ကျွန်တော် ရှမ်းပြည်တောင်ပိုင်းဘက် ခြေဆန့်တာ ခဏခဏပဲ။ တစ်ခါမှတော့ ရေပြာအိုင်ဆိုတာကို မရောက်ဘူးခဲ့တာ အမှန်။ ဒါနဲ့ပဲ ဒီတစ်ခေါက်တော့ ရေပြာအိုင်ဆိုတာကြီးကို တကယ် ပြာ မပြာ သွားကြည့်မဟဲ့လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကျွန်တော် ဟိုးတစ်ခါက မန္တလေးမြို့နားက ဒီးဒုတ်ရေပြာအိုင်အကြောင်း ရေးဖူးသေးတယ်။ ဒီးဒုတ်ကို သွားရတာကလည်း တမျိုး ပျော်စရာ ကောင်းပါတယ်။ တောင်တွေတက်ရတယ်။ ရေတံခွန် အဆင့်ဆင့်တွေ့ရတယ်။ ရေကလည်း ပြာတယ်ပေါ့။ ဒါက အလှတစ်မျိုး။ ဟောဒီ ရှမ်းပြည်က ရေပြာအိုင်ကလည်း အလှတစ်မျိုးပါ။
သူ့ဆီကို သွားရင်တော့ ခက်ခက်ခဲခဲ တောင်တွေတက်စရာမလိုဘဲ၊ ကားလေးနဲ့ တန်းပြီး ငြိမ့်ငြိမ့်ကလေး သွားလို့ရတယ်။ ကလောမြို့ကနေဆိုရင်တော့ နည်းနည်းတော့ လှမ်းတယ်ပြောရမယ်။ ကားလမ်းကောင်းတော့ သွား ပျော်တယ်လေ။ မြသပိတ်ရေပြာအိုင်က ရွာငံမြို့နယ်၊ မြင်ကျဒိုး၊ တောကျယ်ရွာမှာ ရှိတာမို့ တချို့လည်း အလွယ် ရွာငံ ရေပြာအိုင် ခေါ်ကြတယ်။ တချို့လည်း တောကျယ်ရေပြာအိုင်တဲ့။ ကျွန်တော်ကတော့ ရွာငံရေပြာအိုင်လို့ပဲ စွဲနေတော့ မြသပိတ်ရေပြာအိုင်ဆိုတဲ့ နာမည်ကို တခါတလေ မေ့မေ့နေတတ်တယ်။
မန္တလေး ဒီးဒုတ်ရေပြာအိုင် နဲ့ ရွာငံ မြသပိတ်ရေပြာအိုင် ဘာကွာလဲမေးရင်တော့ အရင်ဆုံး ရေအရောင် လို့ ပြောရမယ်။ မြသပိတ်ရေပြာအိုင်က ရေရဲ့အပြာရောင်က အတော်လည်း ပြာလဲ့နေလို့ ထူးခြားမှုကို ချက်ချင်းခံစားရတယ်။ ဒီးဒုတ်ရေပြာအိုင်က ရေလည်း ပြာပေမယ့် ပြာတဲ့အရောင်စိုမှုက နည်းနည်းကွာတယ်။ နောက်တစ်ခုက မြသပိတ်ရေပြာအိုင်က ရေအရမ်းကြည်တယ်။ ဒီးဒုတ်မှာတော့ လူတွေကို ရေကစားခွင့်ပြုထားလို့လားတော့ မသိဘူး၊ ရေတွေက အမြဲနောက်ကျိနေတယ်။ အပန်းဖြေစရာနေရာပုံစံပြောင်းလိုက်တော့ သဘာဝ ရေကျတွေကို သဲအိတ်တွေနဲ့ ကာလိုက်တာမျိုးလို သဘာဝအနေအထားတွေ ပြုပြင်လိုက်တာမို့လည်း ရေအရောင်ပြောင်းတာ၊ ရေရဲ့ကြည်လင်မှုနည်းသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ ဒီးဒုတ်က ရေတံခွန်ပုံစံနဲ့ ရေရှင်ဖြစ်နေတယ်။ မြသပိတ်ရေပြာအိုင်ကတော့ ရေသေဖြစ်ပုံရပြီးတော့ လူတိုင်းရေဆင်းကစားဖို့ မဖြစ်နိုင်လောက်အောင် ရေနက်တာကို တွေ့ရပါတယ်။
