top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

မြိတ်ရောက်ရင် ဘာစားမလဲ

Writer's picture: Thiha Lu LinThiha Lu Lin

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော် မြိတ်မှာ မြိတ်ဒေသစာလေးတွေ သွားစားခဲ့တယ်ဗျ။ မြိတ်သံဝဲဝဲလေးတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေကြားမှာ သူတို့စကားသံကို မနည်းလိုက်ဖမ်းယူရတာလည်း တစ်မျိုးပျော်စရာကောင်းနေတယ်။ ကိုယ်တွေဆီမှာ ခေါ်တဲ့ အသုံးအနှုန်းနဲ့ မြိတ်ဘက်မှာခေါ်တဲ့အသုံးအနှုန်းလေးတွေ လွဲနေလို့ မြိတ်သူမြိတ်သားတွေက ကိုယ့်စကားနားလည်ပေမဲ့ ကိုယ်က သူတို့စကားနားမလည်တာကလည်း ကိုယ့်ဟာကိုယ် ရယ်ရပြန်တယ်။ ကျွန်တော်တို့ ဂုံး လို့ သိကြတဲ့ ပင်လယ်ကောင်လေးကို သူတို့က ရှပ် လို့ ခေါ်ကြတယ်။ အဲ့ဒီလိုလေးတွေတော့ ရှိတယ်ပေါ့လေ။


မြိတ်မှာ စားကောင်းတဲ့နေရာလေးတွေ တော်တော်များများ ရောက်ခဲ့တယ်ပဲ ဆိုရမယ်။ မြိတ်ရောက်ရင် ဒီဆိုင်လေးတွေ စားခဲ့နော်။


မိတ်ဆက် ကပ်ကြေးကိုက်

မြေနီလမ်းပေါ်မှာ ရှိတဲ့ မိတ်ဆက် ကပ်ကြေးကိုက်ဆိုင်ဆိုရင် မြို့ခံတွေလည်း ညွှန်းတတ်တာ သတိထာထးမိတယ်။ မြိတ်မှာ မနက်စာ ကောင်းကောင်းစားဖို့ ဒီဆိုင်လေးက အဆင်ပြေတယ်။ ဆိုင်းဘုတ်ကြီးကြီးမားမား တင်ထားတာမရှိဘဲ။ လုံးချင်းအိမ်လေးရဲ့ ထိပ်နားမှာ မိတ်ဆက် ဆိုတဲ့ စကားလုံးကို အင်္ဂတေနဲ့ပဲ ထိုးထားတယ်။ မသိရင် ဆိုင်လို့ သိစရာမရှိ။ အတွင်းပိုင်းမှာတော့ တော့ ဘားကောင်တာလေးနဲ့အတူ စားပွဲတွေခင်းထားပေးပါတယ်။ ကပ်ကြေးကိုက် အပြင် ဒင်ဆမ်းလည်း ရတယ်။ ကပ်ကြေးကိုက်က ပုစွန်နဲ့ ပင်လယ်စာစုံစုံကို များများလေးထည့်ပေးထားတော့ စားရတာ အရသာ ရှိပါတယ်။ ပဲပင်ပေါက်ချဉ်လေးနဲ့ တွဲစားရင် သိပ်လိုက်ဖက်တယ်။ အများသူငှာ ညွှန်းဆိုရလောက်အောင်ကို ကပ်ကြေးကိုက်က စားလို့ကောင်းတယ်။ ဒင်ဆမ်းကတော့ သိပ်ထူးခြားပြီး မနေပါဘူး။ မနက်စောစောသွားမှ စုံစုံလင်လင်ရပါတယ်။ ကပ်ကြေးကိုက် တစ်ပွဲကို ၁,၂၀၀ ကျပ်ပါ။ ဒင်ဆမ်း ကတော့ တစ်ပွဲ ၆၀၀ ကျပ် ပေးရပါတယ်။


