top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

၂၀၂၀ ခုနှစ်အတွင်း လူဖတ်အများဆုံး ခရီးစဉ်များ

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော်တို့ မြန်မာနိုင်ငံ က Travel Blogger တွေဟာ Blogging Platform ကို လောလောဆယ်အထိ Facebook ကို အများဆုံး မှီတွယ်နေရဆဲလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်မှာ Website ကြီးတစ်ခုလုံး ရှိနေလျက်နဲ့ သူများ Platform ဖြစ်တဲ့ Facebook ကို အမှီသဟဲ အများကြီး ပြုနေရတုန်းလို့ ဆိုပါရစေ။ ဝမ်းနည်းစရာ အမှန်တရားတစ်ခု ပါပဲ။



ကျွန်တော် အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ဟာ သိပ်ပြီး ပျင်းစရာ စိတ်ညစ်စရာတော့ မဖြစ်နေခဲ့ဘူး။ အရင်က မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို ပိုပြီး အချိန်ပေးလာနိုင်ခဲ့သလို… ခရီးတွေလည်း ရတဲ့အချိန်မှာ ထွက်ဖြစ်နိုင်ခဲ့တယ်။ ကော့သောင်း ငခင်ညိုကြီးကျွန်း ခရီး၊ ကျောက်ကြီး ခရီး၊ လွိုင်ကော်-ဒီးမော့ဆို-ဘော်လခဲ-ဖားဆောင်း ခရီး၊ ပုဂံ ခရီး၊ နေပြည်တော်-နမ့်မွန်ကြီး ခရီး၊ ဂျိတ်လတ်ကမ်းခြေ ခရီး၊ ပုသိမ် ခရီး၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ခရီး၊ ဘားအံ ခရီး၊ ကျိုက်ထီးရိုး ခရီး၊ မိုးကုတ် ခရီး၊ မိုးမိတ် ခရီး၊ အင်းလေး-စံကား-တာခေါင် ခရီး၊ အောင်ပန်း ခရီး၊ တိုက်ကြီး ခရီး တွေလို ပြည်တွင်းခရီးတွေအပြင် ဂျပန်နိုင်ငံ တိုကျို၊ ကျိုတို၊ အိုဆာကာ နဲ့ ကိုဘေးမြို့ တွေကိုပါ လည်ပတ်နိုင်ခွင့်ရခဲ့တာမို့ ၂၀၂၀ ဟာ ကျွန်တော့်အတွက်တော့ ပျော်စရာတွေ အများကြီး ပေးခဲ့တဲ့ နှစ်ပါပဲ။ ကျွန်တော်တို့ ကိုးကွယ်တဲ့ဘာသာအနေနဲ့ပြောရရင် ဘုရားကျေးဇူးတော် ခံစားရတဲ့နှစ်လို့ ဆိုနိုင်ပါတယ်။


၂၀၂၀ နှစ်ဟောင်းမှာ ကျွန်တော့်ရဲ့ Facebook Page "Thiha, the Traveller" က စာဖတ်မိတ်ဆွေတွေနဲ့ ပိုရင်းနှီးချစ်ခင်လာတယ်။ အားပေးမှုလည်း ပိုရလာခဲ့သလို၊ ခရီးသွားစာ နဲ့ ဗီဒီယိုတွေကိုလည်း စဉ်ဆက်မပြတ် တင်ဆက်နိုင်ခဲ့တာလည်း အမြတ်တစ်ခုပါပဲ။ ၂၀၂၀ ထဲမှာ Facebook ပေါ် ကျွန်တော် ရေးသားရိုက်ကူးတင်ဆက်ခဲ့သမျှ မှတ်မှတ်ရရ ရေတွက်ကြည့်လိုက်တော့...

