top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

လည်ဖို့စုံလင် နေပြည်တော် တခွင်

Writer's picture: Thiha Lu LinThiha Lu Lin

နေပြည်တော်မှာ လည်စရာတွေ များတာ သတိထားမိပေမဲ့ တစ်ခါမှ မရေးဖြစ်ခဲ့။ တစ်ခေါက်တည်းနဲ့ အစုံအစိလည်ဖို့ကျတော့ နေပြည်တော်ရဲ့ရာသီဥတုဒါဏ်ကို ခံနိုင်ရည်လေး ရှိဦးမှဆိုတော့ နည်းနည်းတော့ ကြိုးစားရတယ်။ အရင့်အရင်နှစ်တွေတုန်းကတည်းက ဖြေးဖြေးချင်း လည်ထားလိုက်တာလည်း တကယ်တော့ နည်းကောင်းတစ်ခုလို့ သုံးသပ်မိလာတယ်။ ဆိုလိုတာက အတင်းကာရော နေပူခံပြီး တစ်ခါတည်း လည်ပတ်တာထက် တစ်ခါရောက်ရင် လည်ပတ်စရာနည်းနည်းစီ သွားလည်ပတ်တာက သက်ကြီးသူတွေအတွက်ဆို ပိုအဆင်ပြေနိုင်တယ်လေ။ ဒါမှမဟုတ်လည်း ရက်ကို အချိန်ကြာကြာလေး ယူပြီး လည်ပတ်မလား၊ ဒါမှမဟုတ် အပြင်ထွက်လည်ပတ်ရတဲ့ ပန်းခြံလိုမျိုးတွေကို မနက်စောစောနဲ့ ညနေခင်းလေးတွေ လည်ပတ်ပြီး အတွင်းမှာလည်ပတ်ရတဲ့ ပြတိုက်လိုဟာမျိုးတွေကို နေ့လည် ရာသီဥတုပူချိန် လည်ပတ်မလား စသဖြင့် ကြိုတင်ပြင်ဆင်သွားစေလိုပါတယ်။ ဒါဆို နေပြည်တော် ကို လည်ပတ်ဖို့ လွယ်ကူမြန်ဆန်သွားပြီး နေရာစုံစုံ ရောက်နိုင်ဖို့ သေချာသွားတာပေါ့ဗျာ။


နေပြည်တော် သို့မဟုတ် မြန်မာနိုင်ငံရဲ့ မြို့တော်

အုပ်ချုပ်ရေးမြို့တော်လည်း ဖြစ်၊ နိုင်ငံရဲ့ မြို့တော်လည်း ဖြစ်တဲ့ နေပြည်တော် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ တရားဝင်အမည်သတ်မှတ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့တွေပြီးရင် တတိယ လူဦးရေအများဆုံးမြို့အဖြစ် ဝီကီပီးဒီးယား မှာ ဖော်ပြပါတယ်။ အရင်ကတော့ လွင်တီးခေါင်ကြီးတွေကြားက ခမ်းနားတဲ့တိုက်တာကြီးတွေ ထီးတည်းကြီး ရှိနေတဲ့မြို့လိုဖြစ်နေပေမဲ့ ကာလတစ်ခုအလွန်မှာတော့ သစ်ပင်ပန်းမန်တွေနဲ့ အတော်ကြီး ကြည့်ကောင်းတဲ့အနေအထား ရောက်လာတာ သတိပြုမိပါတယ်။ မြို့တော်ကို ဝန်ကြီးဌာနဇုန်၊ တပ်မတော်ဇုန်၊ နိုင်ငံတကာဇုန်၊ လူနေဇုန်၊ ဟိုတယ်ဇုန် စသဖြင့် ဇုန်အသီးသီးနဲ့ စနစ်တကျ တည်ဆေက်ထားတာကလည်း နေပြည်တော်ရဲ့ ထူးခြားမှုတစ်ခုပါ။


