top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ခရီးသွားရင်း ပိုက်ဆံရှာလို့ရမဲ့ ရွှေအိပ်မက်

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jan 4, 2018
  • 2 min read

Updated: Sep 22, 2021

လူအတော်များများက ခရီးသွားနေရတာကို သဘောကျကြတယ်။ ခရီးသွားစာရေးသူတွေ၊ ဧည့်လမ်းညွှန်ဝန်ဆောင်မှု နဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ သူတို့သုံးစွဲတဲ့ လူမှုကွန်ယက်တွေပေါ်ကနေ ခရီးသွားလာရင်း တင်တဲ့ သဘာဝအလှအပတွေ၊ ထူးခြားဆန်းကြယ်မှုတွေ၊ စိတ်ဝင်စားစရာကိစ္စရပ်တွေ၊ နေထိုင်သွားလာမှုပုံစံတွေကို ထင်ဟပ်ပြတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေက အများစုကို စွဲဆောင်နိုင်လို့ ဒီလူမျိုးတွေကို အားကျကြတယ်။ သူတို့လို ဖြစ်ချင်လိုက်တာဆိုတဲ့ စိတ်ကူးမျိုးလေး ဖြတ်ခနဲဝင်တတ်ကြတယ်။ ပြီးတာနဲ့ ကိုယ့်လက်ရှိဘဝနဲ့ ချိန်ထိုးပြီး ဒါတွေက အိပ်မက်လို ပျောက်ပျက်သွားတတ်တယ်။ ငါ့အားလပ်ရက်ရောက်မှ ခရီးထွက်ပါတော့မယ်လေ၊ ငွေလေးပိုလျှံတော့မှ ခရီးထွက်ပါတော့မယ်လေ၊ မိသားစုဝင်တစ်ဦးဦး ကျန်းမာရေး ပြန်ကောင်းတော့မှ ခရီးထွက်ပါတော့မယ်လေ စတဲ့ စတဲ့ အကြောင်းပြချက်ပေါင်းများစွာနဲ့ ခရီးသွားဝါသနာက တိမ်လေးလို ခပ်ဝေးဝေးလွင့်သွားတတ်တယ်။


တကယ်တော့ ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုတွေ၊ ဆန္ဒတွေဟာ တကယ်ဖြစ်ချင်စိတ်ပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့ လက်ရှိ တစ်လ ကို သုံးသိန်း လစာ ရနေတဲ့ အလုပ်ကို ထွက်၊ ခရီးသွားပုံတွေတင်နိုင်ဖို့ ကျောပိုးအိတ်လေး တစ်လုံးလွယ်ပြီး စရိတ်အနည်းဆုံးဖြစ်အောင် Backpacker ပုံစံနဲ့ အတင်းကို ခြိုးခြံချွေတာပြီး နေရာအနှံ့သွားလိုက်မယ်လို့တော့ မတွေးပါနဲ့။ တကယ်တမ်း မလွယ်ကူလှပါဘူး။ ဟိုအဖြူကောင် အဖြူမ တွေလည်း အဲ့လိုသွားနေတာပဲ မဟုတ်လား လို့ ချော်လည်း မတွေးပါနဲ့ဦး။ ကိုယ်တွေနဲ့ သူတို့ သဘောသဘာဝချင်းမတူတာတွေ အများကြီး ရှိပါသေးတယ်။


