top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဒီးမော့ဆို တစ်ခွင် လည်စေချင်

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော့်ရဲ့ ၂၀၂၀ ကယားပြည်နယ် ခရီးစဉ်မှာတော့ ကယားပြည်နယ်ကို အလည်လာသူတွေ ပုံမှန်လည်ပတ်လေ့ရှိတဲ့နေရာတွေအပြင် လည်ပတ်လေ့မရှိတဲ့နေရာတွေကိုပါ သွားရောက်လည်ပတ်ခဲ့ပြီး သွားရောက်လည်ပတ်လိုသူတွေအတွက်ကို ပြန်လည် တင်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီးမော့ဆို (အလွယ်ခေါ်ကြတာတော့ ဒီမောဆိုး ပေါ့) က လွိုင်ကော်ကနေဆို မိနစ်ပိုင်းလေး ကားမောင်းသွားရုံနဲ့ ရောက်နိုင်ပါတယ်။ ဒီးမော့ဆို ဝန်းကျင်မှာ သဘာဝအရမ်းဆန်တဲ့ အလှတွေကို ခံစားရမဲ့ လည်ပတ်စရာနေရာတွေ၊ သမိုင်းဒဏ္ဍာရီတွေနဲ့ စိတ်ဝင်စားစရာ သာသနိကအဆောက်အအုံတွေ အစုံကို ရှိနေတာက သူ့ရဲ့ ထူးခြားတဲ့အချက်ပါ။ ဒါကြောင့်လည်း ကယားပြည်နယ်ကို အလည်လာပြီဆိုရင် ချန်ထားလို့မရတဲ့ ဒီးမော့ဆိုမြို့နဲ့ အနီးဝန်းကျင်ကို လည်ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။


ဒီးမော့ဆို (သို့မဟုတ်) ဒီမောဆိုး

၁၉၆၂ ခုနှစ်မှာမှ ဒီးမော့ဆိုမြို့နယ်ဆိုပြီး စတင်ခေါ်ဆိုခဲ့ကြတဲ့ မြို့လေးက ၁၉၅၂ ခုနှစ်မတိုင်ခင်ကတော့ နောင်ပုလဲလမ်း လို့ လူသိများခဲ့တာပါ။ ဘာသာပေါင်းစုံ ချစ်ကြည်စွာနေထိုင်တဲ့ အရပ်လို့ပဲ ဆိုပါရစေ။ ရိုမန်ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းများစွာနဲ့ စေတီပုထိုးများစွာကို အထူးသဖြင့် မြင်တွေ့ကြရမဲ့ အရပ်လည်း ဖြစ်ပါတယ်။ လွိုင်ကော်မြို့နဲ့ အတော်လေး နီးစပ်နေပြီး ကယားပြည်နယ်ရဲ့ အထင်ကရ လည်ပတ်စရာနေရာများစွာ ပိုင်ဆိုင်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။ တောင်တန်း၊ ရေတံခွန်၊ စိမ့်စမ်း၊ လိုဏ်ဂူ စတဲ့ သဘာဝအလှများစွာ တည်ရှိနေရာအရပ်လည်း ဖြစ်ပါတယ်။


ရာသီဥတု

အေးမြစိုစွတ်တဲ့ ရာသီဥတုနဲ့မို့ နေလို့လည်လို့ကောင်းပါတယ်။ ကယားပြည်နယ်မှာလည်း ပူတဲ့ မြို့တွေ ရှိပါတယ်။ ဒီးမော့ဆို ကတော့ အမြဲလိုလို အေးမြတဲ့မြို့တွေထဲက တစ်ခုပါ။