ရာသီဥတု

နေပြည်တော်က လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေသလို၊ အတိုင်းအတာတစ်ခုထိ ခေတ်မီတဲ့ အနေအထားမှာ အဘက်ဘက်က ရှိနေပေမဲ့ ရာသီဥတုကတော့ အတော်ပူပါတယ်။ ဆောင်းတွင်း ညခင်းနဲ့ မနက်ပိုင်းတွေမှာကျပြန်တော့ အတော်အေးတာမျိုး ခံစားရပြန်ပါတယ်။ နွေကတော့ အတော်ပူပါတယ်။ ခေါင်းကိုက်လောက်အောင် နေ့ခင်းဘက်အပူရှိန်များတတ်တာမို့ ခရီးသွားတွေက ဒီ့အချက်ကို သတိပြု သွားလာရမှာပါ။ နေပူဒါဏ်ကို ကာကွယ်မဲ့ အသားအရေထိန်းအလှကုန်၊ ဦးထုပ်၊ မျက်မှန် စတဲ့ UV အကာအကွယ်ဖြစ်စေမဲ့ ပစ္စည်းတွေလည်း ဆောင်သွားဖို့ လိုအပ်ပါတယ်။


နေပြည်တော် မှာ လည်စရာ

နေပြည်တော် က လမ်းပန်းဆက်သွယ်ရေးကတော့ ကားရှင်းတဲ့ လမ်းမကျယ်ကြီးများစွာနဲ့ ဖွဲ့စည်းထားလို့ သိပ်သွားလို့ကောင်းပါတယ်။ လည်ပတ်စရာ တစ်နေရာနဲ့ တစ်နေရာ ဝေးလွန်းတာကတော့ ခရီးသွားတွေအတွက် အဓိက စိန်ခေါ်ချက်တစ်ခုပါ။ လည်ပတ်စရာ များပြီး အမျိုးအစားစုံတာကြောင့် လူကြီးလူငယ် နဲ့ ကလေး ပါမကျန် သဘောကျမဲ့ ခရီးစဉ်တစ်ခုတော့ ဖြစ်စေပါတယ်။ နေပြည်တော်တခွင် ဘယ်တွေ လည်လို့ရလဲ ဆိုရင်တော့…


ဥပ္ပါတသန္တိစေတီတော်

ရွှေတိဂုံစေတီ ပုံစံတူ တည်ထားတဲ့ စေတီအဖြစ် လူသိများတဲ့ ဥပ္ပါတသန္တိစေတီတော် ဟာ ရာဇသင်္ဂဟအဝိုင်း အရှေ့ဘက် က ရာဇဌာနီလမ်းပေါ်မှာ တည်ရှိပါတယ်။ ဉာဏ်တော် ၃၂၅ ပေ ဖြစ်ပြီး ရန်ကုန် ရွှေတိဂုံစေတီထက် ၁ ပေ နိမ့်ပြီး တည်ထားတာပါ။ ဘုရားပွဲလည်း စည်သလို၊ လပြည့်နေ့တွေမှာလည်း စည်ကားတဲ့စေတီတော် ပဲ ဖြစ်ပါတယ်။


မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး

ညနေခင်းလေး လာရင် နေဝင်ချိန်ရှုခင်းလေးနဲ့ အပန်းလည်းဖြေ၊ ဘုရားလည်း ဖူးလို့ ကောင်းပါတယ်။ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးက စကျင်ကျောက်မတ်ရပ်ကိုယ်တော်ကြီး ပါ။ အမြင့်ပေ ၃၂ ပေ နဲ့ ၁၀၉ တန်ချိန်ရှိလို့ စကျင်ကျောက်ရပ်တော်မူရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးလို့ သိရပါတယ်။ ရာဇသင်္ဂဟလမ်းမကြီးကနေ သီရိရတနာလမ်းဘက်ဝင်ရပြီး လမ်းခွဲလေးတစ်ခုကနေ ထပ်ဝင်ရပါတယ်။ ဝန်ကြီးဌာနဇုန် က အောင်မောဠိတောင်မှာ တည်ရှိတာပါ။


