ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေ ထိစပ်ယှက်နွယ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့ ရယ်၊ ထိုင်းနယ်စပ် ကန်ချနာဘူရီ နဲ့ ထိစပ်နေတဲ့ ဘုရားသုံးဆူမြို့ ရယ် ကို အလည်သွားတာဟာလည်း သဘာဝအလှတွေ ခံစားစိတ်ကျေနပ်စရာ ဖြစ်စေပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ရဲ့ နာမည်ကျော်ဖုန်းဆိုင်ဖြစ်တဲ့ “နေဝင်းနီ” မိုဘိုင်း က မိတ်ဆွေညီငယ် ကိုအာကာ နဲ့ ဘားအံမှာ ဆုံဖြစ်တော့ သူတို့မြို့ကို အလည်လိုက်ဖို့ ခေါ်ခဲ့တယ်။ ဘုရားသုံးဆူမြို့ကိုတော့ ငယ်ငယ်က ဖေဖေ တာဝန်ကျခဲ့ဖူးလို့ ကြားဖူးနားဝ ရှိခဲ့ပေမဲ့ ကြာအင်းဆိပ်ကြီးအကြောင်းတော့ သေချာ မသိလှတာမို့ အလည်လိုက်ဖြစ်ခဲ့ပါတယ်။ ကြာအင်းဆိပ်ကြီးရော ဘုရားသုံးဆူရော ဟာ ကရင်ပြည်နယ်တစ်နေရာက ခရီးသွားနည်းနေသေးတဲ့ သဘာဝအလှတွေရှိရာ အရပ်ဆိုတာ သိလိုက်ရတယ်။
ကြာအင်းဆိပ်ကြီး ဆိုတာ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲက မြို့လတ်လေးတစ်မြို့ပါ။ ကျယ်ကျယ်ဝန်းဝန်း မရှိလှပေမဲ့ သိုသိုသိပ်သိပ်လေး စည်ကားပါတယ်။ ဘားအံကနေ ၈၇ မိုင် လောက် ကားမောင်းရတာမို့ ၃ နာရီခန့် ကြာမြင့်ပါတယ်။ မော်လမြိုင်ကနေတော့ ပိုနီးပြီး မိုင် ၅၀ ခန့်အကွာမို့ အချိန် ၂ နာရီခန့်ပဲ ကားမောင်းရတာပါ။ ဒါကြောင့် ကြာအင်းဆိပ်ကြီးက ဒေသခံတွေ ဝယ်ခြမ်းစရာရှိရင် မော်လမြိုင်ဘက်ကို လာကြတာ များပါတယ်။ ဒေါနတောင်တန်းရဲ့ တောင်ခြေရင်းမှာ တည်ရှိပြီး ဇမိမြစ် နဲ့ အတ္ထရံမြစ်တွေ နားမှာ တည်ရှိနေတဲ့မြို့လေးပါ။
ကြာအင်းဆိပ်ကြီးမြို့ကို အရင်က ရှမ်းလူမျိုးတွေ စတင်တည်ထောင်တယ်လို့ ဆိုပါတယ်။ အရင်က ကြာအင်းရွာနဲ့ ဆိပ်ကြီးရွာ နှစ်ရွာ သီးသန့်ရှိနေရာကနေ တဖြည်းဖြည်းရွာတွေစည်ကားကြီးထွားလာပြီး ပေါင်းစည်းလို့ ကြာအင်းဆိပ်ကြီး ဖြစ်လာတယ်လည်း မှတ်သားရသလို၊ ကြာအင်းဆိုတာက မြို့ရဲ့ အနောက်ဘက်က ပဒုမ္မာကြာတွေ ပေါက်ရောက်နေတဲ့ အင်းကြီးကို အစွဲပြုပြီး ခေါ်ဆိုတယ်လို့လည်း မှတ်သားရပါတယ်။ ကြာအင်းရွာ နဲ့ ဆိပ်ကြီးရွာက ၂ မိုင်ခန့်အကွာမှာ ရှိနေကြပြီး ခုတော့ ကြာအင်းဆိပ်ကြီးမြို့ရယ်လို့ ပေါင်းစည်း ခေါ်ဆိုခဲ့ပါပြီ။

မြန်မာနိုင်ငံက နေရာအများစုဟာ ခုလိုပဲ ဘာသာပေါင်းစုံ ချစ်ခင်စွာ ယှဉ်တွဲနေထိုင်ကြပါတယ်။ ဒီမှာဆိုရင်လည်း သီးသန့် လမ်းနဲ့ရပ်ကွက်လိုလေးတွေ ရှိနေကြသလို၊ ပလီ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စေတီ၊ ဟိန္ဒူဘုရားကျောင်း စသဖြင့် အေးအေးချမ်းချမ်း နေထိုင်ကြတာ တွေ့မြင်ခဲ့ရပါတယ်။
ဘုရားသုံးဆူ ဆိုတာ

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ ပါဝင်တဲ့ မြို့နယ်ခွဲအဆင့် မြို့ပါ။ ကြာအင်းဆိပ်ကြီးထက် ပိုပြီး ကျယ်ဝန်းစည်ကားတယ်လို့ မြင်မိသလို၊ နယ်စပ်မြို့တွေရဲ့ ထုံးစံအတိုင်း ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ရောယှက်နေပါတယ်။ ထိုင်းမြို့လေးနဲ့ ပုံစံဆင်တူပြီး ချစ်စရာ ဖြစ်နေသလို၊ ထိုင်းအသုံးအဆောင်တွေ ပေါပေါများများ မြင်တွေ့ရပါတယ်။ ဒီဘက်ပြည်မမှာ မြင်ရခဲတဲ့ ထိုင်းအသုံးအဆောင်နဲ့ အစားအသောက်ပစ္စည်းတွေ ဝယ်ယူခွင့်ရပါတယ်။ ခုလို ကိုဗစ်ကပ်ကာလမို့ နယ်စပ်ပိတ်ထားလို့သာ၊ မဟုတ်ရင် နယ်စပ်ဖြတ်ကျော်နဲ့ တစ်ဘက် ထိုင်းနိုင်ငံကို အလည်အပတ်သွားနိုင်ဦးမှာပါ။ ထိုင်းနိုင်ငံ ကန်ချနာဘူရီနယ်နဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။
ဘယ်လိုသွားမလဲ
ရန်ကုန်ကနေဆို ကြာအင်းဆိပ်ကြီး သွားတဲ့ကားတွေက ရတနာ၊ သိန်းသန်းကျော်၊ သန်မြန်သူ၊ ရိုးရိုးလေး စသဖြင့် ရှိပါတယ်။ ခေတ်အရမ်းမီတဲ့ကားကြီးတွေ မဟုတ်ပေမဲ့ တိုက်ရိုက်ရောက်တဲ့ ကားတွေပါ။ ကိုယ်က 2+1 မျိုးစီးချင်ရင်တော့ မော်လမြိုင်ထိ စီးပြီး ကားပြောင်းစီးရမှာပါ။ ကားလေးတွေ ရှိပြီး တစ်ဦး ၅၀၀၀ ကျပ်ဝန်းကျင် ကျသင့်တတ်ပါတယ်။ မော်လမြိုင် - ကြာအင်း စင်းလုံးငှားဆိုရင်တော့ ၄၅၀၀၀ ကျပ် ကျသင့်မှာပါ။ ကြာအင်း - ဘုရား ၃ ဆူ ကို ပရိုဘောက်စ် ကားလေးတွေ တစ်ဦးကို ၅၀၀၀ ကျပ်နဲ့ စီးလို့ရပါတယ်။
ဘားအံကနေ ကြာအင်းဆိပ်ကြီးကို ၃ နာရီခန့်၊ မော်လမြိုင်ကနေ ကြာအင်းဆိပ်ကြီးကို ၂ နာရီခန့် နဲ့ ကြာအင်းဆိပ်ကြီး ကနေ ဘုရားသုံးဆူကို ၂ နာရီ ကားမောင်းချိန် ရှိပါတယ်ခင်ဗျာ။

