top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးရှိရာ မန္တလေး ကုသိုလ်တော်ဘုရားဆီ

မန္တလေး ကုသိုလ်တော်ဘုရား ကို သွားရင် သိပ်လှတဲ့ ဓါတ်ပုံလေးတွေ ရိုက်ခွင့်ရတာအပြင် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ တင်စားကြတဲ့ ကျောက်စာတွေကို စနစ်တကျထိန်းသိမ်းထားတာကိုလည်း လေ့လာမြင်တွေ့ကြရပါတယ်။ ဒီကျောက်စာတွေကို ကျောက်စာရုံတွေနဲ့ သေချာထိန်းသိမ်းထားတာမို့လည်း ကျောက်စာရုံတွေကြားတည်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ကြတာ ခရီးသွားဧည့်သည်တွေကြားမှာ အထူးရေပန်းစားခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အရင်ကဆို ဓါတ်ပုံရိုက်ဖို့ပဲ စိတ်ဝင်စားခဲ့တာ။ ဘုရားနားရောက်ပြီဆို ကြာပန်းလေးတွေရောင်းတဲ့ ပန်းသည်လေးတွေ ဝေဝေဆာဆာတွေ့မယ်။ ကြာပန်းခိုင်လေးဝယ်ပြီး အတွင်းကို ဝင်လိုက်ရင် သနပ်ခါး အလိမ်းခံနေကြတဲ့ နိုင်ငံခြားသားတွေကို မြင်ရဦးမယ်။ ခုလို ကပ်ကာလအတွင်း ခရီးမထွက်ရတဲ့အချိန် အရင်က မြင်ကွင်းတွေက စိတ်ကူးယဉ်လိုက်တာနဲ့ ကွင်းခနဲ ကွက်ခနဲ ပြန်ပြန်ပေါ်လာပြီး သတိရစရာတွေ ဖြစ်လာရတယ်။ နောက်တစ်ခါ ပြန်များရောက်ခဲ့ရင် ကုသိုလ်တော်ဘုရားကြီးကို ဖူးရုံ၊ ဓါတ်ပုံရိုက်ရုံမကဘူး UNESCO အသိအမှတ်ပြု ဒီကျောက်စာတွေနဲ့ ပတ်သက်လို့လည်း ပိုပြီး လေ့လာသိရှိနိုင်ဖို့ ကြိုးစားရမယ်လို့ တွေးမိသွားတယ်။


ကမ္ဘာ့အကြီးဆုံးစာအုပ် ဆိုတာ ဘာလဲ

ဒီ ကုသိုလ်တော်ဘုရားမှာ ရှိနေတဲ့ များပြားလှတဲ့ကျောက်စာချပ်ရေတွေကို တင်စားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ် ရှိနေတဲ့ ဘုရားလို့ ဆိုကြတာပါ။

  • ဝိနည်း ၅ ကျမ်း၊ ကျောက်ချပ်ရေ (၁၁၁) ချပ်

  • အဘိဓမ္မာ ၇ ကျမ်း၊ ကျောက်ချပ်ရေ (၂၀၈) ချပ်

  • သုတ္တန်ပါဠိတော် ကျောက်ချပ်ရေ (၄၁၀) ချပ်

အသီးသီး ရှိနေပြီး ကျောက်စာ တစ်ချပ်ချင်းစီကို စေတီတွေငုံလို့ စုစုပေါင်း ကျောက်စာရုံ စေတီ (၇၂၉) ဆူ နဲ့ အရမ်းထူးခြားတဲ့ ဖွဲ့စည်းမှုရှိတဲ့ ဘုရားပါ။ ဒီ ကျောက်စာချပ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တန်ဖိုးထားစရာ ပိဋကတ်တော်တွေဖြစ်သလို ၁၉ ရာစုခေတ် မြန်မာနိုင်ငံတော်ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကို ထင်ဟပ်ဖော်ပြနေပါတယ်။ ကုသိုလ်တော် ဘုရားကို ခုလို ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် စပြီး တင်စား ခေါ်ဝေါ်ခဲ့တာကတော့ လူထုဒေါ်အမာလို့လည်း သိရတယ်။


ကမ္ဘာ့အသိအမှတ်ပြု မှတ်တမ်းဝင်ပြီ

ကမ္ဘာကျော်တော့လည်း ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ်နဲ့ ကျော်ဇောလာတဲ့ ဒီ ကုသိုလ်တော် ဘုရားက ကျောက်စာတွေကို UNESCO ရဲ့ Memory of the World အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လ မှာ အတည်ပြုခဲ့ကြပါတယ်။ Memory of the World အဖြစ် အသိအမှတ်ပြုခံရတာ မြန်မာနိုင်ငံထဲမှာ အခုဆို (၄) ခု ရှိနေပါပြီ။ ကုသိုလ်တော်ကျောက်စာတွေက ၂၀၁၃ ခုနှစ်မှာ ပထမဆုံး စာရင်းစဝင်ပြီး၊ ၂၀၁၅ ခုနှစ်မှာ မြစေတီ ကျောက်စာ က ဒုတိယမြောက် စာရင်းဝင်ပါတယ်။ အခု နေပြည်တော်က ပြတိုက်မှာ ထိန်းသိမ်းထားပါတယ်။ အဲ့ဒီ ၂၀၁၅ မှာပဲ အလောင်းဘုရားမင်းတရားကြီးက အင်္ဂလိပ်ဘုရင် ဒုတိယမြောက်ဂျော့ချ် ဆီကို ပေးပို့တဲ့ ရွှေပေလွှာ ကလည်း စာရင်းဝင်သွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ပုဂံ ရွှေစည်းခုံစေတီ က ဘုရင့်နောင်ခေါင်းလောင်း က စတုတ္ထမြောက် မြန်မာပြည်က Memory of the World စာရင်းဝင်ခဲ့ပါတယ်။