သံဝေဇနိယလေးဌာန

ဗုဒ္ဓဂယာ ကိုယ်ပွားလေးပဲ ဆိုပါတော့လေ။ အိန္ဒိယ နဲ့ နီပေါ က ဂယာခရီးစဉ် မသွားဖြစ်သေးရင် ဒီနေရာလေးကနေ မှန်းဆပြီး ခံစားဖူးမြော်နိုင်စေမယ်ပေါ့။ ကျွန်တော်ကတော့ သဘောမကျမိပါဘူး။ ပုဂ္ဂလိက ခံစားချက်ပါ။ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) အတိုင်း နေရာလေးတွေ ခွဲပြီး သွားလာလည်ပတ် ဖူးမြော်နိုင်ပါတယ်။ နေပြည်တော် - တပ်ကုန်းလမ်း ပေါ်မှာတင် လမ်းရဲ့ တစ်ဘက်တစ်ချက်မှာ တည်ရှိပါတယ်။ ဖူးမြှော်ရမဲ့ ပုံစံကိုလည်း ဆိုင်းဘုတ်တွေနဲ့ ရေးသားထားပြီး လမ်းညွှန်ရှင်းလင်းချက်လေးတွေလည်း ရှိလို့ လွယ်လွယ်ကူကူမြင်သာစေပါတယ်။ ဘုရားပွင့် (ဘုရားဖြစ်) တဲ့ သတ္တဌာန မဟာဗောဓိစေတီ ကိုတော့ သဘောအကျဆုံးပါ။ အတွင်းမှာ မူရင်းဗုဒ္ဓဂယာ က ဓါတ်ပုံပေါင်းများစွာကို လေ့လာခွင့်ရတာကို ကျေနပ်မိပါတယ်။ တောင်ပတ်လမ်းလေးတွေကတဆင့် ဖွားမြင်တော်မူရာ လုမ္မနိဥယျာဉ်ပုံတူ၊ တရားဦးဓမ္မစြက်ာဟောတော်မူရာ မိဂခါဟုန် ပုံတူ၊ ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံပြည် ပုံတူတွေကို လေ့လာခွင့်ရဦးမှာ ဖြစ်ပါတယ်။


လှေခွင်းတောင် ဆုတောင်းပြည့်ဘုရား

ရှုခင်းလည်းလှပြီး တောင်ပေါ်က ဘုရားကို ဖူးချင်ရင်တော့ လှေခွင်းတောင် ဆုတောင်းပြည့်ဘုရား ဆီကို သွားလို့ရပါတယ်။ ကျွန်တော်က အဲ့လမ်းပေါ်က စပါးခင်းစိမ်းစိမ်းတွေကို သဘောကျတာ။ လှေခွင်းတောင်က ကျည်တောင်ရွာမှာ ရှိတာပါ။ ရွှေလှေငွေလှေတွေနဲ့ တည်ထားတဲ့ ဘုရားတွေ ဖူးနိုင်ပါတယ်။ အနီးမှာ ရေကစားလို့ကောင်းတဲ့ အပန်းဖြေနေရာတွေလည်း ရှိသေးတော့ အဆင်ပြေတယ်။


နေပြည်တော် ရေပန်းဥယျာဉ်

အပိုင်း (၃) ပိုင်း ခွဲပြီး အနားယူနိုင်တဲ့ နေပြည်တော် ရေပန်းဥယျာဉ်က ကျယ်လည်းကျယ်သလို၊ အတော်အသင့်လည်း အတွင်းပိုင်းလည်စရာတွေ ရှိပါတယ်။ လူအများစိတ်ဝင်စားဆုံးအပိုင်းက ရေပန်းတွေ ရှိတဲ့နေရာပေါ့လေ။ ဂီတသံနဲ့ ရေပန်းကစားတာကို မြင်ရတယ်။ ရေတွေပေါ် သီချင်းဗီဒီယိုလေးတွေ ကြည့်ရတယ်။ ဒါမျိုးလေးတွေ ရှိတာကိုး။ ခုဆို ပန်းပွဲတော် ဆိုလည်း အဲ့မှာ လုပ်တယ်။ ခရီးသွားတွေ အများဆုံး တွေ့ရတဲ့နေရာ ဖြစ်ပါတယ်။ ဒီဥယျာဉ်ထဲမှာပဲ ရေတံခွန်တွေ၊ ရေကူးကန်တွေ၊ ဂူတွေ၊ ကြိုးတံတားတွေ၊ မျှော်စင်တွေ နဲ့ အပန်းဖြေစရာပုံစံစုံရှိလို့ အချိန်လည်း ပေးရပါတယ်။ ရေတံခွန်လိုမျိုးကတော့ သဘာဝမဟုတ်တဲ့အတွက် ရေဖွင့်ချိန် ပိတ်ချိန် ရှိပါတယ်။ ညနေ ၄ နာရီလောက် သွားလည်တာက အကောင်းဆုံးပါ။ သပြေကုန်းအဝိုင်း အရှေ့ဘက်၊ ရာဇသင်္ဂဟလမ်းမကြီးနဲ့ ပျဉ်းမနားတောင်ညိုလမ်း ပေါ်မှာ ရှိနေပါတယ်။


