top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁) | ဂျော်ဒန်နိုင်ငံ က နီဘိုတောင်

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော့် ဘဝမှာ သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေထဲ ထူးထူးခြားခြား ခရစ်ယာန်သမ္မာကျမ်းစာ ထဲက နေရာတွေဆီ ခရီးထွက်ခဲ့ခြင်းလည်း ပါဝင်ပါတယ်။ ဂျော်ဒန်နိုင်ငံ ရဲ့ အထင်ရှားဆုံး လည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ နီဘိုတောင် ဟာ ခရစ်ယာန်တွေနဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် မဖြစ်မနေ သွားလည်ကြရတဲ့ နေရာတစ်ခုပါ။


မာတိကာ


သမ္မာကျမ်းစာထဲက နေဗောတောင် (Mount Nebo)

ဘာလို့ ဒီတောင်ကို စိတ်ဝင်စားကြသလဲဆိုရင် ဒီနီဘိုတောင် (ကျမ်းစာအုပ်ထဲက အမည် နေဗောတောင်) ထိပ်ကို ဘုရားသခင် ဟာ မိုးဇက် (ကျမ်းစာအုပ်ထဲက အမည် မောရှေ) ကို ခေါ်ပြီး ကတိထားတဲ့ပြည် ကို ပြသခဲ့တဲ့အရပ် ဖြစ်တာကြောင့် ယုံကြည်သက်ဝင်သူတွေအတွက် အရေးပါတဲ့ သမိုင်းဝင်လည်ပတ်လေ့လာစရာ နေရာဖြစ်ခဲ့တာပါ။ မောရှေ ကတော့ ကတိထားတဲ့ပြည်ကို ဣသရေလလူမျိုး (ဂျူးလူမျိုး) တွေကို အဲဂုတ္တုပြည် (အီဂျစ်နိုင်ငံ) ကနေ ကယ်တင်လာခဲ့ပေမဲ့ လမ်းမှာ ဘုရားသခင်အပေါ် အရိုအသေမှားယွင်းမှုတွေရှိခဲ့တာကြောင့် ဝင်ခွင့်မရခဲ့ပါဘူး။ ဒါက အတိုချုံးပြီး ရှင်းပြရတာမို့ ရုတ်တရက်ဆို နားလည်ရခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ကျမ်းစာနဲ့ တိုက်ဆိုင်ဖတ်ရှုလိုသူတွေအတွက်ကတော့ တရားဟောရာကျမ်း ၃၄ မှာ ဖတ်ရှုနိုင်မှာပါ။ မောရှေ ဟာလည်း ကျေနပ်စွာနဲ့ ဒီ မောဘပြည် (ဂျော်ဒန်နိုင်ငံ) က နေဗောတောင်မှာပဲ အနိစ္စရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာဟာ ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်သူတွေအတွက် အထူးစိတ်ဝင်စားစရာ နေရာ ဖြစ်ခဲ့တာပါ။


ယနေ့ခေတ် နီဘိုတောင်

နီဘိုတောင် ဟာ ဂျော်ဒန်နိုင်ငံ မာဒါဗာဒေသ မှာ တည်ရှိတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂,၆၂၅ မှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒီတောင်ကနေ ရာသီဥတု ကြည်လင်တဲ့နေ့ဆိုရင် ရှုခင်းတော်တော်ကျယ်ကျယ်ဝန်းဝန်း လှလှပပ မြင်နိုင်ပါတယ်။ သွားတဲ့အချိန်ရဲ့ ရာသီဥတုပေါ်မူတည်ပြီးတော့ မြေမျက်နှာပြင်အရောင်အဆင်းကတော့ ကွာခြားနိုင်ပါတယ်။ ရာသီဥတု ကောင်းတဲ့နေ့မျိုးဆိုရင် ဒီတောင်ကနေ ဂျော်ဒန်နိုင်ငံရဲ့ တောင်တန်းတွေ၊ ပင်လယ်သေ နဲ့ ဂျေရုဆလင်မြို့ တို့ကို ကောင်းကောင်းတွေ့မြင်နိုင်ပါတယ်။ ကျွန်တော် သွားတုန်းက ရာသီဥတုလေး အတော်သာယာလို့ ရှုခင်းတော့ ကောင်းကောင်းမြင်ခဲ့ရတယ်။ မြေမျက်နှာပြင်အနေအထားကတော့ လွင်ပြင်ပါပဲ။ စိမ်းစိုမှုတော့ မရှိပါဘူး။ တောင်ပေါ်မှာ ခုလို အခြေအနေ ဖြစ်လာတာ သိပ်မကြာသေးဘူးလို့ ဆိုနိုင်ပါတယ်။ တောင်ထိပ်မှာ မောရှေ အောက်မေ့ဘွယ် ရှေးဟောင်းဘုရားကျောင်းကြီးနဲ့အတူ အခြားအထိမ်းအမှတ်တွေ၊ ပြတိုက် နဲ့ တကယ်ကို တန်ဖိုးကြီးလှတဲ့ ရှေးဟောင်းအနုပညာပစ္စည်းတွေကို လေ့လာနိုင်ပါတယ်။


