top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဘားအံ ကို လည်မယ်ဆို…

Writer's picture: Thiha Lu LinThiha Lu Lin

ကရင်ပြည်နယ်၊ ဘားအံမြို့ ဆိုတာ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကနေ သွားမယ်ဆို တကယ့် နီးနီးလေး။ လမ်းတွေလည်း ကောင်းတော့ မြန်မြန်ရောက်နိုင်သွားပြီ။ ၄ နာရီဝန်းကျင်လောက်နဲ့ သွားနိုင်တဲ့ မြို့ ဖြစ်တဲ့အပြင် သွေးချင်း ကရင်ပြည်နယ် ရဲ့ တောတောင်သဘာဝအလှတွေက အရိုင်းဆန်ဆန် သဘာဝကျကျ ရှိနေသေးတာမို့ ပြည်တွင်း ခရီးသွားတွေအတွက်တင်မကဘူး နိုင်ငံခြားသားဧည့်သည်တွေအတွက်ပါ သင့်လျော်တဲ့ ဒေသလေး ဖြစ်နေပြီ။ ရန်ကုန်ကနေ ရွှတ်ခနဲ သွားပြီး မြန်မာ့အလှအပတွေကို ခံစားသိမြင်နိုင်စေတာကိုး။


ဘားအံ နဲ့ ဝန်းကျင်ကို ကျွန်တော် ဒီတစ်ခေါက် ၂ ရက်လောက် အချိန်ပေးပြီး လည်ဖြစ်ခဲ့တယ်။ အချိန်တိုအတွင်းမှာ လည်စရာတွေကို ခပ်သော့သော့လေး သွားလည်ခွင့်ရခဲ့တယ်ပဲ ဆိုပါတော့။ တကယ်တော့ အချိန်သာပေးနိုင်မယ်ဆိုရင် တစ်ပတ်လောက်အထိ သေချာနေထိုင်ပြီး သဘာဝ ဂူ၊ ရေတံခွန်၊ တော နဲ့ တောင်၊ ရွာဓလေ့တွေကို လေ့လာနိုင်မဲ့ အရပ်တစ်ခုပဲ ဖြစ်ပါတယ်။


ဖားအမ်း ကနေ ဘားအံ

ရှမ်းဘာသာ အားဖြင့် ဖားအမ်း (ဖား = ကျောက်၊ အမ်း = အဆွယ်/အစွန်း) ကျောက်အစွန်း လို့ ခေါ်ခဲ့ရာကနေ ဘားအံ ဖြစ်လာတယ်လို့ ဆိုပါတယ်။ တချို့ကလည်း မွန်ဘာသာ နဲ့ ဘာအင် (ဖယ်အန်း) လို့ ခေါ်တွင်ခဲ့ရာကနေ ဘားအံ ဖြစ်လာတယ် ဆိုပါသေးတယ်။ ကိုလိုနီခေတ်ဦးက အိမ်ခြေ ၂၀၀ လောက်ပဲ ရှိရာကနေ ၁၉၀၇ ခုနှစ်မှာ ဘားအံအဖြစ် မြို့ကွက်ရိုက်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ခုချိန်မှာတော့ ဘားအံမြို့ဟာ အရမ်းစည်ကားတိုးတက်လာသလို၊ တဖက်မှာလည်း အရိုင်းဆန်တဲ့ သဘာဝအလှတွေ အများကြီး ဖော်ထုတ်စရာ ကျန်ရှိနေသေးတဲ့ ဒေသ ဖြစ်တာမို့ ပြည်ပခရီးသွားတွေ မျက်စိကျနေတဲ့ အရပ်လည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ စုရုံးရောက်ရှိလာနေတာလည်း ၂၀၂၀ ခုနှစ်ကစလို့ ဘားအံဟာ ထူးခြားတဲ့ အပြောင်းအလဲ ရှိလာမလား တွေးမိလောက်အောင်ပါပဲ။ ရန်ကုန်ကနေလည်း မိုင် ၁၈၀ ကျော်ပဲ ဝေးတဲ့ ဘားအံမြို့ဟာ ထိုင်းနိုင်ငံ နယ်စပ်နဲ့လည်း မိုင် တစ်ရာ ခန့်သာ ဝေးလို့ ထိုင်း-မြန်မာ နယ်စပ်မြို့လေးလို စည်ပင်နေပြန်တာ တွေ့ရပါတယ်။ ထိုင်းသီချင်းသံတွေ အများဆုံးကြားရတာလည်း ထူးခြားချက်တစ်ခုပါပဲ။


