာ ပြင်သစ်တွေ တည်ဆောက်ခဲ့တာ ဖြစ်ပြီး Con Ga Church (Rooster Church) ဆိုပြီးလည်း နာမည်တွင်ခဲ့ပါတယ်။ Tran Phu လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး နဂါးတံတား ကနေ ၁၅ မိနစ်လောက် လမ်းလေ ျှာက်ရင် ရောက်ပါမယ်။ ဝင်ကြေးပေးဆောင်စရာ မလိုပါဘူး။ ဘုရားကျောင်း အပေါ်ဆုံးအဆင့်ကနေ ကြည့်ရင် မြို့ပြရှုခင်းနဲ့ ဟန်မြစ်အလှတွေကို ခံစားနိုင်ပါတယ်။ တနင်္ဂနွေနေ့မှ အပ ကျန်ရက်တွေမှာ မနက် ၅း၀၀ ကနေ ညနေ ၅း၃၀ အတွင်း ဝင်ရောက်လေ့လာနိုင်ပါတယ်။


(၇) My Khe Beach

ဒါနန်မြို့ကို ခရီးသွားတွေကြိုက်ကြတဲ့အထဲမှာ သဲဖြူဖြူနဲ့ ကမ်းခြေတွေရှိလို့လည်း ပါပါတယ်။ My Khe ကမ်းခြေဟာ သဲဖြူလေးတွေနဲ့ ရေကူးလို့ကောင်းတဲ့ကမ်းခြေ ဖြစ်ပါတယ်။ ဒီနီးနားဝန်းကျင်မှာ ကမ်းခြေဟိုတယ်အကောင်းစားတွေနဲ့ ပင်လယ်စာ စားသောက်ဆိုင်တွေ အများအပြားရှိပါတယ်။ ရေကူးတာအပြင် ပင်လယ်ရေနဲ့ ဆော့ကစားရတဲ့ Snorkeling, Jet-skiing, Surfing, Fishing နဲ့ Sunbathing တွေ လုပ်ဆောင်နိုင်ပါသေးတယ်။


(၈) Hoi An Ancient Town

ဒီအဝါရောင်မြို့လေး ကို Old Town လို့ တချို့က ခေါ်ကြတယ်။ ဒီမြို့လေးကို သီးသန့် ဇုန်လေးတစ်ခုအဖြစ် ဖွဲ့စည်းထားပြီး လူဦးရေ တစ်သိန်းနှစ်သောင်းခန့် နေထိုင်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ UNESCO ရဲ့ World Heritage Site အဖြစ် အသိအမှတ်ပြု ခံလိုက်ရပါတယ်။ ချစ်စရာ အဝါရောင်မြို့ဟောင်းလေးမှာ သက်တမ်းကြာရှည်ပြီဖြစ်တဲ့ အဆောက်အဦးနဲ့ လမ်းကျဉ်းလေးတွေ ရှိနေတယ်။ ကော်ဖီဆိုင်နဲ့ ဘားတွေရှိတယ်။ ဈေးဆိုင်လေးတွေရှိနေတယ်။ ဆိပ်ကမ်းလေးလည်း ရှိနေပြီး လှေကလေးစီးလို့ ရိုးရာ ကြာမီးခွက် မျောနိုင်သေးတယ်။ ဆိုက်ကားလေးစီးပြီးလည်း မြို့ဟောင်းလေးကို တစ်ပတ် ပတ်ကြည့်လို့ရတယ်။ ဂျပန်တံတားဟောင်းလေးပေါ် ဖြတ်လေ ျှာက်နိုင်သလို နှစ်သက်တမ်းကြာပြီဖြစ်တဲ့ ဘုရားကျောင်းဆောင်တွေကို လေ့လာနိုင်တယ်။ လက်မှုအနုပညာတွေကိုလည်း လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီမြို့ဟောင်းလေးကို ကားနဲ့ လည်ပတ်ခွင့်တော့ မရှိဘဲ၊ လမ်းလေ ျှာက်၊ စက်ဘီးစီး တာမျိုးပဲ လုပ်ဆောင်ခွင့်ပြုထားပါတယ်။ မြို့လေးထဲက အဆောက်အဦးတွေဟာ တရုတ်ဟန်၊ ပြင်သစ်ဟန်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ဝင်ကြေးကတော့ နိုင်ငံခြားသားဆို VND 120,000 ပေးရပါတယ်။ ဒီအရပ်ကို လာရင် သတိပြုရမှာက ခါးပိုက်နှိုက်သတိပြုရပါမယ်။ လူအရမ်းရှုပ်လို့ပါ။ ပြီးတော့ ဈေးကို ကြိုတင်မေးမြန်းပြီးမှ လှေစီး၊ ဆိုက်ကားစီး လုပ်သင့်ပါတယ်။ အထမ်းသည်တွေက အတင်းရောပြီး သူတို့ရဲ့ ခမောက်နဲ့ အထမ်းတွေကို အတင်းပေးလို့ဓါတ်ပုံရိုက်ခိုင်းရင် မလုပ်မိပါစေနဲ့။ ပြီးရင် သူတို့ ပိုက်ဆံ မတန်တဆ တောင်းတတ်လို့ပါ။ အားမနာပါနဲ့။ ပြတ်ပြတ်သားသား ငြင်းပါ။ ပစ္စည်းဝယ်ဖို့ ဈေးဆစ်ပြီးရင်လည်း ဈေးဆစ်ထားတဲ့အတိုင်း ဆိုင်ရှင်က ပေးလာခဲ့ရင် မဝယ်ဘဲမနေပါနဲ့။ သူတို့ အရမ်းစိတ်ဆိုးကြပါတယ် အဲ့လိုအခါမျိုးဆိုရင်။


