လူတွေဟာ တရားထဲကလိုပဲ အပုပ်ကောင် ရုပ်ဆောင်တွေမို့လားမသိ၊ အတော်လေး ပုပ်စက် ယုတ်ညံ့တယ်လို့ပဲ ဆိုရမယ်။ မဟုတ်တဲ့နေရာမှာ ပိုပြီး ပျော်ငွေ့တတ်ကြတယ်။ အထူးသဖြင့် လိင်စိတ်ပေါ့။ တစ်ခါတလေ စနောက်ရင်တောင် ဒီအကြောင်းလေး ပါမှ ပိုရီရသလိုလို၊ တစ်ခါတလေကျပြန်တော့လည်း အပြင်မှာသာ တည်ငြိမ်သူ၊ အတွင်းမှာက စိတ်ကူးနဲ့တင် ဒီအကြောင်းက မလွတ်မြောက်နိုင်သူ ဖြစ်နေရပြန်တယ်။ စိတ်ဆန္ဒပြင်းထန်သူတွေမှာတော့ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ အပြုအမူမျိုးတွေ ပိုပြီး စဉ်းစားတတ်လာကြတယ်။ ပါးစပ် နဲ့ နောက်ပေါက်လိုမျိုးကို ဦးဆုံး စမ်းကြည့်လာကြပြီး တိရစ္ဆာန်တွေနဲ့ပါ ဖြစ်ပျက်လာကြလို့ HIV ဆိုတာကြီးပါ ပေါ်ပေါက်လာရတယ် မဟုတ်ပါလား။ တစ်ခါ ယောက်ျားလေးချင်း၊ မိန်းကလေးချင်း ဖြစ်လာတယ် (ဆိုလိုတာက ယောကျ်ားလေးချင်း၊ မိန်းကလေးချင်း တကယ်ကို ချစ်မြတ်နိုးခြင်းစိတ်နဲ့ ဖြစ်ကြတာကို မဆိုလိုပါဘူး။ စိတ်ဆန္ဒပြင်းထန်မှုကြောင့် တကယ် မချစ်မြတ်နိုးသော်လည်း ကိုယ့်စိတ်ဆန္ဒကို လွှတ်ပြီး ဖြစ်ချင်သူ၊ ဖြစ်ချင်ရာနဲ့ ဖြစ်လိုက်တာမျိုးကို ဆိုလိုချင်တာပါ)။ ဟော နောက်တစ်ခါ ယောကျ်ားလေး မိန်းကလေးရယ်မှ မဟုတ်ဘဲ ကလေးတွေနဲ့ ဖြစ်ချင်လာတာမျိုး၊ ဖြစ်လိုက်တာမျိုးအထိ ဆိုးယုတ်လာပါတယ်။
ဒီလို လက်တည့်စမ်းချင်တဲ့စိတ်က အသက်ကြီးမှ ဖြစ်တာမဟုတ်ပါဘူး။ ငယ်ငယ်လေးကတည်းက ဒီလိုကိစ္စကို သိကျွမ်းလာတဲ့အချိန်မှာ စလာပါတယ်။ အဲ့ဒီအခါ နီးစပ်ရာ ကလေးအချင်းချင်းလည်း လက်တည့်စမ်းမိတတ်ကြတယ်။ ဆရာ မင်းလူ ရဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီထဲမှာ မင်းသား ဟာ ကလေးအရွယ်မှာ သူ့ရဲ့ အစ်ကိုဝမ်းကွဲ ဖြစ်သူက ညအတူတူ အိပ်ကြချိန် ရုန်းမရအောင် ပုဆိုးနဲ့ ချည်နှောင်လိုက်ပြီး ဆက်ဆံဖို့ ကြံစည်တဲ့အခန်းတစ်ခုကို ဖော်ပြထားပါတယ်။ ဝတ္ထုရဲ့ သက်တမ်းအားဖြင့် ကြာခဲ့ပြီမို့ ဟိုးကတည်းက ဒီလို အမူအကျင့်တွေ ရှိတယ်ဆိုတာ သိနိုင်ပါတယ်။ ခုတော့ မီဒီယာ (သတင်းဌာနတွေကို တစ်ခုတည်း ပြောတာ မဟုတ်ပါဘူးနော်၊ ကျွန်တော်တို့ အသုံးပြုနေတဲ့ တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ အင်တာနက် အားလုံးကို ဆိုလိုတာပါ) ကြောင့် လွယ်လင့်တကူ သိရလွယ်တာပါ။ ဒီလို ဖြစ်ပျက်နေတာတွေဟာ မိသားစုအတွင်းမှာ၊ ဆွေမျိုးအတွင်းမှာ၊ သူငယ်ချင်းတွေအတွင်းမှာ၊ အရပ်ထဲမှာ၊ ရွာထဲမှာ၊ မြို့မှာ၊ တိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့ပြီး အခုတိုင်လည်း ဖြစ်ပျက်နေဆဲပါ။ ကလေးချင်း အနိုင်အထက် ပြုကျင့်တဲ့ ကိစ္စမှာတော့ မိဘတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါပြီ။ ကလေးတွေကို Sex Education သေချာမပေးနိုင်ချိန်မှာ လွှတ်မထားဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားကြရမှာပါ။ ပေါ့ပေါ့လေး တွေးမထားရတော့မဲ့ အချိန်ဖြစ်ပါတယ်။ ယောကျ်ားလေးချင်း ဖြစ်ရင်တောင် ဆွေမျိုးဖြစ်ပါစေဦး ဘယ်လိုမှ လွှတ်ထားလို့ မရတဲ့အချိန်လည်း ဖြစ်ပါပြီ။ ဒုတိယ အရေးပါသူများကတော့ ကလေးငယ်တွေရဲ့ ဒုတိယမိဘ လို့ ဆိုရမဲ့ ကျောင်းက ဆရာ၊ ဆရာမတွေပါ။ သူတို့ရဲ့ တစ်ဦးချင်းဆီအပေါ် ထိန်းသိမ်းစောင့်ရှောက်ပညာပေးမှုဟာလည်း အတော်အရေးပါပါတယ်။
ဒါကို ကျွန်တော်တို့က အသိပညာလေးနဲ့ ဆင်ခြင်ထိန်းသိမ်းကြရပါတယ်။ တိရစ္ဆာန်တွေရဲ့ သဘော သဘာဝကို လေ့လာတဲ့အခါမှာလည်း ဒီလိုပဲ ရှိတတ်တာကို ဖတ်ခဲ့ရဖူးပါတယ်။ တိရစ္ဆာန်တွေဟာ ကိုယ်နဲ့ အမျိုးမတူနဲ့ အုပ်စုနဲ့လည်း ဒီလိုကိစ္စ ပြုမူလေ့ရှိတတ်ပါတယ်။ မျောက်တွေဟာ ဒရယ်တွေနဲ့ မိတ်လိုက်လေ့ရှိသလို၊ ဝက်ဝံတွေဟာလည်း ပါးစပ်အသုံးပြုမိတ်လိုက်ခြင်းတွေကို ပြုလုပ်တတ်တယ်လို့ သိရပါတယ်။ ဒီတော့ ကျွန်တော်တို့ လူသားတွေဟာလည်း တိရစ္ဆာန်နဲ့ မခြားပါပဲ။ ဒါပေမဲ့ တိရစ္ဆာန်တွေမှာ ပေါက်စနလေးတွေနဲ့ မိတ်လိုက်တယ်လို့ ကျွန်တော် မသိခဲ့တဲ့အတွက် လူဟာ တိရစ္ဆာန်ထက် ပိုပြီး ယုတ်ညံ့နေလေသလားလို့ တွေးမိသွားပါတယ်။
အခု ကျွန်တော်တို့ အားလုံး အာရုံစိုက်နေကြတဲ့ သက်ငယ်မုဒိမ်း ကိစ္စမှာဆိုလည်း တရားခံဟာ လူကြီးတစ်ဦးဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ အတော် စိတ်ဆိုး စိတ်နာစရာ ကိစ္စ ဖြစ်မှာပါ။ တရားခံဟာ ကလေးချင်း လက်တည့်စမ်းခဲ့တာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့က အဲ့ဒီ ကလေးက မုန်းတီးရွံရာနေတာမျိုး မရှိပါဘူး။ ဒါပေမဲ့ တရားမျှတမှုတစ်ခုတော့ ဖြစ်စေချင်ပါတယ်။ မိဘရဲ့ ထိန်းသိမ်းပြုပြင်မှုနဲ့ အလိုလိုက်မှုအပေါ် ဝေဖန် ပြစ်တင်ချင်ပါတယ်။ ကလေးချင်းဆိုပေမဲ့လည်း ပြစ်မှုပဲမို့ တရားသဖြင့်တော့ ဖြစ်သင့်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
အခုကိစ္စမှာ အားလုံးရဲ့ စောင့်ကြည့် အားပေးနေရခြင်း တစ်ခုတည်းသော အကြောင်းက သက်ငယ်မုဒိမ်းကို စက်ဆုပ်နေကြလို့ပါ။ တခြားပုဂ္ဂိုလ်ရေး ပါဝင်တယ်လို့ ကျွန်တော်ကတော့ မယူဆပါဘူး။ သက်ငယ်မုဒိမ်းဆိုတဲ့နေရာမှာ ကျွန်တော်က ခရီးသွားစာရေးသူတစ်ယောက်မို့ ခရီးသွားလုပ်ငန်းမှာလည်း ဒီကိစ္စတွေကို ထည့်စဉ်းစားမိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လထဲမှာ ကျွန်တော်ဟာ Travel Blogger တစ်ဦးအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ Raising Awareness on Child Safe Tourism Workshop ကို Myanmar Responsible Tourism Institute (MRTI) ရဲ့ ဖိတ်ကြားမှုနဲ့ တက်ရောက်ပါဝင်ခဲ့ဖူးပါတယ်။ ကလေးတွေ အလွဲအသုံးခံနေရခြင်းမျိုးကို ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ အာရှ နဲ့ အာဖရိက နိုင်ငံတွေမှာ အတော်လေး ခံစားနေကြရပါတယ်။ နေပြည်တော်ရဲ့ သက်ငယ်မုဒိမ်းမှု သာမကဘူး မိဘမဲ့ကျောင်းတွေ၊ သာသနာပြုကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ မျိုးမှာကအစ ဒီလို ကလေးသူငယ်တွေ အလွဲအသုံးခံနေရလေတော့ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့သားသမီးတွေကို လုံခြုံတဲ့ရပ်ဝန်းတစ်ခု ဖန်တီးပေးနိုင်ဖို့ ကြိုကြိုတင်တင်သင်ပြရတာမျိုး လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ မိဘမဲ့လေးတွေအတွက်လည်း ကျွန်တော်တို့ ကြိုးစားကြရဦးမယ်။
တစ်ခါ တရားရေးရာအရ ကြည့်မယ်ဆိုရင် သက်ငယ်မုဒိမ်းတွေကို ဘယ်လို အတိုင်းအတာ၊ ဘယ်လို ပုံစံနဲ့ သေချာ စစ်ဆေးဖော်ထုတ်သလဲ ဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။ သက်ငယ်မုဒိမ်းမှုတွေမှာ လေလွင့်နေတဲ့ မိသားစုတွေရဲ့ ကိစ္စတွေကိုတောင်မှ မြန်မြန် ဖော်နိုင်ခဲ့ရင် ခုနေပြည်တော်လို ကိစ္စမျိုးမှာ အချိန်ဆွဲနေသလို ဖြစ်နေတာဟာလည်း စဉ်းစားစရာပါ။ တိုက်ဆိုင်စွာပဲ သက်ငယ်မုဒိမ်းကို ထောင်ဒါဏ် တစ်သက်တစ်ကျွန်းချမယ်ဆိုတဲ့ အမိန့်က ဒီကနေ့ ထွက်လာသလို၊ သတင်းပြန်ကြားပေးတဲ့ ပုဂ္ဂိုလ်ကြီးတချို့ကလည်း ဒီနေပြည်တော်သက်ငယ်မုဒိမ်းကိစ္စကို အမှုမှန်ဖော်ထုတ်ပေးပါမယ်ဆိုတဲ့ စကားမျိုး ထုတ်ပြန်လာပါတယ်။ ဒါပေမဲ့လည်း အဲ့လောက် ခက်ခဲတဲ့ ကိစ္စမဟုတ်ဘဲ ရှင်းလင်းနေတာကို လှည့်ပတ်အချိန်ဆွဲသလို ဖြစ်နေသလားလို့ ကျွန်တော်တို့ အားလုံးက စိတ်မောစွာနဲ့ ခံစားနေရပါတယ်။ သက်ငယ်မုဒိမ်းမှုတိုင်း အမှုမှန် အမြန်ဆုံးပေါ်ထွက်ဖို့ အထူးမျှော်လင့်မိပါတယ်။
သက်ငယ်မုဒိမ်းမှုဟာ ကျွန်တော်တို့ Travel Blogger တွေနဲ့ မဆိုင်ဘဲ ဝင်ပါတာမျိုး မဟုတ်ရဘဲ၊ ခရီးသွားခြင်းမှာလည်း ဆက်စပ်နေတဲ့ Child Safe Tourism လုပ်ငန်းစဉ်တွေထဲက တစ်ခုအပါအဝင်ဖြစ်လို့ ကျွန်တော်တို့ကတော့ ဒီကိစ္စမှာ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းလုပ်ဆောင်သွားပါဦးမယ်ဗျာ။
ကမ္ဘာပေါ်က ကလေးငယ်တိုင်း အမည်းစက်ကင်းကင်း အနာဂါတ်ကို လျှောက်လှမ်းနိုင်ကြပါစေ။
Thiha, the Traveller @ သီဟလုလင် #JusticeForVictoria #PromoteRuleOfLawInMyanmar #StopChildSexualAbuse
Comments