top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ရှမ်းတောင်တန်းပေါ်မှာ တဲထိုးအိပ်လို့ တိမ်စမ်းချောင်းလေး မျှော်ငေးမယ်

Writer's picture: Thiha Lu LinThiha Lu Lin

တိမ်ပင်လယ်တွေ ခေတ်စားနေချိန်တုန်းကပေါ့ ကိုယ်တွေက တိမ်စမ်းချောင်းလေးကို ရှမ်းပြည်တောင်ပိုင်းမှာ သွားကြည့်နိုင်ခဲ့ပြီလေ။ တိမ်စမ်းချောင်းလို့ တင်စားတာက ကိုယ်သွားတဲ့အချိန် အလိတ်လိုက်ကြီး မြင်ရတာထက် လေနဲ့အတူ တသွင်သွင်ပြေးလွှားနေတဲ့ တိမ်မွမွလေးတွေကို မြင်ခဲ့ရလို့ပါ။ တိမ်ပင်လယ်ကြီး ဖြစ်သွားတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ သူဟာ တိမ်စမ်းချောင်းလေးလို တသွင်သွင်စီးဆင်းရွေ့လျားနေတာ မြင်လိုက်ရလို့ သိပ်သဘောကျမိတယ်ဆိုပါတော့။


ဒီတစ်ခါ ကလော ရောက်တော့ ခါတိုင်းလုပ်နေကျထက် နည်းနည်းထူးဆန်းတာ လုပ်ချင်မိတာကို ကျွန်တော့်မိတ်ဆွေရင်းတစ်ယောက်လိုဖြစ်နေတဲ့ ကိုရဲ (U U Ye Kalawthar - ကလော Local Guide) က ဖြည့်ဆည်းပေးလိုက်တယ်။ တောင်ထိပ်မှာ တဲထိုး ညအိပ်ပြီး မနက်မှာ တိမ်ပင်လယ် ကြည့်ကြမလားတဲ့။ ဓါတ်ပုံရိုက်ချင်တာရော သဘာဝအလှကို ခံစားချင်တာရော နဲ့ အားတက်သရော သွားခဲ့ကြတယ်။


ဓါတ်ပုံဆရာတိုင်းရဲ့ အိပ်မက်ကမ္ဘာ “မြင်းမူးကုန်း”

မြင်းမူးကုန်း တောင်ထိပ်ကနေ ကလော - အောင်ပန်း ဝန်းကျင်က ရှုခင်းအလှအပတွေကို ဓါတ်ပုံရိုက်ဖို့ ဓါတ်ပုံဆရာတွေ အတော်စိတ်ဝင်စားကြပါတယ်။ ပထမတော့ မြင်းမူးကုန်းမှာ အိပ်ရင်ရောလို့ တွေးမိသေးတယ်။ ဒါပေမဲ့ ကိုရဲ က ပိုအဆင်ပြေတဲ့ နေရာလေးတစ်ခုကို ခေါ်သွားခဲ့တယ်လို့ပဲ အကြမ်းဖျဉ်းပြောပါရစေ။ မြင်းမူကုန်း ကနေ လှမ်းကြည့်ရင် ပန်းနှမ်းခင်း၊ ဆီမုန်ညင်းခင်း၊ ဂျုံခင်း၊ မြေထွန်ယက်ထားတဲ့အခင်း စတဲ့ အခင်းမျိုးစုံကို အရောင်စုံတွေ့မြင်ရတဲ့အပြင် တောင်တန်းစိမ်းစိမ်းလေးတွေနဲ့ တွဲဖက်မြင်ရတာကိုက ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ် ဖြစ်နေတော့တာလေ။ ဒါကြောင့်လည်း သဘာဝအလှကို ခံစားချင်သူတွေရော၊ ဓါတ်ပုံဆရာတွေရောက ဒီနေရာကို စိတ်ဝင်စားနေကြတာ။ သတိရစေချင်တာက အမြဲတန်း ဒီလို လှမနေဘူးနော်။ သူ့မှာလည်း သူ့အချိန်လေးနဲ့သူမို့လို့ လှတတ်တဲ့ နိုဝင်ဘာလ ကနေ ဇန်နဝါရီလ ကြားထဲ သွားမှ မြင်ရကြုံရမှာမျိုး။


