top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှာ အနားယူမယ်

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော် က သိပ်စိတ်ကူးယဉ်တတ်တာ။ ငယ်ငယ်ကတည်းက စာတွေ ကဗျာတွေ ဖတ်ပြီး တောင်တွေးမြောက်တွေးပေါ့။ ဘဝမှာ သိပ်လုပ်ချင်မိတဲ့ အရာတစ်ခုက လူသူနည်းပါးတဲ့နေရာတစ်ခုမှာ ယာယီတဲလေးထိုးပြီး အနားယူ စာဖတ် အိပ်စက်တာမျိုးပေါ့။ ခုတော့ ဒီလိုအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ နေရာတော်တော်များများမှာ ကူညီဖော်ဆောင်ပေးမဲ့သူတွေ ရှိနေပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး Campsite အနေနဲ့ ကလောက တောင်ထိပ်လေးတစ်ခုမှာ ဖြတ်သန်းဖူးခဲ့သလို အခု ဒုတိယမြောက် Campsite အဖြစ် ပြင်ဦးလွင်မြို့အနီးမှာ လုပ်ဆောင်နိုင်ခဲ့တယ်။

ဒီခရီးမျိုးဟာ ငယ်ရွယ်သန်စွမ်းချိန်မျိုး လုပ်လို့ အကောင်းဆုံးပဲ။ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက်မှာ သွားလာလှုပ်ရှားတာမျိုးဟာ အသင့်လျော်ဆုံးလို့ ကျွန်တော် မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီခရီးမှာ တောလမ်းလျှောက်တာ (Trekking) ပါတယ်။ တောင်ဆင်းတောင်တက် (Soft Hiking) အနည်းငယ် ပါဝင်ပြီး ကုန်းတတန် ရေတတန် သွားကြရမဲ့ စွန့်စားခရီးစဉ်ငယ်လေးမို့ပါ။ ဒုဋ္ဌဝတီမြစ်ကမ်းနားမှာ ကျွန်းလေးသဖွယ်ဖြစ်နေတဲ့ တောတောင်ထဲက Campsite လေးဆီ သွားတဲ့ခရီးစဉ်လေးက ဒီလိုဗျ။


ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်

ဒီခရီးစဉ်မှာက တောလမ်းလျှောက်၊ ရေလမ်းဖြတ်၊ ညအိပ် စတာတွေ ပါမယ်ဆိုတော့ -

  • ခရီးဆောင်ကျောပိုးအိတ်

  • နောက်နေ့လဲဖို့ အဝတ်

  • ရေဆော့ရင် ဝတ်ဖို့ ဘောင်းဘီတို၊ တီရှပ်

  • အနွေးထည် (ဆောင်းတွင်းဘက် သွားခဲ့ရင်)

  • တောလမ်းကြမ်းစီး ဖိနပ် (အကောင်းစားဆိုရင်တော့ နှမျောစရာမို့၊ ပြင်ဦးလွင်မှာပဲ ဈေးပေါတာလေးဝယ်)

  • ရေဗူး (ရေသန့်ဗူးအစားထိုးသုံးစွဲဖို့)

  • ရေစိုဝတ်ထည့်ဖို့ အိတ်

  • Powerbank (ဖုန်းလိုင်းမမိပေမဲ့၊ ဂိမ်းကစားဖို့ သီချင်းနားထောင်ဖို့ပါ)

  • နေလောင်ဒါဏ်ကာကွယ်တဲ့ ခရင်မ် (သို့) ဖြန်းဆေး

  • ဦးထုပ်/ထီး

  • ကြွက်သားဒါဏ်ကြေလိမ်းဆေး (လိုအပ်သူများအတွက်)

ဒါလေးတွေ လိုအပ်ပါတယ်။ ရေ၊ အချိုရည်၊ အဆာပြေမုန့်၊ ဓါတ်ဆား လိုဟာမျိုးတော့ အရေးပေါ်သုံးဖို့ Nature Traveler အဖွဲ့ဆီမှာလည်း ပါဝင်တတ်ပါတယ်။


