တန်ဆောင်းမုန်းလပြည့် ကာလဆို ခါတိုင်းနှစ်တွေ ဘုရားပွဲတွေနဲ့ စည်ကားနေတတ်တာမျိုး။ မီးပုံးပျံလွှတ်ကြတာ၊ မီးမျောကြတာတွေနဲ့ ဓလေ့ထုံးစံအစဉ်အလာတွေမပျက်ခဲ့ကြဘူး။ ဒီနှစ်တော့ အရာရာက တိတ်တိတ်ဆိတ်ဆိတ်။ လပြည့်ဘုရားပွဲတွေထဲမှာ ထင်ရှားတဲ့ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲ လည်း ပါဝင်တာပေါ့။
ကျွန်တော် အင်းတော်ကြီးကို သွားခါနီးတုန်းကတော့ အမှန်ပြောရရင် လန့်တယ်။ ရေကြောက်တာပေါ့လေ။ သတင်းတွေလည်းကြားထားတာကိုး။ ဟိုရောက်တော့လည်း အလိုလိုပျော်ပြီး ဥဒဟို ကူးနေကြတဲ့ စက်လှေပေါ်က ဘုရားဖူးတွေ တွေ့တော့ စိတ်အေးရပြန်ရော။ နေ့ခင်းနေ့လည်မှာတော့ ဘုရားဈေးတန်းနားအထိ ကားရောက်လို့ ရနိုင်သေးတယ်။ ညနေပိုင်းလောက်ဆို ကားဝင်ဖို့ဆိုတာ အတော်ခက်သွားတာမျိုးပါ။ ကျွန်တော်တို့ ဈေးတန်းအစလေးမှာ ကားပေါ်က ဆင်းပြီး ဈေးတန်းလေးတွေ၊ မုန့်ဆိုင်လေးတွေ၊ အမှတ်တရပစ္စည်းဆိုင်၊ ဘုရားပန်း နဲ့ လှူဘွယ်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေ အများကြီးကို ငေးမောရင်း လှေဆိပ်ကို သွားကြတယ်။ စက်လှေခ က တစ်ယောက်ကို ၂၀၀၀ ကျပ် ပေးရပါတယ်။ ရေတက်နေချိန်မျိုးမှ စက်လှေစီးခွင့်ရတာပါ။ ကျွန်တော် သွားတဲ့အချိန်တော့ စင်ရော်တွေ မမြင်မိဘူး။ တချို့အချိန်တွေမှာ စင်ရော်ငှက်လေးတွေ စက်လှေနဲ့အတူ လိုက်ပျံပြီး အစာတောင်းတာမျိုး ရှိတော့ ကြည်နူးစရာပေါ့။ ရေကျချိန်ဆိုရင်တော့ လမ်းတွေ ပေါ်လာတတ်လို့ လူလမ်း နတ်လမ်းဆိုပြီး မြင်ကြရတတ်တယ်။ သဲလမ်းလေးတွေလို့လည်း ဆိုကြပါတယ်။ တပေါင်းလ ဘုရားပွဲတော်ချိန်ဆိုရင်တော့ မြင်သာတယ်လို့ သိရပြန်ပါတယ်။ ဘုရားပွဲပြီးရင်လည်း ပြန်ပျောက်သွားတတ်တယ်တဲ့။ အမှိုက်တွေဆိုလည်း အဲ့လိုပဲ သူ့အလိုလို ပြန်သန့်စင်တယ်တဲ့။ လူလမ်းတလျှောက်မှာ ခုတော့ ကွန်ကရစ်လမ်းလေးဖြစ်နေပြီး မီးတိုင်လေးတွေလည်းရှိလို့ နေ့နေ့ညည သွားလာနိုင်တယ်ဆိုပါတယ်။ နတ်လမ်း ကတော့ ရေပြင်ထက်မှာ ဘုရားအထိ အဖြူရောင်လို တံလျှပ်လေးတန်းပြီးပြေးနေတာမျိုးကို တွေ့ရတယ်။ လမ်းလျှောက်လို့တော့ မရဘူးလို့ ပြောသံကြားရပါတယ်။ လမ်းတကယ်လျှောက်ရ မရ တော့ သေချာ မပြောတတ်ပါဘူး။ ကျွန်တော် သွားချိန်ကလည်း ရေတက်ချိန်ပဲ ဖြစ်နေတော့ လူလမ်းတောင် မနင်းခဲ့ရပါဘူး။ ဖတ်မိသလောက်လေးပေါ့ခင်ဗျာ။
