top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ကလောဘား… ကလောဘား… ကလောက ဘားလေးများ

Writer's picture: Thiha Lu LinThiha Lu Lin


အရင်နဲ့အခု အပြောင်းအလဲတစ်ခုက ကျွန်တော်တို့ ခရီးသွားရင် Night Life ဆိုတာကို လိုချင်လာကြတာပဲ။ သူများနိုင်ငံတွေမှာ ၂၄ နာရီ မအိပ်ဘဲ ရောင်းဝယ်စည်ကားနေတဲ့မြို့တွေ ရှိကြသလို အတော်များများမှာတော့ ညနက်နက်လေးအထိ သွားလာ လည်ပတ်စရာတွေ ရှိနေတယ်။ ပြည်တွင်းပြည်ပ ခရီးသွားနေကျသူတွေကတော့ ဒီအလေ့အထလေး စွဲကပ်လာပြီး ကိုယ့်ပြည်တွင်းမှာ ခရီးသွားရရင်တော့ ညဘက် လည်ပတ်စားသောက်စရာလေးတွေ လိုချင်လာတယ်။ ဒီတော့ ညဈေးတွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်လို့ ယူဆရပါတယ်။ ခက်တာက ကိုယ်တွေဆီမှာ ညဘက်လည်စရာဆိုလို့ ဘားဆိုင်တွေပဲ ရှိလာတာ သတိထားမိတယ်။ ဒါတောင် ကြံဖန်ကျေးဇူးတင်ရမယ်ထင်ပါရဲ့ ။ လုံးဝမရှိတာထက် စာရင်ပေါ့လေ။ တစ်ခု အဆင်ပြေတာက ဘားဆိုင်အများစုက ကော်ဖီနဲ့ မော့ခ်တေးလ် Mocktail (အရက်မပါသော ကော့ခ်တေးလ်ကဲ့သို့ ဖျော်ရည်များ) တွေလည်း ရောင်းတတ်သေးတော့ အယ်လ်ကိုဟော မသောက်ချင်သူတွေအတွက် အဆင်နည်းနည်းပြေတယ်။ Night Life ကို ပြည်တွင်းက ခရီးသွားအများစု သွားလာနေတဲ့ဒေသတွေမှာ ပိုပြီးကောင်းကောင်း ရှိစေချင်ပါသေးတယ်။ ကလောကို အခေါက်ပေါင်းများစွာ သွားခဲ့တဲ့ ကျွန်တော်က ၂၀၁၈ မှာ ကလောမရောက်ဖြစ်ဘူး။ ၂၀၁၉ အစောပိုင်းလေးမှာပဲ ကလောကို အလည်တစ်ခါပြန်ရောက်လာတော့ ကလောမှာ ကျွန်တော် မရေးဖြစ်သေးတဲ့ ညဘက်ထွက်ထိုင်စရာ ကလောမြို့က Bar တွေကို ညဘက် လည်ပတ်သောက်စားတတ်တဲ့ မိတ်ဆွေခရီးဖော်တွေအတွက် ဝေမ ျှပေးချင်မိလို့ ခုလို စုစည်းဖော်ပြလိုက်ရတာပါ။ ကလောမြို့ကို ညဘက် အသက်ဝင်စေတဲ့ နေရာလေးတချို့ပဲ ဖြစ်ပါတယ်။

