top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမင်လေးတွေ ဘေးမဲ့လွှတ်ထားတဲ့ နာရာမြို့လေး

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Apr 30, 2020
  • 3 min read

Updated: Sep 19, 2021


ဂျပန်နိုင်ငံ က ချစ်စရာ ကောင်းတဲ့ နာရာ (Nara) မြို့လေးကို အလည်ရောက်တော့ သိပ်ကြည်နူးစရာ မြင်ကွင်းလေးတွေ တွေ့ရတယ်။ အဲ့ဒါက တစ်မြို့လုံးမှာ သမင်လေးတွေ အများကြီး လွတ်လွတ်လပ်လပ် သွားလာနေကြတာပဲ။ သမင်ကြီးတွေ အဲ့လောက် သွားလာနေကြတာလည်း ကားတွေကလည်း သူ့လမ်းသူသွား၊ သမင်တွေကလည်း သူ့လမ်းသူသွားပဲ။ သမင်တွေက လမ်းဖြတ်ကူးမယ်ဆိုရင် ကားရှင်းတာကို ကြည့်ပြီး ကူးတတ်နေပြီ။ လမ်းလယ်မှာ ပေကပ်ကပ် ရပ်နေတာလည်း မတွေ့ရဘူး။ သမင်တွေ အဲ့လောက် မြို့ထဲ သွားလာနေတာပေမဲ့ ချေးတုံးတွေ မရှိ၊ သေးစော်မနံဘဲ သန့်ရှင်းနေတာကိုက Nara ရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ ဒီနေ့တော့ ကျွန်တော်က အဲ့ဒီ သိပ်ချစ်စရာကောင်းတဲ့ ဂျပန်ပြည်က Nara မြို့လေးကို ခေါ်သွားချင်ပါတယ်ခင်ဗျာ။


Nara မြို့အကြောင်း

လမ်းမကြီးတွေ ဘေးတင် ခုလို သမင်လေးတွေ ယဉ်ယဉ်ပါးပါးတွေ့ရတယ်

နာရာ (Nara) မြို့လေးက ဂျပန်ပြည်ရဲ့ Kansai နယ်မှာ တည်ရှိတောပါ။ Nara Prefecture ရဲ့ မြို့တော် လို့လည်း ဆိုနိုင်ပါတယ်။ ဒီမြို့လေးဟာ ကျွန်တော်တို့ဆီက ပုဂံ လို UNESCO World Heritage Site အဖြစ် အသိအမှတ်ပြုခံရပြီး Historic Monuments of Ancient Nara အနေနဲ့ ၈ နေရာ အကျုံးဝင်တယ်လို့ သိရပါတယ်။ ဘယ်နေရာတွေ ပါလဲဆိုတော့ -

(၁) Todai-ji Eastern Great Temple (သူက ၈ ရာစု၊ နာရာကြီးစိုးစဉ်ကာလ က)

(၂) Kofuku-ji (သူက ၇ ရာစု၊ အဆူကကြီးစိုးစဉ်ကာလ က)

(၃) Kasuga Grand Shrine (သူက ၈ ရာစု၊ နာရာကြီးစိုးစဉ်ကာလ က)

(၄) Gango-ji (သူက ၆ ရာစု၊ ကိုဖန်ကြီးစိုးစဉ်ကာလ က)

(၅) Yakushi-ji (သူက ၇ ရာစု၊ အဆူကကြီးစိုးစဉ်ကာလ က)

(၆) Toshodai-ji (သူက ၈ ရာစု၊ နာရာကြီးစိုးစဉ်ကာလ က)

(၇) Heijo Palace (သူက ၈ ရာစု၊ နာရာကြီးစိုးစဉ်ကာလ က)

(၈) Kansugayama Primeval Forest (သူက ၈ ရာစု၊ နာရာကြီးစိုးစဉ်ကာလ က)

စတဲ့ နေရာတွေပါ။ အများစုက ဝတ်ပြုကျောင်းတော်တွေ ဖြစ်ပြီး နန်းတော် တစ်ခု နဲ့ သစ်တောဧရိယာ တစ်ခု တို့ ပါဝင်ပါတယ်။ နာရာမှာ အချိန်ပေး လည်ပတ်ရင်လည်း ချစ်စရာ မျှတတဲ့ ရာသီဥတုလေးနဲ့အတူ လည်လို့ကောင်းတာ သတိထားမိတယ်။ ဗုဒ္ဓကျောင်းတော်ပေါင်း ၂၀ ဝန်းကျင်၊ သျှင်တိုဘုရားကျောင်း ၃ ခု၊ နန်းတော်ဟောင်း ၁ ခု၊ ပြတိုက် ၉ ခု၊ ပန်းခြံအသေး ၆ ခု အပါအဝင် သဘာဝဘေးမဲ့ပန်းခြံနဲ့ အခြားလည်ပတ်စရာ နေရာ များစွာ ရှိတဲ့အတွက် နာရာကို အချိန်ပေး လည်ပတ်သင့်တယ်လို့ ဆိုနိုင်ပါတယ်။