ဘယ်လိုသွားမလဲ

လွိုင်ကော်ကနေတဆင့် သွားရမှာ ဖြစ်ပါတယ်။ လေယာဉ်၊ ကား တို့နဲ့ လွိုင်ကော်ထိ သွားပြီး လွိုင်ကော်ကနေ ကား ဒါမှမဟုတ် ဆိုင်ကယ်တို့နဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။ အချိန်အားဖြင့် မိနစ် ၄၀ ခန့် ကားမောင်းနှင်ရပါတယ်။ ဒါပေမဲ့ သဘာဝအလှလည်ပတ်စရာနေရာတော်တော်များများကတော့ မြို့ဝန်းကျင်က ရွာနီးစပ်ချုပ်တွေမှာ ရှိတာမို့ ဆိုင်ကယ်နဲ့ဆိုရင်တော့ အချိန်ပေးရသလို၊ နေပူမိုးရွာဒါဏ် ခံရနိုင်စရာ ရှိပါတယ်။ ကျွန်တော်ကတော့ လွိုင်ကော်ကနေပဲ Treasure Host Loikaw ရဲ့ အစီအစဉ်နဲ့ သွားပါတယ်။ လွိုင်ကော်ဝန်းကျင် နဲ့ အခြား ကယားပြည်နယ် လည်ပတ်စရာတွေအတွက် ဖုန်း ၀၉ ၉၇၀၄၇၈၂၈၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


လည်ပတ်စရာ ဒီးမော့ဆို ဝန်းကျင်မှာ

ကယားပြည်နယ်ထဲမှာဆို ဒီးမော့ဆို ဟာ အထင်ကရလည်ပတ်စရာနေရာအများဆုံး ပိုင်ဆိုင်ထားသလား ထင်ရလောက်အောင် ဒီအရပ်မှာ လည်မကုန်အောင် ဖြစ်ရပါတယ်။ သဘာဝအလှတွေ၊ လူနေမှုပုံစံတွေ၊ အစားအသောက်တွေ၊ သာသနိကအဆောက်အအုံတွေ အားလုံးဟာ ထူးခြားကောင်းမွန်စိတ်ဝင်စားစရာချည်းတွေပါပဲ။ ဘယ်တွေလည်ပတ်သင့်သလဲဆိုတော့…


ငွေတောင်ဆည်

ဒီးမော့ဆို မြို့နယ်ထဲက အထင်ကရလည်ပတ်စရာတစ်ခုက ငွေတောင်ဆည်ပါ။ ဆည်တစ်ခု ဖြစ်ပေမဲ့ ကန်ဘောင်လေးနဲ့ အပန်းဖြေစရာနေရာလေးတစ်ခုလို ဖြစ်နေတာက သိပ်ကို စွဲဆောင်မှုရှိပါတယ်။ အရင်ရောက်ဖူးခဲ့ပေမဲ့ ခုနောက်ပိုင်းမှာ ရှုခင်းကြည့်ဖို့အဆောင်လေးတွေ သီးသန့်ထားရှိလာတာကိုပါ သတိပြုမိတာမို့ သေချာလေး အပန်းဖြေဖို့ လုပ်ဆောင်ထားတယ်လို့ ယူဆမိပါတယ်။ ကားပါကင်နေရာလေးနဲ့ သန့်စင်ခန်းလိုမျိုးတွေလည်း တည်ဆောက်နေပြီဖြစ်ပါတယ်။ ဈေးလာရောင်းကြသူတွေလည်း ရှိပြီး ပဒေါင်အမျိုးသမီးဈေးသည်တချို့ရဲ့ ရိုးရာဝတ်စုံတွေနဲ့ ကြေးကွင်းတွေစွပ်ပြီး ဈေးလာရောင်းချကြတဲ့ ပုံရိပ်တွေကို မြင်တွေ့ကြရပါဦးမယ်။ အနားက မြက်ခင်းပြင်ကြီးတစ်ခုဟာလည်း ဓါတ်ပုံရိုက်ဖို့အတွက် ကောင်းမွန်တဲ့နေရာတစ်ခုပါ။ ငွေတောင်ချောင်းရဲ့ ချောင်းလက်တံတစ်ခုကို မြေသားတမံအနေနဲ့ ဆည်တည်ဆောက်ထားတာပါ။ စိုက်ပျိုးရေးအတွက်ရော သောက်သုံးရေအတွက်ပါ အားထားရတဲ့ ဆည်ကြီးဆီကို အရောက်သွားလည် ဖြစ်ခဲ့ပါတယ်။


