top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ရန်ကုန်က နေ့ချင်းပြန်သွားလို့ရတဲ့ ကျောက်ကြီးမြို့နား က ရေတံခွန် (၃) ခု

Writer's picture: Thiha Lu LinThiha Lu Lin

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ နားမှာ သဘာဝအလှမပျက်သေးတဲ့ ရေတံခွန် (၃) ခုရှိပါတယ်။ ရန်ကုန်ကနေ မနက် ၆ နာရီလောက် သွားပြီး လည်ပတ်ဆော့ကစားချိန်ပေါ်မူတည်လို့ ည ၈ နာရီလောက် ပြန်ရောက်နိုင်မဲ့ နေ့ချင်းပြန်ခရီးလေး သွားလို့ကောင်းတဲ့နေရာပါ။ ရေတံခွန် က ၃ ခု ဆိုပေမဲ့ ၂ ခု က တွဲလျက်လေး ရှိနေပြီး ၁ ခု က သပ်သပ်နေရာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၃ ခုစလုံးက နီးနီးနားနားမှာ ရှိနေတာပါ။ ဒီနေရာလေးကို ကိုဗစ်ကာလဝန်းကျင်မှာတော့ ပိတ်ထားတယ်ကြားရပါတယ်။ ဒါပေမဲ့ အခြေအနေငြိမ်ရင်တော့ သွားလည်ဖို့ကောင်းတဲ့နေရာတွေလို့ ပြောပါရစေ။


ကျောက်ကြီးနားက ရေတံခွန် ၃ ခု ဆိုတာ

ကျောက်ကြီးမြိုနယ်ထဲက ကျောက်ကြီးမြို့ကို ကျော်ပြီး ဆက်သွားတဲ့အခါ တွေ့မြင်ကြရမဲ့

(၁) စပ်လဲရေတံခွန်

(၂) သဲသောမူရေတံခွန်

(၃) သဲသောခွားရေတံခွန်

တို့ပဲ ဖြစ်ပါတယ်။ စပ်လဲက သီးသန့်လေး ဖြစ်နေပြီး၊ သဲသောမူ နဲ့ သဲသောခွား ကတော့ တစ်နေရာတည်းပေမဲ့ နည်းနည်းတော့ တောင်တက်သွားလာရပါသေးတယ်။ အားလုံးကတော့ လမ်းကြောတစ်ခုတည်းမှာပဲ တည်ရှိပါတယ်။


ဘယ်လိုသွားမလဲ

ရန်ကုန် ကနေ အမြန်လမ်းအတိုင်း ၉၉ မိုင်ထိ သွားကြရပါမယ်။ ၉၉ မိုင်မှာ လမ်းခွဲတစ်ခုတွေ့ပြီး ကျောက်ကြီးမြို့ဘက်ကို ဆက်သွားရမှာပါ။ လမ်းကတော့ ကျဉ်းသွားပါလိမ့်မယ်။ နှစ်စီးရှောင်သာရုံ အနေအထားလောက်ပဲ ဖြစ်နေပါတယ်။ ကျွန်တော်သွားခဲ့တုန်းကတော့ လမ်းပိုင်းတချို့ပြင်ဆင်နေပြီး ခုဆိုရင်တော့ ပြီးစီးကောင်းမွန်နေလောက်ပြီလို့ ထင်မိပါတယ်။ ကျောက်ကြီးမြို့အထိကို ၃ နာရီဝန်းကျင်ခန့် ကားမောင်းသွားရနိုင်ပါတယ်။ အဲ့ဒီကနေ စပ်လဲရေတံခွန်ကို အရင်ရောက်ပါမယ်။ ပြီးရင် သဲသောမူ၊ သဲသောခွားရေတံခွန်တွေကို ဆက်သွားနိုင်ပါတယ်။ ကျောက်ကြီးမြို့ ကျော်လာရင် လမ်းက ပိုကျဉ်းလာသလို၊ ကားလမ်းကလည်း မြေသားနီပေါ်မှာ ကျောက်ခင်းသလိုဖြစ်နေတော့ လမ်းက ပိုကြမ်းလာတယ်ထင်ရပါတယ်။ မြေက မိုးရွာရင် ရွှံဖြစ်နိုင်သလိုမို့ ကားဘီးရုန်းနိုင်ပါ့မလား နည်းနည်းတော့ စိုးရိမ်စရာရှိပါတယ်။ ချိုင့်ခွက်လေးတွေလည်း ရှိလို့ ကားနိမ့်ရင်တော့ အောက်ပိုင်းထိတာလေးတွေလည်း ဖြစ်တတ်ပါသေးတယ်။