Nara Park

Nara ရောက်ပြီးရင်တော့ အနည်းဆုံး ဒီနေရာကို မဖြစ် ဖြစ်အောင် သွားရောက်လည်ပတ်သင့်ပါတယ်။ Nara Park ကို Nara Deer Park လို့လည်း ခေါ်ကြပါတယ်။ သမင်လေးတွေ ဘေးမဲ့ ပျော်ရွှင်ရာ အရပ်ဖြစ်ပြီး မြို့ထဲကနေ စလို့ သမင် အစာကျွေးလို့ ရတယ်။ ထိလို့ ကိုင်လို့ရအောင် ယဉ်ပါးကြတယ်။ ယဉ်ပါးလွန်းလို့ ကိုယ့်ကိုတောင် လာကိုက်မလား စိုးရပါသေးတယ်။ သူတို့ကြိုက်တဲ့ ခရက်ကာလေးတွေ ရောင်းတယ်။ အဲ့ ခရက်ကာ တစ်မျိုးတည်းကိုပဲ ကျွေးဖို့ အမိန့်ထုတ်ထားလို့ထင်တယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒီမုန့်တစ်မျိုးတည်းကိုပဲ ရောင်းပါတယ်။ မုန့်ဆိုင်တွေ စည်းကမ်းလိုက်နာကြသလို သမင်တွေကလည်း ဒါပဲ စားကြပါတယ်။ သမင်အစာ ရောင်းတဲ့ဆိုင်တွေကပဲ သမင်တွေရဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာကို တာဝန်ယူပေးကြတာမို့ တစ်မြို့လုံးဟာ သန့်ပြန့်နေတယ်ပဲ ဆိုပါရစေ။


နာရာပန်းခြံ ဟာ နာရာ ရဲ့ အကြီးဆုံး ပန်းခြံတစ်ခုဖြစ်ပြီး ၁၈၈၀ ခုနှစ်က ဖွဲ့စည်းခဲ့တာမို့ အတော်ကြာပြီလို့ ဆိုနိုင်ပါတယ်။ ဒီပန်းခြံထဲမှာပဲ နာရာရဲ့ အထင်ကရ လည်ပတ်စရာတွေ ဖြစ်တဲ့ Todai-ji Temple, Kasuga Taisha, Kofuku-ji နဲ့ Nara National Museum တွေ ရှိနေတာပါ။ ဒီအထဲမှာ သမင်ကောင်ရေ ၁၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သမင်တွေဟာ နတ်ဘုရားတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ သတင်းပို့သတ္တဝါလေးများအဖြစ် လက်ခံယုံကြည်ကြပါတယ်။


သမင်မုန့်ကတော့ ပန်းခြံထဲမှာ အနည်းငယ် ဈေးပိုပါတယ်။ အပြင်မှာက ဈေးနည်းနည်းသက်သာတယ်။ ပန်းခြံထဲမှာ သမင်စာကျွေးဖို့ ဝယ်တော့ တစ်ထုပ်ကို အချပ် ၇ ချပ်လောက်ပါပြီး ယန်း ၂၀၀ ပေးရပါတယ်။ အရသာ ဘယ်လိုရှိသလဲ သိချင်လို့ နည်းနည်းကောက်ဝါးကြည့်မိတာ ဖွယ်တယ်တယ်နဲ့ ဘာမှ အရသာ မရှိဘူး။ သမင်တွေကတော့ ဒါကိုပဲ အလုအယက် စားကြပါတယ်။ ပန်းခြံထဲက သမင်က အုပ်စုတောင့်ပြီး အစာအရမ်းလုတယ်။ ကိုယ့်ကို သူ့သွားနဲ့ ကိုက်ဆွဲပြီး သူ့ကို ကျွေးအောင် ခေါ်တတ်တယ်။ ရုတ်တရက်လို လန့်သွားနိုင်သလို သူတို့ ကိုက်တာကလည်း နာတယ်။ ကြာတော့ ထွက်ပါ ပြေးယူရတဲ့ အထိပါပဲ။ ဒါကြောင့် သမင်တွေကို အစာနဲ့ မစပါနဲ့။ သူတို့က ဘယ်လိုပဲ ဖြစ်ဖြစ် တောတိရစ္ဆာန်တွေ ဖြစ်လို့ အရိုင်းစိတ်လည်း တစ်ခါတစ်ခါ ဝင်နိုင်ပါတယ်။ စိတ်ရိုင်းဝင်နေချိန် လိုက်ပြီး တိုက်ခိုက်တတ်လို့ သတိပေးစာတွေလည်း ကပ်ထားလေ့ရှိပါတယ်။ အများစုကတော့ အေးဆေးပါပဲ။ ဒီပန်းခြံကို ဖြတ်ပြီး သွားရင် နာမည်ကျော် Todai-ji ဘုရားကျောင်းကို ရောက်ပါတယ်။


Todai-Ji Temple

ယူနက်စကို စာရင်းဝင် ကျောင်းကြီးလည်း ဖြစ်တဲ့ ဒီဗုဒ္ဓကျောင်းတော်ကြီးဟာ သူ့ထဲမှာ ရှိတဲ့ Daibutsu ခေါ် ကြီးမားမြင့်မားလွန်းတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့်လည်း နာမည်ကျော်တာ ဖြစ်ပါတယ်။ Daibutsu အနက်ရောင် ကိုယ်တော် ဖြစ်ပြီး ဂျပန်မှာရှိတဲ့ ရုပ်ပွားတော်ကြီး ၄ ဆူထဲက တစ်ဆူ ဖြစ်ပါတယ်။ ပြီးတော့ တန်ခိုးကြီးတဲ့ ဗုဒ္ဓဘုရားကျောင်းတော်ကြီး ၇ ကျောင်းထဲမှာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီအထဲကို ဝင်ရောက်လေ့လာရင်း ဘုရားဖူးဖို့အတွက် ဝင်ကြေးရှိပါတယ်။ တစ်ဦးကို ယန်း ၈၀၀ ပေးရပါတယ်။ ကြိုတင်လို့ Website ကနေလည်း ဝယ်ယူနိုင်သလို၊ အဲ့ဒီဂိတ်ဝမှာလည်း ဝယ်ယူလို့ရပါတယ်။ လူမမယ်ကလေးများနဲ့ မသန်စွမ်းသူတွေ ပါလာခဲ့မယ်ဆိုရင် သီးသန့်နေရာကနေ လူတိုးစရာမလိုဘဲ ဝင်ရောက်နိုင်စေပါတယ်။ ဒါလေးက ချစ်စရာကောင်းတယ်။ ကျွန်တော်တို့ လည်တဲ့အဖွဲ့ထဲ လမ်းမလျှောက်သေးတဲ့ ကလေးလေး ပါလို့ သီးသန့်လမ်းကနေ ဝင်ခွင့်ရခဲ့ပါတယ်။

အတွင်းကို အတော် ဝင်ကြရပြီး ခမ်းနားလွန်းတဲ့ ကျောင်းဆောင်ကြီးတွေကို တွေ့မြင်လေ့လာရပါတယ်။ အဲ့ဒီကနေမှ Daibutsu အမည်းရောင် အဆင်းရှိတဲ့ ကြီးမားတဲ့ ဗုဒ္̕ဓရုပ်ပွားတော်ကြီးကို ဖူးမြင်ကြပြီး သတ်မှတ်ထားတဲ့အတိုင်း ဘယ်ရစ် ဖူးကြရပါတယ်။ အတွင်းမှာ စစ်သူကြီးအရုပ်လို့ ယူဆရတဲ့ အရုပ်ကြီးတွေရဲ့ ခမ်းနားမှုတွေကို မြင်တွေ့ကြရသလို၊ ဒီ ကျောင်းဆောင်ပရဝုဏ်ရဲ့ အသေးစား ပုံတူလေးကိုလည်း မြင်တွေ့ကြရဦးမှာပါ။ အထူးခြားဆုံးက တိုင်ကြီးတစ်တိုင်ရဲ့ အောက်မှာ အပေါက်တစ်ခု ရှိပါတယ်။ အဲ့ဒီအပေါက်ကြီးက အတော်တော့ ကျဉ်းသလို ထင်ရတယ်။ ဒီဘက်ကနေ ဟိုဘက်ကို လူတွေက တန်းစီပြီး အဲ့ဒီအပေါက်ထဲကနေ ဝင်ထွက်ဖို့ ကြိုးစားနေကြတယ်။ အဲ့ဒီအပေါက်က တော်တော် ထွက်ရခက်သလို၊ အလယ်မှာ တစ်နေရင် အသက်ရှူကျပ်ချင်ချင် ဖြစ်တတ်တယ်။ ဒါကို ကြိုးစားပြီး ထွက်ရပါတယ်။ သူက ဒီလို ထွက်နိုင်ရင် နောက်ဘဝမှာ ကောင်းစားမယ်ဆိုလား အယူရှိတယ်တဲ့။ ကျွန်တော်တို့တတွေလည်း စမ်းသပ်ဝင်ကြည့်ခဲ့ပါတယ်။ မဝင်ရင်လည်း ရတယ်။ ဘေးမှာ ရပ်ကြည့်အားပေးနေတဲ့ နိုင်ငံခြားသား ခရီးသွားတွေလည်း များသား။ ကလေးတွေက ဝင်ထွက်ဖို့ လွယ်ပေမဲ့ လူကောင်နည်းနည်းကြီး၊ ပခုံးလည်း ကျယ်တဲ့ ကျွန်တော့်အတွက် တော်တော် ကြိုးစားယူလိုက်ရတယ်။ လူတိုင်း ဝင်ထွက်နိုင်ဖို့တော့ ဖြစ်နိုင်တဲ့အနေအထားပါ။