ပြင်ဦးလွင် က စတဲ့ ခရီး

ပုံမှန်အားဖြင့်တော့ ရန်ကုန် - ပြင်ဦးလွင် ကားက မနက်ဆို ၅ နာရီဝန်းကျင်လောက် ပြင်ဦးလွင်ကို ရောက်တတ်ပါတယ်။ အဲ့ဒီအခါ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မနက်စာလေး စားပြီး ဒီ ဒုဋ္ဌဝတီ Campsite ခရီးစဉ်ကို စီစဉ်ပေးတဲ့ Nature Traveler အဖွဲ့က တာဝန်ရှိသူတွေက မနက် ၇ နာရီလောက်မှာ လာကြိုပေးကြပါတယ်။ ကျွန်တော် ကတော့ Trekking သွားရမှာမို့ ကိုယ့်မှာလည်း အချိန်ပိုရှိနေတဲ့အတွက် တစ်ရက်ကြိုပြီး ပြင်ဦးလွင်ရောက်နေလိုက်တယ်။ ပြင်ဦးလွင်မြို့ထဲ လည်ပတ်စားသောက်အချိန်ကုန်လိုက်ပြီး အားအပြည့်ဖြည့်လို့ နောက်မနက်ကျမှ ဒီခရီးထွက်ဖြစ်လိုက်တယ်။ အချိန်သိပ်မရရင်တော့ ခရီးရောက်တာနဲ့ စထွက်လို့လည်း ရပါတယ်။


Nature Traveler အဖွဲ့က ခွေးဘီလူးကားလေးနဲ့ ကျွန်တော်တို့ကို လာခေါ်ပြီး လိုအပ်တဲ့ စစ်ဖိနပ်ပုံစံ အကြမ်းသုံးရှူးဖိနပ် ကို ဝယ်ကြတယ်။ တစ်ရံမှ ၂၀၀၀ - ၃၀၀၀ ရယ်။ ဖိနပ်အကောင်းနဲ့ဆို လမ်းမှာ နှမျောစရာကောင်းလို့တဲ့။ ဒီခရီးမှာက ချောင်းထဲဖြတ်လိုက် တောနင်းလိုက်နဲ့ဆိုတော့ ခုလို ဖိနပ်အကြမ်းစီးတာ ပိုသင့်လျော်ပါတယ်။

ပင်စုတ်ရွာကို ရောက်လာ

အဲ့ဒါပြီးတာနဲ့ ခရီးစဉ်စတော့ ပင်စုတ်ရွာအထိကို တစ်နာရီလောက် ခွေးဘီလူးကားလေးနဲ့ သွားရတယ်။ ရှမ်းရွာလေးတွေ ကို ဖြတ်ပြီးသွားရတာမို့ ကားစီးရတာ တစ်နာရီလောက်ပေမဲ့ မပျင်းရဘူး။ ရှမ်းရွာလေးတွေရဲ့ ထူးခြားတဲ့ အဆောက်အဦးပုံစံတွေ၊ စိုက်ခင်းနဲ့ လူနေထိုင်မှုပုံစံတွေကို ဖြတ်ခနဲ လေ့လာခွင့်ရပါတယ်။ ဒါတောင် ဒီရှမ်းရွာတွေက အရင် သူတို့ဆောက်နေကျ ပုံစံမျိုးတွေကနေ တဖြည်းဖြည်းသွေဖယ်ပြီး ခေတ်မီတိုက်ပုံတွေ ဖြစ်လာတယ်လို့ လမ်းညွှန်အဖြစ်ပါလာတဲ့ ကိုစိုင်းကို က ရှင်းပြတယ်။ အင်းပေါ့လေ။ ရှေးပုံစံချည်းပဲလည်း ခရီးသွားတွေ ကျေနပ်အောင် နေပေးဖို့မှ သူတို့မှာ တာဝန်မရှိတာဘဲ၊ သူတို့လည်း ခေတ်မီချင်မှာပေါ့။ ပြောရခက်မဲ့ ကိစ္စတွေပါပဲလေ။


တောလမ်းလျှောက်လို့ အတွေ့အကြုံယူ

ပင်စုတ်ရွာကို ရောက်လာတော့ မနက် ၈ နာရီကျော်ပြီ။ Nature Traveler အဖွဲ့က ကိုစိုင်းကို ကတော့ ကျွန်တော့် ခရီးစဉ်တွေ ဖတ်ဖူးသမျှနဲ့ ကျွန်တော့်ရဲ့ အားကစားလုပ်တာနည်းတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး သိပ်မြန်မြန်လျှောက်နိုင်မယ်လို့ ထင်ခဲ့ပုံမရှိဘူး။ ကျွန်တော်တို့ Campsite ကို ရောက်ရင် ညမိုးချုပ်လောက်မယ်လို့ပဲ တွက်ထားပုံရတယ်။ ကျွန်တော်လည်း Trekking မလုပ်တာ တစ်နှစ်လောက် ရှိလာတော့ ကိုယ်တိုင်လည်း ယုံကြည်ချက် ပျောက်ဆုံးနေတာ။ ပင်စုတ်ရွာမှာ ကားထားခဲ့ပြီး ကိုယ့်အထုတ်ကိုယ်သယ်လို့ စပြီး လမ်းလျှောက်ကြရပါတယ်။ လမ်းမလျှောက်ခင်တော့ ကြွက်သားအကြောလျှော့တာမျိုးကို ဦးဆုံး လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ခြေထောက်အကြောလျှော့လေ့ကျင့်ခန်းတွေပါ။


တောလမ်းကို ပုံမှန်အားဖြင့်တော့ ၅ နာရီလောက် လျှောက်ရတတ်ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံရှိထားရင်တော့ ၃ နာရီကျော်ကျော်နဲ့ ပြီးစီးနိုင်ပါတယ်။ တောလမ်းခရီးမှာ တကယ့်ကို တောတောင်ရေမြေသဘာဝကို လေ့လာရင်း သွားရပါတယ်။ စိုက်ခင်းတချို့လည်း ဖြတ်သန်းရလို့ နေပူတာတော့ ခံရတယ်။ ကျွန်တော်တို့ လမ်းတလျှောက်တော့ ကျွဲတွေကို တွေ့ရပြီး ခလောက်သံတညံညံနဲ့ တကယ့်သဘာဝအရသာကို ခံစားရတယ်။ ငှက်တွန်သံလေးတွေ ကြားရသလို၊ သဘာဝအတိုင်းပေါက်နေတဲ့ ဟင်းသီးဟင်းရွက်တွေလည်း မြင်ရတယ်။ ကြောင်လျှာပင်တွေဆို အသီးတွေနဲ့။