ရှမ်းတောင်တန်းလေးတစ်ခုပေါ် တဲထိုး ညအိပ်မယ်

ကျွန်တော်တို့တွေ ကိုယ်ရဲ့ ကျောပိုးအိတ်ကိုယ်လွယ်လို့ စားချင်တာတဲ့ မုန့်လေးတွေ၊ ကော်ဖီခွက်၊ ရေသန့်၊ တစ်ရှူး အစို/အခြောက်၊ အိပ်ရာလိတ်၊ ရွက်ဖျင်တဲ စတာတွေကို ကိုယ်စီလွယ်ပြီး တက်မဲ့တောင်နားအထိ လမ်းလျှောက်ခဲ့ကြတယ်။ Soft Trekking Experience ရတယ်ပဲ ဆိုပါတော့။ ဒီကို တောင်ပေါ်အိပ်ချင်တာလေးအတွက် လာတဲ့လူတွေလည်း သိပ်လမ်းလျှောက်စရာမလိုဘဲ ရောက်နိုင်ပါတယ်။ တောင်ခြေကနေ တောင်ထိပ်ကိုရောက်ဖို့ မိနစ် ၂၀ လောက်တော့ တက်ရတယ်။ ဒါပေမဲ့ ပြေပြေလေးမို့ တက်ရတာ မောတယ် မထင်ရဘူး။ တောင်ကို တည့်တက်တာထက် စောင်းစောင်းလေး ဖြတ်တက်ရင် အမောခံနိုင်တဲ့သဘောရှိတယ်။ အထုပ်အပိုးတွေနဲ့က ရှုပ်တယ် လေးတယ် ဆိုပေမဲ့လည်း တောင်ပေါ်မှာ ကိုယ်အဆင်ပြေဖို့အရေးအတွက် ကြိုးစားသယ်ရတာပါပဲ။ ဒါကိုက နောက်ပိုင်းမှာ ပြန်အမှတ်ရစရာလေးတွေ ဖြစ်သွားမှာပါ။

တောင်ပေါ်ရောက်တာနဲ့ တဲထိုးဖို့ ပြင်ကြဆင်ကြတယ်။ မြေပြန့်တဲ့နေရာလေးတွေမှာ ကောက်ရိုးခင်းတယ်။ ပြီးမှ အပေါ်ကနေ အသင့်ပါလာတဲ့ မိုးကာတဲလေးတွေကို ဆင်ကြတယ်။ လေတိုက်ရင် ပါ မသွားအောင် အစွန်းလေးဘက်ကို မြေကြီးထဲ ချုပ်ပြီး စိုက်ထည့်ကြတယ်။ ဆင်လည်းပြီးရော တဲလေးက တကယ့်ကို နေချင်စရာလေး။ ငယ်ငယ်က စောင်လေးတွေကို ခုံလေးတွေပေါ်အုပ်ပြီး အိမ်လုပ်ဆော့ခဲ့တာကို သတိရသွားလို့ ကြည်နူးစရာလေး ဖြစ်သွားရတယ်။


သဘာဝဆန်ဆန် ခြုံတိုးကြမယ်ဟေ့

တောင်ထိပ်ရောက်တော့ မြေပြင်လေး ညီနေတာပဲ။ ခြုံမတွေ့လို့ ခြုံတိုးဖို့တော့ ခက်မဲ့သဘောရှိတယ်။ ဒါပေမဲ့ ယောကျ်ားလေးချည်းဆိုတော့ ပြဿနာမရှိလှဘူး။ မိန်းကလေးပါရင် ဘယ်လိုလုပ်မလဲ တွေးမိရင်း ကိုရဲ ကို မေးကြည့်တော့ ယောကျ်ားလေးတွေချည်းမို့ ဒီတောင်လာတက်တာ၊ မိန်းကလေးတွေပါရင် တခြားတောင်တစ်ခုလို့ ပြောတယ်။ ဆိုတော့ အခင်းအကြီးအငယ်အတွက်ကတော့ သဘာဝဆန်ဆန် ဖြေရှင်းရပေမဲ့ ဒါလည်း အမှတ်တရတစ်ခုဖြစ်ခဲ့မှာ အသေအချာပါ။


