top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ထားဝယ်ဆိုတာ လူငယ်တွေအတွက်ပါ

Writer's picture: Thiha Lu LinThiha Lu Lin

ဘာတဲ့။ အရင်ကဆို ထားဝယ်ဆိုတာနဲ့ မျက်လုံးထဲမြင်မိတာက ရှင်ကိုးရှင် ဘုရားဖူးခရီးစဉ်ဆိုပြီး သတင်းစာတွေက ကြော်ငြာအပိုင်းအစလေးတွေချည်းပဲ။ အဲ့ဒီတုန်းက ကျွန်တော်ကိုယ်တိုင်လည်း ထားဝယ်ဆိုရင် လည်စရာက ဘုရားတွေပဲ ရှိမယ် ထင်ခဲ့ဖူးတယ်။ ကမ်းခြေဆိုတာကလည်း မောင်းမကန်လောက်ပဲ ရှိတာ ထင်ခဲ့ဖူးတာကိုး။ ၂၀၁၈ ခုနှစ် အစောပိုင်း ဖေဖော်ဝါရီလောက် ထားဝယ်ကို ရောက်သွားတဲ့အချိန်မှ အထင်နဲ့အမြင် သေချာလွဲနေမှန်း သိလိုက်ရတယ်။ ထားဝယ်ဆိုတာ လူငယ်တွေနဲ့ ဒီလို ကိုက်ညီတဲ့ သဘာဝဆန်ဆန် အလှတွေ အပြည့်ရှိတဲ့နေရာမှန်း သိလိုက်ရတယ်။


ဘာလို့ လူငယ်ဆန်တဲ့ ထားဝယ်လို့ ဆိုတာလဲ

ဟုတ်တယ်။ လူငယ်ဆန်တယ်။ အရင်ခေတ်တုန်း နှစ်တွေတုန်းကထက် ဒီနှစ်ပိုင်း ဒီခေတ်ပိုင်း လူငယ်တွေဟာ သဘာဝကို ပိုချစ်ပြီး သဘာဝနဲ့ ပိုနေလာကြတယ်။ အမြင်ကျယ်လာကြတဲ့ သဘောပေါ့။ ထားဝယ်မှာ လူငယ်တွေ လုပ်စရာ အတော်များများရှိနေတယ်။

  • သဘာဝဆန်ဆန် ကမ်းခြေမှာ Camping လုပ်မယ်

  • ရေအောက်ငုပ်ပြီး ပင်လယ်ရေသတ္တဝါတွေနဲ့ သန္တာကျောက်ဆောင်ကျောက်ခက်တွေ ကြည့်မယ်

  • တောင်တက်မယ် ကျောက်ဆောင်တွေ တက်မယ်

  • ကယက်လှေလှော်မယ်

  • လှေစီးမယ်

  • ကျွန်းတွေလည်မယ်

  • ကမ်းခြေတွေ တစ်ခုပြီးတစ်ခု လည်မယ်

  • သစ်တောတွင်း ချောင်းလေးနံဘေးမှာ Camping လုပ်မယ်

  • သဘာဝ ရေပူကန်တွေ ရှာဖွေပြီး ရေစိမ်ရေချိုးမယ်

  • ကမ်းခြေမှာ လူငယ်ဆန်ဆန် ဘားလှလှလေးတွေ ထိုင်မယ်

  • ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေ စားမယ်

ဒီလို လူငယ်ပီပီ ငယ်ရွယ်ကျန်းမာသန်စွမ်းချိန် လုပ်ဆောင်နိုင်တဲ့ အချက်အလက်တွေ အကုန်ပြည့်စုံနေတော့ လူငယ်တွေမှ ထားဝယ် မလာရင် လူငယ်တစ်ယောက်ရဲ့ စစ်မှန်တဲ့ ဘဝကို မခံစားဖူးသူလို့ ဆိုရမယ်။