Daibutsu ရုပ်ပွားတော်ကြီးရဲ့ အမြင့်က ၄၉ ပေ ၂ လက်မ ရှိပြီး မျက်နှာတော် က ၁၇ ပေ ၆ လက်မ ရှိပါတယ်။ မျက်လုံးတော်တင် ၃ ပေ ၄ လက်မ ရှိနေပါပြီ။ ဒီရုပ်ပွားတော် X-rays နဲ့ စမ်းကြည့်တဲ့အခါ ရုပ်ပွားတော်ရဲ့ ဒူးတော်မှာ လူသွားတစ်ချောင်း၊ ပုလဲလုံးတွေ၊ မှန်တွေ၊ ဓါးတွေ နဲ့ ကျောက်သံပတ္တမြားတွေ ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီဟာတွေဟာ ဘုရင် Shomu ရဲ့ ကျန်ကြွင်းပစ္စည်းတွေ ဖြစ်နိုင်မယ်လို့လည်း ယူဆနေကြပါတယ်။ ဒီရုပ်ပွားတော်ကြီးဟာ တန်ချိန်အားဖြင့် ၅၅၀ တန် လေးပါတယ်။

ရုပ်ပွားတော်ကြီးဝန်းကျင်မှာလည်း ဓါတ်ပုံရိုက်စရာကောင်းပြီး အပြန်မှာ အမှတ်တရပစ္စည်းတွေ ဝယ်ယူနိုင်ပါသေးတယ်။ ဈေးကတော့ ပြင်ပထက် အနည်းငယ် ကြီးတတ်ပေမဲ့ ဝယ်ယူအားပေးကြတာ များပါတယ်။ ငွေသားနဲ့ရော ကတ်နဲ့ရော ဝယ်နိုင်တာကလည်း အားသာချက် ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဂျပန်ပြည်ရဲ့ နာရာမြို့လေးကို သမင်လေးတွေ ကြည့်ရတာနဲ့တင် ချစ်နေပါပြီ။ ဂျပန်ပြည်ကို အလည်သွားသူတိုင်း နာရာမြို့လေးဆီကိုလည်း မဖြစ်မနေ လည်ပတ်သင့်တဲ့အကြောင်း ညွှန်းချင်ပါတယ်။ ကျွန်တော်ကတော့ ဂျပန်ပြည်ကို Himawari Travels & Tours နဲ့ သွားခဲ့တာပါ။ ဂျပန်သီးသန့်ခရီးစဉ်တွေ ရောင်းချတာမို့လို့ စိတ်ချရပြီး ဂျပန်ပြည်ခရီးစဉ်ကို ပိုင်နိုင်တာ သတိပြုမိပါတယ်။ ခရီးစဉ်မှာ ပါဝင်တဲ့ ဧည့်လမ်းညွှန်တွေကလည်း ဂျပန်ပြည်ရောက် မြန်မာလူမျိုးတွေ ဖြစ်လို့ ကိုယ့်အတွက် ပိုပြီး အားကိုးရသူတွေ ပါ။ ဂျပန်ပြည်ရဲ့ နာရာမြို့လေး အကြောင်းကို ကျွန်တော် မြင်သမျှလေး ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thant Sin Aung, Maung Koe, Thiha Lu Lin

Camera :: SONY Alpha 7II and 7III R with 16 - 35mm & 50mm Lens

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page