တချို့ကလည်း လိုဏ်ဂူက ရှည်တော့ လွိုင်ကော်လေဆိပ် ထိတောင် ပေါက်နိုင်မလားဘဲ တဲ့…
ဟုတ်၏ မဟုတ်၏ ထက် ကျွန်တော် က အခါခါ လွိုင်ကော်ရောက်ဖြစ်ပေမဲ့ မသွားဖြစ်ဘဲ လွဲလွဲနေတဲ့ ဒီ လွယ်တမူလိုဏ်ဂူ ကို ဒီတစ်ခေါက် လွိုင်ကော်ပြန်ရောက်ချိန် သေချာ သွားဖြစ်ခဲ့တယ်။ ယေဘုယျသုံးသပ်ရရင် ခရီးသွားတိုင်း အလွယ်တကူ သတိမူမိဖို့ ခက်တဲ့နေရာမှာ ရှိနေပြီး၊ အပြင်ကနေကြည့်ရင် လိုဏ်ဂူကြီးမယ်လို့ လုံးဝမထင်ရတဲ့ လိုဏ်ဂူ တစ်ခုပါ။ သဘာဝမပျက်အောင် ထိန်းသိမ်းထားတယ်ဆိုတဲ့တိုင် ကျွန်တော်တို့နိုင်ငံရဲ့ အစဉ်အလာဓလေ့အတိုင်း ဂူထဲမှာတော့ စေတီတွေ ဘုရားတွေ နတ်နန်းတွေလည်း ဖူးခွင့်ကြုံရဦးမယ်ခင်ဗျ။ ဘာလိုပဲဖြစ်ဖြစ် လွယ်တမူလိုဏ်ဂူ ဆီ လာရတာလည်း အရှုံးမရှိပါဘူး။ စိတ်ဝင်စားစရာကတော့ ဖြစ်နေဆဲပါ။
လွယ်တမူသဘာဝလိုဏ်ဂူ ဆိုတာ
၁၉၈၄ ခုနှစ် တုန်းကပေါ့၊ လွိုင်ကော်မြို့ က ဦးအတိုး ဆိုတဲ့သူမှာ အိပ်မက် မက်ပါတယ်တဲ့။ သူ့အိပ်မက်အရပဲ ဒီလိုဏ်ဂူ ကို စတင် တွေ့ရှိခဲ့တယ်လို့ သမိုင်းအကျဉ်းလေး သိမှတ်ခဲ့ရပါတယ်။ လိုဏ်ဂူ ရဲ့ အနက်က ပေ ၁၁၀ ရှိပြီး အကျယ်က ပေ ၁၀၀ ခန့် နဲ့ အရှည်အားဖြင့် အရှေ့ဘက်ကို ပေ ၃၀၀ ခန့် နဲ့ အနောက်ဘက်ကို ပေ ၅၀၀ ခန့် ရှည်လျားတယ် ဆိုပါတယ်။ အမြင့်ပေကတော့ ၃၀ ခန့် ရှိတယ် ပြောပါတယ်။ သာသနာပြုပုဂ္ဂိုလ်တွေ၊ ဆရာတော်တွေ လာပြီး စေတီနဲ့ ဘုရားတွေ တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ တောင်တန်းသာသနာပြု (ဆဟပုညကာရီ) အဖွဲ့ကနေပြီး လိုဏ်ဂူအနီးက တော်ပေါ်မှာ အောင်မြင်အေးစေတီနဲ့ လိုဏ်ဂူအတွင်းဆင်းဖို့ သံပိုက်လုံးလက်ရမ်းပါ လှေကားတွေ လာပြီး လှူဒါန်းခဲ့တယ်လို့ သိရပါသေးတယ်။ အိပ်မက်အရရော၊ အမျိုးမျိုးသောအကြောင်းများနဲ့ရော အဲ့ကတည်းက လှူဒါန်းမှုတွေပြုခဲ့ကြတာ အခုဆိုရင် လိုဏ်ဂူအတွင်းမှာ စေတီ (၁၅) ဆူ၊ ဆင်းတုတော် (၂၅၄) ဆူထိ ရှိနေပြီလို့ ဆိုပါတယ်။
ဘယ်လိုသွားရမှာလဲ
လွယ်တမူလိုဏ်ဂူ ဆီကို သွားမယ်ဆိုရင် လွိုင်ကော်မြို့ အမှတ် (၃၅၆) အမြောက်တပ်ရင်း ကို အရင်သွားရပါမယ်။ လိုဏ်ဂူက အမြောက်တပ်ထဲမှာပါ။ တပ်ရဲ့ရှေ့မှာလည်း လွယ်တမူလိုဏ်ဂူ ဆိုပြီး ဆိုင်းဘုတ် ထားရှိပါတယ်။ အဝင်မှာ စစ်ဆေးရေး ရှိလို့ လိုအပ်တဲ့ မေးမြန်းစစ်ဆေးမှုတွေ လက်ခံဆောင်ရွက်ပြီးရင် လိုဏ်ဂူဆီကို တပ်အတွင်း အတော်ဝင်ကြရပါသေးတယ်။ ဒါကြောင့် ခရီးသွားတိုင်းရုတ်တရက် လာလည်ဖို့ သတိမမူမိတဲ့နေရာမှာ ရှိတာလို့ ဆိုခဲ့တာပါ။
လည်ပတ်ချင်စရာ လွယ်တမူလိုဏ်ဂူမှာ