မီးဖိုနံဘေး ဂစ်တာလေးတီးရင်း မင်းက သီချင်းဆိုပေး

ညဘက်ရောက်လာတော့ ခြင်၊ မှက်တွေ ကိုက်မှာစိုးပြီး ကျွန်တော်က ဖျန်းဆေးလေးတွေ ကိုယ်အနှံ့ဖြန်းတယ်။ ပြီးတော့ ထင်းလေးတွေ စုပြီး မီးဖိုတယ်။ ရေနွေးတည်ပြီး ကော်ဖီသောက်ကြ၊ ပါလာတဲ့မုန့်နဲ့ နေကြာစေ့တွေ စားကြတယ်။ ဂစ်တာလေး မပါလာတာတော့ အဲ့ဒီညက ဆိုးတယ်လို့ ဆိုရမယ်။ မဟုတ်ရင် တဲလေးတွေ ရှေ့က မီးဖိုလေးရယ်၊ ကော်ဖီလေးရယ်၊ ဂစ်တာသံလေးရယ်၊ ဘယ်လောက်တောင် ကဗျာဆန်လိုက်မလဲနော်။


တိမ်စမ်းချောင်းလေးတွေ စီးမျောတဲ့ မနက်ခင်း

ညဘက် ကြယ်ထွက်လာလို့ သန်းခေါင်ချိန် ကင်မရာလေးနဲ့ ရိုက်လိုက်သေးတယ်။ ပြီးတော့ ဘယ်လို အိပ်ပျော်သွားတယ်မသိ။ မနက် ၅ နာရီလောက်ကျတော့ ကိုရဲက နိုးနေပြီ၊ တိမ်တွေလာပြီလို့ ပြောလို့ ကဗျာကယာ ထကြည့်တော့… အို ဘုရားသခင်… လှလိုက်တဲ့ တိမ်စမ်းချေုာင်းလေး၊ တိမ်ပင်လယ်လေး။

တောင်ထိပ်မှာ ပတ်ပတ်လည် မြင်နေရတယ်။ ကလေးတစ်ယောက်လို ပြေးလွှားကြည့်မိအောင်ကို ကိုယ့်နေတဲ့ တောင်ပတ်ဝန်းကျင်တစ်ခုလုံး တောင်လေးတွေ ပြေးလွှားစီးဆင်းနေတယ်။ တိမ်တွေက ကိုယ့်ခြေထောက်အောက် ရောက်နေကြတယ်။ ဒီလို သဘာဝအလှကို မခံစားဘဲ ကမ္ဘာကြီးထဲက ထွက်သွားရရင် အတော် နှမြောစရာဖြစ်မှာပဲလို့တောင် ပိုပိုသာသာလေး တွေးမိသွားတယ်။ သတိရတော့ Insta360 nano ကင်မရာလေးကို Tripod ပေါ်တင်ပြီး ၃၆၀ ပတ်လည်ကြည့်နိုင်တဲ့ 360 Live လွှင့်တယ်။ တစ်ခါမှ မိနစ် ၃၀၊ တစ်နာရီ Live မလွှင့်ဘူးတဲ့ ကျွန်တော်က ဒီတစ်ခါ အကြာကြီး လွှင့်ဖြစ်တယ်။ မထင်မှတ်ဘဲ တစ်ချိန်တည်း တူတူကြည့်နေကြတဲ့ မိတ်ဆွေတွေကိုလည်း တွေ့လိုက်ရတော့ ပိုအားတက်ရတယ်။ ကျွန်တော့်အတွက် အဲ့ဒီနေ့မနက်ခင်းလေးဟာ တိမ်မင်းသားအဖြစ် ကိုယ့်ကိုကိုယ် ခံစားရူးသွပ်သွားစေခဲ့ပါတယ်။ တိမ်စမ်းချောင်းလေးကို ကော်ဖီသောက်ရင်း ခံစားရတဲ့ ခံစားမှုကို ဘာနဲ့တိုင်းတာပြရမလဲ မသိတော့ပါဘူး။ ဒီလို တိမ်ပင်လယ်ကို ခံစားမယ်ဆိုတိုင်းလည်း အချိန်အခါတော့ တစ်ချက် သတိပြုရမှာပါ။