ထီးပွင့်ကန်၊ သစ္စာကန်

ထီးပုံစံ ရေကန်ထဲကနေ ဖြစ်ပေါ်နေတာကို ခရီးသွားတိုင်း မြင်တွေ့ခွင့်ရဖို့ မဖြစ်နိုင်တဲ့ ထီးပွင့်ကန်ဟာ လည်ပတ်ဖို့ လှပတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ထီးပွင့်ကန်ကို နှစ်ကြိမ် ရောက်ခဲ့ပြီး ပထမအကြိမ်တုန်းကတော့ ထီးပွင့်တာကို သေချာမြင်ခဲ့ရပေမဲ့ အခုတစ်ခေါက်မှာတော့ ထီးမပွင့်ခဲ့ပါဘူး။ ထီးပွင့်ချိန်ဆို ရေကန်ကြီးထဲမှာ ထီးပုံစံ အကွင်းကြီးတွေ ဖြစ်ပေါ်နေတာကို တွေ့ကြရမှာပါ။ မီးတောင်ဟောင်းတစ်ခုရဲ့ ထိပ်ဝ ဖြစ်ပုံရတဲ့ ဒီကန်ရေပြင်ကြီးမှာ ထီးပွင့်ပုံသဏ္ဍန် သဲနှုန်းမြေတွေ တက်လာလေ့ရှိပါတယ်။ ဒါကို ထီးပွင့်တယ်လို့ ခေါ်ဆိုကြပါတယ်။ ထီးပွင့်ကန်ဟာ အလျား ၂၂၇ ပေ နဲ့ အနံ ၁၁၅ ပေ ရှိတဲ့ ကန်ပါ။ ဒဏ္ဍာရီထဲမှာတော့ ဒွေးမယ်နော် ညီအစ်မတွေ ရေဆော့တဲ့ကန် ဖြစ်တန်ကောင်းရဲ့လို့ ယူဆကြပါတယ်။ ထီးပွင့်ကန်နားမှာပဲ သဘာဝရေထွက်တစ်ခု ဖြစ်တဲ့ သစ္စာကန် ဆိုတာ ရှိပါသေးတယ်။ နတ်ရေတွင်းလည်း ရှိပါတယ်။ သစ္စာကန်ကြီးလည်း ကြည့်ရလှပါတယ်။ ဒွေးမယ်နော် နဲ့ သုဓနုမင်းသားတို့ သစ္စာပြုတဲ့ကန် ဆိုလား ဖတ်မှတ်မိခဲ့ပါတယ်။ ရေမခန်းတဲ့ ရေထွက်အဖြစ် ကျော်ကြားပါတယ်။ ဒီဝန်းကျင်မှာတော့ နတ်ယုံကြည်သူတွေအတွက် နတ်ကွန်းအများအပြား ရှိတာလည်း သတိပြုမိတယ်။


ကန်ခုနစ်ဆင့်

အရင်ရောက်ဖူးတဲ့ ကန်ခုနစ်ဆင့်နဲ့ အခုတစ်ခေါက်ရောက်တဲ့ ကန်ခုနစ်ဆင့် အတော် ကွာခြားတိုးတက်လာတာ သတိပြုမိတယ်။ ခြံဝန်းသေချာခတ်ထားတာ၊ လမ်းတွေခင်းနေတာ၊ ကန်ဝန်းကျင်မှာ နားနေဆောင်နဲ့ ယာယီတည်းခိုဆောင် ရိုးရာခြေတံရှည်အိမ် တည်ဆောက်ထားတာတွေ သတိပြုမိခဲ့ပါတယ်။ ဒဏ္ဍာရီထဲမှာတော့ ဒွေးမယ်နော် နဲ့ အခြား ကိန္နရီညီအစ်မ ခုနစ်ဖော် က ငွေတောင်ပြည်ကြီးက ငွေတောင်ကြီးရဲ့ တောင်ခြေမှာ ရှိတဲ့ တောအုပ်ထဲက ရေကန်ကို နေ့တိုင်းရေလာဆော့ကြရာ ပညာတော်သင်ပြန်လာတဲ့ သုဓနုမင်းသားနဲ့ဆုံပြီး နဂါးကျော့ နဲ့ ဖမ်းလို့ ဒွေးမယ်နော်လေး မိပြီး သုဓနုမင်းသားနဲ့ ညားတယ်ပေါ့။ အဲ့ဒီဇာတ်လမ်းမှာ ကိန္နရီညအစ်မ ခုနစ်ဖော် ရေကစားတဲ့ ရေကန်ကြီးက ဒီ ကန်ခုနစ်ဆင့် ရေကန် ဖြစ်တန်ကောင်းတယ်လို့ ဆိုကြပါတယ်။ တောင်ခြေကနေ သဘာဝအတိုင်း တဆင့်ချင်းစီ တည်ရှိနေတဲ့ ရေကန်တွေပါ။


