top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ကလော တောင်စဉ် ၉ လုံး တစ်ညအိပ် ခရီးစဉ်

Writer's picture: Thiha Lu LinThiha Lu Lin

မိုးတွင်း ခရီးထွက်လို့ မကောင်းဘူး တွေးနေတယ်မဟုတ်လား။ မိုးတွင်းမှ အချိန်အားလေး ရတဲ့သူတွေက ဒီလိုအချိန် အားလပ်ရက်ရတာ ဘယ်မှ သွားမရဘူး ထင်နေရင်တော့ မှားသွားမယ်နော်။ နွေရာသီဆို အပန်းဖြေတောင်စခန်းမြို့၊ ဆောင်းရာသီဆို တိမ်ပင်လယ်နဲ့ ထင်းရှူးမြို့ ဆိုပြီး လူသိများတဲ့ ကလောမြို့ကို မိုးရာသီမှာလည်း အလည်အပတ်ထွက်လို့ကောင်းတဲ့ နေရာအဖြစ် သိပ်သတိမပြုမိကြဘူး။ မိုးတွင်း ရဲ့ အေးမြမှုနဲ့ မိုးစက်လေးတွေ ကြည့်ရင်း သိပ်လှတဲ့ ကလောမြို့က ကော်ဖီဆိုင်လေးတွေ လည်ပတ် အပန်းဖြေလို့ ကောင်းသလို၊ ထူးထူးခြားခြား ခရီးစဉ်လေးမှ သဘောကျတဲ့ လူငယ်တွေအတွက် “တောင် ၉ လုံး ညအိပ်ခရီးစဉ်” လေး ရှိနေပြီ။ အင်္ဂလိပ်လိုဆိုလည်း နာမည်လှလှလေး ပြောလို့ရတယ် 9 Mountians ပေါ့။

ကလောမြို့ ကို ရောက်ပြီ

ကလော ကို အဝေးပြေးကားဝင်တော့ မနက် (၄) နာရီ ဝန်းကျင် အလင်းလည်း ကောင်းကောင်းမထွက်သေးဘူး။ မိုးလေးကလည်း တစ်လမ်းလုံး ဖွဲဖွဲလေး ရွာပေမဲ့ ကလောမြို့ရောက်ချိန် တိတ်သွားလို့ ကျေးဇူးတင်ရတယ်။ ကားဂိတ်ရောက်တော့ တောင် ၉ လုံး ခရီးစဉ် ကို ဒေသခံလမ်းညွှန်အဖြစ် ကူပေးမဲ့ ဦးဦးရဲ ကလောသား နဲ့ ကားလေးတစ်စီး က ကြိုဖို့ရောက်နေပြီ။ မန္တလေးက ဆင်းလာမဲ့ အဖွဲ့က (၇) ယောက်လောက် ရှိသေးတော့ သူတို့ကား ဝင်တာကို ကားဂိတ်က လက်ဖက်ရည်ဆိုင်လေးထဲ မိုးအေးအေးနဲ့ ကော်ဖီလေး သောက်ရင်း စောင့်နေလိုက်ကြတယ်။ မန္တလေး က ကားဆိုက်ပြီး လူစုံတော့မှ ကျွန်တော်တို့တတွေ ဦးဦးရဲ ကလောသား အိမ်မှာ ခဏ နားရင်း မျက်နှာသစ်၊ အိမ်သာတက် လုပ်ကြရတာပေါ့။

