ပြီးခဲ့တဲ့နှစ်တုန်းက ဘန်ကောက် ကို မရောက်ဘူး ပြောမိလို့လားမသိ၊ ဒီနှစ်တော့ နှစ်စပိုင်းကတည်း ဘန်ကောက်ကို ခဏခဏ ရောက်လာတော့တယ်။ ခုလည်း Hua Hin မြို့ကို အလည်သွားဖို့ ဘန်ကောက်ကို ရောက်နေပြန်ပါပြီရော။ Hua Hin ကို ဒီ Bangkok က လူတွေလည်း အားလပ်ရက် အပန်းဖြေဖို့ လာတတ်ကြတယ်။ ပင်လယ်ကမ်းခြေ ရှိတယ်။ ဇိမ်ခံဟိုတယ်အကောင်းစားကြီးတွေ ရှိတယ်။ ဒါနဲ့တင် သူတို့ အပန်းဖြေဖို့ လုံလောက်နေပြီ။ နိုင်ငံခြားခရီးသွား ကျွန်တော်တို့အတွက်ကျတော့လည်း စိတ်ဝင်တစားလည်ပတ်စရာ ဆော့ကစားစရာ နေရာတွေ ရှိနေတော့ ဒီ Hua Hin မြို့လေး ကမ္ဘာကျော်လာတာ မထူးဆန်းဘူးပေါ့။ ဒီဒေသကို ကျွန်တော်တို့ မြန်မာတွေက Hua Hin လို့ အဓိက သိကြတယ်။ သူက Cha-am (ချအန်း) နဲ့လည်း ကပ်နေတော့ တခါတလေ ဟိုတယ်နာမည်တွေကအစ Hua Hin နဲ့ Cha-am ဆိုပြီး တွဲရက် ထည့်သွင်းကြရတယ်။ ကဲ ဒီတော့ ဟွာဟင်း ဒါမှမဟုတ် ချအန်းမြို့တွေဘက်ကို ပျော်ပျော်ပါးပါး မော်တော်ကားလေးနဲ့ လည်လိုက်ကြရအောင်ပါဗျာ။

ပင်လယ်ကမ်းခြေမြို့လေး ဟွာဟင်း (Hua Hin)
ပထမဆုံး ဘူတာရုံရှိတဲ့ မြို့လေးလို့ နာမည်ကျော်တဲ့ ဒီ ဟွာဟင်းမှာ မြို့အမည်ဆိုင်းဘုတ်နဲ့ အခြားအခြားသော ဆိုင်းဘုတ်လေးတွေကို ရထားဘူတာရုံတွေမှာ ရှိတတ်တဲ့ ဆိုင်းဘုတ်ပုံစံလေးတွေ ဖြစ်နေတတ်တာ မဆန်းဘူးလို့ ဆိုရမယ်။ ဘုရင် Rama 9 ရဲ့ နွေရာသီစံနန်းတော် ရှိရာအရပ်လည်း ဖြစ်ပြီး ဘန်ကောက်မြို့နဲ့ မဝေးတဲ့ ကမ်းခြေအပန်းဖြေမြို့လည်း ဖြစ်ပါတယ်။ ပတ္တရားထက် ကမ်းခြေတွေ ပိုကျယ် ပိုသန့်ပြီး ပင်လယ်စာတွေလည်း ဈေးချို ပေါများတဲ့အရပ်လို့ ဆိုချင်ပါတယ်။

ရာသီဥတု
အပူပိုင်း ရာသီဥတုမျိုးမို့ (၁၂) ရာသီ ပူနေတတ်ပါတယ်။ ကမ်းခြေမြို့ဖြစ်လို့ လေတိုက်တတ်ပြီး စိုထိုင်းဆ မြင့်မားသလို၊ အချိန်မရွေးလည်း မိုးရွာတတ်ပြန်ပါတယ်။ ဟွာဟင်းကို လည်ပတ်ဖို့ ရာသီဥတုအအေးမြဆုံးအချိန်ကတော့ နိုဝင်ဘာလ ကနေ ဖေဖော်ဝါရီလ အတွင်း ဖြစ်ပြီး မတ်လ ကနေ မေလ အထိကတော့ အပူဆုံးအချိန်ပါ။ ဒါပေမဲ့လည်း ကိုယ်တွေဆီမှာက ကျောင်းပိတ်ရက် ရုံးပိတ်ရက်တွေ များတဲ့ ဒီလတွေကိုတော့ ရှောင်လွှဲမရဘဲ သွားလည်ကြရတာပါပဲ။ ဒီနေရာကို မိုးရာသီလည်း လာလည်လို့ကောင်းပါတယ်။ မိုးနည်းလို့ပါ။
ဟွာဟင်း ကို ဘယ်လိုသွားမလဲ