ဘယ်လိုသွားလဲ
အများစုကတော့ မြစ်ကြီးနား ကနေဆင်းလာကြသလို၊ တချို့ကလည်း ကသာ ဘက်ကနေ တက်လာကြပါတယ်။ မိုးညှင်းဖြတ်လို့ ဘုရားဖူးလာကြသူ များပါတယ်။ ကျွန်တော်ကတော့ မြစ်ကြီးနား ကနေ လာတာပါ။ ၃ နာရီလောက် ကားစီးရပါတယ်။ ကသာဘက်ကနေ လာသူတွေကတော့ ဇလုံတောင် ဘုရားဖူးရင်းနဲ့ လာကြတာ များပါတယ်။
အင်းတော်ကြီးကန်
ရွှေမဉ္ဇူရေလယ်ဘုရားတည်ရှိနေတဲ့ အင်းတော်ကြီးကန် ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး သဘာဝအင်းကြီးလည်း ဖြစ်လို့ တောင်နဲ့မြောက် အလျား ၁၄ မိုင် နဲ့ အနံ ၇ မိုင် ရှိပါတယ်။ အတော်ကျယ်ဝန်းတာကို ဟိုဖာတောင်ပေါ်ကနေ မြင်ကြည့်ရင် ပိုသိသာပါတယ်။ ထူးခြားချက်က အမှိုက်အမြဲကင်းစင် ရေကြည်လင်နေတတ်တာလို့ ဒေသခံတွေက ဂုဏ်ယူပြောလေ့ရှိပါတယ်။ အင်းတော်ကြီးဝန်းကျင်မှာ ရှမ်းလူမျိုးတွေ အဓိက နေထိုင်ကြပါတယ်။ တိုင်းလျှံဆိုတဲ့ ရှမ်းနီလူမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ထဲမှာ ရှိနေတဲ့တိုင် ပွဲတော်ကာလတွေမှာ ရှမ်းအိုးစည်သံနဲ့ ရှမ်းသီချင်း ရှမ်းအကဟန်တွေ အများဆုံး ကြားကြမြင်ကြရမှာဖြစ်ပါတယ်။ အင်းတော်ကြီးကန်ပတ်လည်မှာ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောလည်း တည်ထောင်ထားပါတယ်။ ဒါကြောင့် ဒီဒေသကို ငှက်ကြည့်ဝါသနာရှင်တွေလည်း အထူးလည်ပတ်ကြပါတယ်။ အင်းတော်ကြီးကန်ရဲ့ ထူးခြားချက်တစ်ခုထဲမှာ အင်းလယ်မှာရှိနေတဲ့ ရွှေမဉ္မူစေတီတော်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီကိုလာတဲ့ ဧည့်သည်အများစုက ဘုရားဖူးဖို့ ပိုလာကြတာပါ။
ရေလယ် ရွှေမဉ္ဇ္မူစေတီတော်
