top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Passport သက်တမ်း ပျော်ပျော်တိုးကြမယ်

Writer's picture: Thiha Lu LinThiha Lu Lin

ရီချင်စရာပါ။ ကိုယ်တွေဘဝက ပတ်စပို့ရုံး သွားဖို့ကို ဘယ်လိုတွေးတွေးပြီး စိတ်ညစ်နေရသလဲ ဆိုတာ သူများ သွားပြောပြရင်တောင် ရီနေကြမလားမသိပါဘူး။

ပတ်စပို့ရုံးရှေ့က ဖြတ်သွားတိုင်း မြင်ရတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ငါ့ ပတ်စပို့ သက်တမ်းတိုးတဲ့အခါ အရမ်းဒုက္ခများမလားဆိုပြီး တွေးပူနေကြတယ်။ ကျွန်တော်အပါအဝင်ပေါ့။


ဒီနေ့တော့ ကျွန်တော် ပတ်စပို့ရုံးကို အားတင်းပြီး သွားပစ်လိုက်တယ်။ ရောက်သွားတော့လည်း စိတ်ထဲ ထင်နေသလို မဟုတ်ဘဲ။ အများကြီး လွယ်ကူ အဆင်ပြေနေပါတယ်။ စကားမစပ် ကျွန်တော် ဒီနေ့ ဘယ်အေးဂျင့်၊ ဘယ်ပွဲစား၊ ဘယ် တာဝန်ရှိသူရဲ့ဘာညာသာရကာ အကူအညီတောင်းတာ တစ်ခုမှ မရှိဘဲ အေးဆေး လုပ်ဆောင်နိုင်ခဲ့တယ်။ အဲ့အတွက် အချိန်အားဖြင့် ၂ နာရီလောက်တော့ ပေးလိုက်ရတယ်။ ဒါပေမဲ့ အစစ အဆင်ပြေပါတယ်။ အဲ့ဒီ ၂ နာရီသည်လည်း တကယ်တမ်း တခြားသူအပ်လည်း အကုန် လိုက်လုပ်ရမဲ့ ကိစ္စတွေပဲမို့ အတူတူပဲလို့ ဆိုပါရစေ။ အချိန်နည်းနည်း တိုသွားတာပဲ ရှိမယ်ပေါ့။ ကဲ လိုအပ်တာလေးတွေ ကြည့်ရအောင်

ပတ်စပို့ သက်တမ်းတိုးမယ်ဆိုရင် ဘာတွေ ကြိုပြင်ထားရမလဲ?

သက်တမ်းတိုးတော့မယ်ဆိုရင် ဒါတွေ ကြိုပြင်ထားရင် တကယ်သွားလုပ်တဲ့နေ့ အလုပ်မရှုပ်တော့ဘူးပေါ့။

  • ပတ်စပို့ရဲ့ ကိုယ့်ဓါတ်ပုံနဲ့ အချက်အလက် ပါတဲ့ စာမျက်နှာ မိတ္တူ (၂) စုံ

  • မှတ်ပုံတင် မိတ္တူ (၂) စုံ

  • အိမ်ထောင်စုစာရင်း မိတ္တူ (၂) စုံ

*** တကယ်က (၂) စုံ သာ ဆိုပါတယ်။ ကျွန်တော်တော့ တစ်စုံပဲ လိုအပ်ခဲ့ပါတယ်။ ဘာကြောင့် (၂) စုံဆိုပြီး ရှေ့ကလူတွေ ပြောနေလဲ သိပ်နားမလည်ဘူး။ ဒါပေမဲ့ ပိုသွားရင်လည်း နောက်အသုံးတည့်တာမို့ သိပ်အထွန့်မတက်တော့ပါဘူး။