ဘန်ကောက် ကနေတဆင့် သွားကြရမှာပါ။ ရထားနဲ့ သွားတာကလည်း လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။ ဟွာဟင်းဘူတာရုံက မြို့လယ်မှာ ရှိပြီး ဘူတာရုံလေးက ရှေးထိုင်းရိုးရာအဆောက်အဦးပုံစံလေးမို့ ချစ်စရာလေး ဖြစ်နေပါတယ်။ အချိန်အားဖြင့်တော့ ၄ နာရီလောက် ကြာတတ်ပါတယ်။ ရိုးရိုးရထားဆိုရင် ၄၄ ဘတ် ပေးရပြီး ပုံမှန်အားဖြင့်တော့ ဘတ် ၂၅၀ ရှိတတ်ပါတယ်။ ဘန်ကောက် Hua Lamphong နဲ့ Bang Sue ဘူတာတွေကနေ မနက် ၈း၀၅ ကနေ ည ၂၂း၅၀ ကြား တစ်နေ့ ၁၀ ကြိမ်ဆွဲပေးပါတယ်။ ဟွာဟင်းကနေ ဘန်ကောက်ပြန်ဖို့အတွက်က နေ့လည် ရထား ၂ စင်းပဲ ရှိတတ်ပါတယ်။ အဲကွန်းပါတာဆိုရင် ဘတ် ၄၀၀ လောက် ပိုပေးရတတ်တယ်။
ဘတ်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ Bangkok Suvarnabhumi လေဆိပ်ကနေ ဟွာဟင်းကို လွန်းဆွဲပေးနေတဲ့ 2+1 VIP ကားတွေ မပြတ်ရှိပါတယ်။ ဘတ် ၃၀၀ ဝန်းကျင်လောက် ပေးရတတ်ပါတယ်။ ၃ နာရီခွဲလောက် မောင်းရတတ်ပါတယ်။ မနက် ၇ ခွဲ ကနေ ည ၇ ခွဲ အထိ နှစ်နာရီခြား တစ်ခါ ကားထွက်ပါတယ်။ ရိုးရိုးကားဆိုလည်း ဘတ် ၂၀၀ ဝန်းကျင် ရှိတတ်ပြီး Sai Tai Mai Terminal ကနေ ဟွာဟင်းကို စီးလို့ရပါတယ်။ မိနစ် ၂၀ ခြား တစ်စီး ထွက်ပါတယ်။ ကားမောင်းချိန်ကတော့ ၃ နာရီခွဲ ပါပဲ။
တက္ကစီနဲ့ သွားရင်တော့ ဈေးမြောက်နိုင်ပါတယ်။ အဲ့ဒီ Option တော့ မစဉ်းစားစေချင်ဘူး။ အဲ့လို သီးသန့်သွားမယ်ဆိုလည်း တစ်နေ့လုံး ငှားတဲ့ကားလိုမျိုးတွေက ပိုပြီး ကိုက်မယ် ထင်ပါတယ်။
လည်ပတ်စရာ ဟွာဟင်း မှာ
ဟွာဟင်းမြို့မှာက ဟိုတယ်လှလှလေးတွေ ပေါတယ်။ သူ့ထဲမှာတင် လည်လို့ ကောင်းလို့ ပျော်နေရပြီ။ တချို့ဟိုတယ်တွေဆို ကစားကွင်းတွေပါ ဟိုတယ်ဝင်းထဲ ထည့်ဆောက်ပစ်လိုက်တာ။ ဟိုတယ်ထဲမှာ ကို ဓါတ်ပုံရိုက်လို့ လှနေပြီလေ။ ဒီမှာလည်ရတာက Water Park လိုမျိုးတွေ၊ ဥရောပဟန် အဆောက်အဦးနဲ့ ပန်းခြံလိုမျိုးတွေ၊ စိုက်ခင်းလိုမျိုး၊ စားသောက်ဆိုင် ကော်ဖီဆိုင်လှလှလိုမျိုးတွေ ပိုများပါတယ်။ တစ်နေရာနဲ့ တစ်နေရာ လှမ်းသလို၊ ရာသီဥတု ပူတော့ လည်ရပတ်ရတာလည်း စိတ်တော့ နည်းနည်း အိုက်တယ်ပေါ့လေ။ ကျွန်တော့်စိတ်ကူးထဲမှာတော့ ဟိုတယ်က ရေကူးကန်ထဲမှာ စိမ်နေချင်မိတာက ခပ်များများရယ်။ လည်စရာ ပေါတဲ့ ဒီမြို့မှာ ဘယ်တွေ လည်ရမလဲ ဆိုရင်တော့…
The Venezia Hua Hin