မြသပိတ်ရေပြာအိုင်ကတော့ ဒေသအယူအဆပဲလားတော့ မသိပါဘူး။ အရမ်းကို နတ်ကြီးသယောင် အလေးအမြတ်ထားကြတာ တွေ့ရပါတယ်။ ဒီကိစ္စမျိုးတော့ ကျွန်တော် သိပ်မသိနားမလည်ပါဘူး။ ဒါပေမယ့် ခုလိုမျိုးဆိုတော့လည်း သဘာဝအနေအထားကို သဘာဝအတိုင်း ပီပီပြင်ပြင် ထိန်းသိမ်းလိုက်နိုင်တယ် ဆိုတဲ့ အတွေးနဲ့ သဘောတော့ ကျမိသွားတယ်။ တချို့ကလည်း နောင်ပွင့်မယ့် ဘုရားရဲ့ သပိတ် ရှိနေတယ်လို့ ယုံကြည်ကြတယ် ကြားဖူးတယ်။ တစ်ခါက နိုင်ငံခြားသားတစ်ယောက် ရေငုပ်ဝတ်စုံ၊ ကိရိယာအပြည့်အစုံနဲ့ ဆင်းလေ့လာတာ တွေ့လို့ ဒေသခံတွေ တားမြစ်တယ်ဆိုပြီး ဖတ်ဖူးလိုက်သေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက လူတွေ သွားလာနေကြပြီး ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီကစလို့ ကြိတ်ကြိတ်တိုး လည်ပတ်သူများခဲ့တာကြောင့် တစ်ဦးချင်း အလှည့်ကျ တန်းစီပါ ဆိုတာမျိုးလို သတိပေးစာတန်းတွေ ကပ်ထားတာတောင် ခုထိ တွေ့ရပါတယ်။ ခရီးသွားရာသီဆို ဧည့်များတတ်တာမို့လည်း အမှိုက်များမှာ စိုးရိမ်ပြီး အမှိုက်စွန့်ပစ်တာ၊ အော်ဟစ်ပြောဆိုတာ၊ ညစ်ညစ်ညမ်းညမ်းပြောဆိုနောက်ပြောင်တာတွေကို သတိပေးချက်ထုတ်ထားတာတွေ့ရတယ်။ ရေပြာအိုင်မှာ ရေချိုးရေခပ်တာကိုလည်း တားသလို၊ လက်ဆေး ခြေဆေးလည်း လုပ်ခွင့်မပြုပါဘူး။ မူလ ရည်ရွယ်က ဘယ်လိုရှိမယ် မသိပေမယ့် ကျွန်တော်ကတော့ သဘာဝဝန်းကျင်ကို ထိန်းသိမ်းပြီးသားလည်းဖြစ်၊ နယ်ခံတွေရဲ့ အကျိုးအတွက်လည်း ရေရှည်စီးပွားဖြစ်နိုင်တာမို့ Tourism အမြင်အရ သဘောကျတယ်ဗျာ။
တောကျယ် မြသပိတ်ရေပြာအိုင်ကို ရောက်ဖို့ကတော့ ခြောက်ထဲ ပြန်ဆင်းရတာပါ။ ဒီးဒုတ်တုန်းကတော့ ကျွန်တော်တို့က တောင်ပေါ်တက်ရတယ်ပေါ့။ ပြောင်းပြန်တွေ။ မြသပိတ်ရေပြာအိုင်မှာ ရေဆော့မရပေမယ့် အနီးအနားမှာ ချောင်းတစ်ခုရှိပါသေးတယ်။ အဲ့ဒီမှာ ရေချိုးလို့ရသလို၊ နည်းနည်းဆက်သွားရင်လည်း တောကျယ် ရေတံခွန် ရှိသေးလို့ အဲ့ဒီမှာလည်း ရေချိုးနိုင်သေးတယ်။ မြသပိတ်ရေပြာအိုင် မရောက်ခင်မှာ ဈေးတန်းလေးကို ဖြတ်လာရတယ်။ သစ်သီးတွေ၊ ရှမ်းပြည်ထွက် အစားအစာအခြောက်တွေ၊ သစ်ခွတွေ၊ ပန်းတွေ၊ ရေသန့်၊ အအေး စတာတွေ ရောင်းပါတယ်။ အဲ့ဒါလေးကျော်လိုက်တာနဲ့ မြသပိတ်ရေပြာအိုင် လမ်းညွှန်ဆိုင်းဘုတ်နဲ့အတူ ဘုရားကျောင်းဆောင်တစ်ခု တွေ့ပါမယ်။ အဲ့ဒီကနေ တောအုပ်ပုံစံမျိုးလေးထဲကို လူနှစ်ယောက်ရှောင်လို့လွတ်စာ ကွန်ကရစ်လမ်းလေး ခင်းပေးထားပါတယ်။ ကွန်ကရစ်လမ်းလေးအတိုင်းလျှောက်သွားရင် ရေအိုင်ဆီ ဆင်းတဲ့ လှေကားတစ်ခုကို တွေ့ပါတယ်။ အဲ့ဒီလှေကားထိပ်ကနေ ရေပြာအိုင်ရဲ့ အလှကို စပြီး ခံစားနိုင်ပါပြီ။ အောက်ကိုဆင်းလို့ ရေပြာအိုင်အနား သေချာကြည့်ရင် ရေအောက်ထိ ကြည်ကြည်လင်လင်မြင်တွေ့ရပြီး ရေအောက်ထဲ ထိုးထွက်နေတဲ့ သစ်ပင်မြစ်တွေ၊ ရေအောက်ထဲ ရှင်သန်နေတဲ့ အပင်နဲ့ ငါးလေးတွေကို သေသေချာချာကြီး မြင်ရပါတယ်။ ရေကတော့ တော်တော်လေး နက်ပုံပေါ်ပါတယ်။ ရေကန်နားကို သံဇကာနဲ့ ကာရံထားပြီး သံဇကာကနေ လှမ်းကြည့်ရပါတယ်။ ရေကို ကိုင်ချင်တာတော့ ကိုင်ဖို့ခက်တဲ့အနေအထားဖြစ်အောင် စီစဉ်ထားပုံရပါတယ်။ သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုကို မျက်မြင်ခံစားရစေပါတယ်။ ရေပြာအိုင်ဆီကနေ လာရာလမ်းအတိုင်း ပြန်တက်တော့ နည်းနည်းမောပါတယ်။ ဒါတောင် လှေကားအတိုင်း တက်ရတာပါ။