ပြီးတော့ အခု ကျွန်တော် ဝေမျှချင်တာကလည်း ကိုယ့်ကို စပွန်ဆာပေးမဲ့သူတွေ ဝိုင်းဝိုင်းလည်နေပြီး လေယာဉ်အလကားစီး၊ ဟိုတယ်အလကားနေ၊ စားသောက်ဆိုင်မှာအလကားစား၊ အဝတ်အထည်အလကားဝတ် ပြီး ခရီးတွေသွား ကြော်ငြာတွေ ထိုးပေးနေဖို့ မဟုတ်လှပါဘူး။ ဒီလို စပွန်ဆာတွေ ဝိုင်းနေဖို့ဆိုတာကလည်း လူတိုင်းဖြစ်နိုင်ဖို့ မလွယ်လှပါဘူး။ တလောက သတင်းတွေ ကြားနေရတဲ့ Instagram မှာ ပုံတစ်ပုံတင်ပေးလို့ ဒေါ်လာ ၁၀၀၀၀ ရတယ်ဆိုပေမဲ့ ခရီးသွားပြီး ပုံတင်နေသူတိုင်း ရနေတာ မဟုတ်ပါဘူး။ ဘယ်ခရီးသွားဘလော့ဂါကို ဘယ်ကုမ္ပဏီက ဘာကြီးစပွန်ဆာပေးတယ်၊ ဘာတွေလုပ်ပေးတယ် ဆိုပေမဲ့ ဒီအခွင့်အရေးမျိုးဆိုတာ အချိန်အခါနဲ့ အကျိုးအကြောင်း တိုက်ဆိုက်မှုရှိဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလိုဖြစ်လာဖို့ သူတို့မှာလည်း ရင်းနှီးပေးဆပ်ခဲ့ရတာတွေ အများကြီး ရှိပါတယ်။ ဒီလို နည်းလမ်းမျိုးနဲ့ ကမ္ဘာပတ်ရင်း ငွေရှာဖို့ကို မဆိုလိုပါဘူး။ ဒါပေမဲ့ နည်းလမ်းနောက်တစ်မျိုး တွေးကြည့်လို့ရပါသေးတယ်။ ခရီးသွားရင်း လုပ်လို့ရမဲ့ အလုပ်မျိုးတွေ လုပ်ရင်းကိုင်ရင်း ကမ္ဘာပတ်မယ်ဆိုရင်ရော???


ဒါ အများကြီးဖြစ်နိုင်တယ်။ အရင်တုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဒါမျိုးတွေးဖို့ သိပ်မဖြစ်နိုင်ခဲ့ပေမဲ့ ခုတော့ အတော်လေးနီးစပ်လာတဲ့ သဘော ရှိလာပါပြီ။ ယေဘုယျသဘော အကြံပြုလို့ရနိုင်တာက…


  1. မှန်ကန်တဲ့ အလုပ်အကိုင်အမျိုးအစားကို ရွေးချယ်ပြီး ကိုယ့်ရဲ့ အရည်အချင်း ပါရမီတွေကို အသုံးချခွင့်ရအောင် လုပ်ဆောင်ဖို့လိုပါတယ်။

  2. ဖြစ်နိုင်ရင် အောက်ခြေပိုင်းနဲ့ အလယ်အလတ်တန်း အချိန်ပြည့်အလုပ်ရနိုင်အောင် ကြိုးစားရပါမယ်။

  3. ကိုယ်တာဝန်ယူရမဲ့ ရာထူးတာဝန်နဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာဖို့ လိုအပ်သလို၊ ကိုယ့်ရဲ့အချိန်တွေကို ဘယ်လိုပေးအပ်ဖို့ လိုအပ်တာလဲ ဆိုတာမျိုးကို သေချာ သိရှိညှိနှိုင်းဖို့ လိုအပ်ပါတယ်။

  4. ကိုယ့်အပေါ် ယုံကြည်မှုရှိဖို့ လိုအပ်လို့ ဒါကို အဓိက တည်ဆောက်ယူရပါမယ်။ ရုံးတက်နေရသူအတွက် ဒီကိစ္စကို တည်ဆောက်ရတာ ပိုမိုလွယ်ကူပြီး အထောက်အပံ့ ကောင်းကောင်းလည်း ကိုယ့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဆီကနေ၊ ကိုယ့်အကြီးအကဲဆီကနေ ရနိုင်တဲ့အတွက် ယုံကြည်မှုက အထူးတည်ဆောက်နေစရာ မလိုအပ်တော့ပေမဲ့ ခရီးသွားရင်းအလုပ်လုပ်နေမဲ့သူအပေါ် ယုံကြည်မှုကတော့ ကိုယ့်ရှေ့မှာ ကိုယ့်ဘေးမှာ ရှိနေတဲ့သူက ပိုပြီး လျော့နည်းနေနိုင်လို့ပါ။