Kalaw-Ish Café & Restaurant

ဒီနေရာလေးက အသစ်ဖွင့်တာ မကြာသေးဘူး။ ဇန်နဝါရီလ အစောပိုင်းကမှ ဖွင့်တာပါ။ လူများများနဲ့သွားရင် တစ်အိမ်လုံး ငှားနေလို့ရတဲ့ ဝန်ဆောင်မှုလည်း ရှိပြီး အဓိက ကတော့ ကော်ဖီ၊ စားသောက်ဖွယ်ရာ နဲ့ ညပိုင်းလူငယ်ကြိုက်နေရာလေးအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒီမှာတော့ ညနေပိုင်းကို နေဝင်ချိန်ကြည့်ရင်း အပန်းဖြေလာကြတယ်။ ရထားလမ်းလေးဘေးမှာ ရှိလို့ ရထားလာချိန် ကော်ဖီလာသောက်ရတာလည်း အရမ်းမိုက်တယ်။ မနက် ၉ နာရီဝန်းကျင်၊ ညနေ ၃ နာရီခွဲဝန်းကျင် ဆို ရထားခေါင်းက ဆိုင်ဘက်ကို ဦးတိုက်ပြီး ကွေ့သွားတာမို့ ဓါတ်ပုံရိုက်ချင်သူတွေ အတော်အဆင်ပြေတယ်။ ဆိုင်မှာ ထိုင်းအစားအစာလည်းကောင်းသလို၊ BBQ ဆိုလည်း တို့စားရတဲ့ အနှစ်ဆော့စ် အရမ်းကောင်းတယ်။ ကော်ဖီမှာတော့ သူတို့ အသစ်ထွင်ထားတဲ့ ထောပတ်သီး ကာပူချီနို တို့ စတော်ဗယ်ရီ ကာဗူချီနို တို့ နာမည်ကြီးတယ်။ ညပိုင်း (၁၀) နာရီလောက်ထိ ဖွင့်ထားပေမဲ့ မနက် (၉) နာရီပြန်ဖွင့်ပြီး မနက်စာအနေနဲ့ ထောပတ်သီးပေါင်မုန့်မီးကင် လိုမျိုး ထူးခြားတာလေးတွေ ရတာလည်း ဒီဆိုင်ပါပဲ။ ဘားအနေနဲ့ကတော့ ကော့ခ်တေးလ် တွေ မော့ခ်တေးလ်တွေ မရသေးပေမဲ့ ပုလင်းဘီယာမျိုးစုံကိုတော့ သောက်သုံးနိုင်မှာပါ။ ဆိုင်က ဝန်ထမ်းတွေကလည်း မိသားစုတွေလို ဖောရွေဝန်ဆောင်မှုပေးတာကြောင့်အပြင် အစားအစာကောင်းလို့ ဒီတစ်ခါ ကလောရောက်ဖြစ်ရင် သွားဖြစ်အောင် သွားကြည့်စေချင်မိပါတယ်။ နေရာက တက္ကသိုလ်လမ်း ပေါ်မှာ တည်ရှိပါတယ်။ Kalaw Heritage Hotel နဲ့ မျက်နှာချင်းဆိုင်ပါပဲ။


Sisson’s Restaurant & Bar

နေ့လည် (၁၁) နာရီလောက်မှ စဖွင့်ပြီး ညအထိ ဖွင့်တတ်ပါတယ်။ ဒီ ဘားကတော့ Kalaw Heritage Hotel ထဲမှာ ရှိတာပါ။ ရှေးခေတ်အသုံးအဆောင်တွေအများကြီးကို ဆိုင်အပြင်အဆင်အနေနဲ့ ထည့်သွင်းထားတာက ပြတိုက်တစ်ခုလိုတောင် ဖြစ်နေပါတယ်။ ဝိုင်ပုလင်းမျိုးစုံကို ထိန်းသိမ်းထားတဲ့ နေရာတွေကိုလည်း တွေ့ရဦးမှာပါ။ ဒီမှာတော့ Cocktail, Mocktail နဲ့ ယမကာမျိုးစုံကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ကလောလို ဒေသမျိုးမှာ အနည်းငယ်များတယ်လို့ ဆိုနိုင်ပါတယ်။


Maluca Bar

ဒီ ဘား ကလည်း အသစ်ဖြစ်ပါတယ်။ Maluca Villa နဲ့ တွဲဖက်ဖွင့်လှစ်ထားတာ ဖြစ်ပြီး ကလော ဘူတာကနေ ရှုခင်းသာ Hill Top Hotel ဘက်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပါတယ်။ အပြင်အဆင်ကတော့ ခေတ်မီပုံစံဘက်သွားပြီး ဆိုင်တစ်ခုလုံးကို မှန်တွေနဲ့ချည်း ဖန်လုံအိမ်လို တည်ဆောက်ထားတာက အမြင်ဆန်းစေပါတယ်။ အပေါ်ထပ်တစ်ခုလည်း တွေ့ပေမဲ့ အခုတော့ မဖွင့်သေးဘူးလို့ သိရပါတယ်။ ဆိုင်အလယ်က ဘားကောင်တာကြီးကလည်း ခန့်ညားသလို အပြင်ဘက်မှာ မီးဖိုလေးနဲ့ ထိုင်သောက်ချင်သူတွေ အဆင်ပြေအောင် စီစဉ်ပေးထားတာကလည်း ဆန်းပြားပါတယ်။ ပိုပြီးထူးခြားတာက ရွတ်ဖျင်တဲလေးတွေနဲ့ Camping လုပ်နေသလို ခံစားရင်း စားသောက်နိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ ဒေသအစားအစာ၊ ဥရောပအစားအစာတွေ ရောင်းချပေးပြီး သောက်စရာအစုံအလင် ရှိတာ သတိပြုမိပါတယ်။ ဓါတ်ပုံရိုက်လို့လည်း အရမ်းလှလို့ တစ်ခေါက်ဖြစ်ဖြစ်တော့ အရောက်သွားလည်သင့်တဲ့နေရာဖြစ်ပါတယ်။ မနက် (၁၀) နာရီကနေ ည (၁၀) နာရီထိ ဖွင့်ထားပါပြီ။


