top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

လားရှိုးမြို့မှာ ခဏတာ

Writer's picture: Thiha Lu LinThiha Lu Lin

မိုင်ဆုန်ခ

ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကို မရောက်ဖြစ်တာ အတော်ကြာပါပြီ။ ဒီတစ်ကြိမ်မှာလည်း ရက်ကြာကြာနေမယ်လို့ မှန်းထားခဲ့ပေမဲ့ အလုပ်ကိစ္စလေးမပြတ်လို့ လားရှိုးကို နှစ်ရက် ခရီးလေးပဲ ထွက်လာရတယ်။ ခရီးထွက်ရတဲ့ နှစ်ရက်တာအတွင်းမှာ စဉ်းစားမိတာက ကိုယ်လိုပဲ နှစ်ရက်တစ်ပိုင်းလောက် လားရှိုးကို တက်လာချင်သူတွေအတွက် လည်စရာနေရာလေးတချို့ကို ပြောပြရရင် ကောင်းမယ် တွေးမိသွားတယ်။


တောင်စခန်းမြို့လေး လားရှိုး

အင်္ဂလိပ်လက်အောက်တုန်းက လားရှိုးမြို့ကို တောင်စခန်းမြို့လေးအဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ သိရတယ်။ အရင်က သိန္နီစော်ဘွားအုပ်ချုပ်တဲ့နယ်မြေထဲက တစ်ခု ဖြစ်ပြီး အင်္ဂလိပ်လက်ထက်ရောက်တော့ တရုတ်နယ်စပ်ဆက်သွယ်တဲ့လမ်း ဖောက်လိုက်တဲ့အခါ အတော်လေးစည်ကားသွားတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိခဲ့လို့ ပျက်စီးခဲ့တဲ့မြို့ဟောင်းနေရာကို ခုတော့ လားရှိုးကြီးလို့ ခေါ်ပြီး ခု လားရှိုးကတော့ မြို့သစ်တည်ထားတာ ဖြစ်ပါတယ်။


လားရှိုးသွားကြမယ်

လားရှိုး ကို သွားမယ်ဆိုရင် ရထား၊ လေယာဉ်၊ အဝေးပြေးကားကြီး၊ ကားငယ်တွေနဲ့ သွားနိုင်တယ်။ ကားနဲ့သွားရင် တကယ်တမ်း မဝေးလှပေမဲ့ ဂုတ်တွင်း ဆိုတဲ့ တောင်ဆင်းတောင်တက်တစ်နေရာလေးကို ဖြတ်သန်းရတဲ့အတွက် မထင်ရင် မထင်သလို နာရီပေါင်းများစွာကနေ ရက်ပေါင်းများစွာအထိ ဝေးကွာသွားလာရတတ်တာ ဖြစ်ပါတယ်။ အဓိက ကုန်စည်စီးဆင်းတဲ့လမ်းမဖြစ်လို့ တန်ပေါင်းများစွာ သယ်လာတဲ့ ကားကြီးတွေ ရှိသလို၊ ခရီးသည်တင် ကားငယ်လေးတွေနဲ့ အဝေးပြေးအမြန်ကားကြီးတွေဟာလည်း နေ့စ္စဓူဝ သွားလာနေကြပါတယ်။ ဂုတ်တွင်းလမ်းမှာတော့ လမ်းက ကျဉ်းမြောင်းသလို၊ တောင်တက်တောင်ဆင်းလည်း ဖြစ်တာမို့ တစ်ခါတလေ ကားကြီးတွေ ပျက်နေတာမျိုး၊ ချောက်ထဲ ထိုးကျတာမျိုး နဲ့ ယာဉ်တိုက်မှုမျိုး ဖြစ်ပေါ်တဲ့အခါတွေမှာ အဆင်းကား အတက်ကားတွေ ပြဿနာကြုံတတ်ပြီး ရက်ရှည်လများ ကားပိတ်နေတတ်ပါတယ်။ ယာဉ်ငယ်လေးတွေရဲ့ စည်းကမ်းမဲ့ ကျော်ခွ မောင်းနှင်မှုတွေကြောင့်လည်း အဓိက ဖြစ်ပွားတယ်လို့ ဒေသခံတွေ သုံးသပ်ကြပါတယ်။ ကားနဲ့ သွားခဲ့ရင် ကမ္ဘာကျော်ဂုတ်ထိပ် ရထားလမ်းအလှကို အဝေးမြင်ကွင်းအနေနဲ့ ခံစားတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အကျိုးအကြောင်းတိုက်ဆိုင်ရင်တော့ ကားခဏရပ် ဓါတ်ပုံရိုက်နိုင်မှာပါ။