ကြာအင်းဆိပ်ကြီး နဲ့ ဘုရားသုံးဆူ တို့မှ လည်ပတ်စရာများ
ကြာအင်းဆိပ်ကြီး ကို ဒီတစ်ခေါက် ကျွန်တော်ရောက်တော့ အချိန်များများစားစား မရတာရယ်၊ အထူးသဖြင့် မိတ်ဆွေညီငယ် မိသားစု ကို မေတ္တာပြလိုတာ သက်သက်ပဲမို့ ထူးထွေလည်ပတ်ခဲ့တာမျိုး မရှိတဲ့တိုင် နေရာအချို့တော့ ရောက်ရှိလည်ပတ်နိုင်ခဲ့ပါတယ်။ မလည်ပတ်ခဲ့နိုင်ပေမဲ့လည်း နောက်ပိုင်း သွားမဲ့သူတွေ အဆင်ပြေဖို့ သိသလောက်နေရာလေးတွေလည်း စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ကြာအင်းဆိပ်ကြီးမြို့ထဲမှာတော့ လည်ပတ်စရာရယ်လို့ မယ်မယ်ရရ ပြစရာ မရှိလှပေမဲ့ အနီးဝန်းကျင်က ရွာလေးတွေမှာရယ်၊ ပြီးတော့ ဘုရားသုံးဆူ ဆီသွားတဲ့ လမ်းတလျှောက်ရယ်မှာ လည်ပတ်စရာ အတော်များပြားပါတယ်။

ကျိုက်လောင်ဘုရား
ကြာအင်းဆိပ်ကြီးမှာရှိတဲ့ တန်ခိုးကြီးဘုရားတစ်ဆူလို့ ဆိုပါတယ်။ ဗုဒ္ဓခြေတော်ရာရှိတဲ့ ကရင်ပြည်နယ်ထဲက တစ်ဆူတည်းသော ဘုရားလို့လည်း သိရပါတယ်။ ကော့ဂွန်းဂူကလို ရှေးဟောင်းအုတ်ခွက်ဘုရားတွေကိုလည်း ဖူးမြော်နိုင်သေးပြီး ဘုရားတည်ထားတဲ့တောင်ကို အဝေးက လှမ်းကြည့်ရင် ဆင်ပုံသဏ္ဍာန်ပေါ်နေတယ်လို့ တင်စားကြပါတယ်။ ဘုရားပွဲက တပေါင်းလပြည့်နေ့မှာ ပြုလုပ်တာပါ။ ဘုရားဖူးမယ်ဆိုရင် ကြာအင်း - ဘုရားသုံးဆူလမ်းပေါ် ဓနုံးရွာနားက ဇမိမြစ်ကို ကူးပြီး ဖူးရပါတယ်။ ကျွန်တော် မရောက်လိုက်ရလို့ စိတ်ထဲ နှမျောမိပါတယ်။
ဇမိရတနာဈေးကြီး
ကြာအင်းဆိပ်ကြီးမြို့လယ်မှာ ရှိတဲ့ ဇမိရတနာဈေးကြီး မြို့ရဲ့ အားထားရာ စည်ကားတဲ့ဈေးကြီးမို့ လည်ပတ်ဝယ်ယူလေ့လာနိုင်ပါတယ်။

ဓနုံးထိုင်တော်မူဘုရား
ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူ သွားတဲ့ လမ်းပေါ်မှာပဲ တည်ရှိပြီး လမ်းမကြီးပေါ်ကနေ မြင်သာထင်သာ ရှိပါတယ်။ ဓနုံးရွာမှာ တည်ရှိတာမို့ ဓနုံးထိုင်တော်မူ အနေနဲ့ မှတ်သားခဲ့ရပါတယ်။