ကိုယ့်အမှိုက်ကိုယ်သိမ်းတာ ရှက်စရာမဟုတ်ပါ

ရှက်စရာလည်း မဟုတ်ဘူး၊ ပျင်းစရာလို့လည်း မခံယူပါနဲ့။ ကိုယ်သွားခဲ့တဲ့ ခဏအတွင်းမှာ ကိုယ့်စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေဟာ မြေသြဇာအဖြစ် လွယ်လွယ်ကူကူ ပျက်သုန်းသွားနိုင်မှာမျိုးဆို စိတ်မပူနဲ့ ထားခဲ့လိုက်ပါ။ ရေသန့်ဘူးခွံ၊ ပလတ်စတစ်အိတ်၊ မုန့်ထုပ်အခွံ၊ ကြွပ်ကြွပ်အိတ် စတဲ့ ပျက်စီးဖို့ မလွယ်တဲ့ ဟာမျိုးတွေကိုတော့ သေချာပြန်သယ်လာခဲ့လို့ အမှိုက်ပစ်ရမဲ့နေရာမှာပဲ သေချာ စွန့်ပစ်ပေးပါ။ မီးဖိုခဲ့တာကိုလည်း သေချာငြိမ်းသတ်ခဲ့ပါ။ ကိုယ့်ကြောင့် သူများစိုက်ခင်းနဲ့ အိမ်ရာတွေ မပျက်စီးပါစေနဲ့။ နောက်ထပ် ကိုယ်နဲ့ထပ်တူ သဘာဝကို ခံစားလိုသူတိုင်းအတွက် စေတနာထားပြီး ကူညီပေးလိုက်ပါနော်။


ဒေသခံလမ်းညွှန်မပါဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တဲထိုးသွားအိပ်လို့ မရဘူးလား။

ဒေသခံလမ်းညွှန်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စောင့်ရှောက်သူပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလို့ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို သူက လွယ်ကူအောင် စီစဉ်ပေးထားသလို ဒေသခံတွေနဲ့ အဆင်ပြေအောင်လည်း သူက ကြားခံ ညှိနှိုင်းပေးနိုင်သူပါ။ ကိုယ်မသိတဲ့ဒေသတစ်ခုရဲ့တောင်ပေါ်မှာအိပ်လို့ ဘယ်လိုအန္တရာယ်ကြုံရမလဲဆိုတာ မသိနိုင်ဘူး၊ ဒေသခံတွေကရော ကိုယ်လာနေတဲ့အပေါ် ကြည်ဖြူရဲ့လား မသိနိုင်ဘူး၊ ကိုယ်ကြုံရတဲ့ မမျှော်လင့်တဲ့ဒုက္ခကို ဖြေရှင်းပေးမဲ့သူ မရှိနိုင်ဘူး။ ဒါတွေကြောင့် ဒေသခံလမ်းညွှန် ရဲ့ အစီအစဉ်နဲ့သွားတာ ပိုပြီးအဆင်ပြေသင့်လျော်တယ်လို့ ဆိုချင်ပါတယ်။


ဒီလို ခရီးစဉ်ကို သွားမယ်ဆို ဘယ်လိုလုပ်ရမလဲ?

U U Ye Kalawthar က ခရီးစဉ်အတွက် စီစဉ်ပေးနေပါပြီ။ ဒီခရီးစဉ်မှာ လိုအပ်တဲ့ ရွက်ဖျင်တဲ၊ တစ်ကိုယ်ရည်သုံးအိပ်ရာလိတ် ကအစ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းများ ယူလာရင်လည်း ရပါတယ်။ ဖုန်းနံပါတ် 09258310379 ကို ဆက်သွယ်နိုင်သလို၊ သူ့ရဲ့ Personal Account နဲ့ Page "Kalaw Trekking with U U Ye Kalawthar" ကနေလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။ ဖုန်းခေါ်တဲ့အခါ စိတ်တော့ ရှည်မှ ရမယ်။ တစ်ခါတလေ သူက Trekking လမ်းကြောင်းပေါ်ရောက်နေရင် ဖုန်း မမိတတ်ဘူး။ ဖုန်းမိပြန်ရင်လည်း ကိုယ်လိုသူလို စုံစမ်း ရက်ချိတ်နေသူတွေ များတော့ ဖုန်းက Busy နေတတ်ပြန်တယ်။