ပတ်စပို့ရုံး ဆီ…

ကဲ ပတ်စပို့ရုံးရောက်ပါပြီ။ အထဲဝင်ဖို့ တန်းမစီတတ်တဲ့ မြန်မာလူမျိုး စစ်စစ်တွေကို မြင်ရပါမယ်။ ထုံးစံအတိုင်း နယ်က လူတွေများပါတယ်။ သနားလည်း သနားမိတယ်။ သူတို့ကို ဖြတ်ကျော်ဖို့က လွယ်ပါတယ်။ ပတ်စပို့ သက်တမ်းတိုး လို့ပြောရင် ဒီလူအုပ်ကြီးကို ကျော်လွှားရ လွယ်သွားတယ်။ ကျွန်တော် ဒီနေ့ ပတ်စပို့ရုံး ရောက်တဲ့အချိန်က နေ့ခင်း ၁၁ နာရီ ပါ။ လူအုပ်ကြီးက များသောအားဖြင့် တစ်ခုခုကို စိုးရွံ့စိတ်များနေလို့ အချက်အလက်ကို သေချာ ပြင်ဆင်နေရတဲ့သူများတဲ့အတွက် သူတို့ကို အာရုံမထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ် သွားရုံပါပဲ။ အထဲကို ဝင်ဖို့ စစ်ဆေးရေးဂိတ်ကို ဖြတ်ကြရတာပါ။ အရင်ဆုံး ရှေ့မှာ ရဲ တစ်ယောက်က စစ်ပါတယ်။ သက်တမ်းတိုးသူ က သက်တမ်းတိုးဆိုလိုက်တာနဲ့ ဘာမှ မစစ်ဘဲ လွှတ်လိုက်ပါလိမ့်မယ်။ အိတ်တွေ ပါလာရင်တော့ လေဆိပ်က အိတ်တွေစစ်တဲ့ စက်ကြီးထဲ ထည့်ပြီး အစစ်ခံရတယ်။ အဲ့ဒါပြီးတာနဲ့ နောက်ထပ် ရဲ တစ်ယောက်က ကွန်ပျူတာနဲ့ ဓါတ်ပုံမှတ်တမ်းတင်တယ်။ မှတ်ပုံတင်ကို Scan ဖတ်တယ်။ ပြီးရင် အထဲဝင်ရတယ်။

ဖောင်ဖြည့်ဖို့ လိုပါတယ်။

အသစ်လျှောက်တဲ့သူရော၊ သက်တမ်းတိုးရော ဖောင်ဖြည့်ဖို့ လိုပါတယ်။ ဖောင်တွေကို ဝင်ဝင်ချင်းမှာ စားပွဲတစ်လုံးနဲ့ တာဝန်ရှိသူ နှစ်ယောက်က အခမဲ့ ပေးနေပါတယ်။ ကိုယ်က သွားယူပြီး ဖြည့်ရုံပါပဲ။ လွယ်ပါတယ်။ တစ်ခုပဲ ရှုပ်နေတာက အဖေဘက်က အမျိုးနာမည် နဲ့တော်စပ်ပုံ၊ အမေဘက်က အမျိုးနာမည်နဲ့ တော်စပ်ပုံ ကို မဖြစ်မနေ ထည့်ခိုင်းတဲ့ကိစ္စပါ။ အဲ့ဒါကို ဟိုးနောက်ဆုံးအဆင့်မှ ကြုံပါတယ်။ အဲ့ဒီ ရဲ က ကျွန်တော့်ကို ဘယ်လိုပြောသလဲဆို… အပြင်ထွက်ပြီး ပြန်ဖြည့်ခဲ့ပါတဲ့။ ကျွန်တော်လည်း စိတ်တိုပြီး ပြောလိုက်တယ်။ ဘာလို့ မဖြစ်မနေ ဖြည့်ဖို့လိုအပ်တာလဲ? အဖေ့ဘက်က အမျိုးတွေဆိုတာ လွန်ကုန်တာ အတော်ကြာနေပြီဆိုတော့မှ တစ်ဦးနာမည်တော့ပြောဆိုပြီး အတင်းမေးလို့ လိုက်ဖြည့်တယ်။ တကယ်ကို အူကြောင်ကြား ကိစ္စရပ်တွေပါ။ ဒါမျိုး မကြုံရအောင် ကြိုတင်စဉ်းစား ဖြည့်သွင်းထားလိုက်ပါ။