နေပြည်တော် ဆာဖရီဥယျာဉ်

သံဇကာတွေတပ်ထားတဲ့ ကားကြီးနဲ့ တောရိုင်းတိရစ္ဆာန်တွေကို သဘာဝအတိုင်း လွှတ်ထားတဲ့ ဥယျာဉ်ကြီးအတွင်းကို လိုက်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျားလို သားရဲတိရစ္ဆာန်တွေကိုတော့ နောက်ထပ် ခြံဝန်းကြီးတစ်ခုအတွင်းမှာ ထားပါတယ်။ အခြားတိရစ္ဆာန်တွေကို မစားအောင်ပါ။ အယဉ် အရိုင်း မျိုးစုံကို မြင်ရပြီး၊ တချို့ကို အစာကျွေးလို့ရပါတယ်။ ရာသီဥတုပူတဲ့အချိန်ဆို သူတို့လေးတွေလည်း သိပ်အပြင်မထွက်ချင်ပုံရလို့ မနက်စောစော ဒါမှမဟုတ် ညနေနေစောင်းချိန်လောက်မှ လည်ပတ်ရတာ အကောင်စုံ မြင်ရမဲ့ သဘော ရှိပါတယ်။ အပူပိုင်းဒေသက တိရစ္ဆာန်တွေကတော့ နေပျော်ကြမှာပါ။ ဒီဆာဖရီဥယျာဉ် ကတော့ ရန်ကုန် - မန္တလေးလမ်းဟောင်း အတိုင်း မိုင်တိုင် ၂၅၇ အနီးမှာ ရှိပါတယ်။


နေပြည်တော် တိရစ္ဆာန်ဥယျာဉ်

ဆာဖရီဥယျာဉ်နဲ့ ကပ်လျက်ပဲ တည်ရှိတာပါ။ ခြံဝန်းအတော်ကျယ်ကျယ်မှာ သွားလာ လေ့လာရပါတယ်။ ဘက်ဂီကားလေးတွေ ငှားစီးပြီး လည်လို့ရတယ်။ ဆင် အစာကျွေးတာ လုပ်လို့ရတယ်။ ပင်ဂွင်းလို ကိုယ်တွေဆီမှာ မြင်ရခဲတဲ့ သတ္တဝါလေးတွေကို မြင်ကြရတယ်။ တနင်္လာနေ့ တော့ ပိတ်လို့ အဲ့ရက်တော့ ရှောင်သွားကြပါ။


အမျိုးသားအထိမ်းအမှတ်ဥယျာဉ်

အလွယ်ပြောရရင် တိုင်းရင်းသားကျေးရွာ ပေါ့လေ။ အထဲမှာ တိုင်းရင်းသားရိုးရာအိမ်တွေလည်း ရှိသလို အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ရဲ့ ထူးခြားမှုက မြန်မာပြည်မြေပုံအတိုင်း ဖွဲ့စည်းထားတာပဲ။ ဒါကြောင့် google maps ကနေ ကြည့်ရင် မြန်မာနိုင်ငံမြေပုံလေးအသွင် မြင်ကြရပါတယ်။ ဝင်လည်တဲ့အခါမှာ ကချင်ပြည်ကနေ တနင်္သာရီတိုင်းအထိ အထက်အောက် သွားလာ လည်ပတ်နေရသလိုလေး ဖြစ်စေသလို ဒေသတစ်ခုချင်းဆီက နာမည်ကြီး ဘုရားပုထိုး အဆောက်အဦး စတာတွေကို ပုံစံတူ ပုံစံအငယ်စားလေး တည်ဆောက်ပေးထားတာမို့ သဘောကျစရာလေး ဖြစ်နေပါမယ်။ ရန်ကုန် - မန္တလေး လမ်းဟောင်းအတိုင်း ရေဆင်းဆည်အနီးမှာ တည်ရှိပါတယ်။