ထားဝယ်မှာ လူငယ်အကြိုက် Beach Hopping

တီဇစ်ကမ်းခြေ

Beach Hopping ဆိုတဲ့ စကားကို မြန်မာလူငယ်အတော်များများက ရင်းနှီးမှာမဟုတ်ပေမဲ့ ခရီးသွားခြင်းကို စွဲလန်းကြသူတွေ၊ နိုင်ငံတကာခြေဆန့်နေသူတွေကတော့ သိကြပါတယ်။ လူငယ်ပီပီ လွတ်လွတ်လပ်လပ် ကမ်းခြေ တစ်ခုပြီး တစ်ခု ခြေဆန့်တာမျိုးပါ။ ထားဝယ်ဟာ ကမ်းခြေတွေ တစ်ခုနဲ့ တစ်ခု သိပ်မဝေးဘဲ သွားလာနိုင်တဲ့ အကွာအဝေးတွေမှာ တည်ရှိနေပြီး သဘာဝဆန်ဆန် အရိုင်းဆန်ဆန် ကမ်းခြေတွေ အများအပြားရှိနေတာမို့ ပင်လယ်ချစ်သူ ခရီးသွားတွေအတွက် အရမ်းလည်ချင်စရာပါ။ ထားဝယ်ကနေ သိပ်မဝေးတဲ့ လောင်းလုံဘက်ကို ကား၊ ဆိုင်ကယ်လေးနဲ့ ခရီးဆန့်ပြီး လောင်းလုံဘက်က ကမ်းခြေတွေအများကြီး ကို သွားလည် သွားအပန်းဖြေ နိုင်ပါတယ်။ လည်လို့ ကောင်းတဲ့ ကမ်းခြေတွေကတော့ -

  • မောင်းမကန်ကမ်းခြေ (လူစည်ကားရှုပ်ထွေး၊ စားသောက်ဆိုင်များပြား၊ ရေနောက်တတ်)

  • ဘိုးဘိုးကျောက် ကမ်းခြေ (လူစည်ကား၊ စားသောက်ဆိုင်အသင့်အတင့်၊ ရေကြည်ပြီး သဲသောင်ကျယ်)

  • ဆင်းထောက်ကမ်းခြေ (ဒီရေတောဖြတ်ပြီး သွားလာရ၊ လမ်းလျှောက်လှေစီး သွားလာရ)

  • သယောင်ကမ်းခြေ

  • တီဇစ်ကမ်းခြေ

  • ပညစ်ကမ်းခြေ

  • ရှင်မှော်ကမ်းခြေ

  • မြင်းခွာအော်ကမ်းခြေ

စတဲ့ ကမ်းခြေတွေ သွားလာနိုင်ပါတယ်။ ဒီကမ်းခြေတွေအပြင် တခြားအရိုင်းကမ်းခြေတွေ လူသိပ်မသိသေးတဲ့ ကမ်းခြေတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါကြောင့် လူငယ် ဆန်တဲ့ ထားဝယ်မှာ စွန့်စားသွားလာရင်း ဘဝအဓိပ္ပါယ်ကို ရှာဖွေနိုင်ပါတယ်။


ဒီကမ်းခြေတွေထဲက ကမ်းခြေတချို့မှာတော့ သက်ဆိုင်ရာ Resort လေးတွေ ရှိတတ်သလို၊ တချို့မှာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် Tent ထိုး နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ချက်ပြုတ်စားသောက်တာ၊ မီးလှုံတာတွေကြောင့် ဘေးမဖြစ်ရလေအောင်၊ ကိုယ့်အမှိုက်ကြောင့် သဘာဝပျက်စီးတာတွေ မဖြစ်ရလေအောင်တော့ သတိပြုသင့်ပြီး ဒီလိုမစီစဉ်တတ် စီစဉ်တတ်နဲ့ စမ်းတဝါးဝါး စီစဉ်တာထက် ဒေသခံလမ်းညွှန်တွေ ဒေသခံ Tour Service တွေနဲ့ ချိတ်ဆက်စီစဉ်ခိုင်းတာ ပိုသင့်လျော်ပါတယ်။


ထားဝယ် နဲ့ ခွဲမရတဲ့ ရှင်ကိုးရှင်

“ဈေးသုံးလည်း မလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့” ဆိုတဲ့စကားအတိုင်း ရှေးအစဉ်အဆက်က ဘုရားဖူးခရီးစဉ်အဖြစ် နာမည်ကျော်ခဲ့တဲ့ ရှင် ကိုးရှင် ဘုရားတွေကိုလည်း အချိန်ရရင် လေ့လာ ဖူးမြော်သင့်တာပေါ့။ ဒါမှလည်း ဒေသတစ်ခုရဲ့ သမိုင်းနဲ့ ကိုးကွယ်ယုံကြည်မှု၊ ရှေးဟောင်းအဆောက်အဦးနဲ့ အစဉ်အလာတွေကို နားလည်သိရှိ ဗဟုသုတယူနိုင်မှာလေ။ ဆိုတော့ ထားဝယ်ရောက်ပြီး ထားဝယ်ရဲ့ အထင်ကရ ရှင်ကိုးရှင် ဘုရားတွေ မဖူးပြန်ရင်လည်း မဟုတ်ပြန်ဘူး။

ထားဝယ် ရှင်ကိုးရှင် ကတော့ -

  • ရှင်ဆံတော်စေတီ (ကလိန်အောင်မြို့အနောက်၊ တော်ပေါ်တွင်တည်ထား)