သက်တမ်းတိုးတွေ လ.ဝ.က စစ်ဖို့ နံပါတ် (၁) လိုင်းမှာ တန်းစီပါ။

သက်တမ်းတိုးလျှောက်တဲ့သူတွေက နံပါတ် (၁) လိုင်းမှာ တန်းစီရတယ်။ အသစ်လျှောက်တဲ့သူတွေက တခြားကောင်တာတွေမှာ ကြောက်ခမန်းလိလိ တန်းစီနေကြချိန်၊ ကိုယ်တွေက သာသာယာယာ ရှိပါတယ်။ ထုံးစံအတိုင်း ပွဲစားတွေ၊ အထဲအပြင်ပေါင်းရိုက်တွေ ရှိနေရင်တော့ သူတို့က ကိုယ့်ရှေ့ဖြတ်ဝင်တာလေးတွေ သည်းခံရပါတယ်။ ဒါပေမဲ့ အတော်လေး အဆင်ပြေပြေ တန်းစီရပါတယ်။ သိပ်လည်း မကြာလှပါဘူး။


တစ်ခု သတိပြုရမှာက သက်တမ်းတိုးလျှောက်သူတွေက အရင် တခြားနိုင်ငံတွေမှာ လုပ်ဖူးခဲ့ရင်တော့ ဒီ နံပါတ် (၁) လိုင်းမှာ တန်းစီလို့ မရပါဘူး။ သူ့လိုင်းက သက်သက်ရှိပါတယ်။ ဥပမာ မလေးက သံရုံးမှာ တိုးခဲ့တာ ရှိခဲ့တယ်ဆိုပါတော့ ခု ဒီမှာ တိုးမယ်ဆိုရင် ဒီဘက်လိုင်းနဲ့ မဆိုင်ဘူး။ သူက အရင်အချက်အလက်အဟောင်းတွေကို ကွန်ပျူတာထဲ ပြန်တိုက်တာကိုး။


လ.ဝ.က ဆီမှာ ခုနက ကိုယ့်ဖြည့်ထားတဲ့ ဖောင်ရယ်၊ အိမ်ထောင်စုစာရင်း မိတ္တူ တစ်စုံ၊ မှတ်ပုံတင် မိတ္တူ တစ်စုံ၊ ပတ်စပို့ ဓါတ်ပုံနဲ့အချက်အလက်ပါတဲ့ စာမျက်နှာ မိတ္တူ တစ်စုံ ကို ပတ်စပို့ မူရင်း၊ မှတ်ပုံတင် မူရင်းတို့နဲ့ တင်ပြရတယ်။ သူတို့က ကွန်ပျူတာ အချက်အလက်တိုက်စစ်ပြီး ပိုက်ဆံ ၃,၀၀၀ ကျပ် ကောက်ခံမယ်။ အဲ့ဒီမှာ ဘယ်ဘက် လက်မ ကို Scan ဖတ်မယ်။ ပြီးတာနဲ့ ကိုယ့်နာမည်၊ မှတ်ပုံတင် နံပါတ်နဲ့ စာရွက်တစ်ရွက်ထုတ်ပေးလိမ့်မယ်။ အဲ့ဒီ စာရွက်က နာမည် နဲ့ မှတ်ပုံတင်အမှတ် မှန်၊ မမှန် သေချာ စစ်ပါ။ မဟုတ်ရင် ဒီကို ပြန်လာရပါလိမ့်မယ်။ လက်မ Scan ဖတ်တဲ့အခါလည်း သေချာ လုပ်ဆောင်ပါ။ ဟိုးအထဲရောက်မှ မထင်ရှားဘူးဆိုရင် တစ်ခါ ပြန်ဆင်းလာပြီး လုပ်ရပါဦးမယ်။