  5. ကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်း ကျယ်ကျယ်ပြန့်ပြန့်ရှိအောင် အားထုတ်ဖို့ လိုအပ်ပါတယ်။ ဒါကလည်း ခုနက ပြောတဲ့ ယုံကြည်မှုတည်ဆောက်တာနဲ့ ဆက်နွယ်ပြန်ပါတယ်။ မိတ်ဆွေကွန်ယက် ကျယ်ပြန့်လာတာနဲ့အမျှ၊ ကိုယ်တိုင်ကလည်း ယုံကြည်ဖွယ်ရာ စိတ်ချရသူဖြစ်လာရင် ကိုယ့်အတွက် အလုပ်တွေက အဆင်ပြေပြေ ရောက်လာတတ်ပါတယ်။

  6. ဖြစ်နိုင်သမျှ ဘာမျှော်လင့်ချက်မှ မထားဘဲ၊ ကိုယ်ကူညီနိုင်သလောက် ကိုယ့်မိတ်ဆွေတွေကို ကူညီလိုက်ပါ။ ဒီနည်းလမ်းကြောင့် မိတ်ဆွေအသိုင်းအဝိုင်း ကျယ်ပြန့်လာပြီး ကိုယ်မထင်မှတ်တဲ့အချိန် ကိုယ့်အပေါ် ကူညီသူတွေ ပေါ်လာတတ်ပါတယ်။ ဒါကတော့ ကံ ကံ၏အကျိုး ခေါ်မှာပေါ့နော်။

  7. ကိုယ့်နယ်ပယ်မှာ ကျွမ်းကျင်သူအဆင့်ဖြစ်အောင် အရင်လုပ်တာ ပိုကောင်းပါတယ်။


ဒါတွေ ပြည့်ဝနေပြီဆိုရင် ကိုယ်လုပ်ချင်တဲ့ ခရီးသွားရင်း အလုပ်လုပ်ဖို့ကိစ္စဆိုက မခဲယဉ်းတော့ပါဘူး။

ကမ္ဘာပတ်ရင်း ငွေရှာနိုင်မဲ့ အလုပ်အကိုင်တွေ ရှိပါတယ်။ အဲ့ဒါတွေက -


Video Animator / Editor

ဗီဒီယိုဂိမ်း၊ ကာတွန်းအန်နီမေးရှင်းဖန်တီးတာ၊ ဗီဒီယိုတည်းဖြတ်သူအဖြစ် လုပ်ဆောင်တာက ရုံးမှာ ထိုင်ပြီး လုပ်နေမှ ဖြစ်တာမဟုတ်တော့ ခရီးသွားရင်း လုပ်ဆောင်နိုင်တဲ့ အနေအထားပါ။ ကွန်ပျူတာ အမျိုးအစားမြင့်မြင့်နဲ့ ကောင်းကောင်းတော့ လိုအပ်ပါမယ်။ အင်တာနက်ဖိုး အကုန်အကျလည်း များကောင်းများနိုင်ပါတယ်။ မြန်နှုန်းကောင်းတဲ့ အင်တာနက်ရှိတဲ့ ဒေသတွေမှာ ရှိနေမှလည်း ပိုအဆင်ပြေတယ်ပေါ့လေ။


Digital Media Buyer

ဒါက လူတိုင်းနားလည်ဖို့ ခက်တဲ့ လုပ်ငန်းတစ်ခုပါ။ မီဒီယာအေဂျင်စီတွေလည်း ဒီမှာ အတော်များနေပြီမို့ နားလည်ပြီးသူတွေလည်း ရှိနေပါပြီ။ အင်တာနက်နဲ့ဆက်နွယ်ပြီး ကြော်ငြာထည့်သွင်းပေးတဲ့သူ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ၊ ဂူဂဲလ်ပေါ်မှာ စသဖြင့် ကြော်ငြာထိုးလိုသူတွေ ကိုယ်စား နေရာကောင်းတွေ ရှာဖွေ အကြံပေး ရောင်းဝယ်ပေးသူဖြစ်ပါတယ်။ ဒီအလုပ်လုပ်ကိုင်ရင်း ကမ္ဘာပတ်နေလို့ရတယ်။ ဝင်ငွေလည်း ရနေနိုင်တယ်။