ဖြတ်သွားရတဲ့ ခရီးလမ်းမှာ ပြင်ဦးလွင်ရဲ့ နာမည်ကျော် သစ်ပင်အိမ်ကြီးလည်း ပါသေးတယ်။ ခါတိုင်းတော့ ဒီသစ်ပင်အိမ်နားမှာ နေ့လည်စာ စားကြတာတဲ့။ ကျွန်တော်တို့ လမ်းလျှောက်တာ မြန်လို့ စောနေသေးတာနဲ့ မစားကြသေးဘဲ ဆက်လျှောက်ကြတယ်။ လမ်းမှာ တောပန်းတွေ ပွင့်နေတာလေးတွေကလည်း Trekking မသွားဖြစ်တာ ကြာနေတဲ့ ကျွန်တော့်ကို ခံစားချက်အသစ်တွေ ပေးနေပါတယ်။ တောလမ်းကို အဖြောင့်သွားနေရာကနေ တောင်အောက်ဆင်းဖို့ ရှိလာပါပြီ။ ဝါးတော ဆိုတဲ့နေရာကို တောင်ဆင်းတွေချည်းပဲ ဆင်းကြရမှာပါ။ ဒီခရီး မစခင်တုန်းက ကျွန်တော်က တောင်တက်ရင် အရမ်းမောတတ်လို့ တောင်တက်ခရီးပါ မပါ မေးကြည့်တော့ တောင်ဆင်းတာတွေပဲ ပါတယ်လို့ ပြောပါတယ်။ အဲ့ဒီတုန်းကတော့ အတော်အဆင်ပြေသားလို့ ထင်မိခဲ့တယ်။ တကယ်တမ်း တောင်ဆင်းရတဲ့အခါ ဒူးကို အားပြုပြီး ဆင်းမိတော့ လူကလည်း ဝ နဲ့၊ အတော်ထိန်းဆင်းယူရတယ်။ ရွှံ့မရှိလို့ မချောပေမဲ့ ဒီရာသီမှာ ခဲလုံးသေးသေးလေးတွေ ရှိနေတတ်တော့ လျှောသွားတတ်ပြန်ရော။ တောင်ဆင်းတစ်ခုလုံး ဝါးတောဆိုတဲ့အတိုင်း ဝါးအမျိုးအစားအစုံ၊ ဝါးအကြီးအသေး အပိန်အဝ မျိုးစုံကို တွေ့ရတယ်။ တချို့နေရာတွေမှာ ဝါးအချွန်တွေ ထွက်နေတတ်တော့ အရှိန်နဲ့ ဆင်းမိရင် ထိမိမှာ စိုးရတယ်။ အဖွဲ့ကလူတွေလည်း ဓါးတလက်နဲ့ ခုတ်သင့်တာ ခုတ်နေကြတာပါပဲ။ တချို့နေရာတွေမှာတော့ ဝါးလက်ရန်းလေးတွေ ဖန်တီးပေးထားလို့ ဆင်းရလွယ်တယ်။ ဒါပေမဲ့လည်း ဝါးမွှေးတွေက လက်ရှနိုင်သေးတော့ သတိထားပြီးကိုင်ရပါတယ်။ ဝါးတောကနေ တောင်ခြေ ဆင်းရတာတင် နာရီဝက် - တစ်နာရီနီးပါးကြာတတ်ပါတယ်။ တောင်ခြေမှာတော့ ချောင်းလေးရှိနေပါတယ်။


ဒီချောင်းလေးက ကျွန်တော်တို့ ဒီခရီးစဉ်တလျှောက် ခဏခဏ ဟိုမှာဖြတ် ဒီမှာဖြတ် ဖြတ်သန်းကြရမဲ့ ချောင်းလေးပါ။ နာမည်ကတော့ ရွာနာမည်လေးတွေနဲ့ပဲ။ ဒီချောင်းက ဒုဋ္ဌဝတီမြစ်ထဲ စီးဝင်မှာပါပဲ။ ဒီချောင်းကို မဖြတ်ခင် နေ့လည် ၁၂ နာရီ ရှိပြီမို့ ဒီမှာပဲ နေ့လည်စာ စားဖြစ်ကြတယ်။ Nature Traveler အဖွဲ့က နေ့လည်စာကို စကောဗန်းနဲ့ ရှမ်းထမင်းဟင်းလေးတွေ စီစဉ်ပေးထားတယ်။ ဖက်လေးနဲ့ သေချာထုပ်ထားတဲ့ ကြက်သားကင်ထမင်း၊ ရှမ်းချဉ်၊ ငါးဟင်းထုပ်တို့နဲ့ အရမ်းကို စားကောင်းတာ။ မောမောနဲ့ ချောင်းရေလေးထဲ လက်လေးဆေးပြီး အားရပါးရ တွယ်လိုက်တာပဲ။ ချောင်းရေက အေးစိမ့်နေလို့ ပါလာတဲ့ ရေဗူးလေးကို ချောင်းထဲ နှစ်ထားပြီး ရေခဲစိမ်သလို စိမ်ပစ်လိုက်သေးတယ်။ Campsite ကို အရမ်းရောက်ချင်နေတော့ နေ့လည်စာ နားတာကို နာရီဝက်လောက်ပဲ နားလိုက်ပြီး ချောင်းကိုဖြတ်လို့ ဆက်ထွက်ခဲ့ကြတယ်။