လ.ဝ.က ပြီးရင် ရဲ စစ်မယ်။

လ.ဝ.က က ပေးတဲ့ စာရွက်ပိုင်းလေးကို ယူပြီး ရုံးထဲ ဆက်ဝင်ပါ။ ပထမဆုံး ညာဘက်ခြမ်းမှာ မြင်ရမဲ့ ရဲတွေ ရှိတဲ့ မှန်ကောင်တာလေးတွေမှာ ထပ် တန်းစီ ရပါမယ်။ အဲ့ဒီမှာ ရဲတွေက မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်း မူရင်းတွေ တိုက်စစ်ပါမယ်။ ပြီးတော့ သူတို့ တစ်ခုခု မေးပါလိမ့်မယ်။ ဥပမာ - မွေးနေ့ က ဘာလဲ၊ နာမည်က ဘာလဲ၊ အဖေ နာမည်က ဘာလဲ၊ အိမ်လိပ်စာ က ဘာလဲ၊ စသဖြင့်ပေါ့။ သူတို့ မေးတာ ကောင်းကောင်း ဖြေပါ။ ဒီလို လွယ်လွယ် မေးလို့ ဆိုပြီး ရစ်တယ် မထင်ပါနဲ့၊ တကယ် အကြောင်းရှိလို့ တာဝန်အရ မေးတာပါ။ ရဲ က စစ်မေးလို့ အဆင်ပြေရင် လ.ဝ.က က ပေးတဲ့ စာရွက်လေးပေါ် တုံးထုပေးလိုက်ပါလိမ့်မယ်။

ရဲ စစ်ပြီးရင် ဘဏ်မှာ ငွေသွင်းမယ်။

ရဲ ကိစ္စပြီးတာ နဲ့ ဘဏ်မှာ ငွေသွင်းဖို့အတွက်က နည်းနည်းဆက်သွားလိုက်ရုံပါပဲ။ မှန်ကောင်တာ နဲ့ ငွေသွင်းရန် ဆိုပြီး ရေးထားမယ်။ အဲ့ဒီမှာ ကျသင့်ငွေ ၂၅,၀၀၀ ကျပ် ကို ခုနက စာရွက်ပိုင်းလေး (အဲ့ဒီတစ်ခုပဲ လိုပါတယ်) နဲ့ ပေးလိုက်ရုံပါပဲ။ ကွန်ပျူတာထဲ စာရင်းသွင်းပြီးတာနဲ့ စာရွက်ပိုင်းလေး ပြန်ပေးပါလိမ့်မယ်။

စာရွက်စာတမ်းတွေ အပ်ရင်း ဓါတ်ပုံအရိုက်ခံမယ်။

ဒါပြီးရင် နောက်ဆုံးအဆင့်ကတော့ ခုနက မိတ္တူတွေဆွဲထားသမျှ တစ်စုံ ရယ်၊ ဖြည့်ထားတဲ့ ဖောင်ရယ်၊ ပတ်စပို့စာအုပ်ရယ် ယူပြီး ဓါတ်ပုံရိုက်တဲ့ အခန်းငယ်လေးတွေရှေ့ တန်းစီရုံပါပဲ။ အောက်ထပ်မှာလည်း ရှိသလို၊ အပေါ်ထပ်မှာလည်း ရှိပါတယ်။ အခန်းအတော်များများ ရှိလို့ အဆင်ပြေပါတယ်။ တစ်ခန်းစီမှာ ဓါတ်ပုံစတူဒီယိုအသေး တစ်ခုဆီလည်း ရှိပါတယ်။ တစ်ခုပဲ အချက်အလက်ပြင်ဆင်သူများသာ ဆိုတဲ့ အခန်းရှေ့တော့ တန်းသွားမစီနဲ့ပေါ့။ သူက မှားဖြည့်ပြီး ပြန်ပြင် တန်းစီသူတွေအတွက် သီးသန့် ရည်ရွယ်ပုံပါပဲ။ ကိုယ့်အလှည့်ရောက်တာနဲ့ ရဲတစ်ဦးက စာရွက်စာတမ်းတွေ တိုက်စစ်မယ်။ ဖြည့်ထားတာ လိုအပ်မှု ရှိ၊ မရှိ စစ်မယ်။ အိမ်ထောင်စု စာရင်း မူရင်း နဲ့ မှတ်ပုံတင် မူရင်းတွေ တောင်းစစ်မယ်။ ဒီမှာ မှတ်ပုံတင်ကို ဓါတ်မီးတွေနဲ့ပါ ထိုးပြီး ပြင်တာဆင်တာ လုပ်ထားလားဆိုတာ အသည်းအသန်ကြည့်တာပါ။ သူတို့ အဆင်ပြေရင် ဓါတ်ပုံရိုက်ခံဖို့ ထိုင်ခုံမှာ ထိုင်ရတယ်။ ဓါတ်ပုံရိုက်တယ်။ ပြီးရင် ဘယ်ညာ လက်မ နှစ်ချောင်း ကို တစ်ပြိုင်တည်း စက်ပေါ်တင် Scan ဖတ်တယ်။ ပြီးရင် ညာဘက်က ကျန်တဲ့ လက်ချောင်း လေးချောင်း ပြီးတော့ ဘယ်ဘက်က လက်ချောင်း လေးချောင်း ဖတ်တယ်။ ပြီးတာနဲ့ မျက်စိ ကို Scan ဖတ်တယ်။ ဒီအလုပ်တွေကြောင့် ဘယ်သူမဆို မဖြစ်မနေ ရုံးကို လာကြရတာ ဖြစ်ပါတယ်။ အေးဂျင့်ရော၊ ပွဲစားရော၊ တခြားတာဝန်ရှိသူတွေရော ဘယ်သူမှ မကူနိုင်ဘူး။ လူကို နည်းနည်းကျော်ပေးတာပဲ လုပ်ပေးနိုင်မှာပါ။ ဒါပြီးတာနဲ့ ချလံဖြတ်ပိုင်းလေး ပေးပါမယ်။ ကိုယ့်ပုံနဲ့ ထွက်လာပြီး အဲ့ဒီစာရွက်မှာ ဘယ်နေ့ လာပြန်လို့ စာအုပ်ထုတ်ရမယ် ဆိုတာ ပါပါတယ်။ ဆယ်ရက် တိတိ ပုံမှန်အချိန်ယူပါတယ်။

