ချောင်းသာ ကမ်းခြေဟာ ရန်ကုန်မြို့နဲ့ အနီးဆုံး ကမ်းခြေတွေထဲက တစ်ခုပေါ့။ လူစည်ကားတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး တည်းခိုနေထိုင်စရာ ရွေးချယ်ဖို့ ပေါများတယ်။ ပင်လယ်စာ အချက်အပြုတ်တွေ စားကောင်းပြီး ဈေးချိုတယ်။ လွယ်လွယ်ကူကူ ရန်ကုန်မြို့ကနေ သွားရောက်နိုင်ပြီး စရိတ်စက သက်သက်သာသာ နဲ့ အပန်းဖြေနိုင်တဲ့နေရာတစ်ခုလို့ ဆိုရပါမယ်။
ပင်လယ်ကမ်းခြေနဲ့ အနီးဆုံးမှာ တည်းခိုမယ်
ဒါတော့ ငွေရှိမှ ဖြစ်မှာပေါ့လို့ မပြောရဘူးနော်။ ဆိုလိုချင်တာက အမြဲမဟုတ်တောင် တခါတလေတော့ ပင်လယ်အလှကို မြင်ရတဲ့ အခန်းလေးက တည်းခို ကြည်နူးစေချင်ပါတယ်။ တစ်ခန်းကို တစ်ည သိန်းဂဏန်းပေးရတတ်တဲ့အထိ ဈေးရှိပေမဲ့ သူငယ်ချင်းများများနဲ့ စုနေတာမျိုးဆို ဈေးသက်သက်သာသာ ဖြစ်လာနိုင်ပြီး ပင်လယ်အလှကိုလည်း ခံစားနိုင်ဦးမယ်လို့ အကြံပြုချင်ပါတယ်။ ပင်လယ်သံကို နားထောင်ပြီး အိပ်စက်ရတာဟာ တကယ်ကို ဖော်မပြတတ်တဲ့ ကျေနပ်စရာ ခံစားမှုမျိုး ပေးစွမ်းနိုင်တယ်လို့ ဆိုပါရစေ။
ဘယ်လိုသွားသလဲ?
ဒီတစ်ခါ ကျွန်တော်တို့ ချောင်းသာကို သွားလည်တော့ တည်းဖြစ်တဲ့ ဟိုတယ်က ချောင်းသာ နဲ့ ရွှေသောင်ယံ ကမ်းခြေ နှစ်ခုကြားက Gerizim Hotel မှာပါ။ ချောင်းသာကို ဝင်ဝင်ချင်း မြင်ရတဲ့ ရွှေဟင်္သာဟိုတယ်ဘေးလမ်းကနေ ကျောက်မောင်နှမ သွားတဲ့လမ်းအတိုင်း ဝင်လာရင် ၃ မိနစ်လောက် မောင်းပြီးတဲ့အခါ ရောက်ပါတယ်။ ကိုယ့်ကားနဲ့ဆို လွယ်လွယ်ရောက်နိုင်ပါတယ်။ အဝေးပြေးကားနဲ့လာရင်လည်း ရောက်ရင် ဟိုတယ်ကို အကြောင်းကြားတဲ့အခါ လမ်းမကြီးထိပ်ထိ လာကြိုပေးပါတယ်။ ပြန်ရင်လည်း လမ်းမကြီးထိပ်ထိ ပို့ပေးတတ်ပါတယ်။
Gerizim Hotel တည်းလို့ကောင်းသလား?
Gerizim Hotel ကို သဘောကျမိတာက အခန်းတွေ အရမ်းလှတယ်။ ခေတ်မီတယ်။ ဝန်ထမ်းတွေက ဖောရွေပြီး ဝန်ဆောင်မှု ညက်တယ်။ Infinity Pool လည်း ရှိသလို၊ ကမ်းခြေက တိုပြီး ပင်လယ်နဲ့ နီးလို့ ပင်လယ်ကို အနီးကပ် ခံစားနိုင်တယ်။ ကမ်းခြေက လူရှင်းတယ်။ အမှိုက်ရှင်းတယ်။ ဈေးသည်နည်းတယ်။ အဲ့ဒီတော့ စိတ်မရှုပ်ချင်သူတွေနဲ့ အထူးကိုက်ညီတယ်။ ပြီးတော့ ကလေးတွေအကြိုက် ရေကစားကွင်းကြီးလည်း အကြီးကြီးရှိတယ်။
အခန်းတွေ ဈေးကြီးသလား?