ဒီးမော့ဆိုဈေး

ပထမတစ်ခေါက်လာတုန်းကတော့ ၃ ရက်တစ်ဈေးဆိုတဲ့ ဈေးနေ့နဲ့ ဆုံတာမို့ ဒီးမော့ဆိုဈေးရဲ့ စည်ကားပုံကို မြင်ခဲ့ရဖူးတယ်။ ဒီတစ်ခါမှာတော့ ဈေးနေ့မဟုတ်လို့ အရမ်းကြီးစည်ကားနေတာမျိုး မတွေ့ခဲ့ရပေမဲ့ ထူးခြားစွာပဲ နေ့လည်နေ့ခင်းမှာ စားသောက်ဆိုင်တွေက သိပ်စည်ကားနေပြန်ပါတယ်။ အသားကင်၊ အသားကြော်လေးတွေ စားလို့ကောင်းလို့ အနီးဝန်းကျင်က မြို့ခံနယ်ခံရွာခံတွေနဲ့ ကျွန်တော်တို့လို ခရီးသွားတွေ နေ့လည်စာ လာစားကြတာတဲ့လေ။ ကယားခေါင်ရည်လေးသောက်၊ အမဲ ဒါမှမဟုတ် ဝက် အကင်နဲ့ အကြော်လေးတွေ၊ ကယားဝက်အူချောင်းတွေ ထမင်းဆီဆမ်းလေးနဲ့ စားရတာ သိပ်အရသာရှိတာပဲ။ မှတ်မှတ်ရရ ဒီတစ်ခေါက် အလည်လာတော့ ဒီဈေးကို နေ့လည်စာ စားဖို့ ၂ ခါတောင် ရောက်ဖြစ်ခဲ့တယ်။ ဈေးနေ့ဆိုရင်တော့ ပဒေါင်အမျိုးသမီးတွေ ဈေ̔းလာရောင်းတာလည်း တွေ့ရသလို၊ ခေါင်ရည်တွေကို ပုံးကြီး ပုံးငယ်တွေနဲ့ လာရောင်းကြသူတွေလည်း မြင်တွေ့ကြရပါတယ်။


ဆင်တောင်ရေထွက်

ဒီးမော့ဆို၊ နန်းမယ်ခုံက ဆင်တောင်ရေထွက်ကလည်း လည်ပတ်ချင်စရာပါ။ ဒီရေထွက်မှာတော့ ရေကလည်း ကြည်လင်ပြာလဲ့လွန်းလို့ တကယ့် သဘာဝရေပြာအိုင်လေးလိုပါပဲ။ ရေလည်း သိပ်မနက်လှဘူး။ အနီးဝန်းကျင်ရွာတွေက ရေချိုးလာသူတွေများတယ်။ စနေ၊ တနင်္ဂနွေမှာတော့ လာပြီးအပန်းဖြေသူတွေ ရှိလို့ ကျောင်းသားကျောင်းသူလေးတချို့ ခေါင်ရည်နဲ့ စားစရာလေးတွေ လာရောင်းတတ်ကြတယ်။ သီးသန့်အပန်းဖြေနေရာလည်းမဟုတ်၊ ထိန်းသိမ်းသူလည်း သီးသန့်မရှိတဲ့အတွက် အမှိုက်လည်း ရှိသလို၊ ရေချိုးအဝတ်လျှော်သူတွေလည်း ရှိတတ်တာလေးကတော့ တစ်မျိုးပေါ့လေ။ ဒါပေမဲ့ ခုထိတော့ သဘာဝဆန်ပြီး လှနေတုန်းပါပဲ။ နောင် အမှိုက်များလာမှာပဲ စိုးမိပါတယ်။ ကားလမ်းက ကားတစ်စီးစာကွက်တိပဲမို့ သွားရ ခက်လှပါတယ်။ ကားနှစ်စီးသာဆုံရင် ရှောင်ဖို့နေရာအတော် ရှာရခက်မယ်။