ဘယ်လို ဝတ်သွားရမလဲ?

အဝတ်အစားအတွက် သိပ်မစဉ်းစားပါနဲ့။ အားလုံးအဆင်ပြေသလို ဝတ်စားသွားကြပါတယ်။ ယောကျ်ားလေးအတွက် ရှပ်အင်္ကျီ ဒါမှမဟုတ် စပို့ရှပ် က အဆင်ပြေတယ်။ အောက်က ဝတ်ချင်သလိုဝတ်သွား ရတယ်။

ကိုယ်တွေ့ မှတ်ပုံတင်ပြဿနာ

ခုနက ပြောသလို ရဲတွေ မေးခွန်းမေးတာကို ရစ်တယ် မထင်နဲ့ဆိုတာလေ။ ကျွန်တော့်ရှေ့မှာတင် ဖြစ်သွားတယ်။ အမျိုးသမီးတစ်ယောက် မှတ်ပုံတင်ကို တစ်ခုခု ခွာပြီး ပြန်ကပ်ထားတယ်လို့ ဓါတ်ပုံခန်းထဲက ရဲက သံသယရှိသွားတယ်။ အသေစစ်တယ်။ နောက်ဆုံး သူ့ကို တခြားတစ်နေရာခေါ်သွားပြီးကို စစ်တယ်၊ ဆေးတယ်။ အဲ့ဒီမှာ အချိန်တွေကြာတာ ကြာတာ ဆိုတာလေ။ အဲ့ဒီ ပြဿနာသာ မရှိရင် အတော်လေး စောပြီးမှာကို အဲ့ဒီအမျိုးသမီးမွှေတာနဲ့ နည်းနည်းနောက်ကျသွားတယ်။

ကုန်ကျစရိတ်

လ.ဝ.က ကောင်တာမှာ - ၃,၀၀၀ ကျပ်

ဘဏ် သွင်း - ၂၅,၀၀၀ ကျပ်

ဓါတ်ပုံရိုက်ခန်း ပေးရငွေ - ၃,၀၀၀ ကျပ် (တချို့လည်း ၅,၀၀၀ ကျပ် ပေးရတတ်)

စာအုပ်ပြန်ထုတ်ရက် ပေးရငွေ - ၅,၀၀၀ ကျပ် (တချို့လည်း ၃,၀၀၀ ကျပ်ပဲ ပေးရ၊ စာအုပ်အဖုံးဖိုးဟုပြော)