မနက်စာ ကောင်းတာ ကလောဈေးထဲမှာ

မနက် (၇) နာရီလောက်ကျတော့ အားလုံး သွားဖို့ အသင့်ဖြစ်နေပြီဆိုတာနဲ့ ကားလေးပေါ်တက်ပြီး ကလောမြို့မဈေးကို ချီတက်ခဲ့ကြတယ်။ ကလောဈေးထဲက ဖိနပ်ဆိုင်မှာ တောင်တက်လမ်းလျှောက်ဖို့ ဖိနပ်မပါသူတွေက ကင်းဘတ်ဖိနပ်လေးတွေ ဝယ်ကြတယ်။ တစ်ရံ ကို ၄၀၀၀ ကျပ် ပေးရတယ်။ ဈေးတက်သွားတာ။ ဖိနပ်လေးဝယ်တုန်းမှာပဲ၊ ဦးဦးရဲ ကလောသား နဲ့ အဖွဲ့ ၃ ယောက်လောက်က ကျွန်တော်တို့ကို တစ်ခါသုံး မိုးကာအင်္ကျီလေးတွေ ဝေပေးတယ်။ အကယ်လို့ တောင်တက်နေတုန်း မိုးရွာရင် ခြုံဖို့ပေါ့ဗျာ။ ဒါလေးပြီးတာနဲ့ မနက်စာ ကို ကလောဈေးထဲမှာ အားပါးတရ စားကြတယ်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း တို့ဟူးနွေး နဲ့ တို့ဟူးကြော် လေးပဲ။ မနက်စာ စားပြီးတာနဲ့ တက်ရမဲ့ တောင်စဉ် ၉ လုံးရဲ့ ပထမ တောင်ခြေအထိကို ကားက လိုက်ပို့ပေးပါတယ်။

တောင်စဉ် ၉ လုံး တက်ရန်အသင့်



ထင်းရှူးမှို

လမ်းမှာ ထင်းရှူးမှိုလေးတွေ စပြီးထွက်နေတာ တွေ့နေရတယ်။ ဇူလိုင်၊ သြဂုတ်လ သာ လာရင်တော့ ထင်းရှူးမှိုတွေ အများကြီး တွေ့ရမှာ။ ထင်းရှူးမှို တွေ့သလောက်တော့ ဓါတ်ပုံလေးရိုက်တင်ဖို့ ပြင်ရတယ်။ ဒီအတိုင်း စားလို့ရတယ်ဆိုလို့ နည်းနည်း မြည်းကြည့်လိုက်တယ်။ ဦးဦးရဲ တို့ အဖွဲ့ကတော့ ထင်းရှူးမှို လှိုင်လှိုင်ပေါချိန် ထပ်လာခဲ့ ကြော်ကြွေးမယ်ဆိုလို့ စိတ်ကူးလေးယဉ်ပြီး ဗိုက်က ဟာလာတယ်။ ဒီ တောင်စဉ် ၉ လုံး တက်တဲ့ ခရီးစဉ်က တောင် တစ်လုံး နဲ့ တစ်လုံး ကြားမှာ အစအဆုံး ပြန်တက်ရတာမျိုးမဟုတ်ဘဲ၊ ခပ်ပြေပြေ နိမ့်သွားလိုက် နည်းနည်း ပြန်တက်လိုက်နဲ့မို့ သိပ်မပင်ပန်းပါဘူး။ လမ်းခရီးမှာက နေပျောက်မထိုးနိုင်တဲ့ သစ်တောလေးတွေ ထူတယ်ပဲ ပြောပါတော့။ မိုးဖွဲဖွဲလောက်ကတော့ မစိုနိုင်တဲ့ အနေအထားလေးပေါ့။ တောင် နှစ်လုံးလောက်လည်း ကျော်ရော ကိုရွှေမိုး က သည်းလာတယ်။ အဲ့ဒီတော့လည်း ဝေပေးထားတဲ့ တစ်ခါသုံး မိုးကာလေးတွေ ခြုံရင်း သဘာဝကို ခံစားပစ်လိုက်ကြတယ်ပေါ့ဗျာ။ လူညီတယ်ပဲ ပြောရမလား၊ တစ်ယောက်မှ ညီးညူနေတာ မပါတော့ ဒီခရီးလေးက တက်ကြွစရာ ဖြစ်လာတယ်။ တောင်တက် လမ်းလျှောက်ခရီးကိုက တကယ်လည်း စိတ်ဝင်စားသူမှပဲ လာမှာဆိုတော့ အားလုံးက စိတ်ညီပြီးသားပဲလို့ ယူဆပါတယ်။