ရွှေနှင်းဆီ ပင်လယ်စာ စားသောက်ဆိုင်

ဒီဆိုင်က ကော့သောင်းဘက်မှာလည်း ရှိတဲ့ဆိုင်ပါ။ မြိတ်မှာဆိုရင်တော့ ဗန္ဓုလလမ်းဆုံ၊ ကြံတောရပ်ကွက်မှာ ရှိပါတယ်။ ခြံဝင်းကျယ်ကျယ်မှာ သစ်ပင်လေးတွေ အုပ်ဆိုင်းဆိုင်းနဲ့ ဥယျာဉ်လေးတစ်ခုဖြစ်နေအောင် ဖန်တီးထားသလို၊ ဆိုင်လေးကို လှည်းဘီးလေးတွေနဲ့လည်း အလှဆင်ထားပါတယ်။ သီးသန့်အဆောင်လေးတွေမှာ စားနိုင်သလို လူအများတစ်ခါတည်းစားနိုင်တဲ့ နေရာတွေလည်း ရှိပါတယ်။ ကျွန်တော့အမြင်ကတော့ ခြံကြီးထဲမှာ စားမဲ့နေရာတွေ ပြန့်ကျဲနေတယ်လို့ပဲ မြင်မိတယ်။ ဥယျာဉ်လေးထဲ စားရတဲ့ ခံစားမှုမျိုးတော့ ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ထိုင်တဲ့နေရာလေးဆို ဘေးမှာ ချောင်းလေးနဲ့။ ချောင်းလေးပေါ်ကို တံတားထိုးပြီး ဦးပိန်တံတား လို့တောင် ရေးထားသေး။ စပ်စုစိန် ကျွန်တော်က မနေတတ်စွာ ဝန်ထမ်းမလေး တစ်ယောက်ကို မေးလိုက်တယ်။ ဦးပိန်တံတားပုံစံနဲ့တူနေလို့ ဦးပိန်တံတားလို့ နာမည်ပေးထားတာလားဆိုတော့ ရယ်ပြီးပြောတယ်။ ဆိုင်ရဲ့ ကျေးဇူးရှင် ဦးပိန်ကို အမှီပြုပြီးပေးထားတာပါတဲ့။


ဆိုင်က ပင်လယ်စာတွေကောင်းတယ်ဆိုတာ စားကြည့်တော့ လုံးဝ လက်ခံသွားတယ်။ ထိုင်းအစားအစာလေးတွေ အများစု ရနိုင်တယ်။ ပြီးတော့ ထူးထူးဆန်းဆန်းနာမည်လေးတွေနဲ့ဟင်းတွေ ရှိတယ်။ ဟင်းလျာမီနူးထဲမှာဆို ဟင်းတွေများလွန်းလို့ ရွေးပါလေ့။ စားဖိုမှူးတွေက ထိုင်းမှာ အနှစ် ၂၀ တောင် လုပ်သက်ရှိလာသူတွေတဲ့။


ချပေးတဲ့ ဟင်းတွေထဲမှာ သဘောအကျဆုံးကတော့ ထိုင်းငပိရည်၊ ငပိကြော်နဲ့ တို့စရာတွေပဲ။ ထိုင်းတို့စရာပုံစံမို့ ကြက်ဥဆူးပုပ်ကြော်တို့ ငုံးဥတို့လို ကျွန်တော်တို့ မြန်မာတွေ တို့စားလေ့မရှိတဲ့ဟာတွေပါ ပါလာတယ်။ ပင်လယ်စာတွေ ဒီမှာစားတာ ပိုတန် ပိုကောင်းတယ်။ ကဗြုန်း၊ ရှပ်၊ ခရု၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ကမာ၊ ကဏန်းပျော့၊ ခရင်း နဲ့ ပင်လယ်ငါးတွေ စားသင့်တယ်။ ကြော်တာ၊ ချက်တာ ဘယ်လိုလုပ်ချင်သလဲ။ စုံလွန်းလို့ ခေါင်းမူးသွားမယ်။ ဈေးလည်း သက်သာပါတယ်။


