ကျွန်တော် ဒီ မန္တလေး - ပြင်ဦးလွင် လမ်းပေါ်ကနေ တဆင့်သွားရတဲ့ ရဲရွာလမ်း ကို ဝင်လာတော့ ဒီလမ်းပေါ်မှာ ဒုဠဝတီမြစ်ရေကို ဆော့ကစားနိုင်မယ့် အပန်းဖြေစခန်း တစ်ခု ရှိတယ်လို့ သိလို့သာ လာခဲ့တာပါ။ ဒီရဲရွာလမ်းဆိုတာက နာမည်ကျော် ဒီးဒုတ်ရေပြာအိုင် ကို သွားတဲ့ လမ်းပါပဲ။ လမ်းက ကောင်းတယ်။ ကွန်ကရစ်လမ်း။ မြင်ကွင်းက သာယာတယ်။ စိမ်းစိုတဲ့ တောင်တန်းကြီးတွေ မြင်ရတယ်။ ရွာလေးတွေ ကျိုကြား ရှိတတ်တယ်။ ကားအသွားအလာ ပုံမှန်ရှိတယ်။ သွားလို့ လာလို့ ကောင်းတဲ့ လမ်းပါ။ ဒီလမ်းပေါ် ရောက်ကတည်းက ကြော်ငြာဘုတ်တွေ မြင်ရတယ်။ ၆ မိုင် D - Garden ဆိုတဲ့ အပန်းဖြေစခန်းတစ်ခုနဲ့ ၇ မိုင် မှာ အရုပ်ကြီးမြင်မှ ၇ မိုင် အပန်းဖြေစခန်း ရောက်တာနော် ဆိုလား။ တစ်ဘုတ်နဲ့ တစ်ဘုတ် သိပ်မကွာဘဲ အပြိုင်ကြော်ငြာထားကြတာတွေကို မျက်စိနောက်လောက်အောင်ကို တွေ့ရပါတယ်။ ဒါလည်း တစ်မျိုးကောင်းတယ်။ ကျွန်တော်လည်း အဲဒီလိုတွေ မြင်မှ သတိပြုမိတယ်။ အပန်းဖြေစခန်း ၂ ခု ရှိပါလား ဆိုပြီးတော့လေ။ ရောက်လက်စနဲ့ အပန်းဖြေစခန်း ၂ ခုစလုံးကို အရောက်သွားမယ်လို့ တေးထားလိုက်တယ်။
ရောက်ပါပြီ။ ပထမဆုံးက ၆ မိုင် D-Garden ကို အရင်ဝင်တယ်။ သူ့ အရင်ရောက်တာကိုးနော်။ ဝင်ကြေး က တစ်ထောင် ကျပ် ကောက်ပါတယ်။ အပန်းဖြေစခန်းက တည်ဆောက်လို့ ကောင်းနေဆဲ အနေအထား။ ဆော့လို့တော့ ရပြီ။ အပြည့်အဝ မပြီးပြတ်သေးဘူးဆိုတာ ဝင်လိုက်တာနဲ့ ခံစားရပါတယ်။ လက်မှတ်ဖြတ်ပိုင်းလေးကိုလည်း ရောင်စုံနဲ့ အသေအချာ ပုံနှိပ်ထားတယ်။ အတွင်းပိုင်းမှာ ကားပါကင် ကျယ်ကျယ် နဲ့ များများ ရှိတယ်။ မိသားစုလိုက် အပန်းဖြေနိုင်ဖို့ ဘန်ဂလိုအသေးစားလေးတွေ အများအပြားဆောက်ပေးထားလို့ ကိုယ့်ကားကိုယ် အဲ့ဒီနားခိုရာဇရပ်လိုနေရာရှေ့ထိုးပြီး မိသားစု စားသောက်နေထိုင်နိုင်ကြတယ်။ အိမ်သာ နဲ့ ရေချိုးခန်းလည်း ကောင်းကောင်း ရှိတယ်။
ရေကစားဖို့ အဓိက ဖြစ်နေတော့ လူကြီးကန် နဲ့ ကလေးကန် နှစ်မျိုး တွေ့ရတယ်။ ကလေးကန်လေးမှာလည်း ရေပန်းလေးတွေ၊ ရေကူးရာမှာ အထောက်အပံ့ပေးတဲ့ လေပူဖောင်းတွေ အစုံထားရှိပေးတယ်။ နောက်ပြီး ရေမကစားချင်တဲ့ ကလေးတွေလည်း ဒန်းစီးတာ၊ လည်ပြီး စီးတာ၊ တိုင်တက်၊ ကြိုးဆွဲ စတဲ့ ကလေးတို့ နှစ်သက်မယ့် တခြား လှုပ်ရှားကစားနည်းတွေအတွက် အစုံအလင် တည်ဆောက်ပေးထားတာ တွေ့ရပါတယ်။ ကလေးတွေတင်မကဘူး လူငယ်လေးတွေပါ ကစားနိုင်တဲ့ ကစားစရာလေးတွေပါ။