ရာသီဥတု

အရမ်းကြီးအေးမြ မနေတော့ပါဘူး။ ဇွဲကပင် တောင်ကြားလမ်းပိုင်းလေး တဖြတ်တော့ ဆောင်းတွင်းဆို အေးမြနေတယ်။ တောင်တွေပေါ်မှာတော့ အေးပါတယ်။ နွေရာသီမှာလည်း ပူနွေးပြီး မိုးရာသီမှာ မိုးလည်း များတတ်ပါတယ်။


ဘယ်လိုသွားမလဲ

ဘားအံလေဆိပ် ရှိပေမဲ့ လေယာဉ် ပုံမှန်ပြေးပုံမပေါ်ပါဘူး။ ကားကတော့ အဆင်ပြေဆုံးပါ။ အိမ်ကား၊ အငှားကား ဘယ်လိုကားအမျိုးအစားနဲ့သွားသွား လမ်းက ကောင်းနေတာမို့ သွားလို့ပျော်ပါတယ်။ အဝေးပြေးကားတွေနဲ့ဆိုလည်း ခဏချင်း ရောက်နိုင်တာပါပဲ။ မိဘဂုဏ်၊ ရွှေမြန်မာ၊ မန္တလာမင်း၊ ရွှေဖားစည် စတဲ့ လိုင်းတွေရှိတယ်။ ရိုးရိုးကားဆို ၅၀၀၀၊ ၆၀၀၀ ကျပ်လောက်ပဲ။ 2+1 VIP ခုံကားတွေဆိုလည်း တစ်သောင်းတောင် မပြည့်ပါဘူး။ ဒါကြောင့် စရိတ်နည်းနည်းနဲ့ ခရီးသွားလိုသူတွေအတွက်လည်း အဆင်ပြေသလို၊ အချိန်အများကြီး မပေးချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။


လည်ပတ်စရာ ဘားအံ တခွင်မှာ

ဘားအံ ကို လည်ဖို့ ပတ်ဖို့က နည်းမျိုးစုံ ရှိတယ်။ အသုံးအတွင်ဆုံးက တုတ်တုတ် (Tok Tok) တွေပဲ။ ဈေးလည်း သက်သာပြီး သွားချင်တာကို လွယ်လွယ် သွားလာ လည်ပတ်နိုင်တယ်။ တစ်နာရီ ကို ၄၀၀၀ ကျပ် နဲ့ စီးလို့ရတယ်။ တစ်နေ့လုံး (၁၀ နာရီပေါ့လေ) ဆို ၃၅၀၀၀ ကျပ်ပဲ ရှိတော့ သွားလာရတန်တယ်လေ။ ဒါမှမဟုတ် စက်ဘီး စီးလို့ရဦးမယ်။ စက်ဘီးငှားတဲ့ ဝန်ဆောင်မှုတွေကို ဟိုတယ်တွေကရော၊ မြို့ထဲမှာ သီးသန့်အနေနဲ့ရော ဝန်ဆောင်ပေးကြပါသေးတယ်။ ဘားအံမြို့တွင်းမှာတော့ လည်ပတ်စရာ သိပ်များများစားစား မရှိပေမဲ့ မြို့အပြင်နည်းနည်းထွက်လိုက်တာနဲ့ များပြားလှတဲ့ သဘာဝဆန်ဆန် လည်ပတ်စရာနေရာတွေကို ခရီးသွားတွေ ခံစားကြရပါတယ်။


ရွှေရင်မျှော်စေတီ

မြို့လယ်နားမှာပဲ ရွှေရင်မျှော်စေတီကို ဖူးမြင်နိုင်ပါတယ်။ သံလွင်မြစ်ကို မေးတင် တည်ရှိနေတာမို့ ညနေ နေဝင်ချိန်ကြည့်ရင်း ဘုရားဖူးလာကြသူများပါတယ်။ နေဝင်ချိန်ကြည့်နိုင်ဖို့ ရင်ပြင်ကျယ်ကျယ်ရှိတာလည်း သဘောကျဖို့ကောင်းပါတယ်။