ကွိုင်ငံရေထွက်ဦး

ကွိုင်ငံရေထွက်ဦး ကလည်း တစ်ဘက်မှာ ရိုမန်ကတ်သလစ်ဘုရားကျောင်း နဲ့အတူ တစ်ဘက်မှာ အပန်းဖြေရေကူးရာနေရာလေး ဖြစ်နေတာကို တွေ့ရပါတယ်။ ကွိုင်ငံရေထွက်ဦး ရဲ့ အစ က ဂူထဲက ဖြစ်ပုံရပါတယ်။ သိရသလောက် ထိပရူးနူးလိုဏ်ဂူ ရဲ့ရေအောက်မြစ် ရေထွက်ဦးပေါက် လို့ ဆိုပါတယ်။ လိုဏ်ဂူကြီးတစ်ခုအတွင်းက စီးဆင်းလာပုံပါ။ ကျွန်တော် ဝင်ကြည့်ချင်မိပေမဲ့ မှောင်မည်းနေတာရော၊ ရေက အေးစိမ့်လွန်းနေပြီး လှေလည်း မရှိတာမို့ မစမ်းရဲခဲ့ဘူး။ ဂူအတွင်းမှာ ရိုမန်ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆင်းတုတွေကို တွေ့ကြရပါတယ်။ တစ်ဘက်ဝင်ဝင်ချင်းနေရာမှာတော့ ရေဆော့ခွင့်ပြုထားပုံပါတယ်။ အရက်ဘီယာတွေ သောက်စားပြီး ပျော်နေကြတဲ့ လူငယ်တွေကို တွေ့မိတာကြောင့် မတူညီတဲ့ ပုံစံနှစ်ခုကို မြင်တွေ့ရတဲ့ နေရာလို့ တွေးမိတယ်။ တစ်ဘက်က အပျော်အပါးဖြစ်ပြီး တစ်ဘက်က သာသနာနယ်မြေ ဖြစ်နေတာကိုပါ။ ဒီကို လာမယ်ဆိုရင် နောင်ပုလဲကျေးရွာလမ်းခွဲကနေ ဘယ်ဘက်လမ်းထဲဝင်ပြီး ဆောင်ဒူလာကျေးရွာအုပ်စု၊ ကွိုင်ငံရွာကို လာလို့ ရပါတယ်။


လုဒ်မယ်တော်ဂူ

ကွိုင်ငံရေထွက်ဦးဆီ သွားတဲ့အခါ လမ်းသွယ်လေးအတိုင်း ဝင်လာရင် ပထမဆုံး မြင်ကြရမှာက လုဒ်မယ်တော်ဂူပါ။ ရိုမန်ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဖြစ်ပြီး တောင်ခြေမှာ ဘုရားကျောင်းကြီး ရှိပါတယ်။ ဘုရားကျောင်းကနေ တောင်ပေါ် နည်းနည်းတက်လိုက်တာနဲ့ မယ်တော်ဂူကို မြင်တွေ့ကြရမှာပါ။ အခါအားလျော်စွာ ပွဲတော်တွေ ရှိရင် ဒီအပေါ်မှာပဲ ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပုံရပါတယ်။ လေ့လာလိုသူတွေ ဝင်ရောက်လေ့လာသင့်ပါတယ်။


