"ဆည်းဆာနေညိုချိန်မှာ... ဧရာဝတီမြစ်ကမ်းက
မကွေးမြို့စွန်... မြသလွန်ကို အတူဖူးခဲ့တာတွေ...
မေ့မရနိုင်ပါပြီ၊ အခွင့်ရယ်သာတဲ့တစ်နေ့မှာ...
အရောက်တော့ လာခဲ့ဦးမည်....
ရွှေညာသူရယ်... ကိုယ်လာရင် ကြိုမှာလားလို့အတည်"
ဒီသီချင်းလေးက အဘိုး နဲ့ အဖေ တို့လက်ထက်ကတည်းက ကြားနေကျသီချင်းလေး။ မူရင်းအဆိုတော်ကြီးတွေတောင် လွန်သွားကြပေမဲ့ ခုထိ နားထဲစွဲ မှတ်မိနေလောက်အောင် မကွေးမြို့ အလှဘွဲ့ ပါဝင်တဲ့သီချင်းလေးပါ။
ဒီသီချင်းက အချစ်သီချင်းလေးမှာ မကွေးမြို့ရဲ့ လည်ပတ်ချင်စရာနေရာလေးတွေကို ခပ်ပါးပါးထည့်ပြသွားတဲ့ ခရီးသွားချစ်သူတွေအကြိုက် သီချင်းလည်း ဖြစ်မယ်လို့ ယုံတယ်။ ကျွန်တော် မြန်မာသံတွေ နားမထောင်လှပေမဲ့ ခု မကွေးမြို့ကို ရောက်တော့ ဒီသီချင်းလေး ဖြတ်ခနဲ ပေါ်လာတယ်။ မြသလွန်ဘုရားကို အရောက်လာချင်စိတ်တွေပေါ်လာလို့ မကွေးရောက်တာနဲ့ ပြေးလာခဲ့လိုက်တယ်လေ။
စည်ကားတဲ့ မြို့မကွေး
မကွေးမြို့လေးက သေးတယ်ထင်ရပေမဲ့ အတော်လေးစည်ပင်တယ်။ လမ်းမတွေထက် ဟိုဒီသွားနေတဲ့ ကားနဲ့ဆိုင်ကယ်တွေ မနည်းဘူး။ ကမ်းနားလမ်းလေး ကားပတ်မောင်းရင် မီးထိန်ထိန်ညီးနေတဲ့ အရှည်ဆုံးဧရာဝတီမြစ်ကူးတံတားတွေထဲက တစ်စင်းကို လှလှပပ မြင်ကြရတယ်။ ဈေးကြီးနားဆို ကားနဲ့ဆိုင်ကယ်တွေ ကျပ်တဲ့အထိပဲဆိုပါတော့။ မြို့တွေမှာ တွေ့ရခဲတဲ့ Shopping Mall ဆိုတာမျိုးလည်း ဒီမြို့မှာ ရှိလေရဲ့။ Magway Shopping Mall ဆိုပဲ။ စုံစုံလင်လင် ရောင်းချပေးတာတွေ့ရတယ်။ ကားလမ်းကြောင်းလေးတွေက သပ်သပ်ရပ်ရပ်နဲ့ ရှင်းတယ်။ အညာဆိုတော့လည်း ဖုန်လေးတွေတော့ ကတ္တရာလမ်းပေါ်မှာတောင် ထောင်းထောင်းထနေတယ်ပေါ့။ တက္ကသိုလ်တွေစုံတဲ့မြို့မို့ လူငယ်များပြီး ခေတ်မီနေတယ်ဆိုတာတော့ သတိပြုမိတယ်။
မြသလွန်ဘုရားဆီ မောင်လာပြီ
မြသလွန်ဘုရားက မကွေးမြို့ရဲ့ Landmark လို့ဆိုရမယ်။ ဧရာဝတီမြစ်ရဲ့အလှနဲ့ နေဝင်ဆည်းဆာကို တစ်ခန်းတနား ခံစားနိုင်တဲ့နေရာလေးပါ။ ဘုရားဝင်းထဲမရောက်ခင် နိဗ္မာန်ကုန်ဆိုင်လေးတွေ အကင်ဆိုင်လေးတွေ ဖြတ်လာရတယ်။ မြသလွန်ဘုရားဆိုင်းဘုတ်ကြီးနဲ့ မုခ်ဦးဖြတ်တော့ ကျယ်ပြောတဲ့ ကွင်းတွေ နဲ့ မြစ်ပြင်အလှခံစားနိုင်တဲ့ စားသောက်ဆိုင်လေးတွေတွေ့တယ်။ အဲ့ဒီကနေ လွန်ရင် အဆင်းတစ်လမ်း အတက်တစ်လမ်း သေချာစီစဉ်ပေးထားတဲ့ ဘုရားပေါ်တက်တဲ့လမ်းတွေရှိမယ်။ ကားကြီးတွေက အောက်တစ်ဆင့်မှာရပ်ရတယ်။ ကားငယ်တွေကတော့ အပေါ်တစ်ဆင့်ထိ တက်ရပ်လို့ရတယ်။ ဘုရားဈေးသည်တွေကတော့ နေရာတိုင်းအနှံ့ပေါ့။
တကယ်က အောက်ဘက် ဘုရားစောင်းတန်း အစကနေ စတက်လာရင် တွေ့ရမဲ့ ဘုရားသမိုင်း ပန်းချီပန်းပုလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ခုက ကားနဲ့ဆိုတော့ အပေါ်နားဖြတ်တက်တာမို့ သေချာခံစားခွင့်မရတော့ဘူး။ အချိၤရရင် လေ့လာကြည့်ရှုသင့်ပါတယ်။
ဘုရားပေါ်မှာ ဖန်ခါးပင်တစ်ပင်ရှိတယ်။ ပိတောက်နက်ပင်တစ်ပင်ရှိတယ်။ သူ့သမိုင်းကြောင်းလေးတွေလည်း ရှိတာပေါ့လေ။ အဲ့ဒီရောက်မှသာ ကြည့်လိုက်တော့။ နေဝင်ချိန်ရောက်လာတာမို့ ဘုရားရင်ပြင်ကနေကြည့်ရင် အရာရာဟာလှပသက်ဝင်နေတယ်။ တနင်္ဂနွေထောင့်က ဘုရား Stupa ပေါ်ထွင်းထုထားတဲ့ ဘီလူးတစ်ကောင်ရဲ့ ပြုံးရယ်နေတဲ့မျက်နှာတစ်ခုကိုလည်း ရောက်တိုင်း ကြည့်ဖြစ်တယ်။ ဧရာဝတီမြစ် နဲ့ တံတားနဲ့ နောက်ခံထားပြီး ဓာတ်ပုံ ရိုက်မဝဘူးရယ်။
အောက်ဘက်ငုံကြည့်တော့ မြစ်ရေခန်းပြီး သောင်ထွန်းနေတာတွေ့တယ်။ သောင်ပေါ်မှာ ဆိုင်လေးတွေ ဖွင့်ထားတယ်။ လှေငှားပြီး ကူးလည်လို့ရတယ်။ တစ်စီး ၅၀၀ ဆိုပဲ။ အသွားအပြန်ပါတယ်ပြောသံကြားတယ်။ ကျွန်တော်တော့ မစီးဖြစ်။ ဓာတ်ပုံလေးပဲ အောက်ထိဆင်းရိုက်လိုက်တယ်။ အတော်ဆင်းရတယ်။ ဆင်းတုန်းက မသိသာဘူး။ ပြန်တက်မှ မောလိုက်တာဆိုတာ။
ဘယ်လိုပဲဖြစ်ဖြစ် မကွေးမြို့ရဲ့ နေဝင်ချိန်မြစ်ကမ်းအလှကြည့်ဖို့ ကောင်းတဲ့နေရာတစ်ခုဟာ မြသလွန်ဘုရားလည်းပါဝင်နေပါတယ်။ မကွေးဘက်လာရင် တစ်ဘက်က စက္ကိန်းတဲဘုရား နဲ့ နဂါးပွက်တောင်တွေလည်း လည်ကြသေးတယ်။ အပြန်လက်ဆောင်ကတော့ ပဲယို နှမ်းယိုတွေပေါ့။
အလုပ်တစ်ဖက်နဲ့ ရောက်လာတာမို့ မကွေးရေ ကျွန်တော်နောက်များမှ သေချာထပ်လည်ပါဦးမယ်နော်။ အညာဆောင်းလေးကို လေညင်းလေးခံရင်း ခံစားရတာနဲ့တင် မကွေးလာရ တန်ပါတယ်လေ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Comments