တစ်ဘက်မှာတော့ လူကြီး လူငယ်တွေ ရေကစားတဲ့ ကန်ကြီး နှစ်ကန် ရှိပါတယ်။ ရေပန်းတွေ အစုံအလင်နဲ့ ကြည့်ရတာနဲ့တင် ပျော်စရာကောင်းနေတယ်။ ဒီဂျေကလည်း မြူးကြွနေတဲ့ သီချင်းအလန်းစားတွေ ဖွင့်ပေးထားလို့ ဝါတာပါတီ၊ ရေပါတီ ဖြစ်နေပါတော့တယ်။ လူကြီးဆော့စရာ ရေပူဖောင်းကြီးတွေ၊ ရေလွှာလျှော၊ ငှက်ပျောသီးလှေ စသဖြင့် စုံစုံလင်လင် ထားရှိပေးထားတာမို့ လူငယ်လေးတွေ အရမ်းပျော်နေကြတာ တွေ့ရတယ်။ နောက်ထပ်လည်း ရေကန်တွေ ဆောက်နေသေးတာတွေ့တော့ ပိုပြီး ထူးခြားတဲ့ ကစားနည်းလေးတွေ လာဦးမယ်လို့ မျှော်လင့်ရပါတယ်။ ပစ္စည်းအပ်စရာနေရာလေးတွေ ရှိသလို၊ ဖိနပ်ထားဖို့ စင်လေးတွေလည်း ရှိပါတယ်။ ရေဆော့ရင် ဖိနပ်စီးခွင့် မပေးပါဘူး။ ရေဆော့ပြီးရင် ရေဆေးဖို့ ရေပန်းတွေလည်း အဝ မှာ ထားထားပေးပါသေးတယ်။ ရေချိုးခန်းလည်း သီးသန့် ဟိုတစ်ဘက်မှာ ထားပေးတာ တွေ့ရတယ်။
ထူးခြားတယ်ဆိုရမလား။ အဲ့ဒီနားမှာရှိတဲ့ မုန့်ဆိုင်လေးတစ်ခုမှာ အရက်မျိုးစုံကို လွယ်လင့်တကူ ဝယ်နိုင်တာပါပဲ။ မဖြစ်သင့်ဘူးတော့ ယူဆမိပါတယ်။ တံတားလေးကို ဖြတ်ကူးလိုက်ရင် တစ်ဘက်မှာတော့ ဒုဠဝတီမြစ်ကို မျက်နှာမူတည်ဆောက်ထားတဲ့ စားသောက်ဆိုင်တန်းတစ်ခု ရှိနေပါတယ်။ ဒီ ၆ မိုင် D-Garden ကတော့ ကလေးငယ်တွေ ရှိတဲ့ မိသားစုတွေအတွက် ပိုပြီး သင့်လျော်တဲ့နေရာလေးအဖြစ် မြင်မိပါတယ်။ နောက်ပိုင်း စိုက်ပျိုးထားတဲ့ ပန်းပင်တွေ ကြီးလာ၊ ဆောက်လုပ်ထုဆစ်ဆဲ ဆင်၊ မြင်း စတဲ့ အရုပ်တွေ ပြီးပြတ်လို့၊ ဆောက်လက်စ တခြားရေကူးကန် ကစားနည်းတွေ ပြည့်စုံသွားရင်တော့ ပိုပြီး ပျော်စရာကောင်းမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဆယ်နှစ်အောက်လည်းမဟုတ် တက္ကသိုလ်ဝင်တန်းဖြေထားသူလည်း မဟုတ် ကလေးအဖေတစ်ယောက်လည်း မဟုတ်လေတော့ ဒီ ၆ မိုင် D-Garden အပန်းဖြေစရာဟာ ကျွန်တော့အတွက်တော့ ခဏလှည့်ပတ်ကြည့်ရှုစရာထက် ခုချိန်မှာ မပိုသေးတာတော့ အမှန်ရယ်။
ဒီကနေ ဆက်သွားလို့ ၇ မိုင်ရောက်တာနဲ့ လူဝကြီး အရုပ်နဲ့အတူ ၇ မိုင် စိုက်ပျိုးရေးခြံ (တချို့က ၇ မိုင်ချောင်းသာ လို့ခေါ်) ကို ရောက်ပါတယ်။ အတွင်းကို ဝင်လိုက်တာနဲ့ နာမည်ကြီး ရုပ်ရှင်ကားထဲက ဇာတ်ကောင်တွေကို ရုပ်လုံးသွင်းထားတာတွေကို တွေ့ရပါမယ်။ ဝင်ကြေးကလည်း တစ်ထောင် ကျပ် ပဲ ဖြစ်ပါတယ်။ လက်မှတ်က တစ်ရောင်တည်း သုံးထားတာမို့ ၆ မိုင်နဲ့ယှဉ်ရင် မခန့်ညားဘူး ဖြစ်နေပါတယ်။
