top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

Camping နဲ့ Glamping ဘာတွေကွာခြားလဲ

မြန်မာလူငယ်တွေမှာ ခရီးသွားချင်စိတ်များလာတာ အရမ်းကောင်းပါတယ်။ Camping ဆိုတာကို စိတ်ဝင်စားလာကြတာလည်း ပိုကောင်းတယ်။ ဒါပေမဲ့ ကိုယ်တွေရဲ့ ရှေးရိုးစွဲ ခရီးဆိုတာ အပန်းဖြေဖို့ ထွက်တာ ဆိုတာကလည်း ဦးနှောက်ထဲ ကျန်နေသေးတော့ တခါတလေ Camping နဲ့ Glamping ကို မကွဲပြားတော့ဘူး။ ယာယီတဲလေးတွေနဲ့ ဓါတ်ပုံရိုက်ချင်စိတ်များပြီး အဲ့လိုနေထိုင်ဖို့ လှုပ်ရှားစွန့်စားရတယ်ဆိုတာကို သတိမမူမိတတ်တာ ဖြစ်သွားတတ်တယ်။ Adventure နဲ့ သဘာဝဆန်ဆန် နေထိုင်ခရီးသွားလိုသူတွေအတွက်ကတော့ Camping ဆိုတာနဲ့ ကိုက်တယ်။ ဓါတ်ပုံလေး ရိုက်မယ်၊ လှုပ်ရှားမှုတွေ သိပ်မလုပ်ရဘဲ ပေါ့ပေါ့ပါးပါးနားချင်တာမျိုးဆိုရင် Glamping နဲ့ ကိုက်တယ်လို့ ယေဘုယျ ပြောလို့တော့ ရနိုင်ပါတယ်။ ဘယ်လိုတွေ ကွဲပြားသလဲဆိုတာကိုတော့ ကျွန်တော် ဖတ်ရှုမှတ်သားထားသမျှပြန်ပြီး ဝေမျှပေးချင်ပါတယ်။


Camper လုပ်မလား Glamper လုပ်မလား

ခရီးမသွားခင် ကိုယ်နှစ်သက်တဲ့ နေထိုင်မှုပုံစံကို သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ။ Camping သွားတာ များသောအားဖြင့် တစ်ဦးချင်းထက် အဖွဲ့လိုက် သွားတာ ပိုစိတ်ချရပြီး ပျော်ရတာမို့ ဒီလို အဖွဲ့နဲ့ သွားဖို့ရာမှာက ကိုယ်နေထိုင်ချင်တဲ့ ပုံစံကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ခရီးကြမ်းမသွားချင် မလုပ်ချင်ရင်တော့ Camper အစား Glamper လုပ်သင့်ပါတယ်။ ဒါဆို ယာယီတဲလေးနဲ့လည်း နေလို့ရသလို ပေါ့ပေါ့ပါးပါး အသင့်သုံးလေးတွေနဲ့ ဓါတ်ပုံရိုက် စိတ်ကူးယဉ်လို့ ရတယ် ဆိုပါတော့လေ။ ခုခေတ်ကလည်း တိုက်တာတွေကြားက မွမ်းကျပ်တာတွေကို ဖျောက်ပစ်ဖို့ ခဏတဖြုတ် သဘာဝတောတောင်တွေကြားနေချင်လာကြတာကိုး။ Camp Site တွေမှာ ကိုယ်တိုင် တဲထိုးနေချင်တာလား၊ အသင့်ထိုးပြီးသား facilities စုံစုံနဲ့ Glamp Site တွေမှာ ဇိမ်ယူချင်တာလား ဆုံးဖြတ်ပြီးရင် ကိုယ့်ခရီးစဉ်မှာ အေးဆေး အသားတကျ ပျော်နေရတော့မှာပါ။ လွဲမှားရွေးချယ်မိရင်သာ စိတ်ညစ်နေရမှာကိုး။ ဒီတော့ ဘာတွေ ကွာခြားလည်း ကြည့်ကြရအောင်