  • ရှင်ဓါတ်ဝဲစေတီ (မောင်မယ်ရှောင်ရွာ၊ တောတွင်တည်ထား)

  • ရှင်ဥသြစေတီ (ပိန္နဲတောရပ်ကွက်၊ ထားဝယ်မြို့တွင်တည်ထား)

  • ရှင်ပင်ခရုစေတီ (ကရပ်ပြင်ရပ်ကွက်၊ ထားဝယ်မြို့တွင်တည်ထား)

  • ရှင်မုတ္ထီးစေတီ (ရှင်မုတ္ထီးရွာ၊ မြို့အနီးတည်ထား)

  • ရှင်တောင့်ပုံစေတီ (သရက်ချောင်းမြို့ အရှေ့၊ တောင်ပေါ်တွင်တည်ထား)

  • ရှင်မော်တောင်စေတီ (လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ၊ တောင်ပေါ်တွင်တည်ထား)

  • ရှင်ဇလွန်စေတီ (မြို့ဟောင်းရွာ၊ တော်တွင်တည်ထား)

  • ရှင်တောက်ထိန်ဘုရား (လောင်းလုံမြို့နယ်၊ ကမြောကင်းရွာ၊ တောတွင်တည်ထား)

တို့ပါ။


ရှင်ကိုးရှင် ဘုရားစေတီတွေထဲမှာ ဆိုရင် အရင်ကတော့ ရုပ်ပွားတော် က ၂ ဆူ နဲ့ စေတီ က ၇ ဆူ ရှိရာကနေ ခုတော့ ရုပ်ပွားတော် ၁ ဆူ နဲ့ စေတီက ၈ ဆူ ဖြစ်သွားပါပြီ။ ရုပ်ပွားတော်တွေကို ငုံပြီး စေတီ တည်လိုက်လို့ပါ။ ရှင်ကိုးရှင် ကို နေ့ချင်းဖူးနိုင်ပေမဲ့ နှစ်ရက်ခွဲပြီး ဖူးတာ ပိုသက်တောင့်သက်သာဖြစ်သလို၊ အခြားသွားလည်ပတ်စရာလေးနဲ့ တွဲဖက်လုပ်ဆောင်ရင် ခရီးစဉ်က ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာမှာပါ။


လည်ပတ်မကုန် ထားဝယ်အစုံ

ကမ်းခြေတွေ ဘုရားတွေ သွားပြီးလို့ တောင်တက် (Hiking) လမ်းလျှောက် (Terking) လုပ်ချင်သူတွေအတွက် နေရာသစ်တွေလည်း ရှိနေသလို ဆက်ပြီး ဖော်ထုတ်နေတာတွေလည်း ရှိနေပါတယ်။


တလိုင်းယာချောင်း

ကလုံးထာရွာ အနီး က တလိုင်းယာချောင်းလေးဆီကို အလည်လာကြသူတွေနဲ့ စည်ကားလာပါပြီ။ ဒီ တလိုင်းယာချောင်းလေးဟာ ရေတံခွန်လေးတွေနဲ့ တောတောင်လေးတွေကြား သာယာတဲ့နေရာလေးပါ။ သွားတဲ့လမ်းက တောင်လေးတွေကို ပတ်သွားရတော့ ချောက်အတွင်းက ချောင်းလေးကို မြင်လိုက်တာနဲ့တင် စိတ်ထဲ အလိုလို ပျော်လာတာ။ ချောက်အတွင်းထဲမှာမို့ ခြေလျင်လမ်းလျှောက်ဆင်းရပါတယ်။ တလုံးထာရွာ က ဆရာတော် က ဦးဆောင်ပြီး ဒီဘက်တွေလည်း ပြုပြင်ထားတယ်လို့ သိရတယ်။ လှေကားတွေလည်းရှိလို့ သက်တောင့်သက်သာ ဆင်းတက်နိုင်ပါတယ်။ အောက်ဘက်မှာ ချောင်းလေးနဲ့အတူ ယာယီနားခိုဖို့ တဲဆောင်လေးတစ်ခုလည်း ဆောက်လုပ်းပေးထားပါတယ်။ ဒီတဲမှာ ညအိပ်အနားယူတာမျိုးထိ လုပ်ဆောင်နိုင်အောင် စီမံထားပုံပါပဲ။ အိမ်သာကအစ သေချာပြင်ဆင်ပေးထားပါတယ်။ မီးသုံးတာတော့ သတိပြုကြရမှာပါ။ စာအေးဆေးရေး၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးသွားဖို့ အဆင်ပြေပါတယ်။ အမှိုက်တွေတော့ ကိုယ့်တာဝန် ကိုယ်ယူရပါမယ်။ ချောင်းလေးက အရမ်းသာယာပေမဲ့ မိုးတွင်းမှာ ရေစီးအရမ်းသန်လို့ သတိပြုရပါမယ်။ ရေစီးများချိန် ဝဲလေးတွေလည်း ရှိတတ်လို့ သတိပြုသင့်ပါတယ်။