သမိုင်းအကျဉ်း

မင်းတုန်းမင်းကြီး (၁၈၅၃ - ၁၈၇၈) က မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်၊ ဝါဆိုလမှာ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပြီးတော့ ဘွဲ့အမည်က မဟာလောကမာရဇိန် ပါ။ တံတိုင်း (၃) ထပ်ရှိတဲ့သဘော ဖြစ်နေပါတယ်။ မင်းတုန်းမင်းကြီးရဲ့ တောင်ညာစံ မိဖုရားခေါင်ကြီးက ကုသိုလ်အမြဲပွားများအားထုတ်ပြီး ပိဋကတ်ကျမ်းစာတွေကို အမြဲမပြတ် ကျက်မှတ်တယ်လို့ ဆိုပါတယ်။ ပထမတော့ မင်းတုန်းမင်းကြီးက ဒီကျမ်းတွေကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေး တို့နဲ့ ရေးသားပြီး ပိဋကတ်တိုက်တော် သွင်းပေမဲ့၊ ဒီပေစာတွေက ပျက်စီးလွယ်တာမို့ ကျောက်စာအဖြစ် မှတ်တမ်းတင်တာကို ပြုလုပ်ခဲ့တယ်လို့ ဖတ်မှတ်ရပါတယ်။ ဒါဟာ ပဉ္စမအကြိမ် သင်္ဂါယနာ တင်ပြီးတော့မှ ကျောက်ထက်အက္ခရာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဘယ်လိုသွားမလဲ

ကုသိုလ်တော် ဘုရားဟာ မန္တလေးတောင်ဘက် တည့်တည့်သွားရင် ကျုံးပတ်လမ်းအဆုံးမှာ ညာဘက်ကွေ့လိုက်တာနဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီနားမှာ ကုသိုလ်တော်နဲ့ ပုံစံတူ ဘုရားတစ်ဆူလည်း ရှိသေးပြီး၊ အဲ့ဒီမှာလည်း ကျောက်စာရုံစေတီတွေ ရှိပါတယ်။ ဒါပေမဲ့ ကုသိုလ်တော်က ကျောက်စာရုံတွေလိုမဟုတ်ဘဲ အရမ်းစိပ်လွန်းပါတယ်။ စန္ဒာမုနိဘုရား ပါ။ အဲ့ဒီမှာတော့ ကနောင်မင်းသား ရဲ့ အုတ်ဂူလည်း ရှိတယ်လို့ သိရပါတယ်။


ဘုရားဖူးရုံ၊ ကျောက်စာလေ့လာရုံအပြင် ဒီကုသိုလ်တော်ဘုရားဟာ ဓါတ်ပုံရိုက်လိုသူတွေအတွက် ထူးခြားတဲ့ ဆက်တင်ကောင်းတစ်ခုလည်း ဖြစ်နေပါတယ်။ ဘုရားဝန်းအတွင်းမှာ ရှိနေတဲ့ ကျောက်စာရုံစေတီတွေရဲ့ အနေအထား၊ ဘုရားဝန်းအတွင်းက ခရေပင်တွေ နဲ့ အရိုးပြိုင်းပြိုင်းကျ သစ်ပင်အိုတွေ စသဖြင့် ဓါတ်ပုံရိုက်ချင်သူတွေအတွက် မြန်မာဆန်ဆန်လေးဝတ်ဆင်၊ သနပ်ခါးလိမ်းခြယ် (ဘုရားဝန်းထဲမှာရှိတဲ့ ကျောက်ပြင်မှာ သွေးလိမ်းလို့ရတယ်။)၊ ကြာပန်းလေး ကိုင်ပြီး ရိုက်တတ်ရင် ရိုက်တတ်သလို ကမ္ဘာက သိစေမဲ့ ပုံကောင်းလေးတွေ ရနိုင်ပါတယ်။ ဓါတ်ပုံဆရာတွေလည်း လက်စွမ်းပြဖို့ သဘောကျကြတဲ့ ကုသိုလ်တော်ဘုရားဟာ ခုထိတိုင် မြန်မာတိုင်းရဲ့ ရင်ကို စွဲဆောင်နိုင်စွမ်းကြီးမားနေဆဲပါ။ အားလုံးထိန်းသိမ်းရမဲ့ အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Myo Kyaw

Camera :: -----

Photos are modified in Lightroom by Thiha Myo Kyaw.

475 views0 comments

Comments


bottom of page