ခုတလော မဖြစ်စဖူး အဖြစ်ထူးပြီး ကျွန်တော်တစ်ယောက် ထူးထူးခြားခြား မန္တလေးမုန့်တီ စားချင်စိတ်ပေါ်နေလို့ မနက်စာကို မန္တလေး လမ်း ၄၀၊ ၈၃ နဲ့ ၈၄ ကြားက ဒေါ်သန်းမြ မုန့်တီ သွားစားဖြစ်တယ်။ အရင်ကလည်း ကျွန်တော်တို့ Foodaholic Myanmar Page မှာ သူငယ်ချင်း ဟိန်းဇော်ညို (Admin N) ရေးတင်ဖူးခဲ့သေးတယ်။ သူနဲ့ ကျွန်တော် အမြင်တူတာရော၊ မတူတာရော ရှိတယ်ပေါ့နော်။
ဆိုင်က အမြဲလိုလို လူစည်ကားချက်ပြောရမယ်။ မနက်ပိုင်းဆို တစ်ဆိုင်လုံးကို ပြည့်ကျပ်ပြီး မှာပြီးတာတောင် နာရီဝက်လောက် စောင့်လိုက်ရတယ်။ နန်းလတ် နဲ့ နန်းကြီး မုန့်တီပွဲတွေ နဲ့ ငါးဖယ်လုံးဟင်းချို တွေမှာတာ ငါးဖယ်လုံးဟင်းချိုက သိပ်မစောင့်ရပေမယ့် မုန့်တီပွဲတွေကတော့ အတော်စောင့်လိုက်ရတယ်။ မုန့်နယ်တဲ့ အစ်မမျက်နှာကို တမျှော်မျှော်လုပ်မှ သူက လှမ်းမြင်ပြီး လာပါပြီနော်၊ နယ်နေပါပြီနော် နဲ့ လှမ်းပြောရှာတော့တယ်။
၁၅ မိနစ်ပြီးတော့ရောက်လာတဲ့ ငါးဖယ်လုံးဟင်းချိုကတော့ အချိုမှုန့်များနေတယ်လို့ထင်မိတယ်။ အဲ့ဒီကျတော့မှ မုန့်တီမှာ အချိုမှုန့် မထည့်ဖို့ မပြောလိုက်မိဘူး သတိရတယ်။ မုန့်တီ အရသာလေးကတော့ ပြောစရာမလိုပါဘူး။ လူစည်ကားထိုက်အောင် ကောင်းပါတယ်။ တစ်ခုပဲ အချိုမှုန့်မထည့်ဖို့ သတိပေးဖို့ လိုတယ်။ ဈေးတွေက မုန့်တီတစ်ပွဲကို ၂,၀၀၀ ကျပ်၊ ငါးဖယ်လုံးဟင်းချို တစ်ခွက် ၅၀၀ ကျပ် ပေးရပါတယ်။ စောင့်ရတဲ့အချိန်ကတော့ ဒီဘက်ဒေသက စတိုင်ပဲ ပြောရမလား။ အလုပ်ကို ဖြည်းဖြည်းပဲ လုပ်တော့၊ အမှားကင်းကင်းနဲ့ စားရပေမယ့် စောင့်ချိန် စိတ်မရှည်တဲ့ ရန်ကုန်သား ကျွန်တော့်အတွက်တော့ နည်းနည်း ခက်ခဲပါတယ်လေ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Comments