သတိပြုရမဲ့အချက်လေးတွေ

တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးဖြစ်မဲ့ အဝတ်အထည်တွေ စဉ်းစားပါ။ ရာသီဥတုပြင်းတတ်လို့ အနွေးထည်လည်း ပါအောင် ယူပါ။ တဲအတွင်းမှာတော့ ပူနေတတ်ပါတယ်။ အားကစားဖိနပ်လိုမျိုး ပေါ့ပါးပြီး စီးရတာ သက်တောင့်သက်သာဖြစ်နိုင်တာမျိုး အသုံးပြုပါ။ မီးဖိုက မီးမလောင်အောင် သတိထားပါ။ နယ်မြေအသစ်မှာ အရက်၊ အသား၊ ငါး စတာတွေကို ဒေသခံလမ်းညွှန်ကို မေးမြန်းပြီးမှ ယူဆောင်ပါ။ ရေသန့်ဘူး သယ်နိုင်တဲ့ပမာဏယူဆောင်သွားပါ။ မျက်နှာသစ်ဖို့ကအစ ရေသန့်ပဲ အားကိုးရမှာပါ။ Powerbank တွေ အားပြည့်နေပါစေ။ အင်းဆက်ပိုးမွှားတွေရန်က ကာကွယ်တဲ့ ဖြန်းဆေး၊ လိမ်းဆေးတွေ ဆောင်ပါ။ ကြွက်သားနာပျောက်ဆေး ဆောင်ပါ။


တောင်ပေါ်တဲထိုးအိပ်လိုက်ရတော့ ဘာတွေ ထူးခြားသွားလဲ?

အဓိကကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာမယ်။ သဘာဝကို ပိုချစ်တတ်လာမယ်။ ပြဿနာဖြေရှင်းနည်းကို စဉ်းစားတွေးခေါ်မှု အားကောင်းလာမယ်။ အားကစားလှုပ်ရှားမှုတစ်မျိုးလည်း ပါဝင်နေလို့ လူလည်း ပေါ့ပါးဖြတ်လတ်လာမယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်။


ကျွန်တော်ကတော့ ဘဝမှာ လုပ်ချင်တာလေးတွေ လုပ်ခွင့်ရအောင် ကြိုးစားနေသူမို့ ခုလို တောင်ထိပ်ပေါ် တဲထိုးအိပ်ပြီး သဘာဝကို ခံစားရတာက ရုပ်ရှင်တစ်ကားကြည့်ရသလို ခံယူထားလိုက်တယ်။ သိပ်လည်း သဘောကျမိတယ်။ ဆက်ပြီးလည်း ဒီလို သဘာဝကို ခံစားတဲ့ညအိပ်ခရီးတွေ မကြာခဏ ထွက်ဖြစ်နေဦးမှာ အသေအချာပါပဲဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်ပြည့်စုံစွာနဲ့ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: U U Ye Kalawthar, Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens

Photos are modified in Lightroom by Thiha Lu Lin.


မြန်မာ့အလှအပတွေကို ရေရှည်ခံစား သွားလာလည်ပတ်နိုင်ဖို့ ခရီးသွားသူ ကျွန်တော်တို့အားလုံး -

• ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်ကြပါစို့

• ပွင့်တဲ့ပန်းနဲ့ ရှင်သန်ဆဲသစ်ပင်တွေကို မခူး၊ မချိုးဖဲ့ဘဲ သူတို့ရှိတဲ့ သဘာဝအလှကို တန်ဖိုးထားကြပါစို့

• ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဖိုးတန်သမိုင်းဝင် အဆောက်အဦးများကို မိမိရဲ့ ပုဂ္ဂလိက တဒင်္ဂသာယာမှုအတွက် ရေးခြစ်မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ထိန်းသိမ်းကြပါစို့

457 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page