ဇွဲကပင်တောင်

ဘားအံကို ရောက်ပြီဆို နေရာအသီးသီးကနေ အမှတ်သညာလို ဖြစ်နေတဲ့ ဇွဲကပင်တောင်ကို မြင်တွေ့ရတာကလည်း ကြည်နူးစရာပါ။ ဇွဲကပင်တောင်ဟာ ကိုယ်ရောက်နေတဲ့ နေရာပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲတတ်တာကိုလည်း သတိပြုလိုက်မိတယ်။ ဇွဲကပင်ဆိုတဲ့ နာမည်က ဒိုးကရွယ်ကဗန် ဆိုတဲ့ ကရင်တိုင်းရင်းသားစကားကနေ ဆင်းသက်လာပြီး သင်္ဘောချိတ်လို့ အဓိပ္ပါယ်ရပါတယ်။ ဘားအံမြို့ကနေဆို ၇ မိုင်ပဲ ကွာဝေးပါတယ်။ ခုခေတ်စားတာကတော့ ဇွဲကပင်တောင်ပေါ် တက်တာပါ။ စတက်ခါစတော့ ခပ်ပြေပြေပဲ။ နောက်မှ မက်လာတာမို့ လှေကားထစ်လေးတွေ စီစဉ်ပေးထားပါပြီ။ နေထွက်ချိန် လှတာမို့ မနက်ခပ်စောစော လောက်ကို ဓါတ်ပုံသမားတွေ တက်လေ့ရှိပြီး အားကစားလေ့ကျင့်လိုသူတွေကတော့ မနက် မလင်းတလင်းမှာ တက်ကြပါတယ်။ အတက်ကတော့ သက်လုံပေါ်မူတည်ပြီး ၂ နာရီဝန်းကျင်ကနေ ၃ နာရီလောက်အထိ ကြာတတ်ပါတယ်။ အဆင်းကတော့ ၁ နာရီခွဲဝန်းကျင်လောက်ပဲကြာပါတယ်။ တောင်ခြေမှာတော့ လုမ္ဗိနီဥယျာဉ် တည်ရှိပြီး တောင်ပေါ်မှာတော့ ဆံတော်ရှင်စေတီ တည်ရှိပါတယ်။ ခုဆို မှန်ကြမ်းခင်းနဲ့ ရှုမျှော်ခင်းကြည့်စင် တစ်ခုလည်း ဝေဖန်မှုတွေကြားကပဲ တည်ဆောက်ထားပါသေးတယ်။ တောင်ခြေ လုမ္ဗိနီဥယျာဉ်မှာလည်း ဗုဒ္ဓရုပ်ပွားတော် အဆူ ၁၁၀၀ ကို ဖူးကြရပါဦးမယ်။


ကန်သာယာ

ဘားအံမြို့ထဲက ကန်သာယာရေကန်ကြီးဆို ကျွန်တော် သိပ်သဘောကျတာပဲ။ ငယ်ငယ်ကတည်းက ကန်အလယ် ဖြတ်ဆောက်ထားတဲ့ တံတားပေါ် ဓါတ်ပုံရိုက်ခဲ့ဖူးတာ။ ခုပြန်ရောက်တော့ အဝေးကနေ သစ်သားတံတားရယ်၊ ဇွဲကပင်တောင်ကြီးနဲ့ ရှုခင်းလေးကို ဓါတ်ပုံရိုက်ရတာ ပိုကြိုက်လာတယ်။ ကန်ပတ်လည်ကိုလည်း ကွန်ကရစ်လမ်းလေး သေချာလုပ်ပေးထားပြီး သစ်ပင်လေးတွေ အုံ့အုံ့လေးရှိနေတာမို့ စက်ဘီးပတ်စီးလို့ သိပ်ကောင်းတာပဲ။ အကြော်ဆိုင်လိုလေးတွေလည်း ရှိတယ်။ ဒီအတိုင်း ကန်ဘေး ထိုင်ပြီး စကားပြောနေကြတဲ့ သူငယ်ချင်းအဖွဲ့တွေ၊ စုံတွဲတွေ ပြီးတော့ ဂစ်တာတီးသီချင်းဆိုနေကြသူတွေ အများကြီးပဲ။ အေးအေးချမ်းချမ်းလေးလိုပဲ။ ကန်သာယာညဈေး ကလည်း အနားမှာပဲ ရှိပြီး ညဈေးဟောင်းအဖြစ် လူသိများပါတယ်။