SEO Specialist

ဒီအလုပ်လည်း အပေါ်က အလုပ်နဲ့ သဘောချင်းတူတယ်။ ကြော်ငြာလုပ်ငန်းနဲ့ဆက်နွယ်တဲ့လူတချို့အတွက် အတော်လေး အဆင်ပြေယဉ်ပါးပြီးသား ဖြစ်မယ်။ ဒါပေမဲ့ ဒီဂျစ်တယ်ပုံစံမို့ ကမ္ဘာ့စံနဲ့ သိဖို့ တတ်ဖို့ လိုအပ်လာတာတော့ ရှိတယ်။


UX Designer / Web Designer / Website Developer / Software Engineer / Mobile App Developer

ခရီးသွားရင်း ငွေရှာဖို့က လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလို့ တွေးကောင်းတွေးမိနေမယ်။ ဒါပေမဲ့ ဒီလို ဖန်တီးလုပ်ဆောင်နိုင်သူတွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိနေတယ်။ ဒီလို ဖုန်းဆော့ဖ်ဝဲ၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အင်တာနက်နဲ့ပတ်သက်လို့ UI UX ဒီဇိုင်းဖန်တီးလုပ်ဆောင်နိုင်သူတွေမှာလည်း ကမ္ဘာပတ်ရင်း ငွေဝင်နိုင်ဖို့ အခွင့်အလမ်းရှိတယ်။


Copywriter

စာရေးကောင်းသူတွေလည်း ကမ္ဘာပတ်ရင်း ငွေရှာနိုင်တယ်။ ဒါပေမဲ့ အနုပညာတစ်ဘက်တည်းချည်း ကြည့်မြင်လို့တော့ မရဘူး။ စီးပွားရေးဘက်ကိုလည်း အတွေးအမြင်ရှိမှ စီးပွားဖြစ် Copywriter ဖြစ်လာနိုင်တယ်။ ကြော်ငြာဆောင်းပါးတွေ၊ လက်ကမ်းစာစောင်မှာ ဖော်ပြတဲ့ အကြောင်းအရာတွေ စတာတွေကို ရေးသားကောင်းသူ ဖြစ်ဖို့ လိုအပ်ပါတယ်။


Content Developer

လူမှုကွန်ယက်တွေပေါ်မှာ ရေးသားဖော်ပြမဲ့ အကြောင်းအရာတွေကို ရေးသားဖန်တီးပေးသူတွေလည်း ကမ္ဘာပတ်ရင်း ငွေရှာနိုင်တဲ့သဘော ရှိပါတယ်။


ဒါတွေကတော့ အဖြစ်နိုင်ဆုံး အလုပ်အကိုင်အမျိုးအစားတွေပေါ့။ ခု ဆက်ပြီး ပြောပြပေးချင်တာက ဖြစ်တော့ဖြစ်နိုင်ပေမဲ့ စောစောက ပြောပြခဲ့သလောက်တော့ ငွေဝင်ဖို့ ရုန်းကန်ရနိုင်တဲ့ အလုပ်အမျိုးအစားတွေပါ။


ဓါတ်ပုံဆရာ - ကိုယ်ရိုက်ထားတဲ့ ပုံတွေကို ရောင်းချဖို့ ခက်ခဲတယ်။

သတင်းထောက် - ကိုယ့်သတင်းကို ရောင်းချဖို့ ခက်ခဲတယ်။

ခရီးသွားစာရေးဆရာ - ကိုယ့်ဆောင်းပါးကို ရောင်းချဖို့ ခက်ခဲတယ်။

အရောင်းသမား - အင်တာနက်အသုံးပြုဆောင်ရွက်ရတာမို့ လူချင်းတွေ့ပြီး ပြောဆိုချင်တာမျိုးနဲ့ အစည်းအဝေးတို့ ပွဲတက်ရမဲ့ ကိစ္စမျိုးတွေမှာ ခက်ခဲတယ်။