လိုင့်ထောင်ရေတံခွန်
ချစ်စရာ ရေတံခွန်လေးက ခလယ်ရွာမှာ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော် ရောက်ခွင့် မကြုံလိုက်ပါဘူး။
အသည်းနှလုံးကျောက်လိုဏ်ဂူ
ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းမအတိုင်းသွားရင် ကြိမ်ချောင်းကျေးရွာနား (လေးဝါဖလိုး) ရောက်တဲ့အခါ အုတ်စက် လုပ်ငန်းတစ်ခုကို တွေ့ပါမယ်။ အဲ့ဒီဘေးက လမ်းအတိုင်း ဝင်သွားရမှာပါ။ လမ်းထိပ်မှာလည်း ဆိုင်းဘုတ်ထောင်ထားပါတယ်။ အထဲတော့ နည်းနည်းဝင်ရတယ်။ အထဲမှာ DKBA ရုံးချုပ် ရှိနေပြီး အဲ့ရုံးဝန်းဘေးကလမ်းအတိုင်း လိုင်းခန်းတွေ ရှိတဲ့နေရာအထိ သွားရတာပါ။ အဲ့လိုင်းခန်းတွေနား ကားရပ်ပြီး အတွင်းကို လမ်းလျှောက်သွားရပါတယ်။ မိုးရာသီမို့ ဂူအတွင်းကို လျှပ်စစ်မီး မပေးဘဲ ရပ်ထားပါတယ်။ ဓါတ်လိုက်မှာစိုးလို့လား အကြောင်းတစ်ခုခုတော့ ရှိပါမယ်။ နွေတုန်းကတော့ အတော်လေး ဧည့်သည်လာကြပုံပါပဲ။ ဒီကျောက်လိုဏ်ဂူကြီးတစ်ခုလုံးကို အပေါ်စီးကနေကြည့်ရင် အသည်းပုံ မြင်ရလို့ အသည်းနှလုံးကျောက်လိုဏ်ဂူလို့ ခေါ်ဆိုတာပါ။ လိုဏ်ဂူ က အတွင်းမှာ ဝင်္ကပါပုံစံ တည်ရှိနေပြီး ထွက်ပေါက်ကလည်း အမျိုးမျိုး ရှိနေတတ်တာကို ပုံထဲက လမ်းကြောင်းအရ တွေ့မြင်ခဲ့ရပါတယ်။


ဗိုလ်အေဝမ်းပန်းခြံ
ဘုရားသုံးဆူ မရောက်ခင်လေးနားတင် ဗိုလ်အေဝမ်းပန်းခြံ ကိုလည်း မြင်ရပါဦးမယ်။ အပန်းဖြေလို့ကောင်းမဲ့ ချောင်း၊ ရေတံခွန်၊ စားသောက်ဆိုင်နဲ့ ရေကူးကန်တွေ တည်ရှိပြီး Resort အနေနဲ့ တည်းခိုနိုင်ဖို့ မကြာခင်ဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်။ အဆောင်တွေ တည်ဆောက်နေတာ တွေ့ရပါတယ်။ မိုးတွင်းသွားတာမို့ ရေစီးကြမ်းနေပြီး၊ ရေနောက်နေတာကို တွေ့ရပါတယ်။ ရေကူးကန်ထဲက ရေကအစ နောက်နေတာကို မြင်ရပါတယ်။ ဒီဘက်ပိုင်းတွေ မိုးကုန်လာတာ ပိုအဆင်ပြေမဲ့ပုံပါပဲ။ ဝင်ကြေးက ဘတ် ၂၀ / မြန်မာငွေ ၁၀၀၀ ကျပ် ပေးရပါတယ်။