Royal အကင်ဆိုင် က ရေငန်းသီးဖျော်ရည်

မြိတ်ရောက်ရင် ဒီဆိုင်က ရေငန်းသီးဖျော်ရည်ကို မြည်းစမ်းသင့်တယ်လို့ ညွှန်းပါရစေ။ Royal က ကိုယ်တိုင်ကင်ရတဲ့ အကင်ဆိုင်လေးပါ။ အကင်ဆိုင်အနေနဲ့လည်း အတော်နာမည်ရပါတယ်။ ပင်လယ်စာတွေကို အကင်အိုးနဲ့ ကင်စားရတာ ဈေးလည်း အတော်သက်သာပြီးတန်တယ်လို့ အတော်များများက ပြောကြတယ်။ ကျွန်တော်ထင်တာက အကင်ဆိုင်ဆိုတာ ဆိုင်က ကင်ပေးပြီး ကျွန်တော်တို့က အသင့်စားရုံထင်တာ။ တကယ်တမ်းသွားကြည့်မှ အလယ်အိုးတည်ပြီး ကိုယ်တိုင် ဝိုင်းကင်စားရတဲ့ အကင်ဆိုင်မျိုးဖြစ်နေတာမို့ ဒီဆိုင်မှာ မစားဖြစ်တော့ဘူး။ ဒါပေမဲ့ ဒီဆိုင်ရဲ့ နာမည်ကြီး ရေငန်းသီးဖျော်ရည်တော့ ရအောင် သောက်ခဲ့တယ်။ တစ်ခွက် ၅၀၀ ဆိုလားပဲ။ ဆားငံသီးဖျော်ရည်နဲ့ ဆင်တယ်။ သောက်လို့ကောင်းတယ်။ ခံတွင်းရှင်းပြီး အမူးအမောပြေသွားသလိုပါပဲ။


ပင်လယ်မေ စားသောက်ဆိုင်

ညဘက် ဘာလေးညာလေး သောက်ရင်း ပင်လယ်စာနဲ့ မြည်းမယ်။ စားမယ်။ သောက်မယ်ဆိုရင် ပုလဲဒီပါရပ်၊ အေးရိပ်ချောင်လမ်းပေါ်က ပင်လယ်မေ ဆိုင်ကိုသွားကြည့်သင့်တယ်။ ပင်လယ်စာတွေ ရွေးဖို့ စုံစုံခင်းထားတယ်။ ကိုယ်တိုင်ရွေးယူပြီး ကြိုက်သလို ချက်ခိုင်း၊ ကြော်ခိုင်း၊ ကင်ခိုင်း နိုင်တယ်။ ရှားရှားပါးပါး ပင်လယ်ကောင်တွေလည်း ရှိပါ့ဗျား။ ကဏန်း၊ ပုစွန်၊ ရှပ်၊ ကင်းမွန်၊ ရေဘဝဲ၊ ပကန်း (ကင်းပုစွန်)၊ ကမာ၊ ကင်း၊ ခရုအုန်း၊ ခရုအူ၊ ခရုညို၊ တူရွှင်းပြား (ယောက်သွား)၊ လိပ်ကျောက်၊ ကပြုံး၊ ခရင်း၊ ဂျင်း၊ ကျောက်ငါး တို့လို ပင်လယ်စာစုံစုံရတယ်။ ဆော်လမွန်ငါးလည်း ရတယ်။ ကြိုက်တတ်ရင် စားဖားကြီးတွေတောင် ရသေးတယ်လေ။ ကြက်သား၊ ဝက်သားထဲမှာဆိုလည်း ကြက်အကြော တို့ ဝက်ဖနှောင့်ကြော တို့လိုမျိုးတွေ ရပါသေးတယ်ဗျာ။


အဲ့ဒီညကတော့ ပင်လယ်မေ က လူစည်ချက်။ အတော်လည်း နားညီးသား၊ ယောကျာ်းအကြီးအငယ်တွေသာမကဘူး မိန်းမ အရွယ်စုံနဲ့ မိသားစုလိုက်ကို လာစားသောက်နေကြတာတွေ့လို့ ဘီယာဆိုင်ဆိုတာထက်တော့ ပိုတယ်လို့ ကျွန်တော်ယူဆမိပါတယ်။