(၉) Ba Na Hills

တောင်ပေါ်အပန်းဖြေစခန်း လည်းဖြစ် အခုဆို ဟိုတယ်လည်း ဖြစ်တဲ့ ဒီနေရာကို အလည်လာကြတဲ့ ခရီးသွားတိုင်းဟာ အေးမြတဲ့ရာသီဥတုကို ခံစားရင် ဒီအရပ်က လက်ရာမြောက် လက်ကြီးတွေ ပင့်ထားတဲ့တံတားပေါ် ဖြတ်လေ ျှာက်ကြ၊ ပန်းခင်းကြီးတွေ၊ ပြင်သစ်ပုံစံ ရုပ်တုကြီးတွေနဲ့ ဓါတ်ပုံရိုက်ကြ၊ သဲထိတ်ရင်ဖို ရိုလာကိုစတာ စီးကြ၊ တခြားဂိမ်းကစားနည်းအမျိုးမျိုးကို အဆောက်အဦးကြီးထဲ လှည့်ပတ်ကစားကြနဲ့ အရမ်းပျော်ကြပါတယ်။ ပြဇာတ်အစီအစဉ်တွေနဲ့ ကလေးတွေအကြိုက် ဖျော်ဖြေရေးအစုံက ပျော်စရာအတိပါ။ ပြင်သစ်ခေတ်က အဆောက်အဦးတွေရဲ့ ပုံစံနဲ့ ဘုရားကျောင်း အပါအဝင် အဆောက်အဦးတချို့ကို ဖန်တီးထားတာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော် သဘောအကျဆုံးက လက်ကြီးတွေပင့်ထားတဲ့ ရွှေတံတားကြီးပါ။ Golden Bridge လို့ ခေါ်ပါတယ်။ ဓါတ်ပုံရိုက်ဖို့ သိပ်ကောင်းတယ်။ ခက်တာက ဒီတောင်ပေါ် ရာသီဥတုက နည်းနည်းကြမ်းတယ်။ ခုနေ မိုးရွာလိုက်၊ မြူဆိုင်းလိုက်၊ နေပူလိုက် က အချိန်တိုလေးအတွင်း ဖြစ်ပျက်နေတာမို့ ဓါတ်ပုံရိုက်ဖို့ အချိန်အတော်စောင့် အတော်ပေးရတယ်။ ဒီတောင်ပေါ် ရောက်ဖို့ကို Cable Car စီးရတာလည်း အသဲတဖိုဖိုပေါ့။ အတော်မြင့်ပါတယ်။ စီးရချိန်ကလည်း တစ်နာရီ ဝန်းကျင်လောက်မို့ တမေ့တမော လို့ ပြောနိုင်တယ်။ ဒီ Ba Na Hills မှာ Sun World အပန်းဖြေဥယျာဉ်ကို ဖန်တီးထားတာဟာ ဧည့်သည်တွေကို ပိုလာချင်အောင် ဆွဲဆောင်မှုပေးတာ တစ်မျိုးလို့ပဲ ဆိုရပါမယ်။ ဝင်ကြေး သီးသန့် မဟုတ်ပေမဲ့ ဝန်ဆောင်မှုအကုန် ပါဝင်တဲ့ အခကြေးအဖြစ် (ဆိုလိုတာက တောင်တက် ကေဘယ်လ်ကားခတွေပါ အပါအဝင်) VND 650,000 – 700,000 ဝန်းကျင်လောက် ပေးရတတ်ပါတယ်။