နေ့လည်စာ စကောဗန်းနဲ့ ရှမ်းထမင်းဟင်း

ချောင်းရေက ခြေသလုံးလောက်ပဲ ရှိပေမဲ့ သွားရတဲ့ချောင်းတွေထဲက ကျောက်တုံးလေးတွေ ချောနေတော့ ချော်လဲကျနိုင်တယ်။ ခြေကုပ်မြဲအောင် သတိထားပြီး ကူးရတယ်။ ဒီတလျှောက်တော့ ကုန်းလေးပေါ် တက်လိုက် ရေထဲ ဆင်းလိုက်နဲ့ နောက်ထပ် နာရီဝက်လောက် သွားပြီးတဲ့အခါမှာ လှေဆိပ်ကို ရောက်ပါတယ်။ လှေဆိပ်ရောက်တော့ လာကြိုတဲ့လှေက မရောက်သေးဘူး။ ပုံမှန်ဆို တခြားအဖွဲ့တွေက ညနေ ၄ နာရီလောက်မှ ဒီနေရာရောက်တတ်တော့ နေ့လည် ၂ နာရီထက် စောပြီး လှေက ရောက်လေ့မရှိဘူးလို့ ပြောတာနဲ့ ကျွန်တော်တို့ လှေဆိပ်မှာ နာရီဝက်လောက် လှေစောင့်ကြရပါတယ်။


လှေစီးပြီး တောင်ခြေမှာ ညအိပ်မယ်

လှေရောက်တော့ သက်ကယ်အင်္ကျီကိုယ်စီ ဝတ်ပြီး ရေပြင်ထက် နေပူပူမှာ နှစ်နာရီလောက် စက်လှေ စီးရတာတော့ တကယ့်အမှတ်တရပဲ။ ကိုယ်ကလည်း စောရောက်မိတာကိုး။ ပုံမှန် ၄ နာရီလောက်မှသာ ရောက်ရင် နေအဲ့လောက်ပူမှာမဟုတ်ဘူး။ နေပူဒါဏ်လေးကို လှေစီးရင်း ကြံ့ကြံ့ခံလို့ အဝေးကမြင်ရတဲ့ နွားလပို့တောင်ရဲ့ အလှတွေ၊ ရေမြုပ်နေတဲ့ သစ်ကိုင်းခြောက်တွေ ကို ကြည့်ရင်းပဲ နှစ်နာရီဆိုတာ ခဏလေး ကုန်သွားတယ်။ ညအိပ်မဲ့ တောင်ခြေနေရာလေးရောက်တော့ အချိန်က ညနေ ၄ နာရီ။ ရေက ကျွန်တော်လာတဲ့ ရက်အတွင်းမှ အရမ်းကျသွားတော့ ကမ်းစပ်ကနေ မြစ်ရေကို တော်တော်လှမ်းလှမ်းမှ တွေ့ရတယ်။ တောင်ခြေမှာ ဆောက်ထားတဲ့ သစ်ဝါးအိမ်လေးရယ်၊ မီးပုံလေးနဲ့ ဒန်းလေးရယ်က မြင်တာနဲ့ကို အမောပြေသွားစေတယ်။ အိမ်သာကအစ သစ်ဝါးလေးနဲ့ သေချာလုံခြုံအောင် ဆောက်ထားပေးတော့ လာနားရသူတွေ အဆင်ပိုပြောရောပဲ။ ရေကတော့ မြစ်ရေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ခပ်ဖြည့်ရတယ်ပေါ့လေ။


