UAE နိုင်ငံထဲက Dubai (ဒူဘိုင်း) ဟာ ချစ်စရာကောင်းတဲ့ မြို့တစ်မြို့ပါပဲ။ Abu Dhabi (အဘူဒါဘီ) မြို့ကိုလည်း တချို့က လည်ပတ်ကြည့်ဖို့ ညွှန်းဆိုကြတယ်။ ကျွန်တော်လည်း နောက်များ အခွင့်အရေး ရဦးမယ်ဆိုရင်တော့ Emirates လေယာဉ်ကြီးစီးပြီး အဘူဒါဘီမြို့ကို သွားလည်ကြည့်ချင်ပါသေးတယ်။
အရင်တစ်ခေါက် Jumeirah ကမ်းခြေအကြောင်းရေးတော့ ဒူဘိုင်းမြို့ပေါ်မှာ လည်လို့ကောင်းတဲ့နေရာလေးတွေကို ဖော်ပြခဲ့သေးတယ်။ အဲဒီထဲက Dubai Museum သွားလည်တုန်းက အကြောင်းလေး ပြန်ဝေမျှချင်ပါတယ်။
ဒူဘိုင်းမြို့ဟာ ကျွန်တော့အတွက်တော့ နေပြည်တော်မှာ လည်နေသလို နေ့လည်ခင်း လူရော၊ ကားရော ရှင်းရှင်းမှာ တစ်နေရာနဲ့ တစ်နေရာရောက်ဖို့ လမ်းကောင်းကောင်းနဲ့ လမ်းအကျယ်ကြီးတွေပေါ် ဝေးဝေးလံလံ သွားနေရတယ်လို့ ခံစားမိလာတယ်။ Dubai Museum ကတော့ မြို့ထဲနေရာလောက်မှာ ရှိပုံပါပဲ။ ဘေးပတ်ဝန်းကျင်မှာ အဆောက်အဦးတွေ ခပ်စိတ်စိတ်တွေ့ရတယ်။ ဈေးဆိုင်တွေ ရှိတယ်။ လူသွားလူလာ နဲ့ ကားသွားကားလာ များတယ်။ လမ်းလေးတွေက ကျဉ်းသွားတယ်။
Dubai Museum ရဲ့ အဆောက်အဦးပုံစံက ထူးခြားတယ်။ အပြင်ပတ်လည်ကို ကျုံးတစ်ခုလို ကာရံထားပြိး ကျယ်ကျယ်ဝန်းဝန်းရှိပုံမပေါ်ပါဘူး။ စမြင်ခါစကတော့ အထဲမှာ ဘာမှ ရှိမဲ့ပုံမပေါ်ဘူးပဲ တွေးမိလိုက်တယ်။ ဝင်ပေါက်ရောက်တာနဲ့ ထူးခြားတဲ့ ဟိုးအရင်ခေတ်က မြို့ဝင်တံခါးပုံစံတွေနဲ့တင် လာရောက်လည်ပတ်သူတွေကို ဆွဲခေါ်သွားတော့တယ်။ ပြတိုက်ကို ဘယ်သူတွေက စတင်အကောင်အထည်ဖော်ဆောင်ရွက်တယ်။ ဘယ်သူတွေက ပြန်လည်ပြုပြင်တယ် စတာတွေကို ကမ္ဗည်းထိုးလို့ အဝင်ပေါက်ရှေ့က နံရံမှာ ချိတ်ဆွဲထားတယ်။ ညာဘက်ခြမ်းမှာ ဓါတ်ပုံတွေ ပြသချိတ်ဆွဲထားပြီး ဘယ်ဘက်ခြမ်းမှာတော့ လက်မှတ်အရောင်းဌာနရှိပါတယ်။
အထဲ စဝင်လိုက်တာနဲ့ သတိထားမိမှာက ကျုံးနံရံတွေအောက်က သဲတွေပေါ်မှာ ဒီအတိုင်း ပြသထားတယ် အရင်ခေတ်က အသုံးပြုခဲ့တဲ့ လှေမျိုးစုံပါ။ ရေလုပ်ငန်းကို အဓိက လုပ်ဆောင်ခဲ့တာကြောင့် လှေတွေကနေ ပြောင်းလဲလာတဲ့ ခေတ်အဆင့်ဆင့်ကို သုံးသပ်ကြည့်နိုင်တယ်။ လှေတွေကို အဝင်ရဲ့ ဘယ်ဘက်ခြမ်းမှာ ပြသထားတယ်။ ညာဘက်ခြမ်းမှာတော့ ရှေးခေတ် လူနေအိမ်ပုံစံကို ပြထားတယ်။ အာရပ်အမျိုးသမီးတွေ ကိုယ်တိုင် လူလုံးပြပြီး ဇာတ်ကောင်စရိုက်ကို ဖော်ပြနေကြတယ်။ ဒီလိုမျိုး အိမ်ရှေ့မှာ ထိုင်တယ်။ ဒီလိုမျိုး ဟင်းချက်ဆောင်၊ နားနေဆောင်နဲ့ နွေရာသီအိပ်တဲ့နေရာတွေ ရှိတယ်ဆိုတာမျိုး ပြသထားတယ်။ ဓါတ်ပုံကင်မရာနဲ့ ရိုက်ကူးတာကို တားမြစ်ထားပေမဲ့ တရုတ်အဖွဲ့တစ်ဖွဲ့က နားမလည်သလိုလို အတင်းရိုက်နေတော့တာပါပဲ။ ဒါနဲ့ ကျွန်တော်လည်း လွတ်မယ်ထင်တာလေးတွေ မှတ်တမ်း အမြန်တင်လိုက်တယ်။ အာရပ်အမျိုးသမီးကြီးတွေကတော့ သူတို့ကို တည့်တည့်ဓါတ်ပုံချိန်ရိုက်ရင် လက်ကာပြပြီး အတင်းမရိုက်ဖို့ပြောတတ်တယ်။ ခပ်ဝေးဝေးက ရိုက်ရင်တော့ သူတို့ ဘာမှ မပြောကြပါဘူး။