ရထားနဲ့သွားမယ်ဆိုရင်တော့ ဒီ ကမ္ဘာကျော်ဂုတ်ထိပ်ရထားလမ်းပေါ်ကနေ ဖြတ်သန်းသွားရမှာမို့ အသည်းတဖိုဖိုနဲ့ ပျော်စရာလေး ဖြစ်နေပါမယ်။ အဲ့ဒီအချိန်မှာ ခရီးသွားဧည့်သည်အတော်များများ ရထားပြတင်းပေါက်ကနေ ခေါင်းလေးတွေ ပြူပြီး ဓါတ်ပုံလေးတွေ ရိုက်တတ်ကြတယ်။


လားရှိုးမြို့မှာ တည်းခိုစရာ

လားရှိုးမှာလည်း ဟိုတယ်ကောင်းတာလေးတွေ များလာပြီ။ များလာတဲ့အလျောက် ဈေးလေးတွေကလည်း မြင့်လာတယ်။ ဈေးလည်း အနည်းငယ် မြင့်မားပြီး တည်းလို့ကောင်းတဲ့ ဟိုတယ်တွေက ဆင်နှစ်ကောင်ဟိုတယ်၊ Golden Hill ဟိုတယ်၊ Golf Club ဟိုတယ် နဲ့ မန်ဆူဟိုတယ် တွေပါ။ လားရှိုးကောလိပ်ရှေ့က New Palace ဟိုတယ် ကတော့ ဈေးသက်သာတယ်။ အခန်းတော့ နည်းနည်းကျဉ်းတယ်။ မဇ္ဈိမတည်းခိုခန်းလည်း ကောင်းပါတယ်။ သူက လားရှိုးအကောက်ခွန်ရုံးနားမှာပါ။


လားရှိုးမြို့မှာ လည်စရာ

မြို့ခံတွေကတော့ ငါတို့မြို့မှာ လည်စရာ ဘာမှ မရှိဘူးလို့ ပြောသံကြားရပေမဲ့၊ သူ့နေရာလေးနဲ့သူ လည်ချင်စရာကောင်းပါတယ်။ မြို့မှာရော မြို့ဝန်းကျင်မှာရော လည်ပတ်စရာတွေက တခြားမြို့ရွာက လာရောက်လည်ပတ်သူတွေအတွက်တော့ လည်ပတ်ချင်စရာလေး ဖြစ်နေပါတယ်။ ကိုယ်စိတ်ပါတဲ့ ပုံစံအတိုင်းလည်ပတ်နိုင်ဖို့ သီးခြားလေး ခွဲပေးထားပါတယ်။


ဘုရားဖူးကြမယ်ဆိုရင် -

• မန်ဆူဘုရားကြီး

လားရှိုးမြို့မှာ အထင်ရှားဆုံးလို့ ပြောရမလားဘဲ။ အရင်ခေတ်က ဘုရင်တွေ တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။


• ကမ္ဘာအေးစေတီ

ကျော်ဟိန်းဘုရားလို့လည်း လူသိများတဲ့ စေတီတစ်ဆူပါ။ လားရှိုးမြို့လည်ခေါင်က တောင်မြင့်မြင့်လေးပေါ်မှာ ရှိလို့ အပေါ်စီးမြင်ရတဲ့ ခံစားမှုကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။


• ရန်တိုင်းအောင်ဘုရား

မြို့အဝင်မှာ တည်ရှိတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။


• နဂါးရုံဘုရား

ရေကန်တောင် ဆိုတဲ့ မြို့ကို ရေပေးဝေတဲ့ရေကန်တွေရှိရာတောင်ပေါ်မှာ တည်ရှိတဲ့ ဘုရားတစ်ဆူပါ။ ထုဆစ်ထားတဲ့ပုံက အရမ်းသပ္ပါယ်ပါတယ်။


• စွယ်တော်စေတီ

ရေကန်ေတောင်ပေါ်မှာပဲ နောက်ထပ်တည်ထားတဲ့ စေတီတစ်ဆူကတော့ စွယ်တော်စေတီပါ။ တစ်ဆက်တည်း သွားရောက်ဖူးမြော်နိုင်ပါတယ်။