အမျိုးသားပရဆေးဥယျာဉ်

မြန်မာနိုင်ငံအဝှမ်းမှာ ရှိသမျှ ဆေးဖက်ဝင်တဲ့ နွယ်မြက်သစ်ပင် အကုန်ကို စုစည်းပြသထားတဲ့ ဥယျာဉ်ပါ။ ပရဆေးဥယျာဉ်ကတော့ ဆေးဖက်ဝင်သစ်ပင်တွေကို လေ့လာလိုသူတွေအတွက် ပိုအဆင်ပြေသလို၊ ကျောင်းသားကျောင်းသူ လူငယ်တွေအတွက် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ဘယ်လို အပင် အရွက်တွေဟာ ဘယ်လိုဆေးစွမ်းထက်တယ်ဆိုတာကို ဗဟုသုတ ရစေမဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆေးဖက်ဝင်ပရဆေးပင် မျိုးစိတ်ပေါင်း ၅၀၀ ကျော် တွေ့မြင်ကြရပါမယ်။ ဧက ၂၀၀ လောက်ရှိတဲ့ ဥယျာဉ်ဖြစ်ပြီး နေပြည်တော် - တောင်ညိုလမ်းပေါ်မှာ တည်ရှိပါတယ်။


ပြတိုက်နဲ့ပြခန်းများ

နေပြည်တော်မှာ ပြတိုက်ကြီးများစွာ ရှိတာကလည်း အဖိုးတန်လှပါတယ်။ အမျိုးသားပြတိုက်ကျောက်မျက်ရတနာပြတိုက် နဲ့ နက္ခတာရာပြခန်း တို့က သူ့ကဏ္ဍအလိုက် စိတ်ဝင်စားသူတွေအတွက် အကျိုးရှိစေပါတယ်။ ကျောက်မျက်ရတနာပြတိုက်တော့ အတော်စိတ်ဝင်စားမိသွားတာ။ အောက်ထပ်မှာ အရောင်းဆိုင်တွေပါ ရှိသေးတယ်။ အစိုးရရုံးပိတ်ရက်တွေဆို ပြတိုက် ပြခန်းတွေ ပိတ်တတ်လို့ သတိပြုကြပါ။


တပ်မတော်စစ်သမိုင်းပြတိုက်

ဓါတ်ပုံရိုက်လို့ရတဲ့ ပြတိုက်ဆိုလို့ ဒီပြတိုက်ပဲ ရှိမယ် ထင်ပါတယ်။ ကျန်တဲ့ပြတိုက်တွေက အတွင်းမှာ ဓါတ်ပုံပေးမရိုက်ပါဘူး။ စစ်သမိုင်းပြတိုက်က အတွင်းဘက်ကတော့ ဗဟုသုတလေ့လာစရာပေါ့လေ။ ဥပမာ သမ္မတဟောင်း ဦးနေဝင်း စီးခဲ့တဲ့ ကားတို့ ဘာတို့လို ပြထားတာတွေ၊ ပြီးတော့ ခေတ်အဆက်ဆက်က တပ်မတော် အထင်ကရပုဂ္ဂိုလ်တွေအကြောင်းတွေ သိရတယ်။ ကြည်း၊ ရေ၊ လေ ဆိုပြီး ပြတိုက်ကြီး နောက်ထပ် ၃ ခု ထပ်ခွဲထားသေးတယ်။ ဧရိယာအတော်ကျယ်လို့ တစ်ခုနဲ့ တစ်ခု မနည်းသွားရတဲ့အပြင် အတွင်းပြကွက် အပြင်ပြကွက်ဆိုပြီး ရှိသေးတော့ လည်ရတာ အတော် အချိန်ပေးရတယ်။ အပြင်ပြကွက်တွေကတော့ ဓါတ်ပုံရိုက်ဖို့ အတော် ကောင်းတယ်။ ကျွန်တော်ဆို လေတပ်ပြကွက်ထဲက အပြင်ဘက် စစ်လေယာဉ်တွေနဲ့ ရိုက်ရတာ အတော်သဘောကျတယ်။ ကြည်းမှာဆိုလည်း တင့်ကားတွေနဲ့ ရိုက်လို့ရတယ်။ ရေဆိုရင် စစ်သင်္ဘော အငယ်စားတွေပေါ့။ ဒီလိုမျိုးဆိုတော့ ဓါတ်ပုံရိုက်ဖို့အတွက် အရမ်းလှနေတဲ့ ရိုက်ကွင်းတစ်ခုလို သွားလည်ချင်စရာ ဖြစ်နေပါတယ်။