ကလုံးထာရွာက ရေပူစမ်း

လေ့လာစရာဒေသထွက်ကုန် လုပ်ငန်းများ

ထားဝယ်မြို့တွင်းမှာပဲ နီးနီးနားနား ဒေသထွက်ပစ္စည်းလေးတွေ ပြုလုပ်ပုံကို လေ့လာနိုင်ပါတယ်။ အိုးလုပ်ပြင်ရပ် မှာ တစ်ရပ်ကွက်လုံး အိုးလုပ်ငန်းလုပ်ဆောင်နေတယ်လို့ ယူဆရလောက်အောင် အိုးလုပ်ငန်းတွေကို ရှေးရိုးနည်းတွေနဲ့ သေချာထုတ်လုပ်နေပါတယ်။ အဓိက က ဒီကလုပ်တဲ့ အိုးတွေကို ထိုင်းဘက်ကို တင်ပို့ရောင်းချတယ်လို့လည်း သိရတယ်။ သင်္ကြန်အတွက် ပို့ရမဲ့ အိုးတွေကို ခုကတည်းက ကြိုတင်ထုတ်လုပ်နေကြတာကို လေ့လာခွင့်ရခဲ့ရပါတယ်။ အိုးလုပ်ငန်းတွေမှာ အိုးကို ရွှံကနေ ပုံဖော်တာကအစ၊ ရွှံ့အုံပြီး မီးဖုတ်တာ၊ ထင်းမီးဖုတ်တာတွေကို အမျိုးမျိုးလေ့လာခဲ့ရပါတယ်။

အိုးလုပ်ငန်းလိုပဲ ငါးမုန့်လုပ်ငန်း၊ ငါးခြောက်လုပ်ငန်း စတဲ့ လုပ်ငန်းတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။


အခြားထင်ရှားတဲ့ ဘုရားစေတီများ

ထားဝယ်မှာ ရှင်ကိုးရှင်အပြင် အခြားထင်ရှားတဲ့ တန်ခိုးကြီးဘုရားတွေကိုလည်း သွားလာ လည်ပတ်နိုင်ပါသေးတယ်။ ထင်ရှားတဲ့ ဘုရားစေတီအချို့ကတော့ -

  • ရွှေတောင်းစား ဘုရား

  • ရပ်တော်မူ ဘုရား

  • လောကမာရဇိန် လျောင်းတော်မူဘုရားကြီး


နှစ်ပေါင်းရာကျော် ဘုန်းကြီးကျောင်းဆောင်၊ ယာယီစံနန်းတော်များ

ရှင်ဥသြစေတီဝန်းထဲက ဘုရင်ယာယီစံနန်းတော် ကို ဘုန်းကြီးကျောင်းအဖြစ် ပြန်လှူဒါန်းခဲ့တာ

ဒါ့အပြင် ထားဝယ်မှာ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်းဆောင်တွေ၊ ရှေးဘုရင်တွေရဲ့ ယာယီစံနန်းတော်တွေ ရှိသေးတယ်။ နှစ်ပေါင်းရာကျော် ဘုန်းကြီးကျောင်းတော်ကြီးကျောင်းတွေ ဒီထားဝယ်မှာ (၃) ကျောင်းလောက်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ တစ်ကျောင်းကို ရောက်ရှိခွင့် ရခဲ့ပါတယ်။


သမိုင်းဝင် နှစ် ရာကျော် ခေါင်းလောင်း (၃) လုံး

ရှေးနှစ်ပေါင်း ၂၀၀ ဝန်းကျင် သက်တမ်းရှိ ခေါင်းလောင်း

ရှေးဟောင်း သမိုင်းဝင် ခေါင်းလောင်းကြီး (၃) လုံးလည်း ရှိပါသေးတယ်။ ဒီခေါင်းလောင်းကြီးတွေကို ခရီးသွားတွေက သိပ်မသိလိုက်ဘဲ ပြန်သွားကြတာများပါတယ်။ ဘုရားဖူးကားတွေနဲ့ဆို တစ်ခါတလေ အမြန်ဖူးရတော့ ဒါကို တခုတ်တရ လေ့လာချိန်မရတာလည်း ပါတာပေါ့လေ။ ခုလို လူငယ်တွေ အေးအေးလူလူ သွားမယ်ဆိုရင် ဒီလို သမိုင်းဝင် ခေါင်းလောင်းတွေကို လေ့လာလိုသူလူငယ်တွေအတွက် အရမ်းအဆင်ပြေပါတယ်။ အသံထွက်က ခုခေတ် ခေါင်းလောင်းသံတွေနဲ့ အတော်ကွာတာကို ကျွန်တော် လက်တွေ့ နားဆင်ကြည့်ခဲ့ရပါတယ်။ သာယာသံ အတော်ကွာပါတယ်။ ခေါင်းလောင်း (၃) လုံး ရှိတဲ့နေရာတွေကတော့ -