  • ပြည်တွင်း ခရီးဆောင်းပါး - ၁၁၈ ပုဒ်

  • ပြည်ပ ခရီးဆောင်းပါး - ၂၇ ပုဒ်

  • ပြည်တွင်း ခရီးဗီဒီယို - ၃၅ ပုဒ်

  • ပြည်ပ ခရီးဗီဒီယို - ၁၃ ပုဒ်

  • အထွေထွေ ခရီးသွားဗဟုသုတဆောင်းပါးနှင့် ဆုတောင်းစာ - ၃၄ ပုဒ်

  • အထွေထွေ ခရီးသွား နှင့် အစားအသောက်ဗီဒီယို - ၂၄ ပုဒ်

စုစုပေါင်း ဆောင်းပါး နဲ့ ဗီဒီယို အပုဒ်ရေ (၂၅၁) ပုဒ် တင်ဆက်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ဒီစံချိန်ဟာ ကျွန်တော့် Travel Page သက်တမ်း ၅ နှစ်မှာ ဒီ ၂၀၂၀ ခုနှစ်မှာမှ တင်ဆက်ခဲ့တဲ့ စံချိန်သစ်ပါ။ ကပ်ရောဂါ ကျေးဇူးပေါ့လေ။ ဒီစာတွေ ဗီဒီယိုတွေကို စိတ်ဝင်တစား ဖတ်ရှု/ကြည့်ရှုအားပေးကြသူ တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။


အဲ့ဒီထဲမှာ လူဖတ်အများဆုံး ဖြစ်ခဲ့တဲ့ ခရီးဆောင်းပါးတွေအကြောင်း ကို ပြန်ပြီး ဝေမျှပေးချင်တာပါ။ လူဖတ်အများဆုံး ဖြစ်ခဲ့ရခြင်းကတော့ အဲ့ဒီခရီးဆောင်းပါး တင်ဆက်ချိန်နဲ့ စာဖတ်သူတွေရဲ့ ခရီးသွားဖို့ ဆန္ဒရှိနေတဲ့ အရပ်ဒေသ တူညီသွားလို့ ဖြစ်မယ် ယူဆမိပါတယ်။ ကြည့်ကြည့်ပါခင်ဗျ...


လူဖတ်အများဆုံး ပြည်တွင်း ခရီးသွားဆောင်းပါးများ

လက်ရှိအခြေအနေအရတော့ Facebook က ပို့စ်တွေ မြင်ရဖို့ VPN လေးတော့ ဖွင့်ထားဖို့ လိုပါမယ်။


(၁) ကျိုက်ထီးရိုးတောင် ခြေလျင်တက်ဖို့ အကောင်းဆုံးအချိန် ရောက်ပြီ

ကျိုက်ထီးရိုးတောင်တက် ခရီးကို တမူကွဲပြားအောင် ခြေလျင်တက် အတွေ့အကြုံရေးထားခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကြားကာလအချိန်မှာ သွားလာခဲ့တာဖြစ်သလို အားကစားပုံစံနဲ့ သွားလာခဲ့တာမို့ အဖွဲ့ထဲ အတူပါလာတဲ့ မိတ်ဆွေအမျိုးသမီးများရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်စရာ ဖြစ်ခဲ့ရသလို၊ ခြေလျင်တက်တဲ့ အတွေ့အကြုံကို မီခဲ့တဲ့ လူကြီးပိုင်းသာမက တောင်တက်အလေ့အကျင့်ကို သဘောကျလာတဲ့ လူငယ်ပိုင်းကပါ အထူးစိတ်ဝင်တစား ရှိခဲ့တာပါ။ နေ့ချင်းပြန်တောင်တက်ခရီးဟာ အတော် ပင်ပန်းပေမဲ့ ပင်ပန်းရကျိုး နပ်တဲ့ ခရီးသွားစာတစ်ပုဒ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။


(၂) အင်းလေး တာခေါင်မွေတော် ဖူးကြမယ်

အင်းလေး ကို လည်ပတ်ရတာ ရိုးတယ်လို့ ထင်နေကြတဲ့အချိန်မှာ မြင်နေကျ အင်းလေး ပုံရိပ်တွေကနေ ခွဲထွက်ပြီး တာခေါင်ရွာဘက်အထိ ခြေဆန့်လို့ သမိုင်းကြောင်းထူးခြားတဲ့ တာခေါင်မွေတော် အကြောင်းကို တင်ပြခဲ့ပါတယ်။ တာခေါင်မွေတော် က စေတီပုထိုးတွေရဲ့ လက်ရာဟန်ပန်ထူးခြားမှုကြောင့်ရော၊ သမိုင်းကြောင်းကိုပါ သိခွင့်ရကြလို့ လူကြီးလူငယ် အကုန်စိတ်ဝင်စားခဲ့တယ်လို့ ယူဆမိပါတယ်။