ညနေဘက် ရေမိုးချိုး ရေဆော့ပြီး ပြန်တက်လာတော့ ယာယီတဲလေးတွေက အသင့်ဖြစ်နေပြီ။ အိပ်ဖို့ အိပ်ရာလိပ်လေးတွေ လိုက်ပေးတယ်။ ခေါင်းအုံးဖို့ သက်သက်တစ်လုံး ထပ်ပေးလို့ အဆင်ပြေသွားတယ်။ မဟုတ်လည်း အရင်ကဆို အဝတ်အိတ်ခေါင်းအောက်ထည့်အိပ်လိုက်တာပဲ။ ညနေစာ ကို ဒီမှာပဲချက်ပြုတ်ပေးနေကြတာ ရောက်ကတည်းက သတိထားမိတယ်။ ညနေ ၇ နာရီလောက်ကျတော့ ညစာလည်း အဆင်သင့်ဖြစ်လာတယ်။ ညစာ ကို ဒီညတော့ ဗမာစာလေး စားရတယ်။ ပုံမှန်တော့ ရှမ်းစာ တစ်လှည့်၊ ဗမာစာ တစ်လှည့်တဲ့။ ကိုယ်တွေအလှည့်တော့ ဗမာစာလေးဆိုတော့ တောကြက်ဗူးသီးကာလသားချက်လေး နဲ့ အရွက်ကြော်၊ အသုတ်၊ အစုံအလင်နဲ့ပါ။ ညစာလေး အတော်စားကောင်းပြီး ဗိုက်လေးလာချိန် မီးဖိုနား သွားထိုင်ပြီး ဂစ်တာလေး တီးလို့ သီချင်းတွေ အော်ဆိုရတာလည်း အမှတ်တရပဲ။ Nature Traveler အဖွဲ့က ခရီးစဉ်တိုင်းမှာ ဧည့်သည်တွေအတွက် ပြင်ဦးလွင် အိမ်လုပ်ဝိုင် တစ်ပုလင်း၊ တောကြက်ကင် တစ်ကောင် အမြဲ စီစဉ်ပေးတတ်တယ်ဆိုတော့ ဒီညလည်း ကြက်ကင်ရယ်၊ ဝိုင်ရယ် နဲ့ သာယာတယ်ပေါ့။ ကျွန်တော်က ဒေသထွက်ဝိုင်ဆို အရမ်းချိုတတ်လို့ သိပ်သောက်လေ့ မရှိတော့ ယူလာတဲ့ မြန်မာဘီယာလေး နဲ့ ဇိမ်ယူနေလိုက်တယ်။


ညနက်နက်ထိ စိတ်ကို လွှင့်ပြီး သီချင်းတွေဆိုရင်း တောတောင် မြစ်ကမ်းနံဘေးက သဘာဝအလှကို ခံစားလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တော့ တချိုးတည်းပဲ။ မနက်ခင်း နိုးတော့ တောကြက်တွန်သံတွေ ကြားရတယ်။ ကပြာကယာထပြီး မြစ်ထဲဆင်း မျက်နှာသစ် သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ နေထွက်ချိန်အလှကို SONY ကင်မရာ A7M2 လေးနဲ့ မှတ်တမ်းအပြေးတင်တယ်။ ဒီနေရာက ရေကျနေပေမဲ့လည်း မနက်ခင်းနေထွက်ချိန်က လွင်ပြင်ကျယ်ကြီး နဲ့ ကျောက်တုံးကြီးတွေကြောင့် အသက်ဝင် လှပနေလိုက်တာ။