တစ်ခါသုံးမိုးကာလေးတွေနဲ့ တောင်တက်

မိုးလေး ပြန်စဲသွားရင် မိုးကာလေး ပြန်သိမ်း။ အဲ့ဒီအချိန်မှာပဲ ဒီ တောင်တက်ခရီးစဉ်ရဲ့ အလှဆုံးနေရာကို ရောက်လာတယ်။ ကိုယ်က တောင်ချွန်းလေးပေါ် ရောက်နေသလိုကို တောင်ထိပ်က လျှောက်ရတဲ့ လမ်းက ကျဉ်းကျဉ်း ကို ဘေးနှစ်ဘက်စလုံးက ချောက်ကမ်းပါးတွေ ဖြစ်ပြီး ပတ်ဝန်းကျင် နှစ်ဖက်စလုံးရဲ့ သဘာဝအလှကို ၃၆၀ ဒီဂရီ မြင်တွေ့နေရတာ ဘယ်လိုတွေတောင်လား လို့ စိတ်ထဲ တွေးမိသွားအောင်ပါပဲ။ ကလောမှာ လှရက်လွန်းတဲ့ နေရာတွေဟာ ရှာဖွေလေ တွေ့ရှိလေပဲ ဆိုတာ သိလိုက်ရတယ်။ ခရီးစဉ်တစ်လျှောက်လုံးကလည်း တကယ်တော့ ဟိုဘက် ချောက် ဒီဘက် ချောက် ဆိုပေမဲ့ သစ်ပင်တောတန်းလေးတွေ နည်းနည်းကာထားတာ များတယ်။ နေရာတချို့လောက်မှာပဲ ဒီလို အပြည့်အဝ မြင်ခွင့်ရတာကိုး။ တောင် ၆ လုံးမြောက်လောက်မှာတော့ တချို့လည်း ထမင်းဆာလာကြတယ်။ ဦးဦးရဲတို့ကတော့ မေးပါတယ်။ နေ့လည်စာ ကို ခုစားချင်သလား နောက်မှ ဘုန်းကြီးကျောင်းမှာ စားမလား မေးလာတယ်။ ကျွန်တော်တို့ အားလုံး သဘောထားကောက်လိုက်ပြီး ရွာတစ်ရွာက ဘုန်းကြီးကျောင်းမှာပဲ စားတော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။ ဒီတော့ ဗိုက်ဆာနေတဲ့ တချို့လည်း ကိုယ့်မုန့်ကိုယ်စား၊ သူများမုန့် လုစား တွေ လုပ်ရတော့တာပေါ့။ အဲ့ဒီကနေ နောက်ထပ် တောင် ၃ လုံးကို ခပ်သာသာလေး တက်လိုက် ဆင်းလိုက် လုပ်သွားနိုင်ခဲ့တယ်။


နေ့လည်စာ

သားသတ်လွတ်ထမင်းဝိုင်းလေး

တောင် ၉ လုံး တောင်တက် လမ်းလျှောက်ခရီးစဉ်ကို နေ့လည်စာ ပြင်ဆင်ပေးတော့ တောင်တက်နေတုန်း လမ်းမှာ စားမလား၊ ဘုန်းကြီးကျောင်း စားမလား မေးတယ်။ ကိုယ်တွေက အဆာခံနိုင်သေးတော့ ရွာတစ်ရွာက ဘုန်းကြီးကျောင်းမှာပဲ စားဖို့ ရွေးလိုက်တယ်။ ရွာကို ရောက်တော့ ၂ နာရီကျော်နေပြီ။ ဗိုက်အရမ်းဆာနေတော့ ဘုန်းကြီးကျောင်းလည်းရောက် ကျွေးတဲ့ နေ့လည်စာ က ကြာဇံကြော်၊ အသီးသုတ်၊ အာလူးကြော် နဲ့ ရာသီပေါ် အသီးအနှံတွေ။ စားလို့မြိန်လိုက်တာ။ ပြန်လည်း မထချင်တော့ဘူး။ အဲ့မှာတင် ပစ်လှဲအိပ်လိုက်ချင်တာ။ တချို့လည်း အိမ်သာသွား၊ အညောင်းအညာဖြေ လုပ်ကြပြီးတော့ အဲ့ဒီရွာ ဘုန်းကြီးကျောင်းကနေ ၃ နာရီကျော်လောက် ပြန်ထွက်လာခဲ့ကြတယ်။