သူရဲကောင်းဗိမာန်

နေပြည်တော်က သူရဲကောင်းဗိမာန်ကြီးက စကျင်ကျောက်တိုင်ကြီးနဲ့တည်ဆောက်ထားလို့ အတော်ကြီး ခမ်းနားပါတယ်။ အလျားနဲ့ အနံက ၄ ပေ၊ အမြင့်က ၁၂ ပေ ရှိတယ်။ ဓါတ်ပုံရိုက်ဖို့အတွက်လည်း နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်မှာ တည်ရှိတာပါ။


ပဒုမ္မာ ဗုဒ္ဓရုပ်ပွားတော်ပြတိုက်တော်ကြီး

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အကြီးဆုံးသော ဗုဒ္ဓရုပ်ပွားတော်ပြတိုက် ဖြစ်တဲ့ ပဒုမ္မာ ဗုဒ္ဓရုပ်ပွားတော်ပြတိုက်ကြီး နေပြည်တော်မှာ ရှိနေတာ လူသိနည်းပါသေးတယ်။ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးပေါ်မှာ ရှိတဲ့ ပဒုမ္မာ ဗုဒ္ဓရုပ်ပွားတော်ပြတိုက်တော်ကြီး မှာ နိုင်ငံအစုံက ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ ပုံသဏ္ဍာန်ကို အရွယ်အစားစုံနဲ့ ဖူးမြင်လေ့လာနိုင်ပါတယ်။ မြင်တွေ့နေကျမဟုတ်တဲ့ ထူးခြားတောက်ပ သပ္ပါယ်တဲ့ ရုပ်ပွားတော် ပေါင်းစုံ ကို အထပ် နှစ်ထပ် နဲ့ ပြသထားပြီး နာမည်ကျော်ဆရာတော်ကြီးများနဲ့ မြန်မာ့အနုသုခုမလက်ရာများ၊ ဗုဒ္ဓဖြစ်စဉ်များကိုပါ လေ့လာနိုင်ဦးမဲ့ ပြတိုက်ပါ။ ဝင်ကြေး မရှိပါဘူး။ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာ ဖူးမြော်နိုင်ကြပါတယ်။ ပြတိုက် ကို သွားမယ်ဆိုရင်တော့ နေပြည်တော်ကနေ အနည်းငယ်သွားရပါမယ်။ ရာဇသင်္ဂဟလမ်းမကြီးပေါ် အင်ကြင်းအဝိုင်း အကျော်၊ ဥတ္တရသီရိမြို့နယ်မှာ တည်ရှိပါတယ်။ ခြံအမှတ်(၄) ပါ။ ခြံအမှတ်နဲ့ ရှာတာထက် ဆိုင်းဘုတ် နဲ့ ရှာတာက ပိုထင်သာမြင်သာ ရှိပါတယ်။ နေပြည်တော်ဗုဒ္ဓဂယာဘက်ကို အလည်ထွက်ရင်း တစ်ခါတည်း လမ်းကြုံဝင်နိုင်တာမို့ အဆင်ပြေတယ် ဆိုရပါမယ်။


ငလိုက်ကန်သာ အပန်းဖြေစခန်း

နေပြည်တော် အမြန်လမ်းပေါ်ကနေ သွားလို့ရတဲ့ ကျွဲရှင်းရွာနားက ငလိုက်ရေလှောင်တမံ ရေစပ်မှာ တည်ဆောက်ထားတဲ့ အပန်းဖြေဥယျာဉ်နဲ့ Eco Resort ကိုလည်း အလည်လား အပန်းဖြေ စားသောက်ကြပါတယ်။ ကန်ထဲကို အပျော်စီးလှေနဲ့ စီးနင်း လည်ပတ်နိုင်ပါသေးတယ်။ တည်းခိုနေထိုင်လိုသူတွေအတွက်လည်း အခန်းတွေက ဗမာအိမ်ကြီးတွေပုံစံနဲ့ ထူးခြားစွာ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။


ငလိုက်ကန်သာ ဆင်စခန်း

အပန်းဖြေစခန်း နဲ့ မနီးမဝေးမှာပဲ ဆင်စခန်း တည်ရှိတာပါ။ ဖွင့်တာ သိပ်မကြာလှသေးပါဘူူး။