----------------------------------------------------

စုစုပေါင်း - ၃,၆၀၀၀ ကျပ်

ဒါပဲ ကုန်တယ်ဆို။

[ **** တချို့လည်း နောက်ဆုံး ဓါတ်ပုံရိုက်တဲ့အခန်းမှာ ငွေ ၃,၀၀၀ - ၅,၀၀၀ ကျပ် စသဖြင့် အစားစား ပေးရတယ်ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ငွေပမာဏ ကွာခြားနေတဲ့အတွက် သတ်မှတ်ချက်ဘယ်လိုရှိသလဲ ဆိုတာ သက်ဆိုင်ရာပဲ သိမှာပါ။ ကျွန်တော့်တုန်းက ကျွန်တော့်ရှေ့က လူတွေ ပေးတာ မတွေ့မိသလို၊ ကျွန်တော်လည်း မပေးလိုက်မိပါဘူး။ နောက်ထပ်သိရတာက စာအုပ်သွားထုတ်တဲ့အခါ ငွေ ၅,၀၀၀ ကျပ် တောင်းပြန်တယ်လို့ ဆိုပါတယ်။ တချို့လည်း ၃,၀၀၀ ကျပ်ပဲလို့ပြောတယ်။ ကျွန်တော့်တုန်းက ၅,၀၀၀ ကျပ် ပေးလိုက်ရတယ်။ စာအုပ်အဖုံးဖိုးလို့ ပြောတောင်းပါတယ်။ တချို့လည်း စာအုပ်ဖုံး ဝယ်ထားပြီးသား မပေးနိုင်ဘူးဆိုပြီး မပေးခဲ့ဘူးလို့လည်း သိရပါတယ်။]


စာအုပ်ပြန်ထုတ်မဲ့နေ့

စာအုပ်အသစ်ပြန်ထုတ်မဲ့ရက်ကို ၁၀ ရက်အကြာမှာ ချိန်းလေ့ရှိပါတယ်။ စာအုပ်ထုတ်တဲ့အခါ အဝင်ဝမှာတော့ ပေးထားတဲ့ စလစ်စာရွက် နဲ့ မှတ်ပုံတင် ကို ပြပြီး ဝင်ပါ။ စစ်ဆေးစာရင်းသွင်းကောင်တာမှာ စာအုပ်လျှောက်တုန်းကအတိုင်းပဲ မှတ်ပုံတင်ကို Scan ဖတ်၊ လူမျက်နှာ ဓါတ်ပုံရိုက်စာရင်းပေးပြီး ဝင်ပါ။ နံပါတ် (၁) လမ်းကြောင်းနဲ့ ကပ်လျက်က စာအုပ်ထုတ်သူများ တန်းစီရန်ဆိုတဲ့ နေရာကျယ်ကြီးကနေ လ.ဝ.က ဝင်စရာမလိုဘဲ တန်းဝင်သွားပါ။ အပေါက်ဝ က ရဲတစ်ယောက်ကို စလစ် နဲ့ မှတ်ပုံတင် ထပ်ပြပါ။ ပြီးရင် ဒုတိယထပ် ကို တက်သွားရုံပါပဲ။ အဲ့ဒီမှာ စာအုပ်ထုတ်တဲ့ ကောင်တာ ကို စာကပ်ထားတယ်။ အဲ့ဒီက တာဝန်ကျသူထံမှာ စလစ် ကို တင်ပါ။ သူက ကွန်ပျူတာနဲ့ ဘားကုတ်ကို ဖတ်ပြီး သိမ်းပါမယ်။ ပြီးရင် နာမည်ခေါ်ပြီး စာအုပ်ပေးပါတယ်။ အကယ်လို့ ကိုယ့်စာအုပ်မှာ မရှင်းလင်းတာ ရှိခဲ့ရင် ကိုယ့်စလစ်ကို စိစစ်ရန် ဆိုပြီး တံဆိပ်တုံးထုပေးလိုက်ပါတယ်။ အဲ့ဒီ စလစ်စာရွက်ကို ကိုင်ပြီး ရှေ့ မျက်နှာချင်းဆိုင်က စားပွဲခုံနှစ်ခုံ က တာဝန်ရှိသူတွေဆီ သွားပြရပါတယ်။ သူတို့က ကိုယ့်စာအုပ် ဘာဖြစ်လို့ ဟိုဘက်မှာ ထုတ်မရလဲ ဆိုတာ အဖြေရှာ ဖြေရှင်းပေးပြီး လိုအပ်တာကို တောင်းဆိုပါမယ်။ သူတို့ လိုအပ်တာ ပြပေးလိုက်ရင် စာအုပ်သွားရှာပြီး ပေးပါတယ်။ တစ်ဦးနဲ့ တစ်ဦး ဖြစ်ပုံချင်းတော့ ကွာနိုင်ပါတယ်။