(၁) ပစ္စည်းသယ်ယူရပုံ ကွာခြားတယ်

Camping သွားတဲ့သူတွေက ကိုယ့်အထုပ်ကိုယ် Backpack နဲ့ သယ်ယူရပြီး ကိုယ့်ရဲ့ တဲ၊ ဖျာ၊ အိပ်ရာ စတဲ့ ကိုယ့်အသုံးအဆောင်အားလုံးကို ကိုယ်တိုင်ပဲ ထမ်းပိုး သယ်ယူရတာမျိုးပါ။ Glamping မှာတော့ Luggage ဆွဲပြီး သွားလည်း အဆင်ပြေပါတယ်။


(၂) နေထိုင်တဲ့ပုံစံ အဓိက ကွာခြားပါမယ်

Camping က ယာယီတဲ သေးသေးလေးကို ကိုယ်တိုင်ပြင်ဆင်လို့ ရိုးရိုးရှင်းရှင်းလေးနေထိုင်တာမျိုးပါ။ ခပ်သေးသေး တစ်ယောက်အိပ်စာကနေ အကျယ်လှဆုံး ၄ - ၅ ယောက်နေစာလေးထိပါပဲ။ မြေကြီးပြန့်ပြန့်ပေါ်မှာပဲ တဲစိုက် အိပ်ကြနေကြရတာမျိုးပါ။ Glamping မှာကတော့ ခပ်ကြီးကြီးရွက်ဖျင်တဲပုံစံမျိုးတွေနဲ့ တဲကြီးကို မြေကြီးပေါ် ချစိုက်တာ မဟုတ်ဘဲ သစ်သားကွပ်ပျစ်လိုမျိုးကြီး အခြေခိုင်ခိုင်ပေါ်မှာမှ တခါတလေဆို အမိုးပါ ရှိနိုင်ပါသေးတယ်။ အတွင်းလည်း အတော်ကျယ်ဝန်းပြီး နှစ်ယောက်အိပ်ကုတင်ကြီးက စလို့ ရေခဲသေတ္တာ၊ တီဗီ အထိ ပါနိုင်ပါသေးတယ်။


(၃) ရေအိမ်သုံးတဲ့ပုံစံ ကွာခြားပါမယ်။

Camp Site တွေမှာတော့ အခြေအနေအရ သဘာဝနည်းနဲ့ ရေအိမ်ကိစ္စကို ခြုံတိုး ဖြေရှင်းရတာရှိသလို၊ အများသုံး ရေချိုးခန်း၊ အိမ်သာတွေမှာ သုံးစွဲကြရတတ်ပါတယ်။ တချို့မှာတော့ ရွှေ့ပြောင်းလို့ရတဲ့ လုံလုံခြုံခြုံ အိမ်သာလေးတွေလည်း ရှိတတ်သေးပြီး သဘာဝနည်းနဲ့ သန့်စင်ကြရတာ များပါတယ်။ Camper အများစုကတော့ ရေချိုးလေ့ သိပ်မရှိကြပါဘူး။ မြစ်ချောင်းပင်လယ်နဲ့ နီးရင်တော့ ဒီအတိုင်း သဘာဝဆန်ဆန် ရေချိုးတတ်ကြတယ်။ ရေချိုးခန်းသီးသန့် လိုမနေဘူး။

Glamping မှာတော့ ရေချိုးခန်းအိမ်သာက အနားမှာ တွဲလျက် ပါနိုင်တဲ့အပြင် ဘိုထိုင်လိုမျိုးနဲ့ စမတ်ကျကျ ဖြစ်နိုင်ပါသေးတယ်။ ရေချိုးခန်းမှာတောင် ရေပန်းလေးနဲ့ ဆပ်ပြာမွှေးမွှေး ရှိနိုင်ပါသေးတယ်။ ဟိုတယ်တွေကလုပ်ပေးတဲ့ Glamping တွေဆို ရေစိမ်ချိုးဖို့ Bathtub တောင် ရှိနိုင်သေးတယ်ဗျား။