ကျောက်ကလပ်စေတီ

ဘားအံကနေ တောင်ဘက် ၇ မိုင်ခန့်မှာ ရှိတဲ့ ကျောက်ကလပ်စေတီဟာ သာမညဆရာတော် တည်ခဲ့တဲ့ စေတီတွေထဲက တစ်ဆူလို့ သိရပါတယ်။ သာမညဆရာတော်ကြီးရဲ့ အစဉ်အလာအတိုင်း သားသတ်လွတ်ထမင်းဟင်းတွေကို တစ်နေ့တာလုံး ဒါနပြု ကျွေးမွေးနေတာ နေ့စဉ် ဆိုသလိုပါပဲ။ ဒီမှာ ထူးခြားတာက ထမင်းဟင်းတွေ အမြဲ ပူပူနွေးနွေး ဖြစ်နေအောင် ခု ဆရာတော်ကြီးက အတော်ကြပ်မတ်ပြီး လှူဒါန်းကျွေးမွေးနေတာပါ။ ကျောက်ကလပ်စေတီ ဝန်းထဲမှာ ဒေသထွက် ရိုးရာပစ္စည်း၊ အစားအစာ၊ ကရင်ရိုးရာဝတ်စုံ၊ အိမ်ပြန်လက်ဆောင်မျိုးစုံ စုံစုံလင်လင်ရောင်းချပေးတာမို့ တစ်ထိုင်တည်း ဝယ်နိုင်သေးတယ်။ ငါးစာ၊ ဘဲစာ ကျွေးလို့ရတယ်။ ကျောက်ကလပ်ရဲ့ သတ်မှတ်ထားတဲ့ အဆင့်အထိ တက်ပြီး ဖူးမြှော်နိုင်တယ်။ ကျွန်တော်ကတော့ ကျောက်ကလပ်စေတီရဲ့ အပြင်ပတ်လမ်း မြေနီလမ်းလေးအတိုင်း ပတ်ကြည့်ပြီး ရှုခင်းတွေ ဓါတ်ပုံရိုက်ရတာ အတော်သဘောကျတယ်။ နေဝင်ချိန်ဆိုရင် သိပ်လှတဲ့ နေရာပေါ့။ ကျွန်တော်ကတော့ စက်ဘီးငှားပြီး သွားခဲ့တာပါ။


ဘုရင့်ညီဂူ နဲ့ ရေပူစမ်း

သထုံနဲ့ ဘားအံကြားတည်းက သထုံ - မြိုင်ကလေး လမ်းပေါ်ကနေ ဘယ်ဘက်ဘေး ၁ မိုင်ခန့်အကွာမှာ ရှိတဲ့ ဒီဂူနဲ့ ရေပူစမ်းဆီလည်း အလည်လာကြပါတယ်။ ဂူအောက်ခြေမှာရှိတဲ့ ရေပူစမ်းက ရေပူ နဲ့ ရေအေး သီးသန့်စီ စီးဆင်းနေပြီး ရော မသွားတာက သူ့ရဲ့ ထူးခြားမှုတစ်ခု ဖြစ်နေပါတယ်။