တောင် ၉ လုံးပြီးတော့ တောလမ်း ရွာလမ်း လျှောက်

တောင်စဉ် ၉ လုံးကို အောင်အောင်မြင်မြင် တက်ဆင်းပြီးတဲ့အခါ ကျန်တာက ပမွှားလေး ဖြစ်သွားရော။ ရွာလမ်းလေးတွေကို ဖြတ်ပြီး ရွာလေးတွေက အလေ့အထလေးတွေကို ကြည့်လိုက်၊ တောလမ်းလေးထဲ ဖြတ်ပြီး တောတောင် သဘာဝရှုခင်းအသစ်တွေကို ခံစားလိုက် (အသစ်ဆိုတာက ကျွန်တော် အရင်ခဏ ခဏ လာလျှောက်ဖြစ်တဲ့ Trekking လမ်းနဲ့မတူလို့ အသစ်လို့ပြောတာ)။ စပါးခင်း နဲ့ ချောင်းတွေကို ဖြတ်လိုက် နဲ့ အခက်အခဲတစ်ခုကို ရဲရဲရင့်ရင့် ရင်ဆိုင်နေရတဲ့ စိတ်လေးတွေဖြစ်ပြီး တက်ကြွနေတယ်။ မညောင်းဘူးလားဆိုတော့ ညောင်းတာမှ နာကျင်နေအောင်ကို ညောင်းတာပေါ့။ ဒါပေမဲ့လည်း ငါသည် ပန်းတိုင် ကို ရောက်ရမယ် ဆိုတဲ့ စိတ်မျိုးလေးနဲ့မှ ဖြစ်မယ်လေ။

ညနေစောင်းတော့ ရွာရောက်ပြီ

ညနေ အတော်စောင်းတဲ့ ၅ နာရီကျော်လောက်မှာ ညအိပ်နားမဲ့ ရွာကို ရောက်တယ်။ ရွာရောက်တာနဲ့ ကိုယ့်ကိုပေးထားတဲ့ အိပ်ရာလေးတွေဆီ အပြေးသွား၊ ရေချိုးဖို့ လှုပ်ရှားရတော့တယ်။ ရေချိုးခန်းလေးတွေက တောဓလေ့အစစ်လေးတွေ အပေါက်လေးတွေနဲ့ မလုံမလဲ လိုက်ကာလေးတွေကာထားတဲ့ အခန်းလေးထဲ ချိုးရတယ်။ ရေတိုင်ကီ တစ်လုံးထဲကို ဟိုဘက် ဒီဘက် သုံးလို့ရအောင် ခွပြီး အလယ်က ကန့်ထားတော့ ခွက်က ဟိုဘက်မျော ဒီဘက်မျောနဲ့ သူငယ်ချင်းတွေ လုရင်း ရီနေရတယ်။ အိမ်သာတွေတော့ အတော် သန့်ပြီး ကောင်းပါတယ်။ ညစာ မစားခင် ခြေထောက်တွေကို ကြွက်သားလိမ်းဆေးတွေ လိမ်းရတယ်။ အကိုက်အခဲပျောက်ဆေးလည်း ကြိုသောက်ထားလိုက်တယ်။ ခဏနေတော့ ဦးဦးရဲတို့အဖွဲ့တွေက ညစာ အဆင်သင့်ဖြစ်ပြီလို့ လာခေါ်ကြပါရော။