ဓါတ်ပုံစိတ်ကြိုက်ရိုက်ပြီး ပြန်ရောက်လာတော့ မနက်စာ ပြင်ပေးထားပြီ။ မနက်စာကိုတော့ ပြင်ဦးလွင်ဒေသစာလေးတွေ စားရတယ်။ ထမင်းကို ဆီတိုဖူးနဲ့ကြော်ထားတာလေး စားမြိန်လိုက်တာ။ တို့ဟူးကြော်နဲ့ ရှမ်းချဉ်နဲ့ အတော်စားကောင်းခဲ့တယ်။ ကော်ဖီကိုလည်း ပြင်ဦးလွင်ကော်ဖီလေးနဲ့ဆိုတော့ ပြင်ဦးလွင်ရဲ့ ဒုဋ္ဌဝတီ အလှကို အပြည့်ဝဆုံး ခံစားခဲ့ရတယ်လို့ ဆိုရမယ်။ ပုံမှန်အားဖြင့်တော့ နေ့လည် ၁ နာရီအထိ ရေဆော့ အနားယူပြီး နေလေ့ရှိကြပေမဲ့ ကျွန်တော်တို့အဖွဲ့ကတော့ စောစောစီးစီး မနက် ၁၀ နာရီလောက်မှာ လှေဆိပ်ဆင်း ခဲ့ကြတယ်။ စက်လှေနဲ့ တစ်နာရီခွဲ ဝန်းကျင်လောက် သွားပြီးတဲ့အခါ ရဲရွာဆည်ကြီးကို ရောက်ပါတယ်။ လမ်းမှာလည်း လှတဲ့ ရှုခင်းတွေမြင်ရင် ကမ်းကပ်ပြီး ဓါတ်ပုံ ရိုက်ကြသေးတယ်။


ရဲရွာဆည်ကြီးဆိုမှ ဒီဒေသမှာ ခုလို ရေတွေပြည့်လာတာလည်း ဒီဆည်ကြီးကြောင့်လို့ ဆိုရပါမယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ခုလို လည်ပတ်ဖို့ အခွင့်အလမ်း ဖြစ်လာကြတယ်ပေါ့ဗျာ။ ရဲရွာဆည်ကြီး လှေဆိပ်ကနေ အပြင်ဘက်ကို ဆိုင်ကယ် ကယ်ရီတွေနဲ့ ဆက်ထွက်ကြရတယ်။ ရဲရွာဆည်ကြီးရဲ့ အံ့မခန်းမြင့်မားကြီးကျယ်မှုကို မျက်စိနဲ့ ခံစားလိုက်ရပေမဲ့ ဓါတ်ပုံရိုက်ကူးခွင့်မရလို့ မရိုက်ခဲ့ရပါဘူး။ အဲ့ဒီကနေ လာကြိုတဲ့ ကားစီးပြီး ပြင်ဦးလွင်ကို တစ်နာရီဝန်းကျင် သွားကြရတယ်။ လမ်းမှာလည်း ရှုခင်းကောင်းတဲ့နေရာလေးတွေ အများကြီး ရှိပေမဲ့ ကျွန်တော် သွားတဲ့အချိန်က မြူကျတတ်တဲ့အချိန် ဖြစ်နေတာရော၊ လမ်းမှာ တောမီးရှို့တာ လောင်တာ ဖြစ်နေချိန်မို့ မီးခိုးမှိုင်းတွေနဲ့ သေချာ ရိုက်ကူးခွင့် မရခဲ့ပါဘူး။ ဒါနဲ့ပဲ ပြင်ဦးလွင်မြို့လေးကို ရောက်လာပြီး ကျွန်တော်တို့ရဲ့ တစ်ညအိပ် ပျော်စရာခရီးစဉ်လေး ပြီးဆုံးခဲ့ပါတယ်။