မဟာဆဒ္ဒန်လိုဏ်ဂူတော်

ဘားအံဝန်းကျင်က သဘာဝလိုဏ်ဂူတွေအများကြီးထဲက ဆဒ္ဒန်ဂူဟာလည်း ခရီးသွားတွေ အသွားများတဲ့ ဂူတစ်ခုပါ။ သမိုင်းနဲ့ပတ်သက်လို့ အငြင်းပွားစရာ ရှိပေမဲ့လည်း ယုံကြည်သူတွေအတွက်ကတော့ ကုသိုလ်ယူစရာ နေရာတစ်ခု ဖြစ်နေပါတယ်။ ကျောက်တောင် ကျောက်တုံးတွေက ဆဒ္ဒန်ဆင်မင်းရဲ့ ဘဝဖြစ်စဉ်ကို ပုံဖော်ထားတဲ့အလား သဘာဝအလျောက် ဖြစ်ပေါ်နေတာမို့ ယူဆချက်ကတော့ အမျိုးမျိုး ရှိနေပါတယ်။ ဘားအံမြို့ကနေ ၁၃ မိုင် ဘားအံ - ကော့ကရိတ်ကားလမ်းပေါ်မှာ ရှိပြီး ရေတက်ချိန်ဆို လှေစီး သွားရတာမျိုးပါ။ အတွင်းမှာ ဖိနပ်စီးလို့ရတဲ့ နေရာများပြီး ဘုရားရင်ပြင်တစ်ခုလောက်သာ ဖိနပ်ချွတ်ရတာမျိုးမို့ ဘယ်သွားသွား ကိုယ့်ဖိနပ်လေး သယ်သွားဖို့ မမေ့ပါနဲ့။ ပြန်ရောက်မယ်ထင်ပြီးလည်း မချန်ခဲ့ပါနဲ့။ အုတ်ခွက်ဘုရားတွေကိုလည်း တွေ့ရပါဦးမယ်။ လှေစီးလည်း သွားရပါဦးမယ်ဗျာ။


ကော့ဂွန်းဂူ

တစ်ဆက်စက်တည်း သွားလို့ရတဲ့ ဂူ (၄) ဂူ ကတော့ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ရေဂူ နဲ့ လင်းနို့ဂူ တွေပါ။ သံလွင်မြစ်တစ်ဘက်ကို ကူးပြီး လည်ကြရတာပါ။ အချိန်အားဖြင့် ညနေ ၃ နာရီလောက် စလည်ရင် အဆင်ပြေပါတယ်။ ကော့ဂွန်းဂူ ကို အရင်သွားစေချင်ပါတယ်။ မျောက်လေးတွေလည်း ရှိပြီး ကျောက်ဂူကြီးအပြည့် အုတ်ခွက်ဘုရားတွေ ရှိတာ သိပ်စိတ်ဝင်စားစရာ ကောင်းသလို၊ သိပ်လည်း လှပါတယ်။ တချို့ ဘုရားတွေကို ပြန်ပြုပြင်တယ်ဆိုပြီး ဘိလပ်မြေနဲ့ ကိုင်ပစ်လိုက်တာတချို့ကိုတော့ စိတ်မကောင်း ဖြစ်မိတယ်။ ဒီအရပ်ဒေသရဲ့ ဖြစ်တည်မှုကို လေ့လာနိုင်ဖို့ ကျောက်စာ၊ ဆင်းတုတွေ ကျန်ရှိနေဆဲ ထိန်းသိမ်းထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဟိန္ဒူဆိုင်ရာ ရုပ်တုတွေလည်း ရှိနေသလို၊ ကျောက်စာတွေကလည်း ဖော်ထုတ်ရ ခက်ခဲနေဆဲ စာ သုံးကြောင်း ရှိနေပါသေးတယ်။ ၇ ရာစုလောက်ကလို့ ယူဆရတဲ့ အချက်တွေကို ဒီမှာ တွေ့ရပါတယ်။ ဆိုကြတာတော့ ပုဂံ အနော်ရထာမင်းက သထုံကို တိုက်ချိန် မနူဟာမင်းကို ပုဂံကို ခေါ်ဆောင်သွားတော့ မုတ္တမမိဖုရားက လွတ်မြောက်သွားခဲ့တယ်။ ဒီ ကော့ဂွန်းဂူမှာ ပုန်းနေရင်း ဂူနံရံမှာ ဆင်းတုရုပ်ပွား အုတ်ခွက်ဘုရားတွေ ထုလုပ်ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ အတော် စိတ်ဝင်စားစရာ ကောင်းပြီး အုတ်ခွက်ဘုရားတွေ အတော်လေးကို များပြားလွန်းတာကို မြင်ရမဲ့ အရပ် ဖြစ်ပါတယ်။