ရွှေရာစု ဘီယာနှင့်ရေစာ စားဖွယ်စုံ

ဒီဆိုင်ရဲ့ အရေးအသားလေး မြင်မြင်ချင်းခိုက်သွားတယ်။ ပင်လယ်စာ လို့ပဲ ကျွန်တော်တို့ ခေါ်ခေါ်နေကြပေမဲ့ သူ့ဆိုင်မှာ ရေးထားတာက ရေစာ တဲ့လေ။ ဘီယာဆိုင်ပါပဲ။ ဒါပေမဲ့ ဟင်းလက်ရာလေးတွေ အတော်ကောင်းတယ်။ ဘီယာဆိုင်ပုံစံမျိုးမို့ ထိုင်ဖို့ခက်တယ်ထင်ရင် ပါဆယ် ဝယ်သွားလို့ရတယ်။ ဆိုင်မှာ ထူးခြားတာက အမြန်လိုလို့ မှာစားရင် ရနိုင်မဲ့ အစားအစာစာရင်းသက်သက်လုပ်ပေးထားတာပဲ။ ခရုအိုးစုပ်ဟင်း၊ အခေါက်ကင်၊ ပင်လယ်စာသုပ် တို့လိုမျိုး အကင်တွေ ဆိုရင် အချိန်တိုအတွင်း စားနိုင်တယ်။ သယ်သွားနိုင်တယ်။ ဒီဆိုင်မှာ တောကောင်သားတွေ ရနိုင်တာလဲ ထူးခြားတာပဲ။ ဆတ်သား၊ တောဝက်၊ ဂျေ၊ မျောက်ညို၊ တောကြောင် နဲ့ ဖွတ်သား တွေရတယ်။ စစ်၊ မစစ်တော့ ကျွန်တော် မသိဘူးနော်။ ဆတ်သားနဲ့ တောဝက်သားက လွဲရင် ကျန်တာ မစားရဲဘူး။ မစားဖူးဘူး။ ဒီမှာလည်း ပင်လယ်စာ (ရေစာ) အနေနဲ့ ရေဘဝဲ၊ ကင်းမွန်၊ ပုစွန်ကြီး၊ တိုက်ဂါးပုစွန်၊ ကင်းပုစွန်၊ ရေချိုပုစွန်တုပ်ကြီး၊ ကုလားကုတ်ငါး၊ ကဗြုံး၊ ဇယောငါး၊ ကပေါင်း (ကကတစ်)၊ ကျောက်ငါး၊ ငါးမုတ်ဖြူ၊ ငါးမုတ်ကုလား၊ ငလင်ဘန်းငါး၊ ဆမတ်၊ ရေကြင်ငယ်၊ ငါးရှဉ့်၊ သဲကဏန်း၊ ဆလားဘီးယား၊ လယ်ဘရစ်၊ ဘလိတ်ခြောက်၊ ကဏန်း၊ ကင်းဥ၊ သစ်ပလုပ်၊ ပင်လယ်မှို၊ ကမာ၊ ခရုတူရွှင်းပြား၊ မုတ်၊ ခရုအုံး၊ ခရုညို၊ ခရုအိုးစုပ်၊ ရှပ်လုံး၊ ခရင်း၊ ဂျင်း နဲ့ ငါးသဲတိုးတွေ ကို ကင်မလား၊ ကြော်မလား၊ သုပ်မလား ကြိုက်သလိုလုပ်ခိုင်းနိုင်တယ်။ လက်ရာကောင်းလို့ ကိုယ်စားချင်တာလေးတစ်ခု မှာကြည့်တာတော့ အဆင်မချောလှဘူး။ ပုစွန်အစိမ်းသုပ် ကတော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ ဒီဆိုင်လည်း ဈေးနှုန်းသက်သာတဲ့ထဲ ပါပါတယ်။


ကျွန်တော် မြိတ်မှာ သတိထားမိတာ ဆိုင်မှာ စားပွဲထိုးတာဝန်ယူတဲ့သူတွေက မိန်းကလေးတွေ အများစုဖြစ်နေတာပဲ။ ဒါကြောင့် ယောကျာ်းလေးပဲ သွားသွား၊ မိန်းကလေးပဲ သွားသွား၊ အဆင်ပြေသွားနိုင်တယ်။ မနက်ကစားတဲ့ ကပ်ကြေးကိုက်ဆိုင်ကနေ ညနေ ဘီယာဆိုင်ထိကို မိန်းကလေးစားပွဲထိုးတွေကပဲ တာဝန်ယူလုပ်ဆောင်ပေးကြတာများတယ်။ ကျွန်တော့သူငယ်ချင်းတွေလည်း မြိတ်ရောက်ရင် ဒီဆိုင်လေးတွေကို မြည်းစမ်းကြည့်ပါ။ ပြီးတော့ ကျွန်တော် နဲ့ အကြိုက်တူ မတူ ပြောပြလှည့်ပါဦးဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page