ရွှေမဉ္ဇူစေတီတော် ဖြစ်လာတဲ့ သမိုင်းရော၊ အင်းတော်ကြီးအိုင် ဖြစ်ပေါ်လာတဲ့ သမိုင်းရော ဟာ သိပ္ပံသမိုင်းနဲ့ ဒဏ္ဍာရီသမိုင်းတွေ ရောထွေးနေပြီး ခံယူသူပေါ်ပဲ မူတည်မယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ရှေးမြန်မာမင်းတွေရဲ့ သက္ကရာဇ်ဖြိုတဲ့ အလေ့အထကြောင့်လည်း တချို့သမိုင်းအချက်အလက်တွေကို သမိုင်းပညာရှင်တွေဟာ အတော်ကြိုးစားဆက်စပ်ယူရလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများလက်ခံထားတဲ့ သမိုင်းကြောင်းလေးကိုပဲ မှတ်သားထားလိုက်တော့ အငြင်းပွားဖွယ်မဖြစ်တော့ဘူးပေါ့။ ရွှေမဉ္ဇူရေလယ်ဘုရားဟာ ကချင်ပြည်နယ်ရဲ့ အထင်ကရစေတီတော်တွေထဲမှာ တစ်ဆူပါဝင်ပါတယ်။ အင်းတော်ကြီးကန်ဟာ ရေနတ်နဂါးတွေက ဘုရားတရား အာရုံမထား ကာမဂုဏ်မှာအချိန်ပြည့်ပျော်ပါးနေတတ်တဲ့ တမံလူမျိုးတွေနေထိုင်ရာ ဥတ္တရဌာနီ စည်ခမ်းမြို့ ကို အင်းဖွဲ့ဖို့ နတ်သဘင်အစည်းအဝေးမှာ ခွင့်ပြုချက်ရသွားတော့ နဂါးမင်းသားက နတ်မြင်းပျံစီးပြီး ညဘက်မှာ ဒီဒေသကို ခုနစ်ရက်အတွင်း စွန့်ခွာဖို့ ကြေငြာမောင်းခတ်ပါတော့တယ်။ ဒါကို ကြားရသူက မုဆိုးမကြီး တစ်ဦးပဲ ရှိပြီး သူက တစ်အိမ်တက်ဆင်း လိုက်ပြောပေမဲ့ ဘယ်သူမှမယုံခဲ့ကြဘူးတဲ့။ အဲ့ဒီတော့ မုဆိုးမကြီးဘဲ သူ့မိသားစုဆွေမျိုးတွေခေါ်လို့ တောင်မြင့်မြင့်ပေါ် ပြောင်းရွှေ့တော့ ခုနစ်ရက် ပြည့်တဲ့အချိန်မှာ မိုးကြီးလေကြီးကျပြီး မြို့ကြီးလည်းပျောက်လို့ အင်းကြီးဖြစ်လာတယ်ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မုဆိုးမကြီးဟာ မုဆိုးမဘုရား ကို တည်ခဲ့သူလည်း ဖြစ်ပြီး ဒီဒေသကို အလည်ရောက်ရင် လည်ပတ်ဖူးမြော်ကြလေ့ရှိပါတယ်။ ဒါက အင်းတော်ကြီးဖြစ်လာပုံ ဒဏ္ဍာရီသမိုင်း လို့ ဆိုနိုင်ပါတယ်။
ရွှေမဉ္ဇူဘုရားသမိုင်းကတော့ တစ်ခါမှာ ဂေါတမမြတ်စွာဘုရားဟာ ဒေသစာရီကြွချီတော်မူချိန် တစ်ခုသော တောင်ခြေမှာ ရသေ့တစ်ပါး ကို တွေ့တယ်။ ရသေ့က ဆိတ်ဆိတ်ပဲနေတယ်။ တောင်ထိပ်နေရာ (ဆင်ခေါင်းတောင် ဟုဆို) အရောက်မှာ ရပ်တန့်ပြီးတည်နေခဲ့တယ်။ အဲ့ခဏမှာပဲ မြေပြင်ကိုကြည့်ပြီး မဲ့သွားပြီး မဲ့ရာကနေ တဖန် ပြုံးတော်မူခဲ့ပါတယ်။ ဒါကို ညီတော် အနန္ဒာက ဘာကြောင့်လဲ မေးတော်မူတော့ ခုနက မြင်ခဲ့ရတဲ့ ရသေ့ဟာ နောင်မှာ ဒီအရပ်မှာဖြစ်ပေါ်မဲ့ အိုင်မှာ အုပ်စိုးသူဖြစ်လာပြီး သတ္တဝါတွေအသက်ပေါင်းများစွာ ပျက်စီးမှာမို့ သနားစိတ်ကြောင့် မဲ့တယ် မိန့်ပါတယ်။ ပြီးတော့ ဘုရားရှင် ရပ်တံ့မူတဲ့နေရာမှာ သာသနာတော် ထင်ပေါ်ကျော်ဇောပြီး သရီယဓါတ်တော်မွေတော်တွေ ကိန်းဝပ်တဲ့ စေတီတော် ရှိလာဖို့ မြင်တဲ့အတွက် ပြုံးတော်မူတယ် မိန့်ပြန်ပါတယ်။ ဒီဗျာဒိတ်အတိုင်း ဖြစ်လာခဲ့ပြီး တောရဆရာတော် ဦးညီသူ ကာလကို ရောက်လာပါတယ်။ ထွက်ရပ်ပေါက်ဆရာတော်တစ်ပါးအဖြစ် နာမည်ကျော်တဲ့ ဆရာတော်ဦးညီသူ ကို အင်းဘေးမှာနေထိုင်ကြတဲ့ လူတို့က လဘစ်နဲ့ လတောင် မိကျောင်းဘေး အတွက် အကူအညီတောင်းခံရပါတော့တယ်။ အင်းတော်ကြီးအရှင်သခင် ကိုလည်း ကြောက်ရွှံ့ကြလို့ လှေလည်း မကူးရဲကြသလို၊ မိကျောင်းကြီးတွေရန်ကြောက်လို့ ရေခပ်ရေချိုးလည်း မပြုရဲခဲ့ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် လဘစ် နဲ့ လတောင် မိကျောင်းတွေကို ထိန်းသိမ်းပေးဖို့ အင်းတော်ကြီးအရှင်သခင်ကို တောင်းပန်ရန်အတွက် ဆရာတော်ဦးညီသူကို အကူအညီတောင်းခံခဲ့ကြတာပါ။ တောရဆရာတော် ဦးညီသူ ဟာ အင်းတော်ကြီးအရှင်သခင် ကို ခြေချွတ်တောင်းပန်အဓိဌာန်ပြုပြီး လောင်းလှေနဲ့ ကျောက်တုံးငယ် ၃ လုံးတင် သွားခဲ့ပါတယ်။ ကျောင်တုံးငယ် ၃ လုံးကို ဘုရားတည်ဖို့ အဓိဌာန်ပြီး အင်းကြီးထဲ သွားချိန် မိုးကြီးလေကြီးပေမဲ့ မေတ္တာဓါတ်နဲ့ ခရီးနှင်ခဲ့ပြီး ဘုရားတည်မဲ့နေရာကောင်း ဒီအင်းထဲမှာ ရှိရင် ထူးခြားမှုပေးဖို့ ဆိုခဲ့ပါတယ်။ ခုရေလယ်ဘုရားဖြစ်လာမဲ့နေရာနားမှာ သဲသောင်လေး ဖြစ်နေပြီး ရေသတ္တဝါကြီးတစ်ကောင်က လောင်းလှေဆက်သွားမရအောင် အဲ့နေရာမှာ ကန့်လန့်ဖြတ် တားဆီးခဲ့တယ်ဆိုပါတယ်။ အဲ့ဒီသဲသောင်ပေါ် တောင်ဝှေးထောက်လို့ ကျောက်တုံးငယ် ၃ လုံးကို သဲသောင်ထိပ် ချနိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ ရေသတ္တဝါကြီးလည်းကွယ်ပျောက်၊ မိုးကြီးလေကြီးလည်း ငြိမ်ပြီး သာယာသွားခဲ့သလို၊ လဘစ်လတောင်မိကျောင်းတွေကိုလည်း အင်းတော်ကြီးအရှင်သခင် က ရွှေတောင်ကြီးအောက်မှာ နေဖို့ အမြဲသွင်းထားလိုက်တယ်လို့ ယုံကြည်ကြပါတယ်။ ဆရာတော် ဦးညီသူ ကျောက်တုံးငယ် ၃ တုံးချခဲ့တဲ့နေရာမှာ ရွှေမဉ္ဇူရေလယ်စေတီကြီး ဖြစ်လာတယ် ဆိုပါတယ်။
ဒီရွှေမဉ္ဇူစေတီကို ပေါ်လွင်အောင် တည်တော်မူတာကတော့ တောရဆရာတော် ဦးသာအေး (ဦးသာဘိတ) ပဲ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၃၀ ပြည့်နှစ်မှာ ပန္နက်ရိုက်တည်ခဲ့တယ်ဆိုပါတယ်။ ဒီဘုရားမှာ ရွှေတိဂုံစေတီတော်ကြီးကနေ ပင့်ဆောင်လာတဲ့ သရီရဓါတ်တော် ငါးဆူ ကိုလည်း ဌာပနာထားတယ်လို့ သိရပါသေးတယ်။ ဌာပနာကို ရွှေသေတ္တာနဲ့ထည့်လို့ လှေပေါ်တင်ထားတာဖြစ်လို့ ရွှေသေတ္တာကို အစွဲပြုပြီး မဉ္ဇူသာ လို့ ခေါ်ခဲ့ရာကနေ ရွှေမဉ္ဇူ ဖြစ်လာတယ် လို့ မှတ်သားရပြန်ပါတယ်။ အရင်ကတော့ ဌာပနာဓါတ်တော်မွေတော်တွေဟာ အထက်မှာ ရှိခဲ့ပေမဲ့ စေတီဖိနပ်တော်ပလ္လင်ကို အဆင့်ဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ကြလို့ ရေကျချိန်ဆို အောက်ဘက်နိမ့်တဲ့အရပ်မှာရှိနိုင်တဲ့အတွက် အမျိုးသမီးတွေကို စေတီပေါ် တက်ခွင့်မပြုရခြင်းဖြစ်တယ်လို့ သိရပါသေးတယ်။ အမျိုးသမီးတက်ခဲ့ရင် မိုးကြီးလေကြီးကျတတ်ပြီး လူအဖိတ်အစင် ရှိတတ်လို့ ဒေသခံတွေက အရမ်းသတိထားကြပါတယ်။ အမျိုးသမီးတွေအတွက် သီးသန့် အဆောင်တစ်ခု ထားထားပေးပြီး အဲ့ဒီကနေသာ ဖူးမြော်ဝတ်ပြုကြရပါတယ်။ မကြာခင် ရေပေါ်ပတ်လမ်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ရွှေမဉ္ဇူစေတီဟာ ဉာဏ်တော် ပေ(၅၀) ရှိပြီး ဖိနပ်တော်ဟာ ၃၉ ပေ ၁၀ လက်မ ရှိတယ်လို့ ဆိုပါတယ်။ အရံစေတီငယ် ၁၅၂ ဆူ တည်ထားတာကိုလည်း ဖူးမြင်ကြရပါမယ်။ ရွှေမဉ္ဇူရဲ့ သမိုင်းကြောင်းကို သိရလို့ဖြစ်စေ၊ ဒေသန္တရဗဟုသုတအတွက်ဖြစ်စေ ဘုရားဖူးလာရောက်လည်ပတ်ကြသူတွေ အတော်များပါတယ်။ ပွဲတော်ကာလဆို ဒေသခံတွေရော ဧည့်သည်တွေရောနဲ့ အတော်ပျော်စရာကောင်းတာပါ။