ရသေ့ပျံဂူ

ရသေ့ပျံဂူ ကတော့ ကော့ဂွန်းဂူနဲ့ မနီးမဝေးမှာ ရှိပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေ သေချာ ပြပေးထားလို့ သွားရလည်း လွယ်ပါတယ်။ ရသေ့ပျံဂူက ဂူအမိုးမှာ အပေါက်ကြီးတစ်ပေါက်ရှိနေပြီး အဲ့ဒီအပေါက်ကနေ တရားထူးရသွားတဲ့ ရသေ့က ပျံထွက်သွားတယ်လို့ ဆိုကြရာကနေ ရသေ့ပျံဂူ ဖြစ်လာတယ် ဆိုပါတယ်။ ဒီမှာလည်း ရှေးဟောင်းနဲ့ ပတ်သက်တာတွေ လေ့လာနိုင်ပါသေးတယ်။ မုတ္တမ နဲ့ အင်းဝခေတ်က ဂဝံ ယဉ်ကျေးမှုအကြွင်းအကျန် ဂဝံလက်ရာတွေကို တွေ့နိုင်သေးတယ်။ ဝင်ပေါက်ကို လှေကားလေးနဲ့ တက်သွားရပါတယ်။ လှေကားက ပြေတော့ အဆင်ပြေပါတယ်။


ရေဂူ

ရေသေ့ပျံဂူရဲ့ မျက်နှာချင်းဆိုင်မှာ ရေဂူဆီသွားတဲ့ လှေဆိပ်လေး ရှိပါတယ်။ စက်လှေစီးပြီး ရေဂူထဲကို ဝင်လေ့လာလို့ရတယ်။ သက်ကယ်အင်္ကျီလည်း စီစဉ်ပေးပြီး စက်လှေနဲ့ တစ်ဖွဲ့ချင်း သွားလေ့လာကြရတာမျိုးပါ။ စက်လှေခ သီးသန့် ပေးရပါတယ်။ လှေစီးပြီး ၅ မိနစ်လောက်ဆို ရေဂုူထဲ ရောက်ပါတယ်။ အတွင်းမှာ လက်လက်ထနေတတ်တဲ့ စိန်မှုန်ကြဲထားသလိုဂူနံရံတွေ၊ ရေတိုက်စားမှုကြောင့် ပုံစံအမျိုးမျိုး ဖြစ်နေတဲ့ဂူမျက်နှာကြက်တွေ မျိုးစုံကို မှောင်မှောင်မည်းမည်းထဲမှာ ဓါတ်မီးထိုးပြီး လေ့လာနိုင်တယ်။ နိုင်ငံခြားသားတွေ ပိုကြိုက်ကြတယ်။ ပြည်တွင်းကတော့ အထဲမှာ သဘာဝအတိုင်း ဖြစ်နေလို့ ဘာမှ မရှိဘူးလို့ပဲ ထင်ကြတာ များပါတယ်။ တကယ်တော့ နိုင်ငံခြားသားတွေ လိုလိုချင်ချင် ကြည့်ချင်ကြတဲ့ သဘာဝတရားတွေက အဲ့ဒီထဲမှာ အပြည့်ရှိနေတာပါ။