ဘယ်ရက် ဘယ်အချိန် သွားတာ လူနည်းနိုင်သလဲ

ဒါက အတိအကျတော့ ပြောရခက်တယ်။ ခုတလောတော့ တနင်္လာနေ့ နဲ့ သောကြာနေ့လို နေ့တွေ လူအရမ်းပါးနေတယ်။ တချို့လည်း မနက်စောစော သွားတာ ကောင်းတယ် ပြောတယ်။ ကျွန်တော်ကတော့ ၁၀ နာရီ ၁၁ နာရီလောက်မှ သွားတယ်။ အဲ့ဒါလည်း အဆင်ပြေနေတာပါပဲ။ အခြေအနေကတော့ အမြဲတသတ်မှတ်တည်းတော့ မှတ်လို့မရဘူးပေါ့။

လူအုပ်ကြီးကို မကြောက်ပါနဲ့။ ပျော်ပျော်ကြီး တန်းစီပါ။

အမှန်ပြောရရင် ကျွန်တော်လည်း တန်းမစီချင်ပါဘူး။ ဘာညာလေး လှည့်ကွက်သုံးလိုက်ရင် မြန်မယ်ဆိုတာ သိပေမဲ့ လူရှေ့မှာ ဖြတ်ကျော်တက်ပြီး တန်းစီနေတဲ့ လူတွေကို အားမနာတဲ့မျက်နှာပုံစံနဲ့လည်း မနေရဲဘူး။ ကိုယ်တိုင် တန်းစီကြည့်တဲ့အခါ ကိုယ့်ကို အလုပ်ခံရတော့ လူက တင်းလာသလို၊ ကိုယ်လုပ်ခဲ့ရင်လည်း သူများတွေ ဘယ်လို ဒေါသထွက်မလဲ တွေးမိရင်း ကြက်သီးထတယ်။ အဲ့ဒီအတွက် ငါ အမှန်ဆုံး လုပ်နိုင်တယ်လို့ ဂုဏ်ယူမိနေတာပါပဲ။ လာဘ်ပေးတာမျိုး မလုပ်ခဲ့တဲ့အတွက်လည်း လိပ်ပြာလုံတယ်။ အပိုကုန်ကျတာ မရှိဘဲ အချိန် ၂ နာရီလောက်အတွင်း (ကျွန်တော့်ကို ဘုရား မ တာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ) မြန်မြန်ဆန်ဆန် ပြီးစီးသွားစေတော့ တခြားသူတွေကိုလည်း အားပေးချင်တယ်။ အချိန်က ဘယ်လိုပဲ ဖြစ်ဖြစ် ကုန်မှာပဲ။ လူကိုယ်တိုင်လိုက်ရတယ်။ တချို့နေရာမှာ ကျော်ချတာ အားမနာတမ်း လုပ်ရတာမို့ ရှက်စရာကြီးဖြစ်နေရတာပဲ ပိုလာမယ်။ ဒါကြောင့် ပျော်ပျော်ပဲ တန်းစီလိုက်ပါ။ ဖေ့စ်ဘွတ်လေး သုံး၊ ဂိမ်းလေးဆော့ရင်း ခဏလေး အချိန်ကုန်သွားပါလိမ့်မယ်လို့ အားပေးချင်ပါတယ်။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comentarios


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page