(၃) ရတနာနတ်မယ် စံအိမ်ကြီးဆီ

ပြင်ဦးလွင်မှာ ရှိနေတဲ့ တချိန်က သမ္မတဟောင်း ကတော်ဟောင်း ရတနာနတ်မယ် အကြောင်း နဲ့တကွ သူနေထိုင်ခဲ့ရာ စံအိမ်အကြောင်း ကို ရေးသားဖော်ပြတော့ လူကြီးပိုင်းက အထူးစိတ်ဝင်စားခဲ့ကြပါတယ်။ လူမုန်းများခဲ့တဲ့ သမ္မတဟောင်းလည်း ဖြစ်တဲ့အပြင် သမ္မတကတော်ဟောင်း ဟာ အတော်ချောမောလှပတဲ့ ရုပ်ရည်ရှိတာမို့ရော တော်ဝင်သွေး ပါတဲ့သူ ဖြစ်တာမို့ရော သမိုင်းနဲ့ပတ်သက်လို့ လေ့လာလိုသူတွေ နှစ်သက်ကြပုံရပါတယ်။ တိုက်ဆိုင်စွာပဲ ဒီအကြောင်းအရာလေးတင်ပြီး လအနည်းငယ်အတွင်းမှာ ဒေါ်ရတနာနတ်မယ် ကွယ်လွန်သွားခဲ့ရှာ ပါတယ်။


(၄) ပန်းတွေ ပွင့်တဲ့အချိန် ကလော၊ အောင်ပန်း၊ ရွာငံ ဘက် ရောက်ဖူးလား

တကယ်ကို ဘာမှ အားစိုက်မထုတ်ခဲ့ရတဲ့ အကြောင်းအရာပါ။ လူတွေ နှစ်သက်ကြမယ်လို့ ယုံတောင် မယုံကြည်ခဲ့မိပါဘူး။ ပန်းနှမ်း အဝါ နဲ့ ဆီမုန်ညင်းပန်း အဖြူ တွေ ပွင့်တဲ့အချိန် ရိုက်ထားဖူးတဲ့ အလှပုံသက်သက်ပါပဲ။ ပုံမှန်အားဖြင့် ကိုယ့်ရုပ်ရည်ကိုလည်း ကြည့်ကောင်းတယ် မထင်လှတော့ ခုလို အလှပုံမျိုး ကို အားပေးမယ်လို့ လုံးဝ မထင်ထားခဲ့တာပါ။ ဓါတ်ပုံရိုက်ပေးတဲ့ ကိုရဲ (ဦးဦးရဲကလောသား) ကို ကျေးဇူးတင်ရမှာပါပဲ။


(၅) လားရှိုးတခွင် လည်ကြမယ်

ကိုဗစ်ကလည်း ဖြစ်နေချိန်၊ လားရှိုး သွားတဲ့လမ်းမှာလည်း ဟိုတိုက်ပွဲ ဒီတိုက်ပွဲတွေနဲ့ သတင်းတွေ ပွနေချိန်မှာ လားရှိုးအကြောင်း ရေးတင်တာ လူစိတ်ဝင်စားမယ် မထင်မိခဲ့တာတော့ အမှန်ပါ။ အတော်လေး အားပေးခံရတဲ့ ခရီးသွားစာလေး ဖြစ်သွားခဲ့ပါတယ်။ မထင်မှတ်ခဲ့ပါဘူး။


(၆) ရေစကြို ပခန်းကျောင်းတော်ကြီး

ခရီးသွားဖို့ ကန့်သတ်ခံထားရတဲ့ ကာလမှာ ခရီးသွားဖို့ အညွှန်းထက် ဗဟုသုတ သမိုင်းကြောင်းတွေ ပိုရေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဒီ ပခန်းကျောင်းတော်ကြီး အကြောင်းလည်း ပါဝင်ပါတယ်။ ပထမတစ်ခါ ပခုက္ကူ လည်စရာတွေ အကြောင်းရေးတော့ ထည့်သွင်းရေးသားခဲ့တော့ ရေစကြိုနယ်ခံတွေက အတော်လေး အားမရ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့်လည်း အကြွေးဆပ်တဲ့အနေနဲ့ ရေစကြို ပခန်းကျောင်းတော်ကြီး ကို ရေစကြိုမြို့ နဲ့ တွဲမြင်အောင် ပြန်ရေးပေးခဲ့တာလည်း ဖြစ်ပါတယ်။