စပ်လဲရေတံခွန်

ကျောက်ကြီးကနေ နောက်ထပ် တစ်နာရီဝန်းကျင်လောက် ဆက်သွားရင် စပ်လဲရေတံခွန် ကို အရင်ရောက်ပါမယ်။ လမ်းတော့ မေးမေးသွားရတတ်ပါတယ်။ စပ်လဲရေတံခွန်သွားတဲ့လမ်းမှာ ကြိုဆိုရေးမုခ်ဦးကြီးတော့ ရှိပါတယ်။ ကရင်အလံတွေနဲ့အတူ မြန်လာလို စပ်လဲရေတံခွန် အင်္ဂလိပ်လို Khay Loh KLO Waterfall လို့ ရေးထားတာ တွေ့ရပါမယ်။ အဲ့ဒီမုခ်ဦးကနေ နည်းနည်းဆက်ဝင်ရင် ဝင်ကြေးပေးရတဲ့ ဂိတ်လေးကို ရောက်ပြီး ကားအမျိုးအစားအလိုက် ၁၀၀၀ ကျပ် ကနေ ၅၀၀၀ ကျပ် ဆောင်ကြရပါလိမ့်မယ်။ ခရီးသွားကားတွေဖြစ်တဲ့ ကားသေး၊ Light Truck တွေကတော့ ၁၀၀၀ နဲ့ ၂၀၀၀ ကျပ်တွေပါ။ Mini Bus က ၃၀၀၀ ကျပ် နဲ့ Express ကားကြီးက ၅၀၀၀ ကျပ် ဖြစ်ပါတယ်။


စပ်လဲရေတံခွန်ဆီ သွားတဲ့ လမ်းလေးပေါ်မှာ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းရောင်းဆိုင်တွေ။ ကွင်းပစ်ဂိမ်း၊ မြှားပေါက်ဂိမ်း တို့လို ဘုရားပွဲတွေမှာ အပျော်တမ်းကစားတဲ့ ဂိမ်းကစားနည်းမျိုးစုံဆိုင်တွေ ရှိလို့ မပျင်းရတဲ့နေရာလေးပါပဲ။ အကင်လေးတွေ စားကောင်းပါတယ်။ အထူးသဖြင့် ငါးကင် တော့ သဘောကျတယ်။ ပုစွန်ကင်၊ ကြက်ကင်၊ ကြက်ဥကင်၊ ဆိတ်ကင်၊ အမဲကင် စသဖြင့် အစုံတော့ တွေ့မိပါတယ်။ ကျွန်တော်တို့လည်း နေ့လည်စာကို အဲ့က ဆိုင်တစ်ဆိုင်မှာ စားဖြစ်ခဲ့တယ်။ ဧည့်ပါးချိန် ရောက်တာမို့ ဖွယ်ဖွယ်ရာရာတော့ မရှိခဲ့ပါဘူး။ ကရင်ရိုးရာဝတ်စုံတွေ၊ ခမောက်တွေ၊ အမှတ်တရတီရှပ်တွေ စသဖြင့် လက်ဆောင်ရောင်းတဲ့ ဆိုင်တွေလည်း ရှိပါတယ်။


စပ်လဲရေတံခွန်ဆီ အဝင်နားမှာ ဂိတ်တစ်ခု ထပ်ဖြတ်ရပါမယ်။ အဲ့ဒီမှာတော့ သေနတ်ကိုင်အစောင့်တပ်သားတွေ ရှိပြီး ကိုယ့်ရဲ့ ပါလာတဲ့ အိတ်ကြီးအိတ်ငယ်တွေကို စစ်ဆေးပါမယ်။ ခိုက်ရန်ဖြစ်ပွားတာကို ကာကွယ်ဖို့လား၊ အခြားသောလုံခြုံရေးအကြောင်းအရလား တစ်ခုခုကြောင့် ပုလင်းလိုမျိုးတွေ၊ အချွန်အထက်လက်နက်ကိရိယာတွေ ယူဆောင်ခွင့် မပြုပါဘူး။


စပ်လဲရေတံခွန် သီးသန့်ချည်းပဲ သွားရင်တော့ သိပ်ပျော်စရာမကောင်းလှဘူးလို့ ကျွန်တော်မြင်မိတယ်။ ရေတံခွန်လေးက သေးသေးလေးရယ်။ ရေဆင်းအားတော့ ကောင်းပါတယ်။ ရေသာများရင်တော့ အတော်လှမဲ့ပုံတော့ ရှိတယ်။ ရေတိမ်ပုံရပြီး ကျောက်တုံးကြီးတွေနဲ့ဆိုတော့ နားနားနေနေ အပန်းဖြေ၊ သောက်သောက်စားစား လူ့မင်းသား လုပ်ဖို့တော့ ကောင်းပါတယ်။ အရမ်းကြီး စိတ်ထဲ Wow ဖြစ်လောက်အောင်ထိတော့ မရှိပါဘူး။ အပန်းဖြေလို့ကောင်းရုံပေါ့။