ထီးလောင်ယှူးရေတံခွန် နဲ့ အပန်းဖြေစခန်း
ဘုရားသုံးဆူ မက်ကသာဘေးမဲ့တောပိတ်ကွက်အတွင်းမှာ တည်ရှိတဲ့ ဒီ ထီးလောင်ယှူးရေတံခွန်က ပွင့်လင်းရာသီဆို သိပ်လှတဲ့ ကြည်လင်ပြာလဲ့နေသော ရေတံခွန်ပါ။ အပန်းဖြေဖို့ အရမ်းကောင်းပါတယ်။ မိုးကျရင်တော့ အနယ်အနှစ်တွေ ပါလာပြီး ရေအတော်နောက်ကျိသွားတတ်လို့ ပွင့်လင်းရာသီနဲ့ယှဉ်ရင် သိသိသာသာ ကွာခြားတာကို တွေ့ကြရပါတယ်။ ကျွန်တော်ရောက်ချိန်ကတော့ ရေနောက်ချိန်လည်း ဖြစ်တာမို့ လည်ပတ်သူနည်းပါးနေပါတယ်။ သာယာတဲ့အချိန်ဆိုရင် ရေဆော့၊ လှေစီး စသဖြင့် လုပ်စရာများသလို၊ စားသောက်ဆိုင်တွေလည်း ရှိပါတယ်။ ထီးလောင်ယှူးအနားမှာပဲ ချောင်းဆုံရေတံခွန်၊ ထီ့ချာရေနံခွန် စတဲ့ အပန်းဖြေစခန်းတွေလည်း ရှိပါသေးတယ်။ ထီးလောင်ယှူး ကို ရာသီဥတုသာယာချိန် ပွင့်လင်းရာသီ တစ်ခေါက်လာချင်မိပါသေးတယ်။ ဝင်ကြေး ဘတ် ၂၀ / မြန်မာငွေ ၁၀၀၀ ကျပ် ပါ။

သပ်ဒိန်တောင်ဘုရား
ဘုရားသုံးဆူ ဝင်ခါနီးလေးမှာ ဖူးကြရမဲ့ တောင်ပေါ်ဘုရားပါ။ သပ်ဒိန်တောင်ဘုရားလို့တော့ မှတ်သားခဲ့ရပါတယ်။

သုဝဏ္ဏဂီရိ (တိုင်တစ်ရာ) ကျောင်း
တိုင်လုံးပေါင်း တစ်ရာရှိတဲ့ ရှေးကျောင်းကြီးလို့ ယူဆမိပါတဲ့ ဒီ သုဝဏ္ဏဂီရိကျောင်း ကိုလည်း လည်ပတ်သွားရောက်သင့်ပါတယ်။ ကျောင်းကြီးက အတော်ခမ်းနားလှပပါတယ်။ တိုင်တစ်ရာကျောင်းလို့လည်း ခေါ်တွင်ပါတယ်။

ဓမ္မဂီရိမဟာစေတီ
တိုင်တစ်ရာကျောင်း နဲ့ အနီးမဝေးမှာပဲ ဖူးမြင်နိုင်ဦးမှာက ဓမ္မဂီရိမဟာစေတီ ဖြစ်ပါတယ်။

တောင်ပေါ်ဘုရား
မိုးသည်းလွန်းလို့ ကျွန်တော် ရောက်ခွင့်မကြုံလိုက်တဲ့ တောင်ပေါ်ဘုရား ဟာလည်း ဘုရားသုံးဆူရောက်ရင် မဖြစ်မနေ သွားသင့်ပါတယ်။ တောင်ပေါ်ကနေ ရှူခင်းတော်တော်လှပါတယ်။ ဘုရားသုံးဆူမြို့ မြင်ကွင်းကို မြင်ရတဲ့နေရာပါ။
ဥဒေါင်းကန် နဲ့ ဥဒေါင်းကန်ရေလယ်ဘုရား
မြို့ရဲ့ အထင်ကရ အမှတ်အသားတစ်ခု ဖြစ်တဲ့ ဥဒေါင်းကန်ကလည်း သာယာပါတယ်။ ဥဒေါင်းကန်ကြီးနဲ့အတူ ရေထဲ ထိုးထွက်တည်ထားတဲ့ ဥဒေါင်းကန်ဘုရားကိုလည်း ဖူးမြင်နိုင်ကြပါဦးမယ်။

မြို့မဈေး
မြို့လယ်လောက်မှာ ရှိတဲ့ မြို့မဈေးဟာလည်း အချိန်တော်တော်များများ စည်ကားနေတတ်တဲ့ ဈေးကြီးပါ။