အဲ့ဒီကနေ ညာဘက်အတိုင်းဆက်သွားရင် ကျုံးနံရံထဲ ဝင်တဲ့အပေါက်တွေ့မယ်။ ဝင်ကြည့်လိုက်ရင် အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခု ရှိမယ်။ အဲ့ဒီကနေမှ ဆက်လာရင် ရှေးခေတ်လက်နက်တွေကို စုစည်းပြသထားတဲ့ မှန်ဗီဒိုကြီးတွေ တွေ့ရတယ်။ ဒါက ညာဘက်ခြမ်းမှာ ရှိတာ။ ဘယ်ဘက်ခြမ်းက လှေတွေရှိတဲ့ဘက် အပေါက်ထဲဝင်ရင်တော့ ထူးခြားစွာပဲ မြေအောက်ကို ဆင်းတဲ့ လှေကားတစ်ခု ရှိနေတယ်။ အဲ့ဒီကနေမှ မြေအောက်ကို ဆင်းသွားရပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ အနုပညာလက်ရာတွေကို မြင်ရတော့တာပါပဲ။ အောက်ထပ်မှာ အလင်းနည်းနည်းပဲ ပေးထားတယ်။ သူ့ပြကွက်နဲ့သူ အခန်းငယ်လေးတွေနဲ့ ကိုယ်တကယ် ရောက်သွားသလို ခံစားရအောင် အလင်းအမှောင်၊ နည်းပညာ၊ အနုပညာတွေနဲ့ လူကို ဖမ်းစားထားတယ်။ ကောင်းလိုက်တဲ့ ပြတိုက်ကြီးပါလားလို့ အဲ့အခါကျမှ ကျွန်တော်တွေးမိတယ်။
ပြကွက်တစ်ကွက်ချင်းဆီက သူတို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အခြေအနေကို ထင်ဟပ်ပြသနေတယ်။ ဆိုပါတော့ ဒန်အိုးလုပ်ငန်းတစ်ခုဆိုရင် ကိုယ်ကိုယ်တိုင် အဲ့ဒီ ဒန်အိုးလုပ်နေတဲ့ ရောင်းနေတဲ့ ဆိုင်ကို ရောက်သွားတယ်ခံစားရအောင် အိုးတွေကို ဈေးမှာခင်းသလို ခင်းပြထားတယ်။ နောက်မှာ ဗီဒီယိုပြနေတယ်။ ဗီဒီယိုထဲမှာ လူတစ်ယောက်က ဒန်အိုးလုပ်ဖို့ ထုရိုက်ပုံသွင်းနေတယ်။ တကယ့်လူက လုပ်နေတာလား၊ ဗီဒီယိုလားဆိုတာ အတော်ပြန်ကြည့်ယူရတယ်။ ဘာသာရေးကျောင်းတက်နေတဲ့ ကလေးငယ်တွေ အခန်းဆိုလည်း အဲ့လိုပဲ။ ကလေးတွေ စာအံနေတယ်။ သီချင်းဆိုနေတယ်။ အဲ့ဒီအသံတွေကို လွှင့်ပေးထားတယ်။ မသိရင် တကယ် ဆိုနေ အံနေသလိုပဲ။ တစ်ယောက်တည်းသာ အဲ့ဒီထဲ လျှောက်သွားရရင် ကျွန်တော် လိပ်ပြာလွင့်သွားမလားဘဲ။ ဖယောင်းရုပ်တုတွေက အသက်ဝင်လွန်းနေတယ်။ တိရစ္ဆာန်လေးတွေကအစ အသက်ဝင်နေတာ။ ပညာပေးပုံလေးတွေလည်း ကောင်းတယ်။ ပြကွက်တစ်ခုချင်းဆီက ပျင်းစရာ မကောင်းဘဲ စိတ်ဝင်စားစရာကောင်းနေအောင် နည်းပညာပိုင်းနဲ့ကို ခေတ်မီမီ ပံ့ပိုးပေးထားတယ်။
ပြတိုက်တစ်ခုလုံးကို သေချာကြည့်မယ်ဆိုရင်တော့ အချိန် တစ်နာရီထက် ပိုမကုန်ပါဘူး။ မြေအောက်ထဲက ထူးခြားတဲ့ ဒူဘိုင်းပြတိုက်ကတော့ ကျွန်တော့ကို အတော်လေး စိတ်လှုပ်ရှားစေတယ်။ သူတို့နိုင်ငံအကြောင်း အကြမ်းဖျဉ်းကို မှတ်မိနေလောက်အောင် ပြကွက်တွေကို နည်းပညာအကူအညီနဲ့ စွဲဆောင်ဖန်တီးထားချက်က လေးစားလောက်တယ်။ ဒူဘိုင်း ရောက်ရင်တော့ ဒီနေရာလေးလည်း မဖြစ်မနေ လည်ပတ်ခဲ့ဦး စာရှု့သူရေ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comments