အီတလီ ရောက်သွားတဲ့ ခံစားချက်မျိုး ပေးစွမ်းမဲ့ The Venezia နေရာလေးမှာ လည်ပတ်လာသူတွေ စိတ်ဝင်စားရအောင် ဗင်းနစ်မြို့က လှေမျိုးလေး (Gondola) စီးလို့ရတယ်။ သူက ချောင်းလေးတစ်ခု ဖန်တီးထားတာလေးက ချစ်စရာဖြစ်နေတာ။ ပြီးတော့ ရထားသေးသေးလေး ပတ်စီးတာ၊ 3D ပန်းချီကားတွေနဲ့ ဓါတ်ပုံ ရိုက်တာတွေ ရှိတယ်။ သဘောကျမိတာက Upside Down ဆိုတဲ့ ပြခန်းပဲ။ အဲ့ဒီထဲမှာ အဆောက်အဦး၊ ပစ္စည်း၊ တိရစ္ဆာန်တွေကို ဇောက်ထိုး လုပ်ပေးထားတယ်။ ကိုယ်က ဓါတ်ပုံ သွားရိုက်ပြီး ဖုန်းထဲမှာ ဓါတ်ပုံကို အပေါ်အောက် ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကိုယ်က Gravity အပြင်ဘက် ခုန်ထွက် သလို ဖြစ်ပြီး လူက မြောက်တက်နေတာမျိုး ဖြစ်သွားတာ။ The Venezia ကို ဝင်ရင် လက်မှတ်လေးတွေ ပေးတယ်။ တစ်ခု ကစားပြီးရင် တစ်နေရာ ဖြဲတယ်။ ဒီမှာရှိတဲ့ Kiss Me Wine စားသောက်ဆိုင်လည်း နေ့လည်စာ စားဖို့ကောင်းတယ်။ ထိုင်းအစားအစာလေးတွေ စားကောင်းနေရောပဲ။ Outlet လည်းရှိပြီး ဈေးဝယ်လို့လည်း ရသေးတယ်။ အီတလီစတိုင် အဆောက်အဦး၊ ဆိုင်ခန်း၊ လမ်းနဲ့ တံတား၊ ရုပ်တုတွေ၊ ရေပန်းနဲ့ ရေကန်၊ တိုင်လုံးတွေ၊ ပန်းခြံ စတာတွေနဲ့ ဓါတ်ပုံရိုက်ပြီး ပျော်ရွှင်နိုင်ကြမှာပါ။
1000 Sook Food & Farm

ဒီကို ကျွန်တော်တို့ အဓိက လာတာက နေ့လည်စာ စားဖို့ပါ။ စရောက်ကတည်းက ဆိုင်အပြင်အဆင်က ချစ်စရာလေးလို့ သတိထားမိလိုက်တယ်။ ဒီလို ကလေးအကြိုက် ကာတွန်းကားထဲက အိမ်လေးတွေမှာ ရောင်းတဲ့ အစားအသောက်မျိုးက ကောင်းလေ့မရှိတော့ ဆိုင်ကို အထင်မကြီးမိဘူး။ တကယ်တမ်း အစားအသောက်တွေ စားကြည့်မှာ ဒီဆိုင်က အစားအသောက်လည်း တကယ်ကောင်းမှန်း လက်ခံလိုက်ရတယ်။ ဒီမှာ အစားအသောက် စားရင် ဝင်ခွင့်လက်မှတ်ပါ ရတော့ နောက်ဘက်က Farm စိုက်ခင်းနဲ့ ပန်းခြံကိုပါ ဝင်လည်နိုင်သေးတယ်။ တခြား မုန့်၊ ကော်ဖီ ဆိုင်လေးတွေလည်း ရှိတော့ မပျင်းရဘူး။ ဓါတ်ပုံရိုက်ဖို့ ဥရောပဟန်အပြည့်နဲ့ စိုက်ခင်းအဆောက်အဦးတွေ ထားပေးထားတာမို့ သဘောကျကြဦးမှာပါ။ ယုန်၊ သိုး၊ မြင်းပု စတဲ့ တိရစ္ဆာန်လေးတွေလည်း မွေးပြထားပါသေးတယ်။ စားသောက်ဆိုင် အတွင်းဘက်မှာလည်း မုန့်လေးတွေ ရောင်းတဲ့ ဈေးတစ်ခု ရှိသေးတော့ အရွယ်သုံးပါးမရွေး အဆင်ပြေတဲ့နေရာ ဖြစ်နေပါတယ်။ မစားဘဲဝင်မယ်ဆိုရင် ဝင်ကြေးက လူကြီး ဘတ် (၅၀)၊ ကလေး ဘတ် (၃၀) ပါ။ ကြားရက်ဆို မနက် ၈ နာရီကနေ ည ၈ နာရီခွဲ ထိနဲ့ စနေ၊ တနင်္ဂနွေဆို မနက် ၈ နာရီကနေ ည ၉ နာရီထိ ဖွင့်ပါတယ်။