  • ရှင်မုတ္ထီးဘုရားကြီးအတွင်း သိမ်ကြီးရဲ့ အရှေ့ဘက်တံံခါးအနီးက ရှေးမွန်စာများနဲ့ ခေါင်းလောင်း

  • ရှင်ဥသြဘုရားကြီးကပ်လျက် ဘုန်းကြီးကျောင်းရဲ့ ခေါင်းရင်းဘက်ခြမ်း သိမ်အဝင်ဝက ခေါင်းလောင်း

  • ကြက်မင်းစေတီ (ကြက်သံဒိုင်းစေတီ) အရှေ့ဘက် သမုဒ္ဒသိမ်တော် တစ်ထပ်တံတိုင်းအတွင်းက ခေါင်းလောင်း

ဒီခေါင်းလောင်းတွေဟာ နှစ်ပေါင်းနှစ်ရာဝန်းကျင်နဲ့ အထက် ရှိတဲ့ ခေါင်းလောင်းတွေဖြစ်ပြီး ခေါင်းလောင်းစာတွေ ပါဝင်တဲ့ ခေါင်းလောင်းတွေပါ။ သမိုင်းကို စိတ်ဝင်စားသူတွေ၊ ရှေးဟောင်းပစ္စည်းစိတ်ဝင်စားသူတွေ လေ့လာစရာကောင်းပါတယ်။


စားကောင်း သွားကောင်းတဲ့ စားသောက်ဆိုင်/ဘား များ

အသစ်တစ်ခုကို ညွှန်းပေးရရင် လူငယ်တွေ သဘောကျခေတ်စားလာတဲ့ “The Village Natural Café” ကမ်းခြေဘားလေးတစ်ခုကို စပြောပေးပါရစေ။ လောင်းလုံမြို့နယ်၊ ကျောက်မတ္တပ်ရွာ၊ ထားဝယ် - မြတ်ရှင်မော်ကားလမ်းဘေးမှာ ရှိပါတယ်။ Instagramable ဖြစ်အောင် နေရာချထားပေးလို့ အပန်းဖြေလာ ကော့တေးလ်သောက်ရင်း ဓါတ်ပုံတွေရိုက်နိုင်ပါတယ်။ သုံးထားတဲ့ အရောင်၊ စဉ်းစားထားတဲ့ အိုင်ဒီယာလေးတွေ အရမ်းမြောက်ပါတယ်။ ဆိုင်ရှင်ကလည်း လူငယ်ပီပီ ကောင်းကောင်းလုပ်ပြသွားတယ်။ သဘောကျမိပါတယ်။ ဒန်းလေးနဲ့ ဒီကမ်းခြေကို မဖြစ်မနေ သွားလည်သင့်ပါတယ်။

နောက်တစ်နေရာကတော့ “ရွေး” ဆိုတဲ့ ဆိုင်လေးပါ။ ထားဝယ် - မြတ်ရှင်မော်ကားလမ်းနဘေးမှာပဲ တည်ရှိပါတယ်။ ပင်လယ်စာတွေ ဈေးတန်တယ်။ ပုစွန်ချဉ်စပ်စားခဲ့။ အကောင်ကြီးကြီးနဲ့ စားကောင်းတယ်။


“ငွေပင်လယ်” ဆိုတဲ့ မောင်းမကန်ကမ်းခြေက ဆိုင်လည်း အရသာကောင်းတယ်။ ပြီးတော့ မောင်းမကန် ကမ်းခြေကပဲ “Love Angel” ဆိုတဲ့ ဆိုင်လည်း ပင်လယ်စာဟင်းတွေ စားကောင်းတယ်။