နေပြည်တော် ညဈေး

နေပြည်တော်မှာ တစ်ခု စိတ်ချမ်းသာရတာက ညဈေး ရှိတာပါ။ ညဈေးကလည်း စည်လိုက်တာ။ စားသောက်ဆိုင်လေးတွေ များပြီး စားသောက်နေကြတာ အားရစရာ။ မြန်မာအစားအစာ ပိုများတယ်။ မြန်မာမုန့်တွေ လိုက်မြည်းကြည့်ရတာနဲ့တင် ဗိုက်ကို ကားရော။ နေပြည်တော် မြို့မဈေးနားမှာ ရှိပါတယ်။


နေပြည်တော်ပုဂံ

နေပြည်တော် ကောင်စီလမ်းကနေ ညောင်ပင်ကြီးစုရွာ ကို သွားခဲ့ရင် ကုန်းဘောင်ခေတ်နှောင်း က သာသနိက အဆောက်အအုံပုံစံတွေ ကို တွေ့မြင်ကြရမှာပါ။ ပုဂံက စေတီတွေ ပုံစံ ဆင်တဲ့အတွက် နေပြည်တော် ပုဂံ ပေါ့လေ။ ပြန်ပြင်ထားတာကတော့ ရှေးမူမပျက်ဆိုပေမဲ့ နည်းနည်းတော့ အသစ်ပုံစံကြီး ဖြစ်သွားတာတော့ အမှန်ပါ။ စေတီလေးတွေက သူ့အစု နဲ့ သူ ရှိနေလို့ ပထမဆုံးမြင်တဲ့ အစုနဲ့တင် ပြန်မထွက်ဘဲ ဆက်လည်ပါဦးလို့ အကြံပြုပါရစေ။ နေပြည်တော် ပုဂံ က အတွင်းဘက်ကို ဝင်ရတာမို့ လမ်းမကြီးထိပ်ဘက်မှာတော့ လမ်းညွှန်ဆိုင်းဘုတ်လေး ထားထားပေးပါတယ်။ အဲ့အတိုင်း ဝင်လာရုံပါပဲ။


ချစ်သူလမ်းကြား

နေပြည်တော်က ချစ်သူလမ်းကြား ကတော့ ဓါတ်ပုံရိုက်စရာနေရာတစ်ခုအဖြစ် လူသိများပါတယ်။ ရာဇသင်္ဂဟအဝိုင်းနားက ဆက်လာရင် ဥပ္ပါတသန္တိစေတီ မရောက်ခင်နားဝန်းကျင်မှာ မြင်ရမှာပါ။ သစ်ပင်ကြီးတွေ ဆိုင်ကယ်လမ်းလား လူသွားလမ်းလား သေချာမသိတဲ့ ကွန်ကရစ်လမ်းပေါ်မှာ တစ်ဘက်တစ်ချက်စီ ပေါက်နေပြီး အရိပ်လည်းရ ဓါတ်ပုံထဲလည်း လှနေတာမို့ သွားလည်ကြပါတယ်။ လမ်း အသွားအပြန် နှစ်ဘက်စလုံး ရှိပေမဲ့ အသွားလမ်းက ပိုလှတယ် ထင်မိပါတယ်။ ဒီနေရာမှာ အရမ်းလုယက်တတ်တယ်လို့လည်း နာမည်ထွက်ထားတော့ ဂရုစိုက်တော့ သွားပါနော်။ ခုနောက်ပိုင်းတော့ လျော့နည်းသွားပြီလို့ ဆိုပါတယ်။


နေပြည်တော် ရေပူစမ်း

ရေပူစမ်းကတော့ အတော်ကြီး ဝေးဝေး သွားကြရပါတယ်။ ရန်ကုန် - မန္တလေးလမ်းဟောင်းကနေ ကင်းသာလမ်းဆုံမှာ ပင်လောင်းလမ်းဘက်ကို ခွဲတဲ့အတိုင်း လိုက်သွားရင် ရေပူစမ်းကို ရောက်ပါမယ်။ တစ်နာရီခွဲလောက် ကားမောင်းရမယ်ထင်ပါတယ်။ ရေက အတော်ပူတာပါ။ သဘာဝ ရေပူစမ်း ဖြစ်တာလေးကတော့ သဘောကျစရာပါ။ အပန်းဖြေဖို့အတွက်တော့ မူလရာသီဥတုနဲ့ နည်းနည်းတော့ ခက်ပါတယ်။ အတွင်းခန်းတွေ သန့်စင်မှု ဂရုပြုပေးနိုင်ရင် ပိုကောင်းမှာပါ။