လည်ပတ်လို့ အကောင်းဆုံးအချိန်
ပွဲတော်ချိန် ၃ ခုဖြစ်တဲ့ တပေါင်းလ ဘုရားပွဲတော်ချိန် (မတ်လဝန်းကျင်) နဲ့ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ တွေဟာ အတော်စည်ကားတတ်ပါတယ်။ လပြည့်နေ့ရောက်ဖြစ်ခဲ့တဲ့ ကျွန်တော်ကတော့ မီးမျှောတဲ့ဓလေ့တွေ၊ မီးပုံးပျံလွှတ်တင်တဲ့အလေ့အထတွေကိုပါ မြင်တွေ့ခဲ့ရပါသေးတယ်။
အင်းတော်ကြီး ရဲ့ အံ့ဖွယ် (၉) ပါး
(၁) အလျား ၈ တိုင်၊ အနံ ၄ တိုင် (၁၆ မိုင် x ၈ မိုင် - ရေတက်ချိန်တွေအကျယ်ဆုံးအတိုင်းအတာ) ရှိခြင်း၊
(၂) ရေက သန့်ရှင်းကြည်လင်နေခြင်း
(၃) အင်းမှာ ကြီးမာကျယ်ဝန်းပေမဲ့ ဆိုးသွမ်းရေသတ္တဝါတွေ မရှိနေခြင်း (အင်းတော်ကြီးအရှင်သခင်က ထိန်းထားတာလည်းဖြစ်နိုင်ကြောင်း ယူဆ)
(၄) အင်းကြီးမှာ လူအဖိတ်အစင်ရှိခဲ့လျှင်လည်း ငါးမစား အနာအဆာမရှိဘဲ ကမ်းစပ်ရောက်အောင် တင်ပေးခြင်း
(၅) အင်းဘေးမှာ ရွှေကျင်ရင် ရွှေထွက်ခြင်း
(၆) ညတိုင်း အမှိုက်သရိုက်တွေကို ကမ်းပေါ်ပြန်တင်ပေးတတ်ခြင်း
(၇) တစ်နှစ် ၃ ကြိမ် ရေပြောင်းပြန်ဆန်တက်ခြင်း (သားမက်နန့်တိန်းအရှင်သခင်ကြီးက ယောက္ခမတော်အရှင်ကြီးကို ကန်တော့လာခြင်းလို့ ယူဆ)
(၈) တိုက်ရာပါချောင်းများကို အင်းကြီးထဲ သန့်ရှင်းစွာရေစီးဝင်ခွင့်မပြုခြင်း
(၉) နှစ်စဉ် တန်ဆောင်မုန်းလကနေ ပြာသိုလအထိ အင်းထဲက ငါးတွေ သေဆုံးတတ်ခြင်း (အရှင်ကြီးက ဆေးခတ်ခြင်းလို့ ယူဆ)
ထူးခြား ၉ ချက်အဖြစ် ဒေသခံတွေ ပြောဆိုလေ့ရှိပါတယ်။ ဒါ့အပြင် အင်းရေထွက်ပေါက် ဟာ အထက်ဘက်ကို ပြောင်းပြန်ဆန်တက်စီးဆင်းနေတာဖြစ်သလို၊ အင်းထဲမှာ ပေါက်တဲ့အပင်တွေဟာလည်း ၁၀ နှစ်တစ်ခါ တစ်မျိုးပြီးတစ်မျိုးပြောငသ်းလဲ ပေါက်ရောက်ပျောက်ပျက်တာတွေ ဖြစ်တတ်တယ် ဆိုပါတယ်။
ဘယ်မှာတည်းလဲ