ကျွန်တော်တို့ ရှေ့က စစ်ဆေးရေးဂိတ်တွေကျော်ပြီး လမ်းညွှန်းအတိုင်း ဖြေးဖြေးမောင်းဝင်လာကြတယ်။ လမ်းမှာ စစ်ရေးလေ့ကျင့်နေတဲ့ တပ်သားတွေနဲ့ စစ်ရေးလေ့ကျင့်ကွင်းတွေ၊ ပြီးတော့ တန်းလျားဆောင်တွေ၊ ရုံးတွေကို မြင်တွေ့လေ့လာခွင့်ရပါတယ်။ အဲ့ဒီကနေ ဝုန်းဆို စေတီတွေကို မြင်ရတဲ့ နေရာဆီ ရောက်သွားပါလေရော။ မရောက်ဘူး မကြားဘူးထားတော့ ထင်မိတာက ကျောက်လိုဏ်ဂူအခွက်လောက်လေး ဖြစ်မယ်ထင်မိတာ။ အပြင်က စမြင်ရတော့လည်း အဲ့လိုလေးပဲ ထင်ရတာကိုး။ အဆောင်ထဲကို ဝင်လိုက်တော့မှာ အတွင်းကို ဆင်းတဲ့ လှေကားအမြင့်ကြီးကို တွေ့လိုက်ရပြီး အတော်အံ့သြသွားရတယ်။ လှေကားဆင်းကတည်းက လိုဏ်ဂူနံရံတွေမှာ တဖြတ်ဖြတ်လက်နေတတ်တဲ့ နေရာလေးတွေကို သတိထားမိတယ်။ သလင်းခေါ်မလား မသိ။
အောက်မှာတော့ စေတီတွေ၊ ဆင်းတုတော်တွေ ကို နေရာတချို့မှာ တွေ့ရတယ်။ တော်သေးတယ် နေရာအပြည့် ကြပ်ညှပ်နေတာမျိုးမဟုတ်တော့ အသက်ရှုချောင်ပြီး ဘုရားဖူးရတာ စိတ်ကြည်လင်တာပေါ့။ သဘာဝအတိုင်း တက်နိုင်သမျှတော့ ထိန်းသိမ်းထားကြပါတယ်။ မီးလင်းတဲ့နေရာလေးတွေအထိ သွားလို့ရသမျှတော့ လျှောက်လေ့လာကြည့်မိတယ်။ ကျောက်စက်ပန်းဆွဲတွေလည်း တော်တော် လှပါတယ်။ ကျောက်စက်မိုးမျှော်တွေရောပေါ့လေ။ အတွင်းမှာ ထူးထူးခြားခြား နဂါးမယ်တော်တွေ ရှိနေတယ်။ ယုံကြည်သူတွေရဲ့ အဆိုအရတော့ ဆုတောင်းပြည့်တယ်တဲ့။ ကျွန်တော်နဲ့အတူ လာတဲ့ အစ်မကလည်း အရင်တစ်ခါလာတုန်းက သူ ဆုတောင်းထားတဲ့အတိုင်း ပြည့်စုံလို့ အဲ့တုန်းက ကတိပြုထားတဲ့အတိုင်း ပစ္စည်းတွေ လာပြန်လှူတာတဲ့။ လက်ထဲမှာလည်း နိုင်ငံခြားကနေတောင် မှာထားပုံရတဲ့ မိန်းကလေး အလှအပပစ္စည်းတွေ အစုံပါလာတာ သတိထားမိလိုက်တယ်။ အဲ့ဒီ အစ်မလိုပဲ တော်တော်များများ လာပြီး လှူဒါန်းထားကြတဲ့ လှူဘွယ်တွေကို နဂါးမယ်တော်တွေရဲ့ ရုပ်တုတော်တွေရှေ့မှာ တွေ့ရပါတယ်။ ညီအစ်မတွေဆိုလားပဲ၊ ကျွန်တော်လည်း သေချာ မမှတ်ထားမိလိုက်ဘူး။
လွယ်တမူလိုဏ်ဂူ ဟာ ထင်မှတ်မထားဘဲ သဘောကျစရာ သဘာဝအလှတွေလည်း ရှိနေသေးသလို၊ ယုံကြည်ကိုးကွယ်သူတွေရဲ့ အားထားရာ နေရာတစ်ခုလည်း ဖြစ်နေပါသေးတယ်။ လွိုင်ကော်ကို ရောက်ခဲ့မယ်ဆိုရင် လည်ပတ်လေ့လာစရာတစ်ခုအနေနဲ့ သတိရဖို့ ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Ko Tun Lin Maung, Thiha Lu Lin
Camera :: Sonay Alpha 7II with 16-35mm Lens, Samsung Galaxy Note 10+
Photos are modified in Lightroom by Thiha Lu Lin.
Comments