(၁၀) Han Market

၁၉၄၀ ခုနှစ်တွေတုန်းက ပြင်သစ်တွေ စီမံခန့်ခွဲခဲ့တဲ့ နှစ်ထပ်အဆောက်အအုံဈေးကြီး ဖြစ်ပါတယ်။ ဆိုင်လေးတွေက ပြွတ်သိပ်နေရောပဲ။ ဒေသထွက် ပစ္စည်းတွေ၊ အစားအသောက်၊ လက်မှုပစ္စည်း၊ အဝတ်အထည်၊ အသုံးအဆောင်တွေကို ဒီမှာ လာဝယ်ကြတယ်။ နာမည်ကြီးတံဆိပ်အတုမျိုးစုံ အသုံးအဆောင်တွေကို ဒီမှာ ဝယ်နိုင်တယ်။ ဈေးကတော့ ဆစ်မှ အဆင်ပြေပါမယ်။ ဆစ်ပြီးရင်လည်း ကိုယ်ဆစ်တဲ့ဈေးကို ပေးလာရင် ဝယ်ရပါတယ်။ တချို့ပစ္စည်းတွေတော့ အတော်ဈေးကြီးပါတယ်။ တချို့ဆိုင်တွေကတော့ သဘောကောင်းပြီး သူတို့စိတ်ပါရင် ပါသလို ဈေးချိုချိုပေးတတ်တယ်။ ကံပေါ့လေ။ ဒီဈေး က မနက် ၆ နာရီကနေ ည ၇ နာရီထိ ဖွင့်ထားတတ်ပါတယ်။ ဈေးအတွင်းမှာအပြင် အပြင်ဘက်တန်းတွေမှာလည်း ဆိုင်တွေ ပေါများလို့ဈေးဝယ်လို့ ပျော်စရာကောင်းတဲ့နေရာတစ်ခုလို့ ဆိုချင်ပါတယ်။


ဒါနန်းမြို့ဆီ ပျံသန်းမည်

ဗီယက်နမ်နိုင်ငံ သွားတယ်ဆိုမှတော့ Vietnam Airlines လေးနဲ့မှလည်း ဗီယက်နမ်ရဲ့ အငွေ့အသက်ကို ပိုခံစားရတော့မှာပေါ့။ ဒါနဲ့ပဲ ကျွန်တော်လည်း Vietnam Airlines နဲ့ပဲ ဒီတစ်ခါ ခရီးစဉ်ကို သွားခဲ့တယ်။ အသွားတုန်းက ဟိုချီမင်း ကနေ တဆင့်ခံ သွားခဲ့ပြီး၊ အပြန်ကျတော့ ဟနွိုင်း ကနေ တဆင့်ခံ သွားခဲ့ပါတယ်။ လေယာဉ်တော့ နှစ်ဆင့် စီးဖို့ လိုအပ်ပါတယ်။ လေယာဉ်ချိန် စုစုပေါင်းဟာ ၅ နာရီခွဲ ကြာမြင့်ပါမယ်။ ဈေးနှုန်းအားဖြင့်တော့ အသွားအပြန် လေးကြောင်း စာကို ဒေါ်လာ ၂၅၀ ဝန်းကျင် ကျသင့်ပါတယ်။ ဘတ်ဂျက်အဲလိုင်းတွေထက် စာရင် များနေသလို ဖြစ်ပေမဲ့ Vietnam Airlines ကိုမှ ရွေးစီးဖြစ်တဲ့အကြောင်းအရင်းတွေက -