ထားဝယ် ညဈေး

ထားဝယ်မှာ ညဈေးထားပေးတာ ကျေးဇူးတင်တယ်။ နိုင်ငံခြားသားတွေလည်း လာလည်ကြသလို၊ စားတာ သောက်တာအတွက် အရမ်းကြီး စနစ်တကျ လှလှပပ ခင်းကျင်းတာမျိုးမရှိတာကလွဲရင် အရသာကတော့ ဆိုင်တိုင်းလိုလို ကောင်းကြပါတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် အစားအသောက်လေးတွေ နည်းနည်းစီ ကွဲပြားကြတော့ ရွေးရသူအတွက်လည်း အဆင်ပြေတယ်။ ဒီ့ထက်ပိုပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ လုပ်သင့်တယ်လို့ တိုက်တွန်းအားပေးချင်မိတယ်။ ဆိုပါတော့ ခေါင်းမိုးအဖြူလေးတွေနဲ့ ပုံစံတူလေးတွေမှာ မီးအဝါထိန်ထိန် နဲ့၊ ညဈေးကို ခရီးသွားတွေရော မြို့ခံတွေပါ အမြဲလာချင်နေအောင် လုပ်လိုက်ရင် ပိုပြီး ကောင်းသွားမယ်လို့ ယူဆမိပါတယ်။ ညဈေးမှာ ပင်လယ်စာတွေကို ဈေးအတော်သက်သက်သာသာ နဲ့ ရတယ်။ ကင်၊ ကြော်၊ ပြုတ်၊ ချက်၊ အကုန်စုံတယ်။ ကွေ့တယို (သူတို့ကတော့ ကွေးတရုတ်လို့ရေးတယ်) လည်း ကောင်းသလို၊ ကောက်ညှင်းရေခဲမုန့်လည်း စားကောင်းတယ်။ ဝါးပလုတ်ဖျော်ရည်ဆိုလည်း ရာသီအချိန်အလိုက်ရတာ သိပ်ကောင်းပဲ။ ကျွန်တော်တို့ စားခဲ့တဲ့ "လူနီ" ဆိုတဲ့ ဆိုင်လေး အတော်သဘောကျတယ်။ ဆက်ဆံရေးကအစ အရမ်းဖောရွေလို့။ ညဈေးအနီး က DDPC Shopping Mall မှာလည်း အပျင်းပြေ ဝင်လည်နိုင်သေးတယ်ဗျား။


ထားဝယ်ဈေးကြီး

ထားဝယ်မှာ မနက်ပိုင်း ဈေးကြီးသွားပြီး ငါးခြောက်တန်းဝင်လို့ ငါးခြောက် ပုစွန်ခြောက်နဲ့ အခြားဒေသထွက်ကုန်တွေ ဈေးချိုချိုနဲ့ ဝယ်ယူနိုင်ပါသေးတယ်။ အိမ်ပြန်လက်ဆောင်အနေနဲ့ပေါ့။


ထားဝယ်ရိုးရာမုန့်များ

ထားဝယ်မြို့တွင်းမှာတင် ထားဝယ်ရိုးရာမုန့်လေးတွေ ရှာဖွေစားသောက်နိုင်ပါသေးတယ်။ ကျွန်တော်တည်းခဲ့တဲ့ Diamond Crown Hotel အနီးအနားမှာလည်း ရှိတယ်။ ထားဝယ်ရောက်ရင် ကြိုးစားရှာဖွေ စားသောက်သင့်တဲ့ ထားဝယ်ရိုးရာမုန့်လေးတွေက -

  • ထားဝယ်မုန့်ဟင်းခါး / ထားဝယ်မုန့်လက်သုပ်

  • မုန့်ဖက်ကပ် (ပဲ၊ ဆွမ်းမွှေး)

  • အာပုံ

  • ထားဝယ်မုန့်ကုလားမဲ

  • မုန့်ကျေးသား

  • ကောက်ညှင်းမုန့်ခြောက်

  • မုန့်ရေလှိုင်း (မုချွတ်လိပ်)

စတဲ့ မုန့်တွေ ရှိပါတယ်။ ကျွန်တော့အသည်းစွဲကတော့ အာပုံ နဲ့ မုန့်ရေလှိုင်း(မုချွတ်လိပ်) ပါ။


ထားဝယ် ကို ဘယ်လိုသွားမလဲ

လေယာဉ်နဲ့ဆိုရင် ရန်ကုန်ကနေ ၄၅ မိနစ်လောက်ပဲ စီးရပါတယ်။ ၇ သောင်းကျပ်ဝန်းကျင် ရှိတတ်ပါတယ်။ ကားစီးမယ်ဆိုရင်လည်း လမ်းကအတော်ကောင်းလို့ အချို့လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြတယ်။ မနက်စောစော ၅ နာရီလောက်ထွက်လာရင် ထားဝယ်ကို ၃ နာရီဝန်းကျင်လောက် ရောက်ပါတယ်။ အဝေးပြေးကားဆိုရင်လည်း ခုဆို 2+1 VIP ကားတွေရှိနေပြီဖြစ်လို့ သက်တောင့်သက်သာ သွားနိုင်ပါတယ်။ ကားခက ၂ သောင်းခွဲဝန်းကျင်ပါ။ ညနေ ၅ နာရီ ရန်ကုန်ကနေထွက်ပြီး မနက် ၆ နာရီ ထားဝယ်ရောက်ပါတယ်။