အင်းတော်ကြီးမှာ ဘုရားပွဲတော်တွေ လာရင်း တည်းလို့ကောင်းတဲ့ တည်းခိုဆောင်လေးတွေ ရှိတယ်။ များသောအားဖြင့်တော့ ပွဲရာသီအတွက် တည်ဆောက်ငှားရမ်းကြတာမျိုးပါ။ သေချာလေး တည်ဆောက်ထားတာက အနည်းငယ်ပဲ ရှိပါတယ်။ ကျွန်တော်ကတော့ ဌေးမေတ္တာ အဆင့်မြင့် ဧည့်ရိပ်သာ မှာ တည်းဖြစ်တယ်။ ပုံမှန်ဆိုရင်တော့ သူ့မှာက ရိုးရိုးအခန်းလေးတွေပဲ ရှိတာများတာ ကံကောင်းချင်တော့ VIP ခန်းလေး ၂ ခန်း ပဲ ရှိတာ လွတ်နေတာနဲ့ တစ်ခန်း ငှားလို့ရသွားတယ်။ အဲကွန်းနဲ့ ရေချိုးခန်း၊ အိမ်သာ တွဲလျက်လေးကို ရေခဲသေတ္တာ (မီနီဘား) လေးပါ ပါသေးတာလည်း ရတယ်။ ဒီလို ရေရှားတဲ့အရပ်မှာ ရှယ်ပဲ ဆိုပါတော့။ သူတို့ဆီမှာပဲ တရုတ်၊ မြန်မာ စားသောက်ဆိုင်လေးပါ တွဲရှိတော့ အစားအသောက်အတွက်ပါ အဆင်ပြေကုန်ရော။ မိသားစုပုံစံလေးမို့ ကိုယ့်အိမ်ကိုယ်ရာ ကိုယ့်မိသားစုလိုပဲ နွေးထွေးပါတယ်။ အဲ့ဒီမှာ တစ်ညအိပ်ရင်း အင်းတော်ကြီးထဲက ရွှေမြဉ္ဇူရေလယ်ဘုရား ကို သွားဖူးနိုင်ပါတယ်။
အင်းတော်ကြီးမှာ တကယ်တော့ ရွှေမဉ္ဇူစေတီအပြင်အခြားလည်ပတ်စရာနေရာတွေ ဘုရားဖူးစရာတွေ အများကြီးရှိပါသေးတယ်။ ဒါကတော့ ရွှေမဉ္မူစေတီအကြောင်း သီးသန့်မို့သာ အခြားလည်ပတ်စရာတွေအကြောင်း မဖော်ပြတော့တာပါ။ အချိန်သေချာပေးမယ်ဆို နှစ်ညအိပ်လောက် လည်ပတ်သင့်တယ်လို့ ဆိုချင်ပါတယ်။ အင်းသမိုင်း၊ ဘုရားသမိုင်းတွေအတွက် ကိုးကားဖို့ဖြစ်စေခဲ့တဲ့ ဆရာနေလင်း(အင်းတော်ကြီး) ကို ကျေးဇူးတင်ဂါရဝ ပြုပါတယ်။ အခွင့်ကြုံမယ်ဆိုရင် လည်ပတ်လေ့လာဘုရားဖူးသင့်တဲ့ အရပ်ဒေသလို့ ဆိုချင်ပါတယ်ခင်ဗျာ။
အင်းတော်ကြီးခရီးစဉ် ဗီဒီယိုလေး ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်ခင်ဗျ...
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traeller)
ယခုခရီးသွားဆောင်းပါးကို နှစ်သက်စွာ Share လုပ်နိုင်ပါတယ်။ သို့ပေမဲ့ ကျွန်တော်၏ တိုက်ရိုက်ခွင့်ပြုချက်မရဘဲ မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုတွင်ဖြစ်စေ ပြန်လည်ကူးတင်တာမျိုးကိုတော့ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Chit Thway Ko
Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note 10+
Photos are modified in Lightroom by Thiha Lu Lin.
Comments