  • Trip Advisor ရဲ့ ၂၀၁၈ ခုနှစ်အတွက် အာရှထိပ်ဆုံးစာရင်းဝင် လေကြောင်းလိုင်း တစ်ခု ဖြစ်နေလို့၊

  • ကမ္ဘာ့ခရီးသွားဆု “World’s Leading Cultural Airline” နဲ့ “World’s Leading Airline-Premium Economy Class” ဆုတွေ ရထားတဲ့အတွက် ယုံကြည်စိတ်ချရလို့၊

  • ကြယ်လေးပွင့်အဆင့်ဝန်ဆောင်မှုတွေပေးလို့၊

  • ဈေးနှုန်းလည်း သင့်တင့်လို့၊


ဒါနန်းမှာ တည်းခိုဖို့

ရွေးစရာများတယ်။ ကမ်းခြေဟိုတယ်လား၊ ဈေးချိုတာလား၊ ဇိမ်ခံဟိုတယ်ကြီးလား ကြိုက်ရာရွေးနေလို့ရတယ်။ ကျွန်တော် ဒီတစ်ခါ နေခဲ့တဲ့ ဟိုတယ်အသစ်ကိုတော့ အတော် သဘောကျမိတယ်။ ကိုယ့်အခန်းကနေ မြင်ရတဲ့ ပင်လယ်မြင်ကွင်းကြီးကို မေ့မရ။ တစ်ခန်းလုံး ရွှေတွေနဲ့ချည်း လုပ်ထားသလိုပဲ၊ အထူးသဖြင့် လက်ဆေးဇလုံပေါ့။ ရွှေဇလုံကြီးလို ဖြစ်ပြီး သဘောတွေကျနေတာ။ Danang Golden Bay Hotel တဲ့။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၈၀ ဝန်းကျင် ရှိတယ်။ မနက်စာ ဘူဖေး က လုံးဝ International Buffet မို့ စိတ်ကြိုက်အဝစား အားရစရာပဲ။ ရွေးစရာလည်း ပေါတယ်။ အကြိုက်ဆုံးက ခေါင်မိုးထပ်က Infinity Pool နဲ့ Bar တွေပဲ။ သုံးထားတဲ့ ပစ္စည်းတွေက အတော်လေး ကောင်းတယ်။ ခေါင်းအုံး မွေ့ရာ အိပ်လို့ အတော်အဆင်ပြေတာပါ။ နောက်တစ်ခါ ထပ်သွားဖြစ်ရင်လည်း အဲ့ဒီနေရာကိုပဲ ထပ်ရွေးဖြစ်မယ် ထင်ပါရဲ့။ ပိုက်ဆံလေးများ ပေါရင်ပေါ့လေ။


ဗီယက်နမ် အလယ်ပိုင်းက ဒါနန်မြို့လေးဟာ တောင်ပေါ်နဲ့ပင်လယ် ပေါင်းစပ်ထားတဲ့ ခံစားမှုမျိုးကို ပေးတဲ့ ဒေသလေးဖြစ်တာရော၊ ခေတ်မီသလို ယဉ်ကျေးဖောရွေတဲ့ မြို့လေး ဖြစ်တာရောကြောင့် သဘောကျမိတဲ့ ဗီယက်နမ်နိုင်ငံက မြို့လေးတစ်မြို့လို့ ဆိုချင်ပါတယ်။ သေချာပါတယ်။ နောက်တစ်ခါ ဗီယက်နမ်အလည်လာပါဦးဆိုလည်း ကျွန်တော် ရွေးချယ်မိမှာက ဒီ ဒါနန်းမြို့လေးကိုပါပဲလေ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Commenti


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page