ထားဝယ်မှာ တည်းစရာ

ထားဝယ်မြို့မှာ ဟိုတယ်ကြီးကြီး နည်းပါးပါတယ်။ အဲ့ဒီအထဲက ကျွန်တော်ဒီတစ်ခါ တည်းဖြစ်တာကတော့ Diamond Crown Hotel - Dawei ပါ။ ရေးလမ်းပေါ်၊ မြောက်ရွာရပ်၊ အစိုးရရုံးကြီးနားမှာ ရှိပါတယ်။ Diamond Crown Hotel က ထားဝယ်ဈေးကြီးနဲ့လည်း နီးပြီး အနီးအပါးမှာ လည်စရာ စားစရာ ဆိုင်တွေအထူးပေါများပါတယ်။ ဘုရားကျောင်းလည်း အနားမှာရှိလို့ ခရစ်ယာန်ဘာသာဝင်တွေ အတွက်လည်း အဆင်ပြေတယ်။ သဘောကျတာ မနက်စာဘူဖေး ပဲ။ အားရစရာ ခင်းထားတယ်။ ထမင်းကြော် လိုမျိုး မနက်စာကို များများစားလိုသူတွေအကြိုက် စီစဉ်ပေးထားသလို ထားဝယ်အစားအစာတွေ မြန်မာ့ရိုးရာအစားအစာတွေကို တစ်နေ့နှစ်မျိုး ခင်းကျင်းပေးတာကလည်း ထူးခြားမှုတစ်ခုပဲ။ ကျွန်တော်ဆို ထားဝယ်မုန့်ဟင်းခါး ပါတဲ့နေ့ဆို သိပ်ပျော်တာ။ ပြီးတော့ မုန့်ဆိုလည်း ထားဝယ်မုန့် တစ်မျိုးမျိုး ထည့်ပေးတတ်သေးလို့ မနက်စာနဲ့တင် ထားဝယ်အစားအစာတွေ မြည်းစမ်းနိုင်နေပြီ။ ဒါတောင် သင်္ကြန်လိုမျိုးဆို ရိုးရာမုန့်လုပ်သူတွေကို ရှေ့မှာတင်လုပ်ခိုင်းပြီး ကျွေးတာတဲ့။ အဲ့လိုများဆို ပိုသဘောကျသေး။


ရှုခင်းကောင်း၊ နေရာကောင်းမှာ ရှိသလို ကားရပ်ဖို့နေရာလည်း ရှိတယ်။

အခမ်းအနားတွေလုပ်ချင်ရင်လည်း Ballroom လည်းရှိလို့ Seminar တွေ၊ သင်တန်းတွေ လုပ်ချင်ရင်လည်း အဆင်ပြေတယ်။ အခု အခန်းခတွေကတော့ ၄၂၀၀၀ ကျပ်၊ ၅၂၅၀၀ ကျပ် ကနေ အစားစား ရှိပါတယ်။ ဈေးအမြင့်ဆုံးအခန်းကတော့ ၁၃၆၅၀၀ ကျပ် ပေးတဲ့ Royal Sweet Room ပဲ ဖြစ်ပါတယ်။ ရေကူးကန် မရှိသေးပေမဲ့ အတော်ပြည့်စုံတယ်လို့ ဆိုချင်ပါတယ်။ ဟိုတယ်မှာပဲ နေ့လည်စာ ညစာ စားလို့ရအောင်ကို အရသာကောင်းတာ သတိထားမိတယ်။


နောက်တစ်ခု သဘောကျတာက ကိုယ်လိုအပ်တဲ့ ကားငှားတာ၊ သွားလည်ချင်တဲ့နေရာ စီစဉ်ချိတ်ဆက်ပေးတာ၊ တစ်နေ့စာ Tour Plan တွေအကြံပေးတာလေးတွေကြောင့် ကျွန်တော် ဒီတစ်ခေါက် လည်ပတ်တာ အဆင်ပြေပြေ လည်ပတ်နိုင်ခဲ့တယ်။ ရှေ့က ကျွန်တော်ပြောခဲ့တဲ့ နေရာတွေသွားမယ်ဆို သိပ်ခေါင်းစားစရာမလိုဘဲ ဟိုတယ်ကို ပြောလိုက်တာနဲ့ သူတို့ စီစဉ်ပေးပါလိမ့်မယ်။