လမ်းမှာလည်း လှတဲ့ ရှုခင်းတွေမြင်ရင် ကမ်းကပ်ပြီး ဓါတ်ပုံ ရိုက်ကြ

လူငယ်တွေအတွက် ခရီးစဉ်

ဒီခရီးစဉ်က အထက်မှာ ပြောခဲ့သလို တက်ကြွပြီး ကျရာနေရာ ပျော်တတ်တဲ့ လူငယ်တွေအတွက်ပါ။ စိတ်ဓါတ်ကြံ့ခိုင်မှုကို ပြသတဲ့ ခရီးစဉ်လည်း ဖြစ်မှာ ဖြစ်သလို၊ သဘာဝကို ရင်းနှီးချင်တဲ့ လူငယ်တွေရဲ့ စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်လာလို့ ဘာမှ ထူးခြားတာ တွေ့ရမှာတော့ မဟုတ်ပါဘူး။ ဒါကို ကြိုတင်ပြီးတော့ သိထားမှ ဖြစ်ပါမယ်။ သဘာဝကို ခံစားဖို့၊ စွန့်စားသွားလာရတာကို ခုံမင်လို့ သာ ဒီခရီးကို လာကြတာပါ။ သူငယ်ချင်းမိတ်ဆွေတွေ ဆက်သွယ်မှုဧရိယာပြင်ပမှာ အချင်းချင်း ပိုပြီးရင်းနှီးကျွမ်းဝင်ခွင့်နဲ့ သဘာဝကို ခံစားခွင့်၊ စိတ်ဓါတ်ကြံ့ခိုင်မှုကို တည်ဆောက်ခွင့်၊ ပြီးတော့ အခက်အခဲတွေ ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်း စိတ်ခွန်အားတွေတော့ ရရှိသွားမှာ သေချာပါတယ်။


ဒုဋ္ဌဝတီခရီးစဉ် သွားမယ်ဆိုရင် ဘယ်ကိုဆက်သွယ်မလဲ၊ ဈေးနှုန်းကရော?

ပြင်ဦးလွင် အခြေစိုက် Nature Traveler အဖွဲ့က လုပ်ဆောင်ပေးနေပါတယ်။ ဖုန်း - ၀၉ ၇၇၇၇ ၅၃ ၇၇၆ (ကိုစိုင်းကို) ဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ တစ်ညအိပ် ဆိုရင် နှစ်ယောက်စာ ကို အပြီးအစီး ၂၉၅,၀၀၀ ကျပ်၊ သုံးယောက်စာ ကို ၃၂၅,၀၀၀ ကျပ်၊ လေးယောက်စာ ကို ၃၅၅,၅၀၀ ကျပ် ကျသင့်ပြီး နှစ်ညအိပ် နဲ့ နေ့ချင်းပြန် ခရီးစဉ်တွေလည်း ရှိပါသေးတယ်။ Pre Wedding ဓါတ်ပုံရိုက်တာရော၊ ဟန်နီးမွန်းခရီးထွက်ချင်ရင်ရော စီစဉ်ပေးပါသေးတယ်။ အဖွဲ့လိုက် လူများများနဲ့ဆို ပိုတန်တဲ့အတွက် သူငယ်ချင်းတွေ နွေရာသီ အားလပ်ရက်မှာ ခရီးထွက် ပျော်ရွှင်လိုက်နိုင်တယ်လေ။


တောလမ်းလျှောက်၊ တောင်တက်၊ လှေစီး ဒီလို ခရီးစဉ်မျိုးကို ပြန်ပြီး သဘောခွေ့သွားရတဲ့ ကျွန်တော့်အတွက် ဒီ ဒုဋ္ဌဝတီခရီးစဉ်ဟာ မိတ်ဆွေတွေကို သွားသင့်ကြောင်း တိုက်တွန်းပေးဖို့ ဆန္ဒအပြည့် ဖြစ်နေပါတယ်။ အထူးသဖြင့် ငယ်လေး (ညီလေး ညီမလေးတွေ) ကျောင်းပိတ်ရက် အားလပ်ချိန်တွေ၊ ရုံးပိတ်ရက်ရှည် ရတဲ့ လူငယ်လူရွယ်တွေ ဆက်သွယ်မှုဧရိယာပြင်ပမှာ ခဏလောက် အနားယူသင့်ပါတယ်ဆိုတာ အကြံပြုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

586 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page