ကိုးတောင်ပြည့်မြို့ဦးထိပ် ဆုတောင်းပြည့်စေတီ
နယ်စပ်ဂိတ်နားမှာရှိတဲ့ ကိုးတောင်ပြည့်မြို့ဦးထိပ် ဆုတောင်းပြည့်စေတီမှာ မုဒြာအမျိုးမျိုးနဲ့ ရုပ်ပွားတော်တွေကို ဖူးမြင်ကြရမှာ ဖြစ်ပြီး မြို့ဘက်ရှုခင်းလေးကိုလည်း မြင်ကြရပါတယ်။


ဘုရားသုံးဆူ
တကယ့်ဘုရားသုံးဆူက ဘယ်မှာရှိတယ်ဆိုတာ သေချာမသိရတော့ပေမဲ့ ထိုင်းဘက်ခြမ်းမှာတော့ ဘုရားသုံးဆူပုံတူလေး လုပ်ထားတာကို မြင်ကြရပါတယ်။ ဘုရားဖြူလေးသုံးဆူကို သေသေသပ်သပ်လေး စီစဉ်ထားပြီး မြန်မာဘက်မှာလည်း အဲ့လိုလေး လုပ်ရင်ကောင်းမယ် တွေးမိပါတယ်။

ဘယ်မှာတည်းမလဲ
ကျွန်တော်ကတော့ ဒီတစ်ခါ ကြာအင်းဆိပ်ကြီးကိုပဲ လာတာ အဓိကဖြစ်လို့ ကြာအင်းဆိပ်ကြီးမှာပဲ တည်းဖြစ်ပါတယ်။ အောင်ဟိုတယ်ပါ။ မေသက်ထား Guest House လည်း ရှိပါသေးတယ်။ ဘုရားသုံးဆူမှာတော့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ များတာ သတိပြုမိပါတယ်။
ကြာအင်းဆိပ်ကြီး နဲ့ ဘုရားသုံးဆူ ခရီးဟာ တကယ်တော့ လမ်းအတော်ကောင်းမွန်တာမို့ ထင်သလောက် မပင်ပန်းဘဲ ခရီးတော်တော်ပေါက်တယ်လို့ တွေးမိခဲ့ပါတယ်။ လမ်းပိုင်းအတော်များများ ကောင်းမွန်ပြီး အထူးသဖြင့် ကြာအင်း - ဘုရားသုံးဆူလမ်းက အတော်ကောင်းတာပါ။ ကွန်ကရစ်လမ်းချည်းပဲမို့ ကိုယ့်ကားရဲ့ တာယာတွေ ကြံ့ခိုင်မှုတော့ သေချာ စစ်ဆေးလာခဲ့စေလိုပါတယ်။ လည်ပတ်စရာတွေ မရောက်သေးခင် မြင်ရတဲ့ မြင်ကွင်းတွေကိုက လှပလွန်းနေတာမို့ ခရီးရှည်တဲ့တိုင် ပျင်းရိနေချိန်မရဘူး ဖြစ်ရပါတယ်။ လည်ပတ်စရာအများစုက ရာသီအချိန်အခါနဲ့ ကိုက်ပြီးသွားမှ အဆင်ပြေမဲ့အနေအထားမျိုး ဖြစ်နေတာတော့ စိတ်မကောင်းစရာပါ။ မိုးအကုန် ဆောင်းနဲ့ နွေ ဆို အတော်လှနေမဲ့ ဒီနေရာတွေကို တစ်ခေါက်တော့ ပြန်သွားချင်မိပါသေးတယ်။ ဒီခရီးစဉ်အတွက် အထူးကူညီပေးခဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့က နီဝန်းနီ မိုဘိုင်းဆိုင်ရဲ့ ပဲ့ကိုင်ရှင် ညီ ကိုအာကာ နဲ့ ညီမ အေးသဉ္ဇာကျော် တို့ မိသားစုကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Hsunami
Camera :: SONY Alpha 7II with 16-35mm Lens, Samsung Galaxy Note 10+
Photos are modified in Lightroom by Thiha Lu Lin.
Comments