ကိုယ်တွေတည်းခဲ့တဲ့ Sea View ခန်းဆိုရင် Master Bedroom ၃ ခန်း (အခန်းတိုင်း Bathtub နဲ့နော်)၊ ဧည့်ခန်းကျယ်၊ ထမင်းစားခန်းကျယ်တွေ ပါဝင်တော့ အရမ်းသဘောကျမိတယ်။ သူငယ်ချင်း ၆ ယောက် လာလို့ရတယ်။ တစ်ညကို ၇ သိန်းတဲ့၊ Extra Bed ဆိုရင် တစ်ယောက် ၃ သောင်း ဆိုတော့ ၁၀ ယောက်လောက် နေမယ်ဆိုလည်း ဖြစ်တယ်။ တခြားအခန်းတွေဆို Sea View က ၁ သိန်းဝန်းကျင်၊ Garden View က ၈ သောင်းဝန်းကျင်၊ Deluxe အခန်းတွေက ၆ သောင်းဝန်းကျင်တွေ အသီးသီး ရှိတယ်။ ဈေးတွေကတော့ အချိန်အခါလိုက် ပြောင်းလဲနိုင်လို့ ဖုန်းဆက်ကြိုတင်မေးမြန်းဘွတ်ကင်ယူပြီးမှ သွားစေလိုပါတယ်။
နေ့ခင်း (၃) နာရီ အဆာပြေဘူဖေး က အရမ်းမိုက်
မနက်စာ ဘူဖေး ကလည်း အရမ်းစုံတယ်။ နေ့လည်ခင်းတစ်ခါ Hi-Tea ဆိုပြီး မြန်မာ့ရိုးရာအစားအစာတွေ (ရှမ်းခေါက်ဆွဲ၊ ကော်ရည်၊ မုန့်ဟင်းခါး စသဖြင့်ပေါ့) ကို ဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ ဘူဖေး ထပ်ခင်းပေးပြန်ရော။ ကိုယ်တွေဆို နေ့လည် ၃ နာရီကို စောင့်စောင့်ပြီး စားရတာ အမော။
ဘယ်လိုဆက်သွယ်ရမလဲ?
ဘယ်လိုလန်းတဲ့ ဟိုတယ်လည်း ဆိုတာ သိပ်ရှည်ရှည်မပြောတော့ဘူး ပုံတွေသာ ကြည့်လိုက်တော့လေနော်။ ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်းတွေက 0949494949 နဲ့ 042-2042425 ကနေ 27 အထိ ဆက်မေးမြန်းဘွတ်ကင်ယူနိုင်ပါတယ်။
ချောင်းသာကမ်းခြေ ဟာ အရမ်းညစ်ပတ်လာတယ်လို့ ခံစားလာရလို့ ချောင်းသာကို မလာဖြစ်တာ ကြာခဲ့ပြီ။ ခုတော့ ဒီဘက်က ကမ်းခြေသန့်သန့်တွေမှာ လူရှင်းရှင်းနဲ့ အနားယူရင်း ချောင်းသာရဲ့ နာမည်ကျော် ပင်လယ်စာချက် ကောင်းကောင်းတွေ စားခွင့်ပြန်ရလာလို့ ချောင်းသာကမ်းခြေကို ကျွန်တော်တော့ ခဏခဏ ပြန်ရောက်ဖြစ်တော့မယ် ထင်ပါရဲ့ဗျာ။
အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Saw Kyaw Zin, Guku, Thiha Lu Lin
Camera :: SONY Alpha 7II with 16-35mm & 85mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Comments