ပန်ပက်

ကယန်း (ပဒေါင်) လူမျိုးတွေ နေထိုင်ရာ ပန်ပက်ရွာကိုလည်း လာလည်ကြလေ့ရှိပါတယ်။ အရင်ကတော့ ဟိုးရွာထဲထိ သွားလည်ပတ်ကြပေမဲ့ ခုတော့ အဝင်ထိပ်ဘက်လေးမှာတင် ဆိုင်ခန်းတွေရှိရာ ဝိုင်းလေးတစ်ခု ဖြစ်နေပြီမို့ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားနေပါပြီ။ ရိုးရာအထည်တွေ၊ အမှတ်တရပစ္စည်းနဲ့ လက်ဝတ်လက်စားတွေ ဝယ်ယူနိုင်သလို ကယန်းလူမျိုးတွေ (အထူးသဖြင့် အမျိုးသမီးတွေ) ရဲ့ ရက်ကန်းရက်တာ၊ ကြေးကွင်းစွပ်တာတွေကို အနီးကပ်လေ့လာနိုင်မဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကယန်းလို ဝတ်စားဆင်ယင်ပြီးလည်း ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။ ငှားခတော့ ပေးရပါတယ်။ ကယန်းလူမျိုးအမျိုးသမီးတွေနဲ့လည်း တွဲဖက် ဓါတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။ အရင်နှစ်တွေကထက် ခရီးသွားကားတွေ ပိုများလာတာ သတိပြုမိပါတယ်။ ဈေးရောင်းဖို့ချည်းပဲ သက်သက်မဟုတ်ဘဲ၊ တခြား လှုပ်ရှားမှုလေးတွေ ထည့်စေချင်မိတယ်။ ထိုင်းနိုင်ငံက ကယန်းရွာမှာတောင် သူတို့ရဲ့ လှုပ်ရှားမှုလေးတွေက ခရီးသွားတွေ စိတ်ဝင်စားစရာ ဖြစ်အောင် လုပ်ထားတတ်တာ၊ ဒီမှာလည်း ရက်ကန်းရက်ပြနေသလို ဟန်လုပ်နေတာထက် ပိုတဲ့ လှုပ်ရှားမှုတွေနဲ့ ဧည့်သည်တွေကို စွဲဆောင်စေချင်မိပါတယ်။ အခုက လာတဲ့သူတွေ ဈေးဝယ်ပြီး ပြန်ရတဲ့ အနေအထားလောက်လေးပဲ ဖြစ်နေပါတယ်။


တောကြက်တောင်စေတီ

ဒီတောင်နဲ့ စေတီ တို့ တောကြက်တောင်စေတီ လို့လည်း ခေါ်ကြသလို တချို့ကလည်း ရွှေကြက်တောင်စေတီလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ တောင်လေးပေါ်မှာ ငွေရောင်စေတီတွေကို ထူးထူးခြားခြား အဝေးကနေ ထင်းကနဲနေအောင် မြင်တွေ့ရကြမဲ့ နေရာပါ။ တောင်လေးပေါ်ဆိုပေမဲ့ အရမ်းမမြင့်လှပါဘူး။ လှေကားတွေနဲ့ သေချာ စနစ်တကျလေး ရှိလှပါတယ်။ အပေါ်ထိတက်မယ်ဆိုရင်တော့ နည်းနည်းတော့ ခံနိုင်ရည် ရှိဖို့လိုတယ်။ တောကြက်တွေ အများအပြားတွေ့ရှိရလေ့ရှိတယ်ဆိုပေမဲ့ ကျွန်တော် ရောက်တဲ့အချိန်မှာတော့ မတွေ့ခဲ့ပါဘူး။ တောကြက်တွေကို ဘေးမဲ့ပေးထားတဲ့ တောင်ပါ။ ဒါကြောင့်လည်း တောကြက်တောင်စေတီလို့ ခေါ်ကြတာ ဖြစ်နိုင်ပါတယ်။ ရှေးဟောင်းဘုရားဆင်းတုတော်တွေလို့ ယူဆရတဲ့ ဆင်းတုတော်တချို့ကိုလည်း သေချာ သော့ခတ်သိမ်းဆည်းထားတာ တွေ့ရပါသေးတယ်။ စေတီကြီးရော အရံစေတီတွေပါ ရွှေရောင်မသုတ်ဘဲ ငွေရောင်သုတ်လို့ ငွေသင်္ကန်းကပ်လှူထားတာကလည်း ထူးခြားမှုတစ်ခုပါ။ အမြင့်ဆုံးစေတီ ပတ်လမ်းပေါ်ကနေကြည့်ရင် ရှုခင်းလှပါတယ်။