(၄) အိပ်ရတဲ့ပုံစံ ကွာပါဦးမယ်။

Camping မှာတော့ တဲထဲ Mattress ဆိုတဲ့ အောက်ခံအခင်းလေး ခင်း၊ အပေါ်ကနေ တစ်ယောက်အိပ် ရာသီဥတုဒါဏ်ခံနိုင်တဲ့ ခေါင်းဦး၊ စောင် တစ်ဆက်တည်းပါ Sleeping Bag အိပ်ရာလေးနဲ့ အိပ်ကြရမှာမျိုးပါ။ Glamping မှာတော့ ရှေ့မှာပြောခဲ့သလို မွေ့ရာထူကြီး နှစ်ယောက်အိပ်အထိ ပြင်ဆင်ပေးထားတတ်ပါတယ်။ တဲအတွင်းက အခင်းကလည်း အစဉ်သန့်နေမှာမျိုးပေါ့ဗျာ။


(၅) ချက်ပြုတ်စားသောက်ရတဲ့ပုံ ကွာခြားပါတယ်။

Camping မှာတော့ ကိုယ့်ထင်းကိုယ်ရှာ၊ ကိုယ့်မီးပုံ ကိုယ်မွှေးပြီး ကော်ဖီကအစ ရေနွေး ကို ခွက်နဲ့ ကိုယ်တိုင်ကြိုကြရမှာမျိုးပါ။ တကယ့်သဘာဝရဲ့ ပျော်ရွှင်မှုအရသာပေါ့လေ။ Glamping မှာတော့ ရေနွေးကြိုဖို့ အသင့်ပလပ်တပ် သုံးနိုင်မဲ့ လျှပ်စစ်ရေနွေးအိုးကအစ ဂတ်စ်မီးဖိုအလတ်စားအထိ အသင့်ပါဝင်နိုင်ပါတယ်။ အိမ်မှာ ချက်စားရတဲ့အတိုင်း ခံစားမှုမျိုး ပေးပါတယ်။


(၆) ရာသီဥတုဒါဏ်ကို ခံစားပုံ ကွာခြားတယ်။

Camping မှာတော့ အပူချိန်ကို ကာကွယ်တွန်းထိုးနိုင်တဲ့နည်းက နည်းပါးတယ်။ ပူရင် အဝတ်ချွတ်နေ၊ တဲကို ဖွင့်နေ၊ တဲအပြင်ထွက်နေပေါ့။ အေးရင် တဲထဲ အကုန်ပိတ်နေ၊ အနွေးထည်ဝတ်နေ၊ စောင်ခြုံနေ၊ မီးလှုံနေပေါ့လေ။ Glamping မှာတော့ အဲကွန်းလိုမျိုး၊ အပူလွှတ်စက်မျိုး ရှိလို့ အဆင်ပြေပြေ နေရုံပဲ။ သဘာဝမဆန်ဘူးပေါ့လေ။


(၇) ဘယ်လိုလူတွေနဲ့ ဆုံစည်းမလဲဆိုတာ ကွာခြားတယ်။

Camp Site တွေမှာတော့ ကိုယ်အရင် မသိမကျွမ်းဘူးခဲ့သူတွေနဲ့ အများဆုံး ဆုံစည်းနိုင်ပါတယ်။ အတော်လည်း ရင်းနှီးမှု ပိုရသွားနိုင်တယ်။ Glamping မှာတော့ ဟိုတယ်ပုံစံမျိုး ဖြစ်နေတာမျိုး အရမ်းကြီး ရင်းရင်းနှီးနှီး မရှိနိုင်ပေမဲ့ ကိုယ့်လိုအေးဆေးနေလိုသူ လူမျိုးတွေနဲ့ ဆုံစည်းရနိုင်ပါတယ်။ ကိုယ်က သူက တစ်ဦးဦးကတော့ စခေါ်ရမှာပေါ့လေ။ တစ်တဲနဲ့ တစ်တဲက ဝေးနိုင်တာကိုး။ တဲကလည်း ကြီးတော့လေ။