Santorini Amusement Park

ဂရိနိုင်ငံကို ရောက်သွားတယ်လို့ ခံစားရစေမဲ့ Santorini ပန်းခြံကတော့ ကလေး နဲ့ လူငယ်တွေ ပိုကြိုက်ကြမယ်ထင်ပါတယ်။ အပြာ၊ အဝါ၊ အနီ အရောင်လွင်လွင်နုနုလေးတွေကို ချစ်စရာ အဆောက်အဦးသေးသေးလေးတွေနဲ့ ဆိုင်ခန်းတွေ၊ အပန်းဖြေလည်ပတ် ဓါတ်ပုံ ရိုက်ချင်စရာတွေ ဖန်တီးပြထားတာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ဘက်မှာ ချားရဟတ်တွေ၊ ရေလွှာလျှောစီးအကြီးစားတွေနဲ့ ကစားကွင်းလည်း ရှိလို့ ကလေးနဲ့ လူငယ်တွေ ပျော်ကြတယ်။ ဈေးဝယ်ထွက်ဖို့ နာမည်ကြီး Brand ဆိုင်တွေရော၊ အမှတ်တရပစ္စည်းရောင်းဆိုင်တွေရော ရှိတာမို့ သိပ်မပျင်းရဘူး။ ဓါတ်ပုံရိုက်ချင်စရာကောင်းတာကတော့ နေရာတိုင်းလိုလိုပဲ။ လှနေတာ။ သရဲခြောက်တဲ့အိမ်လည်း ထည့်သွင်း ဖန်တီးထားလို့ အပျော်ဝင်ကြည့်လို့ ရသေးတယ်။ သီးသန့်လက်မှတ်ရောင်းပါတယ်။ ကစားကွင်းလက်မှတ်တွေလည်း သပ်သပ်ထပ်ဝယ်ရပါတယ်။ ဝင်ခွင့်လက်မှတ်လည်း ဝယ်ရပါတယ်။ အားလုံးပါတဲ့ လက်မှတ်မျိုးလည်း ဝယ်လို့ရပါသေးတယ်။ အတွင်းမှာ ဟိုတယ်လည်း ရှိသေးလို့ ဒီဟိုတယ်မှာ တည်းခိုပြီး လည်ပတ်လို့လည်း ရတယ်။ အတွင်းဘက် ဟိုတယ်က အဆောက်အဦးလေးတွေက လူရှင်းပြီး ဓါတ်ပုံရိုက်လို့ ပိုကောင်းတယ်ပေါ့လေ။ နိုင်ငံခြားသားဆို ဘတ် ၁၅၀ ပေးရပါတယ်။ ကစားစရာတွေ စီးမယ်၊ သရဲအိမ်ဝင်မယ်ဆိုရင် ဘတ် ၁၂၀ ကနေ ၂၅၀ တွင်း ကုန်ကျနိုင်ပါတယ်။ ကြားရက်ကို မနက် ၁၀ နာရီကနေ ည ၇ နာရီ နဲ့ စနေ၊ တနင်္ဂနွေဆို မနက် ၉ နာရီကနေ ည ၇ နာရီထိ ဖွင့်ပါတယ်။
Hua Hin Railway Station
ဟွာဟင်းဘူတာရုံလေးက ထိုင်းနိုင်ငံမှာ အလှဆုံးဘူတာလေးလို့ ဆိုကြပါတယ်။ နန်းတော်လို သစ်သားဆောင်လေးနဲ့ အတော်ချစ်စရာ ကောင်းတဲ့ ဘူတာပါ။ မြို့ခံတွေလည်း အရမ်းဂုဏ်ယူကြတယ်ပေါ့လေ။ ၁၉၆၈ ခုနှစ်မှာ ပြန်ပြီး တည်ဆောက်ထားတဲ့ ဒီဘူတာလေး ကိုလည်း ရောက်တုန်း သွားလည်သင့်ပါတယ်။ အဲ့ဒီ ဘူတာ အပြင်ဘက်မှာ လူသိပ်မသိတဲ့ စာကြည့်တိုက်လေး ရှိပါတယ်။ ရထားတွဲဟောင်းနှစ်ခုကို ချစ်စရာ စာကြည့်တိုက်လေး ဖန်တီးထားတာပါ။
Swiss Sheep Farm