လွိုင်နန်းဖတောင်

ဒီးမော့ဆို မှာရော၊ ကယားပြည်နယ်တစ်ခုလုံးမှာရော အမြင့်ဆုံးတောင်ကတော့ လွိုင်နန်းဖတောင်ပါ။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၅၀၁၀ ရှိပါတယ်။ တက်ရခက်တဲ့ တောင်ဖြစ်ပေမဲ့ ဒီတောင်ကို သဘာဝချစ်သူတွေနဲ့ စွန့်စားခရီးကြိုက်သူတွေ တောင်ပေါ်တက်လေ့ ရှိကြပါတယ်။ ဒီးမော့ဆို ကို ခရီးသွားတွေ စိတ်ဝင်တစားရှိစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ လွိုင်နန်းဖတောင် ကတော့ သေချာအချိန်ပေးပြီး တက်သင့်ပါတယ်။ လူငယ်ခရီးသွားတွေကို အထူးတိုက်တွန်းချင်ပါတယ်။ အမြင့်ဆုံးတောင်မို့ တောင်ပေါ်ကနေကြည့်ရင် ရှုခင်းက အတော်လှပါတယ်။


ဆင်ဖြူတောင်

ဆင်ဖြူတောင်ကတော့ ဖရူဆိုမြို့နယ်ထဲ ပါမယ် ထင်ပါတယ်။ ဒီးမော့ဆို ထဲဝင်တယ်လည်း ပြောကြတော့ သိပ်တော့ မပြောရဲပါဘူး။ ဆင်ဖြူတောင်ကို ဘယ်နိုင်ငံကအလှနဲ့ တူတယ်လို့ ပြောပြော ကျွန်တော်ကတော့ တင်စားတဲ့နိုင်ငံလည်း မရောက်ဖူးသေးတဲ့အတွက် တူတယ်၊ မတူဘူး မပြောတတ်။ ဒါပေမဲ့ သေချာတော့ ဆင်ဖြူတောင်ဟာ သူ့အလှနဲ့သူ ကျော်ကြားသင့်တဲ့နေရာပဲ ဖြစ်ပါတယ်။ ဆင်ဖြူတော် အနေနဲ့ပဲ ပိုပြီး ထင်ရှားစေချင်မိပါတယ်။ အဲ့ဒီကို သွားရတာကတော့ အဖွဲ့အစည်းတွေကြားတည်းမို့ နည်းနည်းတော့ တစ်မျိုး ဖြစ်ပါတယ်။ ကားဝင်ကြေးကောက်ခံတတ်တာမျိုးလည်း ရှိသလို တခါတလေလည်း မရှိပြန်ဘူး။ အရင်ကတော့ တောင်ပေါ်မှာ Tent နဲ့အိပ်ကြပေမဲ့ နောက်ပိုင်း ရွာက တားလို့ဆိုလား ခွင့်မပြုတော့ဘူးတဲ့။ ခုတော့ တောင်ပေါ်နဲ့ မနီးမဝေး တောင်ကြားလေးမှာ စီစဉ်ပေးတယ်လို့သိရတယ်။ တန်ကြေးတစ်ခုတော့ ပေးရတယ်ဆိုလားပဲ။ နေထွက်ချိန်နဲ့ နေဝင်ချိန်တွေက ဒီတောင်ကကြည့်ရင် အလှဆုံးပါ။ ကျွန်တော်ကတော့ နေဝင်ချိန်လေး သွားခဲ့ပါတယ်။ ညတော့ မအိပ်ဖြစ်ပါဘူး။ အနီးက တောင်ကုန်းလေးပေါ် သစ်ပင်ကနေ ဒန်းလေး ဆွဲချထားတာကလည်း သိပ်စီးလို့ကောင်းတယ်။ လေကတော့ ထန်ချက်ပဲ။ အေးစိမ့်လို့နေတာ၊ ဆောင်းတွင်းကြီးသာဆို အရိုးထဲထိအောင် စိမ့်နေမဲ့ပုံပါပဲ။ ဘာမှ အထူးအထွေ မရှိဘူး။ လာရတဲ့ ကားစီးချိန်ကလည်း အရမ်းကြာမယ်။ ဒါပေမဲ့ သဘာဝအလှတစ်ခုကို မျက်စိတစ်ဆုံး ထူးထူးခြားခြားလေး ခံစားရမဲ့နေရာတစ်ခုအဖြစ်တော့ မှတ်တမ်းတင်ချင်မိပါတယ်။