ရှမ်းစကောထမင်း ညစာ

ရှမ်းစကောထမင်း ဖက်ထမင်း

ဦးဦးရဲ တို့နဲ့ သွားတိုင်း စိတ်ကျေနပ်ရတဲ့ နောက်တစ်ခုက အစားအသောက်ပဲ။ မြို့ပြက လူတွေ ဘာကြိုက်သလဲဆိုတာ သူတို့ ဘယ်လိုတွေ လေ့လာထားသလဲ ဒီညစာက သက်သေပေါ့။ ရှမ်းစကောထမင်းဟာ ကျွန်တော်တို့ တောင်စဉ် ၉ လုံးတက်တဲ့ တစ်ဖွဲ့လုံးကို အမောတွေပြေသွားစေလောက်အောင် အရသာ သိပ်ကောင်းပါတယ်။ ကြက်သားဟင်းလေး အလယ်တည်ပြီး၊ အရွက်ကြော်တွေ၊ ဝက်ကြော်၊ ငါးကြော်၊ ဟင်းသီးဟင်းရွက်သုပ်တွေ စုံစိနေအောင် ပြင်ဆင်ပေးထားတာ ဟန်မဆောင်နိုင်အောင်ကို လက်နဲ့ ကိုင်လွှေးပစ်လိုက်ကြတယ်။ စားလည်းပြီးရော အချိုပွဲ။ အချိုပွဲက ငှက်ပျောသီးမီးတောက်။ အမြဲ မရိုးနိုင်သော အချိုပွဲပေါ့။

ငှက်ပျောသီးပျားရည်စမ်း မီးတောက်

ဒီညလေးတော့ ဗိုက်လေးကားပြီး ပင်ပန်းသမျှ စောစောလေး အိပ်ပျော်သွားတယ်။ မီးကလည်း ဒီမှာက အမြဲ ရမနေသလို၊ ဖုန်းလိုင်းလည်း မိတစ်ချက် မမိတစ်ချက်မို့ အရာအားလုံးဟာ ကိုယ်နဲ့ သဘာဝတရား၊ သဘာဝတရားနဲ့ ကိုယ်ပဲ ရှိပါတယ်။ သိပ်ကြည်နူးစရာကောင်းတဲ့ မိုးညလေးကို ရွာလေးမှာ မိုးသံလေးတွေ ခံစားရင်း ဖြတ်သန်းခဲ့ရတယ်။


ရှမ်းရိုးရာ မနက်စာ နဲ့ မင်္ဂလာပါ ကလောက ရွာ

မနက်စောစော နိုးလာတော့ လူတွေ မများခင် အပြေးအလွှား မျက်နှာသစ် ကိုယ်လက်သန့်စင်ရတယ်။ ကိုယ်တွေလိုပဲ ရောက်လာတဲ့ နိုင်ငံခြားသားအဖွဲ့တွေ ရှိတာကိုး။ မြန်မာဆိုလို့ ကိုယ်တွေပဲ ရှိတာ။ ဒါတောင် သူတို့က ကိုယ်တွေထက် ဝီရိယ အားကောင်းနေတယ်။ သူတို့တွေ မနက်စာ စားပြီး ပြန်ထွက်ချိန်မှာမှ ကိုယ်တွေက မနက်စာ စားဖို့ အသင့်ဖြစ်တယ်။ လူစုံပြီဆိုမှ မနက်စာက ရှမ်းခေါက်ဆွဲနဲ့ ကော်ဖီ၊ မုန့်၊ သစ်သီး အစုံကို စားကြတယ်။