လင်းနို့ဂူ

လင်းနို့ဂူကတော့ သံလွင်တံတားနဲ့ အနီးဆုံးပါပဲ။ ဒီနေရာကို ပြည်တွင်းခရီးသွားတွေထက် နိုင်ငံခြားသားတွေပဲ လာကြတယ်။ လင်းနို့ဂူရဲ့ ဟိုးတောင်ထိပ်လေးကနေ နေဝင်ချိန်ကြည့်တာ အရမ်းမိုက်တာပဲ။ လှလိုက်တာဆိုတာ။ သံလွင်တံတားကြီး၊ သံလွင်မြစ်နဲ့ ကရင်ပြည်နယ်ရဲ့ အလှကို မြင်တွေ့ကြရတယ်။ ဒီတောင်ထိပ်က စေတီရင်ပြင်သေးသေးလေးပေါ်ကို ခက်ခက်ခဲခဲ တက်ရတယ်။ သံလှေကားတွေ လုပ်ထားပေမဲ့ မတ်တော့ အသည်းယားရတယ်။ ဟိုးအပေါ်လည်း ရောက်ရော ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ နိုင်ငံခြားသားအများအပြားကို တွေ့လိုက်ရတယ်။ ကိုယ့်မယ် ထိုင်စောင့်စရာတောင် မရှိ။ ရှုခင်းကို ရပ်ကြည့်ရတယ်။ လင်းနို့ဂူမှာ ခုလို ရောက်နေကြတာ နေဝင်ချိန်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ညနေ ၅ နာရီခွဲလောက်မှာ ထွက်လေ့ရှိတဲ့ လင်းနို့ပေါင်းများစွာရဲ့ ပျံသန်းမှုကို မှတ်တမ်းတင်ချင်တာလည်း ပါတယ်။ ပုံးတွေခေါက်၊ နို့ဆီခွက်ခြစ်တဲ့ အသံတွေနဲ့အတူ လင်းနို့တွေဟာ သံလွင်မြစ်ကောင်းကင်တစ်ခွင်လုံးမှာ နဂါးငွေ့တန်းလိုပဲ အစုလိုက်ပျံသွားကြတာ သိပ်လှတယ်။ ကျွန်တော်ထင်တာက လင်းနို့တွေကို အသံနဲ့ ဂူထဲက ထုတ်တယ်ထင်တာ။ တကယ်တော့ လင်းနို့တွေ ညဘက် ထွက်တဲ့အခါ ဂူဝန်းကျင်မှာ ရှိတဲ့ စေတီ၊ အဆောက်အဦးနဲ့ လျှပ်စစ်မီးကြိုး၊ မီးတိုင်တွေ ကို ထိမိပြီး အသက်မဆုံးရလေအောင် အသံနဲ့ သတိပေးကြဖို့ နိုင်ငံတော်က စီမံထားတာတဲ့။ လင်းနို့တွေထွက်တဲ့အချိန်မှာ လင်းနို့တွေကို ဖမ်းပြီး စားဖို့ စောင့်နေကြတဲ့ ငှက်ကြီး ငှက်သေး မျိုးစုံကိုလည်း လေ့လာခွင့်ရကြပါသေးတယ်။ လင်းနို့တွေရဲ့ အနံ့နဲ့ မစင်စွန့်တာတွေတော့ ကြည့်ရှောင်ရသပေါ့လေ။ လင်းနို့တွေ ပျံထွက်လာတာကို အပေါ်ဆုံးကလည်း ကြည့်ကြသလို၊ အောက်ဘက်က စေတီကနေ ကြည့်တာလည်း အတော် လှပါတယ်။


ရေဂူ

နောက်ထပ် ရေဂူတစ်ခုပါ။ ကျောက်ကလပ်စေတီ သွားတဲ့ လမ်းဘက်မှာ ရှိပါတယ်။ နွေရာသီဆို ရေလုံးဝ ခမ်းလို့ အတွင်းမှာ ဖျာခင်းပြီးတောင် အိပ်နိုင်ပါတယ်။ မိုးရာသီဆို ရေများလို့ တော်ရုံ ဂူထဲ ဝင်လေ့မရှိပါဘူး။ ကျွန်တော်ရောက်တဲ့အချိန် ရေက ခြေသလုံးကျော်ထိ ရှိနေသေးတာမို့ Local Guide ကိုသူရ က မဝင်ဖို့ သတိပေးတာနဲ့ မဝင်ခဲ့ရပါဘူး။ ရေဂူရှိတဲ့ တောင်ပေါ်ကနေ ရှုခင်းလှလှလေးတွေ မြင်ရဖို့တော့ တက်ကြည့်ခဲ့ပါသေးတယ်။