လေရဟတ်တွေ၊ ဖုန်းရုံနီလေးတွေ၊ ဂျပန်ဗောက်စ်ဝက်ဂွန်ကားလေးတွေနဲ့ အလှဆင်ထားပြီး သိုးလေးတွေ မွေးမြူထားတဲ့ ဒီနေရာလေးက ဓါတ်ပုံရိုက်လို့ သိပ်ကောင်းတာပေါ့။ ရာသီဥတုလေးသာ အေးလိုက်ရင် ဆွစ်ဇလန်အသေးစားလေး ဖြစ်နေမှာပါ။ ကြားရက်ဆို မနက် ၁၀ နာရီကနေ ည ၇ နာရီ၊ စနေ၊ တနင်္ဂနွေဆို မနက် ၉ နာရီကနေ ည ၇ နာရီထိ ဖွင့်ပါတယ်။ ဝင်ကြေးက လူကြီး ဘတ် (၁၂၀) နဲ့ ကလေး ဘတ် (၉၀) ပါ။
Camel Republic
Santorini Park ရဲ့ နားမှာပဲ အသစ်ဖွင့်ထားတဲ့ ဒီ အပန်းဖြေနေရာလေးက ကုလားအုတ်စီးလို့ရပါတယ်။ ပြီးတော့ တိရစ္ဆာန်ရုံအငယ်စားလေးလို ထူးထူးခြားခြား တိရစ္ဆာန်တွေနဲ့ အတော် နီးနီးကပ်ကပ် အစာကျွေးတာ လုပ်လို့ရတယ်။ သစ်ကုလားအုတ်တွေကို နီးနီးကပ်ကပ် ထိတွေ့နိုင်သလို အဆောက်အဦးတွေကိုလည်း အရောင်အလွင်အနုလေးတွေနဲ့ စီစဉ်ထားတာ ချစ်စရာ ကောင်းနေပါတယ်။ တခြားရင်သိမ့်တုန် ရဟတ်မျိုးစုံလည်း ရှိပါသေးတယ်။ နိုင်ငံခြားသားတစ်ဦးကို လူကြီး ဘတ် ၂၀၀၊ ကလေး ဘတ် ၁၂၀ ပေးရပါတယ်။ ကစားစရာတွေအတွက်က ဘတ် ၁၂၀ ကနေ ၂၅၀ အတွင်း ကုန်ကျနိုင်ပါသေးတယ်။ Santorini ကို ဝင်ထားရင် ဒီနေရာ ဝင်ကြေးက အခမဲ့ပါ။
Vana Nava Hua Hin Water Jungle
စိတ်လှုပ်ရှားစရာ ရေကစားနည်းမျိုးစုံ ကစားမယ်ဆို ဒီနေရာက အဆင်ပြေတယ်။ မိသားစုအလိုက် သွားလည်ကြတဲ့နေရာပါ။ Water Jungle Zone ကို နေ့စဉ် မနက် ၁၀ နာရီကနေ ည ၆ နာရီထိ၊ Adventure Zone ကို နေ့စဉ် မနက် ၁၀ နာရီကနေ ည ၉ နာရီထိ ဖွင့်ပါတယ်။ ဝင်ကြေးက Water Park ကို လူကြီး ဘတ် ၁၀၀၀၊ ကလေး ဘတ် ၆၀၀ နဲ့ Adventure Zone ကို ကစားနည်းအမျိုးအစားအလိုက် ဘတ် ၁၅၀ ကနေ ဘတ် ၄၀၀ ထိ အစားစား ရှိပါမယ်။
Cicada Night Market

ဟွာဟင်းမှာ စိတ်အဝင်စားဆုံးက ဒီ Weekend Night Market တစ်ခု ဖြစ်တဲ့ Cicada ပါ။ ဈေးဆိုင်လေးတွေ အများအပြား စုံစိနေတယ်။ ပန်းချီဆွဲပေးတာကနေ နာနတ်သီးမုန့်ထုတ်တာအထိ အစုံရှိသလို၊ လက်ဆောင်ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အိတ်တွေ အစုံရတယ်။ လက်မှုအနုပညာလေးတွေ ဖန်တီးပြတာ များတယ်။ သဲနဲ့ ပန်းချီဆွဲတာ၊ တီရှပ်ပေါ်မှာ ဆေးမှုတ်ပုံတူဆွဲပြတာလိုမျိုးတွေနဲ့ စွဲဆောင်ထားတယ်။ ဂီတသံလေးနဲ့ အဖျော်ယမကာ သောက်နိုင်သလို စားသောက်ဆိုင်တန်းတွေအများကြီးကနေ စိတ်ကြိုက် ဝယ်စားနိုင်သေးတယ်။ ဒီမှာ ဈေးဆိုင်တွေကလွဲရင် စားသောက်ဆိုင် အသေးအကြီး အကုန်လုံးကို ကူပွန်နဲ့ပဲ ဝယ်ရပါတယ်။ ကူပွန်လဲဖို့ အဝင်အထွက်နေရာလေးတွေမှာ ကောင်တာလေးတွေ ထားပေးပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်ပဲ ဖွင့်တာပါ။ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိပါ။ တနင်္ဂနွေညမှာတော့ ည ၁၀ နာရီမှာ ပိတ်ပါတယ်။
Hua Hin Night Market

ညနေတိုင်း ရှိနေတဲ့ ညဈေးကတော့ Hua Hin Night Market ပါ။ ဈေးဆိုင်တန်းလေး လေးတန်းနဲ့ လမ်းရှည်ရှည်မှာ ဖွင့်ထားတာမို့ စိတ်ကြိုက်ရွေးဝယ်လို့ရတယ်။ စားသောက်ဆိုင်၊ ဘား၊ ကော်ဖီဆိုင်၊ စတိုးဆိုင်၊ အနှိပ်ဆိုင်တွေ အကုန် ဒီမှာ ရှိတယ်။ ခရီးသွားအများစု ဒီကို လာကြတယ်။ မြို့လည်ခေါင်မှာလည်း ဖြစ်လို့ သွားရလာရလည်း လွယ်တယ်။
King Rama 6’s Summer Palace

Maruekhathaiyawan Palace လို့ ခေါ်ကြတဲ့ Rama 6 ဘုရင်ရဲ့ နွေရာသီစံနန်းတော် က အတော်လေး လှပါတယ်။ စပိန်ဟန် ကျွန်းနဲ့ဆောက်ထားတဲ့ နွေရာသီနန်းတော် ဖြစ်ပြီး ပင်လယ်က အရှေ့မှာ ရှိနေလို့ အရမ်းကဗျာဆန်တယ်ပဲ ဆိုပါတော့။ ခုထိလည်း တော်ဝင်အမျိုးအနွယ်တွေ နေထိုင်ဆဲလို့ သိရပါတယ်။ ၁၉၂၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး နန်းတော် ဖွဲ့စည်းထားပုံက အတော်လေး ခန့်ညားပါတယ်။ ပန်းခြံတွေရယ်၊ မြက်ခင်းစိမ်း၊ တရုတ်စံကားပင်တွေ၊ မကျည်းသီးပင်တွေနဲ့ အတော် စိတ်ကြည်နူးစရာပါ။ နေထိုင်နေဆဲသူတွေက ရိုးရာအဝတ်အစားတွေနဲ့မို့ စိတ်ဝင်တစား လိုက်ကြည့်ဖြစ်တယ်။ သူတို့ ရိုးရာ တူရိယာတွေ တီးမှုတ်နေကြတယ်။ အပေါ်တွေကို ပေးမတက်ဘူး။ အောက်ကနေပဲ အဆောက်အဦးတွေကို ကြည့်ရတယ်။ နောက်ဘက်က လိုင်းခန်းလို အဆောက်အဦးတွေကလည်း တမျိုးစိတ်ဝင်စားစရာ ကောင်းတယ်။ မိဖုရားတွေနေတဲ့အဆောင်ကလည်း လေ့လာစရာ ဖြစ်သလို အဲ့ဒီခေတ်က ဘုရင်တွေရဲ့ မိဖုရားတွေဟာ သူတို့ကို သတ်မှတ်ပေးထားတဲ့ စံနန်းတော်တွေမှာပဲ ကျန်ခဲ့ရပြီး ဘုရင်လာမှ ဆုံတွေ့ကြရတာမျိုးပါ။ ဒီလို စံနန်းတော်မျိုး ထိုင်းရဲ့ နေရာအနှံ့ တွေ့ရပါမယ်။ အဲ့ဒီတော့ တွေးသာကြည့်ပါတော့နော်။ နေ့စဉ် မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်ပါတယ်။ ဘုရင့်အမျိုးအနွယ်တွေ လာနေချိန်မှာတော့ ဝင်ခွင့်မရပါဘူး။ ပုံမှန်အားဖြင့် မတ်လ နဲ့ ဧပြီလ တွေဆို ဆွေတော်မျိုးတော်တွေ လာနေထိုင်လေ့ ရှိတုန်းပါ။ များသောအားဖြင့် အပေါ်တက်ခွင့်မရဘဲ၊ တက်ကြည့်ခွင့်ရတဲ့နေရာတွေဆိုရင် ဖိနပ်ချွတ်ပြီး ဝင်လေ့လာရပါတယ်။ အပေါ်ထပ်တွေကို တက်ပြီး ဓါတ်ပုံ ဗီဒီယိုရိုက်ခွင့် မရှိပါဘူး။ ကြိုတင်ခွင့်ပြုချက်တောင်းခံလို့ ခွင့်ပြုချက်ရမှသာ ရိုက်ရပါတယ်။ စာကြိုတင်ရတယ်လို့ သိရပါတယ်။ အတိုအပြတ်တွေ ဝတ်လို့မရလို့ အတိုအပြတ်နဲ့ လာမိသူတွေဟာ ပတ်လုံခြုံတွေကို အမျိုးသမီး အမျိုးသား မရွေး ငှားဝတ်ကြရပါတယ်။ ဝင်ကြေးကတော့ ဘတ် ၂၀ လို့ သိရပါတယ်။
ဘယ်မှာတည်းမလဲ

ဟွာဟင်းမှာ တည်းခိုစရာက အနိမ့်ဆုံး ဘတ် ၇၀၀ လောက်ကနေ အမြင့်ဆုံးဆို ဘတ် ၃ သောင်းလောက်ထိ ရွေးချယ်စရာ များပါတယ်။ ကျွန်တော်ကတော့ ဒီတစ်ခါ Luxury Resort တစ်ခုမှာ တည်းဖြစ်ခဲ့တယ်။ M Gallery by Sofitel ရဲ့ ဟိုတယ်တွေအောက်က တစ်ခုဖြစ်တဲ့ Veranda Resort Hua Hin – Cha Am မှာပါ။ ကျွန်တော်တို့နေတဲ့ အခန်းကတော့ ဘတ် ၃၀၀၀ ဝန်းကျင် ရှိပါတယ်။ နှစ်ယောက်ခန်းဖြစ်ပြီး အထပ်မြင့်ပါ။ အခန်းရှေ့မှာ Jaccuzi ကြီးတစ်ခု ပါဝင်တာကို သဘောကျမိပါတယ်။ ပင်လယ်ကြီးကိုလည်း လှမ်းမြင်ရတယ်။ တစ်ဘက်က အဆောက်အဦးမှာတော့ ရှေ့မှာ ရေကူးကန်ပါတဲ့ အထပ်မြင့်အခန်းတွေ ရှိပါတယ်။ ကျွန်တော်တို့ ရှေ့ဘက်မှာတော့ ဘန်ဂလိုတွေလည်း ရှိသေးတယ်။ ရေကူးကန်ကတော့ လုံးဝ အပျံစားပဲ။ အဲ့ဒီမှာ ကြိုက်မိတာကတော့ ပင်လယ်ကမ်းခြေနဲ့ နီးတာရယ်၊ ပင်လယ်ကို အပေါ်စီးကနေ ကြည့်ဖို့ မှန်တံတားလေး လုပ်ပေးထားတာရယ်ကို သဘောကျမိတာပါ။
နောက် ဈေးသက်သာတဲ့ မြို့လယ်က ဟိုတယ်လေးလည်း ကောင်းတယ်။ MaySa Hotel တဲ့။ သူလည်း ရေကူးကန်ပါတယ်။ အရင်အဟောင်းမှာက ရေကူးကန် ပိုကြီးပေမဲ့ အသစ်မှာက အခန်းတွေ ပိုသပ်ရပ်လာတယ်။ ရေကူးကန်ကလည်း ကလေးတွေအတွက် ပိုအဆင်ပြေသွားတဲ့ အထပ်မြင့်ရေကူးကန်နဲ့။ ဘတ် ၁၅၀၀ လောက်တော့ ပေးရတယ်။
နေ့ချင်းပြန်လောက်ပဲ ဆိုရင်တော့ ဘန်ကောက်က ဟိုတယ်မှာ အိပ်ပေါ့လေ။ ဘန်ကောက်မှာ ဆိုရင်တော့ Avani Atrium Bangkok မှာ တည်းကြည့်စေချင်တယ်။ သူရဲ့အခန်းတိုင်းက ရှုခင်းမြင်ရတာမို့ သဘောကျတာ။ ပြီးတော့ ဘန်ကောက်ဆေးရုံ၊ ပါရာနိုင်းဆေးရုံတွေနဲ့ နီးတော့ ဆေးခန်းပြချင်သူတွေနဲ့လည်း အဆင်ပြေတယ်။ RCA နဲ့လည်းနီးတော့ ကဲချင်သူတွေလည်း အကြိုက်ဖြစ်မယ်။ အနားမှာ ဈေးတွေလည်း ရှိတော့ ဒီနေရာက အတော်အဆင်ပြေတယ်လို့ ဆိုရမယ်။