(၈) အစားအသောက် ပုံစံ ကွာခြားနိုင်တယ်။

Camping မှာတော့ သဘာဝဆန်ဆန် ငါးဖမ်း ဟင်းရွက်ခူး မီးကင် ရေလုံပြုတ်စားတတ်ကြသလို၊ ထမင်းလည်း ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြပါသေးတယ်။ ဒီမှာတော့ ထမင်းဗူးလေးတွေ အသင့် စီစဉ်ကြပါသေးတယ်။ ဒီလောက်ပါပဲ၊ အရမ်းကြီး မခမ်းနားဘူး။ ရေဆိုလည်း ဒီအတိုင်း မြစ်ချောင်းရေတံခွန်က ရေကို ကောက်သောက်ကြသလို၊ ကြိုချက်သောက်ကြရတယ်။ Glamping မှာတော့ အိမ်မှာ ချက်ပြုတ်စားသောက်သလို ဖြစ်နိုင်မဲ့ ရေခဲသေတ္တာ၊ မီးဖို၊ အသင့်စား အစားအသောက်အစုံအလင် နဲ့ အသား၊ ငါးက အစ ရှိနိုင်ပါတယ်။ ရေဆိုလည်း ရေသန့်ဗူးကို သောက်နိုင်သေးတယ်။ ရေသန့်ဗူးမဟုတ်တောင် သန့်စင်တဲ့ Filter တပ်ထားပြီးသား ရေပိုက်ခေါင်းထဲက သောက်ရုံပါပဲ။


Camping နဲ့ Glamping မှာ ကွဲပြားတဲ့ အနှစ်အရသာတွေ ရှိနေပါတယ်။ တကယ်တမ်း စွန့်စားခရီးကြိုက်သူတွေက Glamping ကို မကြိုက်ကြပါဘူး။ သိပ်ပြီး မကွဲမပြား ခံစားရတဲ့အပြင် စွန့်စားလှုပ်ရှားမှုမျိုးလည်း မရှိလို့ပါ။ ပုံမှန်နေထိုင်မှုပုံစံထက် အနည်းငယ်ပဲကွဲပြားတာက သူတို့စိတ်ကို မစွဲဆောင်နိုင်ပါဘူး။ အဲ့ဒါကြောင့် Camping ကို ကြိုက်တဲ့သူတွေအတွက်ကတော့ Camping ဟာ ဘယ်လိုပဲ အနေစုတ်တယ်ဆိုဆို ရွှေထုပ်တဲ့ မြပုဝါစစ်စစ်ပါ။ တစ်ဘက်မှာလည်း ခရီးသွားတာ အပန်းဖြေဖို့ဆိုတဲ့ စကားလက်ကိုင်ထားတဲ့သူတွေကလည်း ဇိမ်နဲ့ နှပ်မယ်တွေးရင်တော့ Glamping ဟာ သက်တောင့်သက်သာနဲ့ ကိုယ့်ရဲ့ အာသီသကို ဖြည့်စွမ်းပေးနိုင်စေပါတယ်။ လူတိုင်း ကိုယ့်အကြိုက်နဲ့ ကိုယ်မို့ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာရော၊ အမှားအမှန်ဆိုတာရော ဆုံးဖြတ်စရာတော့ မရှိပါဘူး။ ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲပေါ့။ ဒါပေမဲ့ လူငယ်တွေကို အကြံပြုချင်တာကတော့ ခရီးများများထွက်ပါ။ ထွက်တဲ့ခရီးဟာ လူငယ်ဘဝမှာတော့ အပျော်ထက် ဗဟုသုတ ရစေမဲ့၊ ကိုယ့်စိတ်ကို မြှင့်တင်ပေးမဲ့ ခရီးတွေဖြစ်တာ ပိုကောင်းပါတယ်လို့။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

50 views0 comments

Comments


bottom of page