အဲ့ဒီနောက်တော့ ရွာငံဒေသရဲ့ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နောက်ထပ်နေရာတစ်ခုကို သွားဖြစ်ပါတယ်။ အဲ့ဒါကတော့ တောကျယ် ရေတံခွန်ဆီပါ။ တောကျယ် ရေတံခွန်ကလည်း ခုထိ လုံးဝ သဘာဝအတိုင်းပါ။ လာရောက်လည်ပတ်သူတွေ နည်းပါးသေးတယ်။ ရေဆော့ကစားတဲ့သူတွေ ရှိပေမယ့် အရမ်းကြီး များပြားထူထပ်မနေဘူး။ အနီးအနားမှာ သဘာဝအလှကို ဖျက်ဆီးမယ့် စီးပွားဖြစ် အဖျော်ယမကာဆိုင်တွေ ရှိမနေဘူး။ ဆိုလိုတာက ဘီယာလိုဟာမျိုးတွေ မရောင်းဘူးတော့ မဟုတ်ပါဘူး။ ရောင်းပါတယ်။ သံဗူးဘီယာတွေကို ဝယ်လို့ရပေမယ့် ရေတံခွန်နဲ့ အတော်ဝေးဝေးက ဈေးဆိုင်တန်းငယ်လေးတွေ ဆီမှာပါ။ ဒီးဒုတ် ဆိုရင် ရေတံခွန်ကြီးဘေးမှာ အစုံရတဲ့ဆိုင်တွေကို ရေထဲထိုးထွက် ဆောက်ထားလိုက်တော့ အကျိုးဆက်က အဲ့ဒီနားမှာ ရေဆော့လိုက် အရက်သောက်လိုက် အမြည်းစားလိုက် နဲ့ မူးရူးပျော်ပါးသူတွေချည်း များပြားနေတော့တာပါပဲ။ ပိုပြီးဆိုးတာက အဲဒီဆိုင်တွေက စပီကာကြီးတွေနဲ့ DJ Hit လေးတွေ ဖွင့်လိုက်တော့ ဘာပြောကောင်းမလဲ ဝါတားဖာတီ၊ ရေဖာတီ ကို ဖြစ်နေတော့တာပေါ့။
တောကျယ် ရေတံခွန်မှာတော့ ဒါမျိုး မရှိ။ ကျွန်တော်တို့ သွားတဲ့အချိန် ရေတံခွန်က ရေကျများပြီး လှနေတယ်။ ဝါးတန်းလေးကနေ ချောင်းကို ဖြတ်ရတာကလည်း အသည်းတယားယားပဲ။ ရေတံခွန်မှာ ရေကစားဖို့ အပေါ်လမ်းကနေလာလို့ရသလို၊ အောက်လမ်းကလည်း သွားလို့ရတယ်။ အောက်လမ်းကနေ လာရင်တော့ ခြေချော်နိုင်သလို ခြေကုတ်မြဲမြဲနဲ့ သတိထားသွားရတယ်။ အဲ့ဒီနေ့က ဒေသခံ ကလေးငယ်လေး နှစ်ယောက်နဲ့ တွေ့တယ်။ မူလတန်းအရွယ်ကလေးတွေပါ။ မောင်နှမ ထင်ပါရဲ့။ ကျောင်းစိမ်းလေးတွေနဲ့ ကျောင်းကအပြန် ရေဆော့နေကြပုံပဲ။ လွတ်လပ်ပေါ့ပါးပျော်ရွှင်နေလိုက်တာ။ ကျွန်တော်တို့ကသာ ရေတံခွန်အောက် ရေမဆော့ရဲတယ်။ သူတို့ကျတော့ သွက်သွက်လက်လက်နဲ့ ဘယ်လိုတွေ ရေတံခွန်အောက် ရောက်သွားသလဲမသိဘူး။ ရေတံခွန်ထိပ်ထိလည်း ဘယ်လိုတွေ တွယ်တက်လာလဲ မသိဘူး။ သူတို့ကြည့်ရင်း ကိုယ်ပါ အလိုလို ပျော်လာတယ်။ ကြားဖူးတာပေါ့... အသက်ကြီးလာလေ အရက်မပါဘဲ ပျော်ရွှင်မှု နည်းလာလေတဲ့။ ခုတော့ ဒီနေရာမှာ အရက်သောက်စရာမလိုဘဲ ကျွန်တော်လည်း ပျော်ရွှင်နေခဲ့ပြီလေ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comentários