မနက်စာ

တစ်ခါ နှုတ်ဆက်ခဲ့ရပြန်ပြီ ကလောရေ


မနက်စာ စားပြီးတာနဲ့ ကလောဘက်ကို ပြန်ဖို့ လမ်းလျှောက်ကြပြန်တယ်။ ဒီတစ်ခါတော့ ပုံမှန်အတိုင်းလေးပဲ လျှောက်ရုံပါ။ မနေ့က တက်ခဲ့တဲ့ တောင်စဉ် ၉ လုံးကိုလည်း ပြန်မြင်နေရတယ်။ ငါ လုပ်နိုင်တယ်ဟ ဆိုတဲ့ စိတ်လေးနဲ့ အရမ်းပျော်တယ်။ မြင်းဒိုက်ဘူတာလေး ဖြတ်လျှောက်တော့လည်း နယ်မြို့ဘူတာလေးတစ်ခုရဲ့ မြင်ကွင်းကို စာအုပ်ထဲကအတိုင်း ခံစားပစ်လိုက်တယ်။ နေ့လည်စာ ကိုလည်း ဦးဦးရဲ ကလောသားတို့ အဖွဲ့ရဲ့ အစီအစဉ်နဲ့ပဲ မြင်းမထိ က ထမင်းဆိုင်လေးမှာ ဝင်စားကြတယ်။ ပြီးတာနဲ့ အထုပ်အပိုးတွေ ခဏ အပ်ပြီး ကလောမြို့ထဲ ဟိုနား ဒီနားသွား၊ ဈေးထဲဝင် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပြီးတာနဲ့ ညနေ ကားလေးနဲ့ ရန်ကုန်ကို သာသာယာယာ ပြန်ခဲ့လိုက်တယ်လေ။ ဒီခရီးစဉ်လေးက သိပ်လှပြီး သိပ်တန်ဖိုး ရှိခဲ့တယ်။ ကျွန်တော် မလုပ်ဆောင်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့လို့ ဘဝတစ်သက်တာလုံးလည်း အမှတ်တရဖြစ်နေဦးမယ်။ ပြီးတော့ သဘာဝလောကကြီးကိုလည်း ပိုပြီး ချစ်ခင်မြတ်နိုးတတ်လာတယ်။ မိုးတွင်းမှာ ခရီးထွက်လို့ မရဘူးဆိုတဲ့ အစွဲကြီးကိုလည်း ကျွန်တော် ချေဖျက်နိုင်ခဲ့တယ်လေ။

တောင်မတက်ခင် ကြိုပြင်ဆင်

တောင်တက်တယ်ဆိုပေမဲ့ တောင်တက်သမားတွေလိုမျိုး ကြိုးစားတက်ရတဲ့နေရာတစ်ခုမှ မရှိလို့ အဲ့အတွက် မပူပါနဲ့နော်။ သူတို့လောက်လည်း ကြိုတင် ပြင်ဆင်စရာတွေ မလိုအပ်ပါဘူး။

  • ကြွက်သားနာကျင်ရင် လိမ်းဖို့ လိမ်းဆေး တစ်မျိုးမျိုး

  • အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုး

  • ထိရှရင် လိမ်းဖို့ ဆေးတစ်မျိုးမျိုး (လိုရမယ်ရ)

  • အားအပြည့်နဲ့ Power Bank (ရွာမှာလည်း မီးမရှိလို့ပါ)

  • ပေါ့ပါးတဲ့ ဘောင်းဘီ (ချည်သား၊ စပန့်သား၊ အားကစားဘောင်းဘီ မျိုး)

  • ပေါ့ပါးတဲ့ အင်္ကျီ နဲ့ အနွေးထည် အပါး (အေးလိုက် ချွေးထွက်လိုက်နဲ့ပါပဲ)

  • တောနင်းဖိနပ် (ရှိလျှင်၊ မရှိလည်း ကလောမှာ ဝယ်လို့ရ)

  • ခေါက်ထီး (မိုးကာ ပေးပေမဲ့ ထီးနဲ့မှ ပိုသဘောကျရင်)

  • ရေလဲ လုံခြည်၊ ဝတ်စုံအပိုများ နဲ့ ရေချိုးသုံးပစ္စည်းများ

  • ရေစိုခံ အိတ်ကြီး (ရှိလျှင်)


ဒီ တောင် ၉ လုံး ခရီးစဉ်အတွက် ဘယ်ကို ဆက်သွယ်ရမလဲ၊ ဈေးနှုန်းကရော?