(၇) မင်းလှ ရေတံခွန်

ဘန့်ဘွေးကျင်း ရေတံခွန် လို့ ထင်ပြီး ကဲ့ရဲ့အပြစ်တင်သူတွေနဲ့ စကားအချေအတင် ဖြစ်ခဲ့ရတဲ့အထိ ပါပဲ။ မင်းလှ ရေတံခွန် ဟာ ဘန့်ဘွေးကျင်း နဲ့ မနီးမဝေး မှာ တည်ရှိနေတဲ့ နောက်ထပ် ရေတံခွန်တစ်ခုပါ။ တရုတ်သိုင်းကားတွေထဲကလို ရေတံခွန်ဖြာကျနေတာ လှလွန်းနေပြီး ရေတံခွန်က သုံးရာသီ ရေအားပြင်းပြင်းနဲ့ စီးဆင်းတယ် ဆိုတာကြောင့် လူငယ်တွေ အတော် သဘောကျခဲ့ကြပါတယ်။


(၈) ရာသီမရွေးလှတဲ့ မိုးကုတ်

မိုးကုတ်အကြောင်းကို ခရီးသွားစာတွေ သေချာ စရေးကတည်းက ခဏ ခဏ ရေးဖြစ်တယ်။ ဒီတစ်ခါတော့ အရှေ့ကနဲ့မတူ အပြည့်စုံဆုံး ရေးသားနိုင်ခဲ့တာလို့ ကိုယ့်ကိုကိုယ်တော့ ယူဆမိပါတယ်။ လည်စရာတွေ စုံစိနေအောင် ရေးလိုက်နိုင်လို့လည်း အလည်သွားမဲ့သူတွေ ပို အဆင်ပြေသွားပုံရပါတယ်။ လူဖတ်များတဲ့ စာလေး ဖြစ်သွားရပါတယ်။


(၉) စစ်ကိုင်းက ရုပ်စုံကျောင်းကြီး

မြန်မာပြည်မှာ သိပ်လှပြီး သိပ်တန်ဖိုးရှိတဲ့ ရုပ်စုံကျောင်းကြီးတချို့ ကျန်ရစ်နေပါသေးတယ်။ အဲ့ဒီအထဲက တစ်ကျောင်းကတော့ စစ်ကိုင်းတောင် မှာ ရှိနေတာပါ။ အဲ့ဒီတုန်းကလည်း ဗဟုသုတ သမိုင်းအနေနဲ့သာ ရေးလိုက်ပေမဲ့ အဲ့လောက် နှစ်သက်ကြမယ် မထင်မိခဲ့တာ အမှန်ပါပဲ။


(၁၀) နတ်မတောင် တက် ခရီး

ခေါနူသုမ် (စုမ်) တောင်၊ ဝိတိုရိယတောင်၊ နတ်မတောင် စတဲ့ အမည်အမျိုးမျိုးနဲ့ နာမည်ကျော်တဲ့ ချင်းပြည်နယ် တောင်ပိုင်းက အထင်ကရ တောင်ကို တက်တဲ့ခရီးစဉ် ဟာ ရာသီအချိန်အခါနဲ့ အံဝင်ခွင်ကျခဲ့လို့ ထင်ပါရဲ့ လူဖတ် အတော်များခဲ့ပါတယ်။ ဒီခရီးကိုလည်း ကျွန်တော်ဟာ ခြေလျင် အစအဆုံး တက်ခဲ့တာမို့ ပင်ပန်းရကျိုးနပ်တယ်လို့ပဲ ဆိုချင်ပါတယ်။


လူဖတ်အများဆုံး ပြည်ပ ခရီးသွားဆောင်းပါးများ

လက်ရှိအခြေအနေအရတော့ Facebook က ပို့စ်တွေ မြင်ရဖို့ VPN လေးတော့ ဖွင့်ထားဖို့ လိုပါမယ်။


(၁) အိန္ဒိယ နဲ့ ပါကစ္စတန်နယ်စပ် က ကက်ရှ်မီးယားဒေသ ဆီ

နှင်းတွေကို ချစ်တဲ့ ကျွန်တော်တို့ မြန်မာတွေအတွက် ကက်ရှ်မီးယား ခရီးစဉ် ဟာ စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့သလို၊ နိုင်ငံတကာရေးရာစိတ်ဝင်စားတဲ့ လူကြီးလူငယ်တွေအတွက်လည်း ဒီဒေသကို မြည်းစမ်းဖို့ ဖတ်ကြည့်ဖြစ်ကြတယ်လို့ ယူဆမိပါတယ်။