ဇွဲကပင်တိရစ္ဆာန်ဥယျာဉ်

Mini Zoo လေးပါ။ ဝင်ကြေးကတော့ တစ်ဦး တစ်ထောင် ပေးရပါတယ်။ ဘားအံမြို့လေးအတွက်တော့ ရှိသင့်တဲ့ ဥယျာဉ်လေးပဲ ဆိုပါတော့။ ရန်ကုန်ကလူတွေကတော့ နည်းနည်း ပျင်းစရာ ဖြစ်နေမယ်။ တိရစ္ဆာန်လည်း သိပ်မစုံတော့ဘူး။


ညဈေးသစ် နဲ့ ညဈေးဟောင်း

ဘားအံမှာ သိပ်သဘောကျတာက ညဈေးတွေပါ။ ညဈေးဟောင်းကတော့ ကန်သာယာရေကန်နားမှာ ရှိပြီး ညဈေးသစ်ကတော့ သံလွင်မြစ်ကမ်းနားလမ်းမှာ ရှိပါတယ်။ မကြာခင် ညဈေးဟောင်းကို ညဈေးသစ်နဲ့ ပေါင်းတော့မယ်လို့ သိရပါသေးတယ်။ ညဈေးဟောင်းရော ဈေးသစ်ပါ ရောင်းချတဲ့ အစားအသောက်၊ အမယ်တွေ တူတူပါပဲ။ ထိုင်းညဈေးလိုပဲ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိတာကို သဘောကျမိတယ်။ ထိုင်းအကင်စုံ ရတယ်။ နာမည်ကျော် ကရင်တောထမင်းကို ဒီမှာ စားလို့ရတယ်။ ကရင်မုန့်ဟင်းခါးလည်း စားနိုင်သလို၊ အခြားအစားအသောက်တွေ မြည်းစမ်းကြည့်နိုင်တယ်။ ကောက်ညင်းကျည်တောက်လည်း စားခဲ့ဦးနော်။


ညဘက်ထွက်စရာ

ကော်ဖီ၊ ဘားနဲ့ စားသောက်ဆိုင်တွေလည်း အတော် လန်းလန်းတွေ ရှိပါတယ်။ အထူးသဖြင့် ကမ်းနားလမ်းတလျှောက်မှာ စုံလင်ပါတယ်။ နိုင်ငံခြားသားတွေ အထိုင်များပြီး ဝန်ဆောင်မှုလည်း အဆင်ပြေလို့ ဘားအံဟာ ညဘက်လည်း ပျင်းစရာမကောင်းတဲ့ မြို့တစ်မြို့ပါ။


အမှိုက် သတိပြု

နေရာလေး လှလို့တော့ ညွှန်းမိပြီ။ အမှိုက်တော့ သွားမဖွကြပါနဲ့ အမျိုးတို့...

ခရီးသွားရင် ခြေရာလေးတွေပဲ ချန်ပြီး အမှိုက်တွေနဲ့ မရက်စက်ကြဖို့ လေးလေးနက်နက် သတိပေးချင်ပါတယ်။ ကိုယ့်တိုင်းပြည်လေး အမြဲလှနေဖို့ စည်းကမ်းရှိချိန် တန်ပါပြီ။


ကျွန်တော် လည်ဖြစ်ခဲ့တဲ့ ဘားအံဟာ နောက်နှစ်အနည်းငယ်ဆို ပိုပြီး စည်ကားတဲ့ နေရာ ဖြစ်တော့မယ်ဆိုတာ အလိုလို ခံစားနေရတယ်။ ဒါကြောင့် ဧည့်များများ မလာခင် ကိုယ်က ကြိုဦးအောင် လည်ပစ်ထားလိုက်ပြီပေါ့လေ။ ခေတ်မီကစားကွင်း၊ သဘာဝလိုဏ်ဂူ ကနေ ညဘက်လည်စရာအထိ စုံလင်အောင် ရှိနေတဲ့အပြင် တည်းခိုစရာ ဟိုတယ်အသစ်အဟောင်း မျိုးစုံကလည်း ရွေးချယ်စရာ ပိုများလာတာမို့ ဘားအံကို အလည်သွားပြီး ကရင်လူမျိုးတွေရဲ့ ချစ်စရာ ဓလေ့တွေကို လေ့လာဖို့ ဖိတ်ခေါ်ညွှန်းဆိုပေးလိုက်ရပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Shein Htet

Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

4,274 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page