သဲသောမူ၊ သဲသောခွား ရေတံခွန်များ

ဒီနေရာကို စပ်လဲရေတံခွန်မုခ်ဦးထိ ပြန်ထွက်ပြီး ဘယ်ဘက်ဆက်သွားကြရမယ်။ မိနစ် ၃၀ လောက်သွားရင် ရောက်ပါမယ်။ အဓိက က လမ်းမကောင်းလို့ ဖြည်းဖြည်းမောင်းရလို့ပါ။ မဟုတ်ရင် ၁၀ မိနစ်လောက်အတွင်း ရောက်နိုင်ပါတယ်။ လမ်းရဲ့ ညာဘက်ခြမ်းမှာပဲ သူလည်း ကြိုဆိုရေးမုခ်ဦးကြီးနဲ့ မြင်သာပါတယ်။ ကရင်အလံတွေနဲ့အတူ မြန်မာလို သဲသောမူ - သဲသောခွား ရေတံခွန် အင်္ဂလိပ်လို Ther Thaw Mu – Ther Thaw Kwar Waterfall လို့ ရေးထားတာကို မြင်ကြရမှာပါ။ အဲ့ဒီလမ်းအတိုင်း ဆက်ဝင်လာရပါမယ်။ အထဲ တော်တော် သွားရသေးတယ်။ ရောက်ခါနီးမှာ စစ်ဆေးရေးဂိတ်ကြီးတစ်ခုကို ထပ်ဖြတ်ရမယ်။ ပုံမှန်အားဖြင့်တော့ စစ်ဆေးလေ့မရှိပါဘူး။ ည ၆ နာရီမတိုင်ခင် ပြန်ထွက်ပေးရပြီး အဲ့ဒီအချိန်ကျော်ရင်တော့ စကားပြောရမှာ ဖြစ်ပါတယ်။


ဒီနေရာမှာလည်း ကားအတွက် သတ်မှတ်ထားတဲ့ကြေးတစ်ခု ကောက်ပါတယ်။ စပ်လဲလိုပဲ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းရောင်းဆိုင်တွေ ရှိတယ်။ ဂိမ်းဆိုင်တွေတော့ မတွေ့မိဘူး။ စားသောက်ဆိုင်ကြီးတွေက ပိုကျယ်ပြီး အမှတ်တရပစ္စည်းဆိုင်တွေနဲ့ တွဲဖွင့်ထားကြတာများတယ်။ ရေတံခွန်က စပ်လဲထပ်ပိုလှပေမဲ့ နည်းနည်းတော့ ကြမ်းကြမ်းသွားရပါတယ်။


သဲသောမူ ရေတံခွန်ကို အရင်တွေ့ကြရပါမယ်။ အဲ့ဒီမှာ ကမ်းခြေလို သဲလည်းချောတာမို့ ရေဆော့လို့လည်းကောင်း အနားယူလို့လည်း ကောင်းပါတယ်။ ရေတံခွန် နိမ့်နိမ့်လေးနဲ့ ကျယ်ကျယ် မြင်ရပါတယ်။ အများစုက သဲသောမူ ရေတံခွန်မှာပဲ နားကြတာပါ။


သဲသောခွား ရေတံခွန်ကတော့ နည်းနည်း ကြမ်းကြမ်းသွားရပါမယ်။ လမ်းပြပေးဖို့အတွက် ရှေ့က စားသောက်ဆိုင်တွေကို မေးမြန်းစုံစမ်းနိုင်ပါတယ်။ ကျောက်ဆောင်တွေကို ကျော်ခွ သွားရသလို၊ ရေထဲလည်း ဆင်းလျှောက်ရတယ်။ တစ်ခါ တောင်လေးပေါ်ကို ကြိုးကြီးဆွဲပြီးလည်း တက်ကြရသေးတယ်။ ကျွန်တော်တို့ သွားတုန်းက အတူသွားတဲ့ မိန်းကလေးတွေလည်း ကြိုးကြီးဆွဲပြီး မရမက တက်ကြတာပဲ။ ကျွန်တော်တို့ အတက်ထက် အဆင်းကို ကြိုးဆွဲဆင်းရတာ တစ်မျိုးလန့်မိတယ်။ အဲ့လို ကြိုးနဲ့ဆွဲတက်ပြီး တစ်ခါ တောလမ်းလေးထဲ Soft Trekking လမ်းပြန်လျှောက်ကြရသေးတယ်။ ဝါးတောလေးတွေ ဖြတ်ရတယ်။ ၁၅ မိနစ်လောက် သွားပြီးမှ သဲသောခွားရေတံခွန်ကို ရောက်ပါတယ်။ ဒီရေတံခွန်က ရေကျလည်းများပြီး အတော်လည်း လှပါတယ်။ ဒါပေမဲ့ ရေချိုးဖို့တော့ နည်းနည်းခက်တယ်။ ရေကလည်း နက်ပုံပေါ်ပါတယ်။ အောက်ခြေကို ကျောက်ဆောင်လေးတွေ နင်းပြီး ဆင်းကြည့်လို့ရတယ်။ ဓါတ်ပုံရိုက်ဖို့တော့ အတော်လှတဲ့ ရေတံခွန်ကြီးလို့ ပြောလို့ရပါတယ်။