Boston BBQ & Cocktail Bar

ဒီဆိုင်လေးက နည်းနည်းအတွင်းကျမယ်။ ကောင်းတာကတော့ Maps ဖွင့်ပြီး သွားရင် ပိုအဆင်ပြေမယ်။ ဆိုင်လေးက ဘိုဆန်ဆန် ချစ်စရာလေးပါ။ ဆိုင်ရှင်ကလည်း ဖောရွေတယ်လို့ နာမည်ကြီးပါတယ်။ ကလောဘူတာ ရှေ့ကလမ်းအတိုင်း ဆက်သွားပြီး တောင်ပေါ်မတက်ဘဲ တည့်တည့်သွားလို့ရနိုင်ပါတယ်။ ညဘက် မီးလေးတွေနဲ့က ဆိုင်ကို ပိုလှစေတယ် မြင်မိပါတယ်။ နံရံပေါ်က ဓါတ်ပုံလေးတွေကိုလည်း စိတ်ဝင်စားမိပါတယ်။


Hi Snacks & Drinks

ကလောဈေးအနောက်ဘက် ကုန်သည်လမ်းပေါ်က ရုတ်တရက်အပြင်ကကြည့်ရင် ဘုံဆိုင်လေးလို ထင်ရတဲ့ ဒီဆိုင်ကို အတော် ရှာလိုက်ရတယ်။ သေးသေးကျစ်ကျစ်လေးနဲ့ ဆိုင်းဘုတ်ကလည်း မမြင်သာလို့ပါ။ ဒါပေမဲ့ ဒီဆိုင်ကို ပုံမှန်မိတ်ဆွေတွေ အမြဲလာလေ့ရှိပြီး မိသားစုဆန်တဲ့ နွေးထွေးမှုလေး ရတယ်။ ဆိုင်က ကျဉ်းပါတယ်။ ဘားကောင်တာကလည်း နေရာယူထားပြီး ဘေးပတ်လည်မှာ ထိုင်စရာ ခုံလေးတွေ ရှိမယ်။ ဆိုင်အဝင်ထိပ်မှာ စားပွဲသေးလေး နှစ်လုံးနဲ့ လူ သုံးယောက်ထိုင်စာ ခုံ သုံးခုံစီပဲ ရှိပါတယ်။ စားစရာကလည်း ရွေးစရာ သိပ်မရှိ။ သူတို့ကို ဒီနေ့ ဘာရသလဲသာ မေးလိုက်ပြီး ရတာ စားရမယ်။ သောက်စရာကလည်း ၃ မျိုးပဲ ရှိတတ်တယ်။ Rum Sour, Whiskey Sour နဲ့ Gin Tonic လားပဲ ရွေးစရာ ရှိမယ်။ ဧည့်ထောက်ခံပေးတတ်တဲ့ ဆိုင်ပိုင်ရှင် အစ်ကိုကြီး (ဦးလေး) တစ်ဦး ရှိတတ်တယ်။ ဒါလေးနဲ့ပဲ ဆိုင်လေးဟာ ပြည့်စုံနေတော့တယ်။ အဖျော်ဆရာလက်ရာလေးကလည်း အဆင်ပြေတော့ ဒီဆိုင်လေးက ချစ်စရာဖြစ်နေရော။ ဆိုင်ရဲ့ နံရံတွေပေါ်က ဆွဲထားတဲ့ လက်ရာတွေရယ်၊ တခါတလေ ဆိုင်ထောင့်မှာ ထားတတ်တဲ့ ဂစ်တာရယ် တွေ့လိုက်ရရင် ကိုယ်ဟာ ကလောမှာ ရောက်နေတယ်လို့ မထင်ရတော့ဘဲ၊ မက်စ္စကို က ဘားတစ်ခုခု ရောက်နေသလား ဖီလင်တွေ ရသွားစေတယ်။ ဒါပေမဲ့ ဒီဆိုင်က စောစောလေး ပိတ်တတ်ပါတယ်နော်။