နမ့်မွန်ကြီး ရေတံခွန် နဲ့ ဟား ရေတံခွန်

ကင်းသာလမ်းဆုံကနေ ရေပူစမ်းရှိတဲ့လမ်းအတိုင်း ပေါင်းလောင်းမြို့သစ်ထိ ဆက်လာရင် အချိန်အားဖြင့် ၃ နာရီလောက် ပေးလိုက်ရင်တော့ နမ့်မွန်ကြီး ရေတံခွန် ဒါမှမဟုတ် ဟား ရေတံခွန် တွေဆီကို သွားနိုင်မဲ့ ပေါင်းလောင်းမြို့သစ်ကို ရောက်ပါမယ်။ အဲ့ဒီကနေ ပေါင်းလောင်းချောင်းထဲ စက်လှေ တစ်နာရီလောက် ထပ်စီးပြီး ရေတံခွန်တွေဆီ သွားလည်နိုင်ပါတယ်။ အချိန်အတော်ပေးရလို့ ရေတံခွန် နှစ်ခုမှာ တစ်ခုကိုပဲ ရွေးချယ် သွားနိုင်မှာ ဖြစ်သလို နေပြည်တော်ပြန်ရောက်ရင်လည်း ညလောက်မှ ပြန်ရောက်နိုင်မဲ့ အချိန်တစ်ရက်ခန့် ပေးရမဲ့ ခရီးတိုလေး ဖြစ်ပါလိမ့်မယ်။


လိန်းလီကြိုးတံတား

နေပြည်တော်ကနေ ဒီဘက် ပေါင်းလောင်းမြို့သစ် ကို ရောက်တဲ့အတူတူတော့ နာမည်ကျော် ကြိုးတံတား လိန်းလီကြိုးတံတားဆီကိုလည်း အလည် တစ်ခါတည်း သွားနိုင်ပါသေးတယ်။ အတော်လှတဲ့ ကြိုးတံတားတစ်ခုပါ။


အခြားလည်ပတ်ချင်စရာနေရာများ

နေပြည်တော်မှာ ဘုရားဖူးအစီအစဉ်ကတော့ ပိုများတယ်ပဲ ဆိုပါတော့။ အပေါ်က နေရာတွေအပြင်ကိုမှ လည်ပတ်ချင်စရာ ကောင်းတဲ့ တခြားနေရာလေးတွေကိုလည်း ဖော်ပြပေးချင်ပါသေးတယ်။ ကျွန်တော်တောင် အစုံမရောက်ဖူးသေးလို့ ဒီနေရာတွေကိုတော့ မသိလှပါဘူးခင်ဗျ။ နယ်ခံတချို့ရဲ့ ပြောပြချက်လေးတွေကို အချိန်ရရင် လည်ပတ်နိုင်ဖို့ စုစည်းပေးလိုက်တာပါ။

  • ဆင်ဖြူတောင်

  • ပေါင်းလောင်းဆိပ်ကမ်း

  • လက်လုပ်တောင်ဘုရား

  • ရန်အောင်မြင်ဘုရားကြီး

  • စမတောင်

  • ဖောင်တော်ချက်မဘုရားကြီး

  • ရန်အောင်မြင်ရွှေလက်လှ ဘုရားကြီး

  • ကျောက်စက်တော်ရာဘုရား


နေပြည်တော် တခွင် လည်ပတ်လို့ရတဲ့ နေရာတွေအကြောင်း ကျွန်တော်လည်ပတ်ဖူးခဲ့သမျှ အစုံအစိလေး ရေးပြထားပါတယ်။ မထင်မှတ်ဘဲ လည်စရာတွေ ပေါများနေတာကို ကျွန်တော်ကိုယ်တိုင်လည်း သိလိုက်ရသလို စာဖတ်သူခရီးဖော်တွေလည်း သတိပြုမိကြမယ်ထင်ပါတယ်။ နေပြည်တော်ကို နေ့ချင်းပြန် ခရီးထက် အချိန်နည်းနည်းပိုပေးပြီး သေချာ လည်ပတ်မိရင် ပိုပြီး သဘောကျ အပန်းပြေမဲ့ခရီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Min Hsan

Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens, Yi Action Cam & Canon 6D

Photos are modified in Lightroom by Thiha Lu Lin.

Comentarios


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page