ဈေးပတ်မယ်ဆိုရင် -

• လားရှိုးမြို့မဈေး

လားရှိုးဈေးကြီး ဟာ ဈေးပတ်လို့ အကောင်းဆုံးပါ။ တရုတ်ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရမယ်ထင်ပြီး လာရင်တော့ မှားနိုင်တယ်။ ဒီမှာ တရုတ်ပစ္စည်းတွေ ရောင်းတာပေမဲ့ အရည်အသွေးကောင်းတဲ့ တရုတ်ပစ္စည်းတွေ အထူးသဖြင့် ဖက်ရှင်အဝတ်အထည်တွေ ရောင်းချတာမို့ ဈေးနှုန်းက ထင်သလောက် ပေါနေမှာ မဟုတ်ပါဘူး။ အရည်အသွေးလည်း ကောင်းသလို ဈေးလည်း ကောင်းပါတယ်။ ဈေးသက်သာတဲ့ တရုတ်ပစ္စည်းအဝတ်အထည်တွေ ရှိပေမဲ့လည်း ယှဉ်ကြည့်မိရင် စိတ်တိုင်းကျတော့မှာ မဟုတ်ပါဘူး။ ဈေးကြီးဝန်းကျင်မှာပဲ ဘာယူယူ ၅၀၀၀ တို့လို ဆိုင်တွေ ရှိပါသေးတယ်။


• လားရှိုးညဈေး

ဈေးကြီးနားမှာပဲ ညဈေးခင်းကြပြီး အစားအသောက်စုံတာကို သတိပြုမိပါတယ်။


ဓါတ်ပုံရိုက်ဖို့နဲ့ အပန်းဖြေဖို့လည်ပတ်စရာနေရာတွေဆိုရင် -

• ရေပူစမ်း

မြို့နဲ့ ၃ မိုင်ကွာတယ် ဆိုပေမဲ့ မြို့နယ်နိမိတ်က ကျယ်လာတော့ ရေပူစမ်းနားတစ်ဝိုက်မှာတောင် အတော်လေး လူနေစိပ်သွားတာ သတိထားမိတယ်။ လေဆိပ်ကိုဖြတ်ပြီးလာရတယ်။ ရေပူစမ်းနဲ့ တွဲဖွင့်ထားတဲ့ စားသောက်ဆိုင်က ဆိတ်ထောင်း နဲ့ ကောက်ညှင်းပေါင်းလေးတွေ စားလို့ကောင်းတယ်။ ရေပူစမ်းမှာ လူတိုင်းချိုးနေကျတဲ့ နေရာလေးတွေ ရှိသလို၊ သီးသန့် ရေချိုးခန်းတွေလည်း ရှိတယ်။ အားလုံးချိုးလို့ရတဲ့နေရာကို အခမဲ့ ချိုးနိုင်ပြီး အမျိုးသား၊ အမျိုးသမီး တစ်ကန်စီ ခွဲပေးထားတယ်။ အမျိုးသားကန်နေရာကတော့ လူတိုင်းဖြတ်သွားလို့ရတဲ့နေရာမျိုးမှာပါ။ ချောင်းလို ဖြစ်နေလို့ ရေပူထဲမှာ ခြေနင်းလှေစီးရင်း အပန်းဖြေလို့ရသေးတယ်။ ရေပူထဲမှာ ခြေနင်းလှေစီးရတာကလည်း ထူးခြားတယ်ပေါ့။ ရာသီဥတု အေးတဲ့ဒေသမို့ လိုက်ဖက်တယ်ပဲ ဆိုပါတော့။ ဆောင်းတွင်းမနက်ပိုင်းဆို ရေပူကန်က ရေခိုးတွေ ထနေတာနဲ့ ဓါတ်ပုံရိုက်ရတာ ကျွန်တော်တော့ အရမ်းသဘောကျမိတယ်။


• ၆ ထပ်ရေတံခွန် (တတ်မီရေတံခွန်)

မန်အိုင်ရွာအဆုံးမှာ ရှိတဲ့ ရေတံခွန်လေးပါ။ ဆောင်းတွင်းမှာ ရေမများလို့ ပိုပြီးသွားသင့်တယ်လို့ အကြံပေးကြပါတယ်။


• ရှန်ခိုက်ဟိန္ဒူဘုရားကျောင်း နဲ့ ရှန်ခိုက်ဘူတာ

မန်ဆန်ရေကျ နားမှာ တစ်ဆက်တည်းရှိတဲ့ ဓါတ်ပုံရိုက်ချင်စရာ လှပတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ရှန်ခိုက်ဘူတာလည်း သဘောကျကြမှာ ဖြစ်ပါတယ်။


• နန်းမျှော်ဘူတာ

ရှန်ခိုက်ဘူတာ မရောက်ခင် တစ်ဘူတာ ကတော့ ကိုလိုနီခေတ်လက်ကျန် အမွေအနှစ်နေရာလေးလို့ ပြောရင်ရတဲ့ နန်းမျှော်ဘူတာ ပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်ခင်က နမ္မတူဘောတွင်း က ထွက်ရှိလာတဲ့ ခဲ နဲ့ ငွေ သတ္တုတွေကို တဆင့် တင်ဆောင်ရာ ဘူတာလေးလည်း ဖြစ်ခဲ့ပါတယ်။


• မန်ဆန်ရေကျ/လားရှိုးချောင်းဆုံ

လားရှိုးကနေ မန္တလေးထွက်တဲ့လမ်းမမှာ နောင်မွန်ရွာ ဆိုတာလေး ရှိတယ်။ အဲ့ဒီကနေ အနောက်ဘက်ကို သွားရင် မန်ဆန်ရေတံခွန် (မန်ဆန်ရေကျ)ကို ရောက်နိုင်တယ်။


• ကုန်းညောင်ရေတံခွန်

ရေကစားဖို့တော့ အန္တရာယ်ရှိပေမဲ့ အပန်းဖြေလည်ပတ် ဓါတ်ပုံရိုက်ဖို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ လားရှိုးကနေ ၁ နာရီလောက်တော့ ထပ်သွားရပါသေးတယ်။


• ခါးရှီးရေတံခွန်

တန့်ယန်းလမ်းခွဲကနေ ၁၀ မိနစ် ထပ်သွားရသေးတဲ့ ရေတံခွန်တစ်ခုပါ။ ဆောင်းတွင်းရေနည်းချိန်ဆို ပိုလှတယ်လို့ ဆိုပါတယ်။


• ရေကန်တောင်

လားရှိုးမြို့ကို အဓိက ရေပေးဝေနေတဲ့ ရေကန်တွေရှိရာ ရေကန်တောင်မှာ လှပတဲ့ လမ်းလေးတွေ သစ်ပင်တွေနဲ့ ဓါတ်ပုံရိုက်ချင်စရာနေရာလေးတွေ ရှိပါတယ်။ အပန်းဖြေလာကြသူတွေလည်း များပါတယ်။ တချို့လည်း ငါးဖမ်း၊ တချို့လည်း ဘီယာသောက်၊ တချို့လည်း မိသားစုအလိုက် ဖျာလေးခင်းပြီး ဝိုင်းဖွဲ့စားသောက်ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။


• လားရှိုးဘူတာ

ရိုးရှင်းတဲ့ လားရှိုးဘူတာလေးမှာလည်း ဓါတ်ပုံရိုက်ဖို့ ကောင်းပါတယ်။


• တရုတ်ဘုံကျောင်း

လားရှိုးမြို့လယ်ကနေ သိပ်မဝေးဘဲ၊ တောင်ကုန်းမြင့်လေးပေါ်မှာ ရှိနေတဲ့ တရုတ်ဘုံကျောင်းကြီးကလည်း စွဲဆောင်မှုရှိပါတယ်။ အရင်ကတော့ ဗေဒင်ယုံသူတွေအတွက် စာချလို့ရတယ်။ အခုတော့ မမေးဖြစ်ဘူး။


အခြားလည်ပတ်စရာများ

ကျွန်တော်ကတော့ အချိန်ရတဲ့ နှစ်ရက်အတွင်း သွားနိုင်ဖို့တော့ အတော်လေး အပြေးအလွှားသွားရပါမယ်။ လားရှိုးမြို့မှာ အချိန်ပိုရမယ်ဆိုရင်တော့ သိန်းနီမြို့ဘက်ကိုလည်း လည်ပတ်သင့်သလို၊ အခြားသော ကျန်ရစ်နေတဲ့ နေရာတွေဖြစ်တဲ့

• ဟူးမွန်ဆည်

• လွိုင်ဆမ်ဆစ်တောင် (ကွတ်ခိုင်မြို့)

တွေလည်း သွားလည်နိုင်ပါသေးတယ်။ အပြန်မှာ သီပေါမြို့မှာလည်း လည်ပတ်နိုင်ဦးမှာ ဖြစ်ပါတယ်။


ကျွန်တော်ကတော့ ကိုယ့်မွေးရပ်မြေလိုဖြစ်နေတဲ့ လားရှိုးမြို့လေးကို ချစ်မြတ်နိုးလို့ နောက်တစ်ခါ အခွင့်သင့်ရင် ပြန်လာပြီး သေချာလည်ပတ်ဖို့ စဉ်းစားထားပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာနဲ့ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Sai Pan (Lashio), Arkar Soe (AKAMI Creation), Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm Lens + Other Camera

Photos are modified in Lightroom by Thiha Lu Lin.

1,173 views0 comments

Yorumlar


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page