အရင်ကတော့ ဘယ်လိုပုံစံလည်း မသိပေမယ့် လက်မှတ်ပေါ်က စိုက်ပျိုးရေးခြံ ဆိုပြီးရေးထားတာနဲ့ ဆန့်ကျင်စွာပဲ စိုက်ပျိုးထားတာ ဘယ်မှာလည်း မမြင်မိတဲ့သူဟာ ကျွန်တော်ပါ။ ကားပါကင်လည်း ကျယ်ပေမဲ့ ခုနက ၆ မိုင်လောက်တော့ မကျယ်လှပြန်ဘူး။ တစ်ခုထူးခြားတာက ကားရပ်ပြီး ကာရံထားတဲ့ အဝင်းလေးထဲ ဝင်လိုက်တာနဲ့ ပင်လယ်ကမ်းခြေကို ဆင်းနေရတဲ့ ခံစားမှုမျိုး ဖြတ်ခနဲ ရလိုက်တယ်။ ဓနိသက်ကယ်မိုးထားတဲ့ ယာယီတဲလေးတွေက သဲသောင်ပြင်ပေါ်မှာ ၄ လုံးလောက် စီစီရီရီ ရှိနေတယ်။ ရေကစားသူတွေလည်း များတယ်။ ရေကစားသူတွေ အန္တရာယ်ကင်းမဲ့ နေရာသတ်မှတ်ပြီး အသေအချာ ကာရံပေးထားလို့ စိတ်ချလက်ချ ရေကူး ရေကစားနိုင်တယ်။ လူကြီး နဲ့ လူငယ်တွေ အတွက် ရည်ရွယ်ပုံရတဲ့ ဒီအပန်းဖြေစခန်းမှာတော့ မြစ်ရေ ကူးတာ၊ ဆော့တာအပြင် Jet Ski စီးတာ၊ Speed Boat အငယ်စား စီးတာတွေ လုပ်ဆောင်နိုင်တယ်။ လေမှုတ် Speed Boat လေးက လူ ၃ ယောက် (လှေမောင်း ဝန်ထမ်း အပါဆို ၄ ဦးပေါ့) စီးလို့ရတယ်။ တစ်ဦးကို ၅၀၀၀ ကျပ် ကောက်ပါတယ်။ နှစ်ယောက် (သို့မဟုတ်) ၃ ယောက် စီးရပါမယ်။ မြစ်အတွင်း တစ်ပတ် ပတ်ပေးပါ။ အစအဆုံးမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့နေရာလေးအထိပါပဲ။ Jet Ski ဆိုင်ကယ်ပုံစံလှေကိုတော့ တစ်ဦးချင်းစီပဲ စီးခွင့်ပေးပြီး ဘေးကနေ နောက်တစ်စီးနဲ့ တာဝန်ကျ ဝန်ထမ်းက လိုက်ပါ စောင့်ရှောက်ပါတယ်။ စီးမယ်ဆိုရင်တော့ တစ်စီးကို ၁၅၀၀၀ ကျပ် ပေးရပါတယ်။ နှစ်ပတ် ပတ် စီးခွင့်ပေးပါတယ်။ ဒီဘက်မှာ ဖွင့်တဲ့ သီချင်းတွေက ၆ မိုင်နဲ့ ယှဉ်ရင်တော့ အတော်လေး ခေတ်နောက်ကျနေပါတယ်။ ၆ မိုင်မှာလိုပဲ ငှက်ပျောသီးလှေ နဲ့ ဘောကွင်းတွေ ရှိပါတယ်။ ကလေးတွေ မြေပြင်မှာ ဆော့ကစားနိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။ ဒီ ၇ မိုင်ကတော့ လူငယ် လူကြီး ကြိုက်ဖြစ်ပြီး ကလေးငယ်တွေအတွက်ကတော့ အန္တရာယ်များတဲ့ ရေကစားမှုဖြစ်မယ်ထင်ပါတယ်။
အပန်းဖြေစခန်းပုံစံချင်း နီးစပ်ပေမယ့် ရည်ရွယ်တဲ့ဧည့်သည်အမျိုးအစား အနည်းငယ် ကွာခြားတဲ့ ရဲရွာလမ်းပေါ်က ၆ မိုင် နဲ့ ၇ မိုင် အပန်းဖြေနေရာတွေကိုတော့ နောက်များ အချိန်ရရင် ကျွန်တော်ထပ်လာကြည့်ချင်မိပါသေးတယ်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comments