ဦးဦး ရဲ ကလောသား (Kalaw Trekking With U U Ye Kalawthar) ဖုန်း - 09 258 310 379 ကို ကြိုတင် Booking ယူပါနော်။ အနည်းဆုံး (၃) ဦး ရှိတာနဲ့ ခရီးစဉ် စထွက်ပေးမှာပါ။ မပြည့်သေးရင်လည်း ရက်ချိန်ညှိပြီး တခြားအဖွဲ့တွေနဲ့ ပူးပေါင်း သွားလာနိုင်ပါတယ်။ ကျွန်တော်တို့တုန်းကလိုပေါ့။ သူငယ်ချင်းမိတ်ဆွေလည်း တိုးပြီး ပိုပျော်ရတယ်။ ဈေးနှုန်းကိုတော့ ဦးဦး ရဲ ကလောသား ကိုပဲ မေးမြန်းစေချင်ပါတယ်။ ကျွန်တော်က ၂၀၁၈ ခုနှစ်တုန်းက သွားခဲ့တာဖြစ်လို့ ဈေးကွာနိုင်လို့ပါ။ ကျွန်တော်တို့တုန်းကတော့ တစ်ဦးကို ၇၅,၀၀၀ ကျပ် ကျသင့်ခဲ့ပါတယ်။ အခါအားလျော်စွာ အဖွဲ့လိုက်သွားရင် အထူးနှုန်းတွေ၊ အထူးလျော့ဈေးတွေ ရှိသေးတတ်ပါတယ်။

ခရီးစဉ်အစအဆုံး ကုန်ကျစားရိတ်တွက်ရအောင်

ကျွန်တော်တို့ သွားခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဈေးနှုန်းအပေါ် အခြေခံတွက်ချက်ထားတာပါ။ ယခုနှစ်နဲ့ ကွာခြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ ရန်ကုန်ကနေ သူငယ်ချင်း ၅ ဦး သွားမယ်ဆိုပါစို့။ ဒါဆိုရင် ကုန်ကျစရိတ်က -

  • 2+1 VIP Express ကားခ အသွားအပြန် [၁၈,၀၀၀ x ၂] - ၃၆,၀၀၀ ကျပ် (တချို့က ၂ သောင်းကျော်ထိ ရှိတယ်။ Famous, JJ, Elite, လုမ္ဗနီ စသဖြင့် ရှိတယ်။)

  • တောင်ကိုးလုံး ခရီးစဉ် တစ်ညအိပ် [၇၅,၀၀၀ x ၂၀% လျှော့ဈေး (၅ ဦးမို့လို့)] - ၆၀,၀၀၀ ကျပ်] (ရောက်တဲ့နေ့ မနက်စာ၊ နေ့လည်စာ၊ ညစာ၊ ရွာအိပ်၊ နောက်တနေ့ မနက်စာ၊ နေ့လည်စာ အပါအဝင်)

  • ညစာ (ကားဂိတ်ကနေ မပြန်ခင် ဗိုက်ဆာတတ်ရင်) - ၇,၀၀၀ ကျပ် (ပိုပိုလိုလို)

---------------------------------------------------------------------------------------------------

  • စုစုပေါင်း ကုန်ကျစရိတ် - ၁၀၃,၀၀၀ ကျပ် ဝန်းကျင်

ကဲ မိုးတွင်းမှာ စွန့်စားခန်းလေးတွေ ကြိုက်တတ်ရင် သိပ်လှတဲ့ ၃၆၀ ဒီဂရီ ပတ်လည် ရှုခင်းကို တောင်ထိပ်ကနေ ပတ်လည် မြင်ရဖို့ ကလောမြို့လေးဆီ သွားရအောင်လားဗျာ။ အထူးလျှော့ဈေးလေးတွေ လက်ဆောင်ယူဖို့လည်း မမေ့ပါနော်။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်ပြည့်စုံစွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

မြန်မာ့အလှအပတွေကို ရေရှည်ခံစား သွားလာလည်ပတ်နိုင်ဖို့ ခရီးသွားသူ ကျွန်တော်တို့အားလုံး -

  • ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်ကြပါစို့

  • ပွင့်တဲ့ပန်းနဲ့ ရှင်သန်ဆဲသစ်ပင်တွေကို မခူး၊ မချိုးဖဲ့ဘဲ သူတို့ရှိတဲ့ သဘာဝအလှကို တန်ဖိုးထားကြပါစို့

  • ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဖိုးတန်သမိုင်းဝင် အဆောက်အဦးများကို မိမိရဲ့ပုဂ္ဂလိက တဒင်္ဂသာယာမှုအတွက် ရေးခြစ်မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ထိန်းသိမ်းကြပါစို့

1,056 views0 comments

Comentários


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page