မားကက်တင်း - ဖြစ်နိုင်ပေမဲ့လည်း ခက်ခဲမှုတော့ ရှိတယ်။

ဘာသာစကားသင်ကြားသူ - ကိုယ်က သင်ကြားရေးစွမ်းရည် ပြည့်စုံပြီး လာသင်မဲ့သူရဲ့ ဘာသာစကားကို ကိုယ့်ရဲ့ ကျွမ်းကျင်မှုကလည်း စကားပြောတယ်။ အားလုံးထဲမှာတော့ အလုပ်အဖြစ်နိုင်ဆုံး အနေအထားရှိပါတယ်။

ကိုယ့်ရဲ့ ခရီးသွားဘလော့ဂ် မှာ ကြော်ငြာလက်ခံခြင်း - ကိုယ့် Blog ကို လူဘယ်လောက် ဝင်ခဲ့ပြီလဲ။ ကိုယ့်ရဲ့ Page ရဲ့ Follower အရေအတွက်။ ကိုယ့် Blog ကို နေ့စဉ် ဝင်ထွက်နေတဲ့သူ အရေအတွက်၊ ဒါတွေ အားလုံး ကောင်းနေမှ ဒီကိစ္စ စဉ်းစားလို့ရမယ်။ (ဖတ်ဖူးတဲ့သတ်မှတ်ချက်အရ တစ်လကို ကိုယ့် Blog လာကြည့်သူပေါင်း ၂,၀၀၀,၀၀၀ ဦးရေ အနည်းဆုံး ရှိနေမှ ကြော်ငြာရှင်တွေ စိတ်ဝင်စားတယ်တဲ့။)

Brand Ambassador - ဒါလည်း ကိုယ်က သိပ်အောင်မြင်နေဦးမှပေါ့။ အောင်မြင်သွားရင်တော့ ဖြစ်နိုင်တယ်။

Social Media Manager - ဖြစ်နိုင်တယ် ထင်ရပေမဲ့၊ ကိုယ့်ကိုအလုပ်အပ်ထားတဲ့ Page မှာ ပြဿနာတစ်ခုခု တက်နေပြီး အရေးပေါ် ဖြေရှင်းရမဲ့အချိန်၊ ကိုယ်ကလည်း ၁၄ နာရီကြာ ပျံရမဲ့ လေယာဉ်ပေါ်မှာ ရောက်နေချိန်များ တိုက်ဆိုင်သွားလို့ကတော့… အောင်မြင်စပြုနေတဲ့ နာမည်တောင် တစ်သက်ပြန်ဖော်ဖို့ အတော်ကြိုးစားရမဲ့ အခြေအနေဖြစ်သွားနိုင်တယ်။


ကိုယ်သွားချင်တဲ့ လမ်းတစ်ခုအတွက် ရင်းနှီးပေးဆပ်ရမှုကတော့ လူတိုင်းမှာ ရှိပါတယ်။ ကိစ္စရပ်တိုင်းက လွယ်လွယ်ဖြစ်လာတာ ရှားတယ်။ ကိုယ်က ခရီးသွားရင်း ငွေရှာနိုင်ဖို့အတွက် ကိုယ့်မှာ စွမ်းဆောင်ရည်တွေ ဖြည့်တင်းထားဖို့ လိုအပ်တယ်။ အပေါ်ကဖော်ပြပြီးခဲ့တဲ့ အချက်တွေပြည့်စုံအောင် အချိန်အတိုင်းအတာ တစ်ခုတော့ အရင် ပေးဆပ်ရင်းနှီးကြရဦးမယ်။ ဒါမှလည်း ကိုယ့်ရဲ့ ရွှေအိပ်မက် ကမ္ဘာပတ်ရင်း ပိုက်ဆံရှာဖို့ဆိုတာ ဖြစ်လာနိုင်မယ်လေ။ လူတိုင်းမက်ခွင့်ရှိတဲ့ အိပ်မက်တစ်ခုကို ရွှေရောင်ကွပ်ပေးထားတဲ့ ဒီရွှေအိပ်မက်ကို ကျွန်တော်လည်း မက်ချင်မိတယ်။ ဆန္ဒရှိသူတိုင်း တူတူမက်ဖို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။


အားလုံးပဲ အစဉ်အေးချမ်းလုံခြုံ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page