(၂) ထိုင်း က လမ်းဘေးစာလေးများ

ကျွန်တော်တို့ မြန်မာတွေ အကြိုက်ဆုံး နိုင်ငံခြားအစားအသောက် ဟာ ထိုင်းအစားအသောက်များ ဖြစ်မလားဘဲ။ ထိုင်းရောက်ရင် စားကြည့်သင့်တဲ့ လမ်းဘေးစာတွေအကြောင်း ရေးတဲ့ ဒီစာကို အားပေးချက်ကတော့ အားရစရာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ထိုင်းရောက်တဲ့ အကြိမ်ကြိမ် ကို အစားအသောက်တွေ ခွဲပြီး ရိုက်ယူခဲ့ရတာပါ။ တစ်ကြိမ်တည်း ရှာဖွေစားသောက်ဖို့တော့ နည်းနည်း ခက်ပါမယ်။ ဒါကြောင့်လည်း အားပေးမှုကို အထူးကျေနပ်အားရမိပါတယ်။


(၃) နယ်စပ်က သွားလို့ရတဲ့ ချင်းရိုင်မြို့လေးဆီ

တာချီလိတ်နယ်စပ်ကနေ နေ့ချင်းပြန်သွားလည်ဖြစ်ခဲ့တဲ့ ချင်းရိုင်မြို့လေးအကြောင်းကို ရေးဖြစ်တော့လည်း မထင်ထားမိဘူး။ ချင်းရိုင် က လက်ရာမြောက်တဲ့ စေတီတွေအကြောင်း သဘောကျသွားတယ်လို့ ထင်ပါတယ်။


(၄) အလွမ်းကြောင့်ဖြစ်တည်တဲ့ ဂူဗိမာန် တာ့ချ်မဟာ

အိန္ဒိယနိုင်ငံ က တာ့ချ်မဟာ ဂူဗိမာန် သွားလည်တဲ့အကြောင်း ကိုလည်း အတော်လေး သဘောကျကြတယ်လို့ သိရပါတယ်။ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာ ဖြစ်ရသလို၊ အဲ့ဒီတုန်းက အတူသွားခဲ့တဲ့ မင်းသမီး ယုသန္တာတင် ရဲ့ ဓါတ်ပုံလှလှကြောင့်လည်း အားပေးကြတာလို့ ယူဆမိပါတယ်။


(၅) မလေးရှား က ကွာလာလမ်ပူ နဲ့ ဆီလန်ဂေါ မြို့တွေလည်မယ်

မလေးရှားခရီးသွားလုပ်ငန်း ရဲ့ ဖိတ်ကြားမှုနဲ့ သွားလည်ခဲ့ရတုန်းက ကိုယ်လိုသူလို နိုင်ငံတကာက Blogger တွေ အများကြီး စုံကြရတယ်။ အဲ့ဒီမှာ မဲနှိုက်ပြီး တာဝန်ပေးတဲ့ မြို့တွေကို လည်ပတ်ပြီး အဲ့ဒီအကြောင်း ရေးကြရတာ။ ကျွန်တော်က ကွာလာလမ်ပူ နဲ့ ဆီလန်ဂေါမြို့တွေ တာဝန်ကျတယ်။ အဲ့ဒီမှာ ဆုံတွေ့ခွင့်ရခဲ့တဲ့ ကိုထက် ကျေးဇူးနဲ့ အဆင်ပြေပြေ လည်ပတ်လေ့လာ ရေးသားနိုင်ခဲ့တာပါ။ သူများထက် ပိုအပင်ပန်းခံ သွားလာရကျိုးနပ်အောင် အားပေးကြလို့ ပျော်ရပါတယ်။


(၆) စမွီကျွန်း က အန်သောင်ဝ် အမျိုးသားအဏ္ဏဝါဥယျာဉ်

အမျိုးသားအဏ္ဏဝါဥယျာဉ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြလို့ ထင်ပါတယ် အတော်လေး လူဖတ်များခဲ့တယ်။ တကယ်တော့ အဲ့တုန်းက ဓါတ်ပုံလှလှလည်း မရိုက်တတ်သေးသလို၊ ကင်မရာကောင်းကောင်းတောင် မဝယ်နိုင်သေးတဲ့အချိန်က သွားခဲ့တာပါ။