Diamond Crown Hotel Dawei ကို ဆက်သွယ်မယ်ဆိုရင် ဖုန်း 059 21117, 059 22516, 059 22517 တွေကို ဆက်သွယ်နိုင်ပါတယ်။


ထားဝယ်မှာ ခရီးစဉ်ကိစ္စအကူအညီလိုခဲ့ရင်

Diamond Crown Hotel ကနေ တဆင့် ချိတ်ဆက်တာက ကိုယ်သိပ်ခေါင်းမစားရဘူးပေါ့။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် စီစဉ်ချင်သေးတယ်ဆိုရင်လည်း ဒေသခံ ဧည့်လမ်းညွှန်တွေဖြစ်တဲ့ မဖြူ (ဖုန်း 09793388171) ဒါမှမဟုတ် နောက်တစ်ဖွဲ့ ကိုသူရိန်လင်း - Amazing Dawei Tours (ဖုန်း 09777227877) တို့ကို ဆက်သွယ်နိုင်ပါတယ်။\


ထားဝယ်သွားမယ်ဆို ကြိုပြင်ဆင်စရာ

ထားဝယ်ရဲ့အထိမ်းအမှတ်လေးတစ်ခု ထန်းပင်တန်း

ကမ်းခြေသွားမဲ့သူတွေက ကိုယ်လိုအပ်မဲ့ဆေးတချို့ဆောင်သွားဖို့လိုသလို၊ ပင်လယ်စာနဲ့ မတည့်သူတွေလည်း သတိပြုပြီး ဆေးထည့်သွားပါ။ ပိုးမွှားကိုက်ခံရနိုင်လို့ လိမ်းဆေး ဖြန်းဆေးတွေ ဆောင်ပါ။ နေလောင်ခံ Sunblock နဲ့ UV ကာကွယ်တဲ့ SPF များတဲ့ Skin Care တွေ ဆောင်သွားပါ။ ရေထဲဆင်းရင် ကိုယ့်ကိုကိုယ် သတိပြုပါ။ ကမ်းခြေစီး ဖိနပ်တွေစီးပါ။ တောင်တက် လမ်းကြမ်းသွားမဲ့သူတွေလည်း ဖိနပ်ကောင်းကောင်း ယူခဲ့ပါ။ ကျွန်တော်ကတော့ Corcs ကထုတ်တဲ့ Clog ဖိနပ် (ဖားဖိနပ်) တွေကြောင့် ကျောက်တောင်တက်တာရော၊ တောနင်းတာရော အပြင် ကမ်းခြေမှာ ဆော့တာ၊ ပင်လယ်ထဲဆင်းတာအထိ အဆင်ပြေတယ်။ ဖိနပ်က ပေါ့လို့ စီးထားမှန်း မသိရဘဲ အဆင်ပြေတယ်။ ခြေဆီထွက်ပေမဲ့ အနံ့ဆိုးမစွဲတာ မထွက်တာကို သဘောကျတယ်။ ပင်လယ်ထဲမှာ ရေမမြုပ်သွားလို့ ပျောက်မသွားဘူး။ ပေလာတဲ့ ရွှံ့သဲတွေကို ရေဆေးလိုက်တာနဲ့ သန့်စင်သွားတော့ လွယ်လွယ်သန့်ရှင်းရေးလုပ်နိုင်တာ သဘောကျတယ်။


ထားဝယ်မှာ ထူးခြားတာတွေ အများကြီး ကျန်သေးတယ်။ လပြည့်လကွယ်ညတွေမှာ ပင်လယ်ထဲက မီးစုန်းတောက်တာမျိုးကို မြင်ရတဲ့ကမ်းခြေတွေ ရှိသေးတယ်။ ဒါမျိုးကို သေချာစောင့်ကြည့်မှတ်တမ်းတင်နိုင်တာမို့ ကျွန်တော်က ထားဝယ်ကို အခါခါ လာချင်မိနေသေးတာ။ နောက်တစ်ခါ ထားဝယ်လာဦးမလား လို့ တစ်ယောက်ယောက်က မေးခဲ့ရင် “ဟုတ်ကဲ့ Diamond Crown မှာ အခန်းကြိုတင် Booking တင်ပေးထားပါ” လို့ မဆိုင်းမတွပြောဖြစ်မှာပါ။ ထားဝယ် ဟာ ကျွန်တော့်ရဲ့ လူငယ်ဘဝတွေကို မဆုံးတမ်း ဆက်သွားချင်အောင် တွန်းအားပေးတဲ့ နေရာတစ်ခုမို့လို့ပါဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Kyaw Lay

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page