သဲသောခွားက ရေကူး ရေချိုးဖို့ခက်တာရော၊ နားစရာ ထိုင်စရာနေရာ သိပ်မရှိတာရောကြောင့် ဒီဘက် သဲသောမူဘက်မှာပဲ အပန်းဖြေတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်က အကြံပြုရရင် အရင် သဲသောခွား ရေတံခွန်ကို သွား ဓါတ်ပုံရိုက် ပြီးတော့ ပြန်လာပြီး သဲသောမူ ရေတံခွန်ဘက်မှာ ရေဆော့ အနားယူစေချင်ပါတယ်။


သတိပြုရမဲ့အချက်လေးများ

ရေတံခွန်တွေဟာ ကရင်အဖွဲ့အစည်းတွေရဲ့ ထိန်းသိမ်းမှုအောက်မှာတည်ရှိလို့ အခါအားလျော်စွာ ဒေသအဖွဲ့အစည်းတွေက ပြောဆိုသမျှကို သတိပြုလိုက်နာဖို့ လိုအပ်ပါမယ်။ ရေတံခွန် ဖွင့်ချိန် ပိတ်ချိန်တွေကို သေချာ သတိပြုပြီးသွားလာပေးပါ။ ပြန်ချိန် ည ၆ နာရီသတ်မှတ်ထားရင် သတ်မှတ်ချိန်အမီ ပြန်လည်ထွက်ခွာပေးဖို့ လိုပါမယ်။ သောက်တတ်စားတတ်သူတွေအတွက် ဆိုင်တွေမှာ ဝယ်သောက်နိုင်လို့ ပူစရာမရှိပေမဲ့ ကွဲရှနိုင်တဲ့ ပုလင်းနဲ့ အချွန်အထက်ပစ္စည်းတွေ ပါတာကို စစ်ဆေးသိမ်းဆည်းထားတတ်ပါတယ်။ အမှိုက်ကိုလည်း သူတို့ ကြပ်မတ်ကြပါတယ်။ အမှိုက်မပစ်ဖို့ သတိပြုပါ။ ကိုယ့်အမှိုက်ကိုယ် ပြန်ယူ ပြန်သိမ်းပေးဖို့ လိုပါမယ်။ သဲသောခွားရေတံခွန် ဘက်သွားမယ်ဆို တောစီးအကြမ်းဖိနပ် လိုအပ်ပါမယ်။ ကြိုးဆွဲတက်ရတာမျိုးရှိလို့ လက်နာတတ်သူတွေ လက်အိတ်ယူလာရင် ကောင်းပါတယ်။ ဖုန်းလိုင်းက ကျောက်ကြီးမြို့အလွန်နဲ့ ရေတံခွန်သွားလမ်းမကြီးပေါ်မှာထိပဲ မိပါတယ်။ ရေတံခွန်တွေဘက်မှာ မမိပါဘူး။


ရန်ကုန်ကနေ ၄ နာရီဝန်းကျင်လောက် သွားရင်ရောက်မဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နားက ရေတံခွန် (၃) ခု ကို အခါအခွင့်ရရင် သွားရောက်လည်ပတ်ကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ နေ့ချင်းပြန်သွားခဲ့တာပါ။ အေးအေးလူလူ အနားယူမယ်ဆိုရင် ကိုယ်အချိန်ကြာကြာ နေချင်တဲ့ ရေတံခွန်တစ်ခုကို ဦးစားပေးစဉ်းစားပြီး ကျန်တဲ့ရေတံခွန်တွေမှာ အချိန်ကို လျော့နေနိုင်ရင်တော့ အေးအေးဆေးဆေး အပန်းဖြေအနားယူချိန် ထွက်လာပါလိမ့်မယ်။ အချိန်ကို သေချာ အသုံးပြုနိုင်ရင် နေ့ချင်းပြန်သွားရတာ မပင်ပန်းဘဲ ပျော်ရွှင်ကြရမှာပါခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Joe Jin, Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm & 50mm Lens

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page