(၇) လိကျန်းမြို့ က ရေခဲတောင်

တရုတ် ယူနန်နယ် က လိကျန်းမြို့ဟောင်း နဲ့ မဝေးတဲ့နေရာမှာ ရှိတဲ့ Jade Dragon ရေခဲတောင်ဟာ အတော်လည်လို့ ကောင်းပါတယ်။ စိတ်ထဲ ဆွစ်ဇလန် ရေခဲတောင်ထက်တောင် လှပြီး လည်ရပတ်ရ အဆင်ပြေတယ်လို့ ယူဆမိတယ်။ အဲ့ဒီအကြောင်းလေးကတော့ ထုံးစံအတိုင်း နှင်းချစ်တဲ့ ကျွန်တော်တို့လူမျိုးတွေ သဘောတွေ့ကြတယ်ပေါ့လေ။


(၈) အစ္စရေးနိုင်ငံ လည်ကြမယ်

အစ္စရေးနိုင်ငံ ခရီးစဉ်အကြောင်း အဲ့လောက် စိတ်ဝင်စားကြမယ် မထင်မိခဲ့တာ အမှန်ပါ။ ကျွန်တော် ရေးခဲ့တဲ့ ပြင်သစ်ခရီးထက်တောင် အစ္စရေးအကြောင်းက ကျွန်တော့်စာဖတ်သူတွေနဲ့ အစပ်အဟပ်တည့်သွားပုံ ရတယ်။ အစ္စရေး မှာ အလုပ်လုပ်ဖူးသူတွေ၊ အလုပ်လုပ်နေသူတွေ လည်း ဝေမျှကြတယ်။ အစ္စရေးကို စိတ်ဝင်စားသူတွေလည်း အထူးသဘောကျကြပါတယ်။


(၉) တာလီမြို့ က ဘုရားသုံးဆူ

တရုတ် ယူနန်နယ် တာလီမြို့ဟောင်း က ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ ကျယ်ဝန်း လှပတဲ့ ဘုရားသုံးဆူ ဘုရားကျောင်းအကြောင်းကို စိတ်ဝင်တစားဖတ်ရှုကြပါတယ်။ တာလီမြို့ကို ရောက်ဖူးသူတွေလည်း ပြန်လည် ဝေမျှကြတာ သတိပြုမိပါတယ်။


(၁၀) ပန်းရောင်မြို့တော် Jaipur

အိန္ဒိယနိုင်ငံ က ပန်းရောင်မြို့တော်အဖြစ် ခရီးသွားတွေအကြား အထူးရေပန်းစားနေတဲ့ ဂျိုက်ပေါမြို့အကြောင်း ကို ပြည်ပခရီးသွားဖို့ စိတ်ဝင်စားသူတွေ အတော် သဘောကျကြတာ တွေ့ရပါတယ်။ တကယ်လည်း လှသလို ဓါတ်ပုံရိုက်စရာပေါတဲ့ ဒေသမို့ ဓါတ်ပုံတွေကြည့်ရင်း လည်ချင်စိတ်ပေါ်ခဲ့ကြပုံပါပဲ။


ဒီအကြောင်းအရာတွေကတော့ ကျွန်တော့်ရဲ့ ၂၀၂၀ ခုနှစ်တုန်းက ရေးသားတင်ဆက်ခဲ့သမျှထဲမှာ လူဖတ်အများဆုံး ပြည်တွင်း နဲ့ ပြည်ပ ခရီးစဉ်တွေပါ။ လူဖတ်များပေမဲ့ ကျွန်တော်ကိုယ်တိုင် အားမရတဲ့ စာတွေလည်း ရှိသလို၊ လူဖတ်မများပေမဲ့ ကျွန်တော် သိပ်ကြိုက်တဲ့စာတွေလည်း ရှိပါတယ်။ သို့ပေမဲ့ ပေါ့လေ....


ဘယ်လိုပဲ ဖြစ်ဖြစ် အားပေးဖတ်ရှုခဲ့ကြသူအားလုံးကို လေးလေးစားစား ကျေးဇူးတင်မိတာတော့ အမှန်ပါ။ နောက်ထပ် ရေးချင်စိတ်ဖြစ်အောင်လည်း တွန်းအားတွေ ဖြစ်ရပါတယ်။ ကမ္ဘာကြီးလည်း အမြန်နေကောင်းမယ်၊ မြန်မာမှာလည်း လူတိုင်းဆန္ဒတွေပြည့်ဝပြီး ငြိမ်းချမ်းသွားမယ်ဆိုရင် ခရီးတွေအများကြီးထွက်ပြီး စာတွေ ဆက်ရေးနေပါဦးမယ်ဗျာ။ နောက်တစ်ခုမှာတော့ ဗီဒီယိုတွေအကြောင်း ပြောတာပေါ့နော်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

138 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page