Red House Bar & Restaurant

ဒီဆိုင်ကိုတော့ Little Italy လို့ ခေါ်ကြတဲ့အထိ နိုင်ငံခြားသားတွေ ကြိုက်ကြတာတွေ့ရတယ်။ ဒေသစာရော အီတလီအစားအစာတွေရော ရတဲ့အပြင် ဘားကလည်း ထိုင်လို့ ကောင်းပါတယ်။ ဘိလိယက်ခုံနဲ့ ခပ်မှောင်မှောင်မီးတွေက ညဘက် ပိုလာချင်စရာ ဖြစ်စေတယ်။ ဝန်ထမ်းတွေလည်း ဖောရွေကြပါတယ်။ နိုင်ငံခြားသားကိုတော့ ပိုဖောရွေတယ် ထင်ရတာလေး တွေ့ရတယ်။ အထပ်နှစ်ထပ် ပါပြီး အပေါ်ထပ်က အေးအေးဆေးဆေး စားချင် ထိုင်ချင်သူတွေအတွက် ပိုသင့်လျော်တယ်။ အပြင်ဘက် ဝရံတာမှာလည်း ထိုင်ကြတာ များတယ်။ အောက်ဘက်ကတော့ လူရှုပ်ပြီး ဆူဆူညံညံ ရှိတတ်တော့ ဒါမျိုးမှ ကြိုက်သူတွေအတွက် အဆင်ပြေတယ်။ Cocktail ကတော့ ပုံမှန် အမျိုးအစား အကုန်ရပါတယ်။ အထူးအဆန်းတော့ မရှိပါဘူး။ ပီဇာလည်း စားကောင်းတယ်။ ဈေးကတော့ ဒီဆိုင်ရဲ့အားနည်းချက်ပဲ ဖြစ်မယ် ထင်ပါတယ်။ နည်းနည်းတော့ များပါတယ်။


Hill Top Villa Bar

နေဝင်ချိန် ရှုခင်း ခံစားရုံကလွဲရင် ဘာမှ မရှိဘူးဘဲ ဆိုရမလားဘဲ။ ဘီယာလောက်တော့ ရတယ်။ ကျန်တာ ဘာမှ မရှိဘူး။ အရင့်အရင်တုန်းက Open Air နဲ့ ဘားပုံစံလေးကို ပိုသဘောကျတယ်။ ခုဟာက ရိုးရိုးကြီးနဲ့တစ်မျိုးကြီးပဲ။ ရှုခင်းလည်း အရင်ကလောက် ကြည့်မကောင်းတော့သလို ဓါတ်ပုံရိုက်လို့လည်း မကောင်းတော့ဘူး။ ဈေးကတော့ အတော်ကြီးတယ်။ မြန်မာဘီယာကို တခြားဆိုင်တွေထက် တစ်ဆ ပိုပေးပြီး သောက်ခဲ့ရတာ မှတ်မှတ်ရရ ပါပဲ။


Langsee Lodge Restaurant, Bar & Café

ဒီဆိုင်လေးက အသစ်လေးပါ။ Kalaw Princess Hotel ရဲ့ ရှေ့မျက်နှာချင်းဆိုင်မှာ ရှိတယ်။ လာရတဲ့ လမ်းလေးက ကျဉ်းတယ်။ Hill Top ကို မတက်ဘဲ လမ်းခွဲရတဲ့နေရာလေးမှာ ရှိတာ။ ကျွန်တော်ကတော့ မနက်ပိုင်း ရောက်ဖြစ်လိုက်တယ်။ ဘားလည်း ရှိတယ်။ ကော်ဖီလည်း ကောင်းတယ်။ ထိုင်ရတာ အတော်လှတယ် ပြောရမယ်။ ဓါတ်ပုံရိုက်ချင်ရင် အဆင်ပြေတယ်။ စာကြည့်တိုက်ငယ်လေး ထားပေးတယ်။ ရှေးခေတ်အသုံးအဆောင်တွေနဲ့ အလှဆင်ထားတယ်။ ဆိုင်ဆောက်ထားပုံလေးက ထူးခြားတယ်။ ဒါလေးတွေနဲ့တင် ဒီဆိုင်လာထိုင်ရတာ တန်နေပါပြီ။ ဈေးကတော့ ပုံမှန်ပါပဲ။ မနက်ခင်းလည်း မနက်ခင်းအလျောက် ရှုခင်းကောင်းပြီး ညနေခင်းလည်း ဘားအနေနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးလို့ မှတ်ချက်ချမိပါတယ်။

ဒီလောက်ဆို ကလောရောက်လို့ ညဘက် ဟိုဟိုဒီဒီ သွားချင်သူတွေရော၊ ဓါတ်ပုံလှလှရိုက်ချင်သူတွေအတွက်ပါ ဆိုင်အသစ်လေးတွေ၊ ဆိုင်အဟောင်းလေးတွေကို စုစည်းပေးထားလိုက်ပါပြီ။ 📌📌 တစ်ခုတော့ သတိပြုပါ။ အယ်လ်ကိုဟော အရက်သောက်သုံးချင်းဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အသည်းနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေအပါအဝင် အခြားသောရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် များစွာသောက်သုံးခြင်းမပြုပါနဲ့လို့ မိတ်ဆွေခရီးဖော်တွေကို သတိပေးချင်ပါတယ်ဗျား။ 📌📌 အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller) ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Commentaires


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page