ဘယ်မှာတည်းမလဲ

ဒီးမော့ဆို သွားလည်တာ ကျွန်တော်က လွိုင်ကော်ကပဲ သွားတာမို့ လွိုင်ကော်မှာပဲ ညအိပ်ပါတယ်။ ဒီတစ်ခေါက် တည်းဖြစ်တာက Royal Naung Yah Hotel မှာပါ။ ဒီဟိုတယ်က တောင်ကြီးက နာမည်ကြီး Royal Taunggyi Hotel နဲ့ ဆက်စပ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း ၃ သောင်းဝန်းကျင်မို့ တည်းပျော်သလို၊ အခန်းလေးတွေက ချစ်စရာ ကောင်းတယ်။ မှန်တံခါးအပြည့်နဲ့ အထပ်အမြင့်ကနေဆို လွိုင်ကော်မြို့အလှကိုလည်း ခံစားနိုင်သေးတယ်။ ကျွန်တော် အကြိုက်ဆုံးက အပေါ်ဆုံးအထပ် စားသောက်ဆိုင်နေရာကနေ မြို့အလှကို ခံစားရတာပဲ။ မနက်စာကိုလည်း ဒီမှာ ကျွေးတာမို့ ရှုခင်းနဲ့ မနက်စာကို မနက်ခင်းနေရောင်ခြည်လေးနဲ့စားရတာ သိပ်အရသာရှိတာပဲ။ အောက်ဆုံးထပ်မှာ Spa လည်း ရှိသေးတော့ ညောင်းညာရင် ထိုင်းနည်းနဲ့ အနှိပ်ခံမလား၊ ရိုးရာနည်းလား အဆင်ပြေသေးတယ်။ လွိုင်ကော်ရဲ့ အထင်ကရ နောင်ယားကန်ကြီး နားမှာတင် ရှိပြီး မြို့ထဲနဲ့လည်း မဝေး၊ ဈေးလည်းနီး၊ တခြားလည်ပတ်စရာနေရာတွေ သွားဖို့လည်း အဆင်ပြေလို့ Royal Naung Yah Hotel မှာ တည်းပြီး ဒီးမော့ဆို ဘက်ကို အလည်သွား ဖြစ်ခဲ့တာပါ။


ကယားပြည်နယ်ဟာ ကျွန်တော့်အမြင် ဒီ ၂၀၂၀ ကနေစလို့ ပိုပြီး ခရီးသွားများလာမဲ့ သဘော ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းခရီးသွားတွေကလည်း နယ်မြေသစ်တွေကို ခရီးထွက်ဖို့ လိုလားနေချိန်၊ ပြည်ပခရီးသွားတွေကလည်း မြန်မာဆိုရင် ပုဂံ၊ အင်းလေး၊ ငပလီ တို့အပြင် နောက်ထပ်နေရာသစ်တွေ ရှာဖွေသွားလာလိုချိန် ကွက်တိကျနေပြီဆိုတော့ ကယားပြည်နယ်က အားလုံးရဲ့ မျက်စိကျစရာ ဖြစ်နေပါပြီ။ ကယားပြည်နယ်ဘက်ကလည်း ခရီးသွားဧည့်သည်တွေ များလာချိန် ဘယ်လိုစီစဉ်မလဲဆိုတာတွေ ကြိုတင်ပြင်ဆင်ထားရတော့မဲ့ အချိန်ကောင်းလို့ မြင်မိပါတယ်။ ကယားပြည်နယ် ဒီးမော့ဆို ရဲ့ လည်ပတ်စရာနေရာလေးတွေက ပြည်တွင်းပြည်ပ ခရီးသွားအားလုံးအတွက် ကျေနပ်မှုပေးမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Tun Lin Maung, Ah Khaw

Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

1,760 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page