Phetchaburi ဝင်လည်မယ်
ဟွာဟင်း က အပြန်ဆို Phetchaburi ကို ဝင်လည်လို့ရသေးတယ်။ အချိန်ရရင်ပေါ့။ ဒီမှာလည်း ဘုရင့်စံနန်းတော်တွေ၊ စေတီတွေ၊ ဘုန်းကြီးကျောင်းတွေ နောက်တခြား လည်စရာနေရာတွေရှိသေးတယ်။ နောက်များမှ သက်သက်ရေးပါဦးမယ်။ ဒီတစ်ခါ ခရီးစဉ်မှာတော့ How Are U Café လေးမှာပဲ ဝင်ထိုင်ဖြစ်ခဲ့တယ်။ Craft Beer တော်တော်စုံတဲ့ ဒီဆိုင်လေးက အပြင်အဆင်ကအစ ချစ်စရာလေးမို့ ဝင်ထိုင်ဖြစ်တာ။ ဓါတ်ပုံ ရိုက်ချင်စရာလေး။ ကြုံရင် ဝင်လည်ကြည့်ဖို့ သတင်းပေးပါတယ်နော်။

Hua Hin ခရီး ဘယ်လို သွားရမလဲ
ခရီးစဉ်ကို ကိုယ့်ဟာကိုယ် စီစဉ်ပြီး သွားတာလည်း ကောင်းတယ်။ ဒါပေမဲ့ ဟွာဟင်းကို ဘန်ကောက်ကနေ ကားငှားသွားရ၊ ဟိုမှာကလည်း တစ်နေရာနဲ့ တစ်နေရာ လှမ်းတော့ ကားငှားရ ခက်ခဲတာမျိုး ကြုံရမှာစိုးရင် စိတ်ရှုပ်မခံချင်သူတွေကတော့ Travels & Tours Agent တွေနဲ့ ချိတ်သင့်တယ်။ ခု ကျွန်တော်တို့ သွားတဲ့ ခရီးစဉ်မျိုး ဘန်ကောက်လေဆိပ်ကနေ ဟွာဟင်း သွားတာမှာ အစအဆုံး ကားဝန်ဆောင်မှု၊ ဟိုတယ်ဝန်ဆောင်မှု၊ ကစားကွင်းနဲ့ ဝင်ခွင့်အမျိုးမျိုး လက်မှတ်တွေအပါအဝင် စားသောက်တာအပြီးအစီး စီစဉ်ပေးနေတာက Direct Go Travels & Tours ပါ။ မနီလာ ဦးစီး စီစဉ်ပေးနေတာပေါ့။ သူ့ကို ဆက်သွယ်နိုင်တယ်။ ဖုန်းက 09794804786, 09771544442 တို့ကို မေးမြန်းစုံစမ်းနိုင်တယ်။ Hua Hin အပြင် တခြားထိုင်းခရီးစဉ်နဲ့ ကစားကွင်း ပန်းခြံ လက်မှတ်မျိုးစုံလည်း ဝယ်နိုင်တယ်လေ။
ထိုင်းနိုင်ငံ ဆိုရင် ဘန်ကောက် မှာပဲ အချိန်ကုန်နေတာ များပြီ။ အနီးအပါးက လည်စရာ ပတ်စရာလေးတွေ သွားချင်သေးတယ်ဆိုသူများ၊ ချစ်စရာ ဥရောပအထာလေးနဲ့ လန်းချင်တဲ့ လူငယ်တွေ နဲ့ ကစားကွင်းကြီးကြီးမှ ကြိုက်တဲ့ ကလေးတွေအတွက် ဟွာဟင်း က အဘက်ဘက်က ပြည့်စုံနေပါတယ်။ ကျွန်တော် လည်း ပထမအကြိမ်မှာ အစုံ မသွားလည်နိုင်သေးလို့ နောက်အကြိမ်တွေ ထပ်ထပ်လာချင်သေးအောင် စိတ်ထဲစွဲနေရတဲ့ မြို့လေးမို့ အလည်အပတ်ထွက်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Naw Htike, Nu Myat, Nilar, La Yong
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Comments