မောရှေ အောက်မေ့ဘွယ် ဘုရားကျောင်းကြီး

ကျွန်တော်တို့ နီဘိုတောင် ကို ရောက်တဲ့အခါ တောင်ထိပ်နားမှာ သီးသန့် ဂိတ်ပေါတ်တစ်ခုနဲ့ ပန်းခြံသဖွယ် ဖန်တီးထားတာကို မြင်တွေ့ကြရပါမယ်။ အဲ့ဒီမှာ ဝင်ကြေးအဖြစ် တစ်ဦးကို ဂျော်ဒန်ငွေ ၂ ဒီနား (မြန်မာငွေနဲ့ဆို ၅ ထောင်ကျပ် ဝန်းကျင်) ပေးဝင်ကြရတာပါ။ ဒီနေရာကို အောက်တိုဘာလ ကနေ ဧပြီလ အထိ မနက် ၈ နာရီကနေ ညနေ ၄ နာရီ ထိ နဲ့ မေလ ကနေ စက်တင်ဘာလ အထိ မနက် ၈ နာရီကနေ ညနေ ၆ နာရီ ထိ ဖွင့်လှစ်ပါတယ်။ ဂိတ်ကနေ ဘုရားကျောင်းကြီးဆီကို သစ်ပင်ပန်းမန်တွေနဲ့ လမ်းလေးအတိုင်း လမ်းလျှောက်တက်သွားရင် လမ်းတလျှောက်လည်း အထိမ်းအမှတ် ကျောက်တိုင်တွေ၊ ရှေးဟောင်း အဆောက်အအုံက ကြွင်းကျန်ခဲ့တဲ့ အုတ်တုံးတွေ ကျောက်တုံးတွေ ကို မြင်တွေ့လေ့လာနိုင်ပါသေးတယ်။ မူလဘုရားကျောင်းကြီး ကို ၄ ရာစု ဝန်းကျင်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ခရစ်နှစ် ၅၉၇ မှာ အုတ်မြစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားကျောင်းကြီး အတွင်းမှာ ဂျော်ဒန်နိုင်ငံ ရဲ့ အနုပညာအမြောက်ဆုံးနဲ့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Mosaics (မတူညီတဲအရာဝတ္ထု ဥပမာ ကျောက်ပြား၊ ဖန်၊ မှန် အစအနများစွာဖြင့် ပုံဖော်ဖန်တီးထားသော အနုပညာလက်ရာ) တွေကို မြင်တွေ့လေ့လာနိုင်တာဟာ ဒီနေရာ ရဲ့ အထူးခြားဆုံး အချက်ပါ။ ဘုရားကျောင်းကြီးကို ၁၆ ရာစုရောက်တော့ ဖျက်သိမ်းခံခဲ့ရပြီး ၂၀ ရာစုရောက်မှ ပြန်လည် အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာကို Franciscans ဆိုတဲ့ ခရစ်ယာန်ဂိုဏ်းတစ်ခု ၁၉၃၂ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး ပြန်လည်ပြုပြင်ခြင်းတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ ရှာဖွေတူးဖော်ပြသခြင်းတွေ ကို တာဝန်ယူ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ပြန်လည်အသက်သွင်းနိုင်ခဲ့တယ်။ အဲ့ဒီနောက်တော့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ရဲ့ ၂၀၀၀ ပြည့်နှစ် အလည်အပတ်ခရီးစဉ်ကြောင့် ဒီနေရာဟာ ကျော်ကြားသွားခဲ့တာ ဖြစ်ပါတယ်။


မောရှေ သင်္ချိုင်းအုတ်ဂူ တကယ်ရှိသလား?

တကယ်ကို ဒွိဟ ဖြစ်စရာ ပါပဲ။ ပြောဆိုချက်အရတော့ ၄ ရာစု က မောရှေ ရဲ့ အုတ်ဂူနေရာကို ၁၉၃၃ ခုနှစ် မှာ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ Mosaic အနုပညာတွေ ဖုံးလွှမ်းနေတဲ့ ခမ်းနားကြီးကျယ်လှတဲ့ ဘုရားကျောင်းကြမ်းခင်း ရဲ့ အောက်မှာ အုတ်ဂူ ၆ လုံး တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ မောရှေ ရဲ့ အုတ်ဂူ အမှန် ဟုတ်၊ မဟုတ်ကိုတော့ တွေးဆ စရာ ဖြစ်နေဆဲပါ။ မောရှေ ဟာ နေဗောတောင်မှာ အသက်ချုပ်ခဲ့တယ် ဆိုတာ မှန်သော်လည်း သူ့သင်္ချိုင်းဟာ ဘယ်မှာ ထားတယ်ဆိုတာကို မှတ်တမ်းမှတ်ရာ တိတိပပ ရှိမနေခဲ့ပါဘူး။ ကျမ်းစာမှာလည်း “ဗက်ပေဂုရမြို့တစ်ဖက်၊ မောဘပြည် တစ်စုံတစ်ခုသော ချိုင့်၌ သဂြိုဟ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်သူမျှ မသိရာ။” လို့ ပါရှိတဲ့အတွက် တွေးဆစရာတော့ ဖြစ်နေပါတယ်။ ကျွန်တော်ခရီးတုန်းကလည်း ဘုရားကျောင်းအောက်ခြေက အုတ်ဂူ ၆ လုံး ကို မမြင်ခဲ့ရပါဘူး။


မီးမြွေရုပ် အထိမ်းအမှတ်တိုင်

ဒီတောင်ထိပ်မှာ The Brazen Serpent Sculpture ဆိုတဲ့ မီးမြွေရုပ် အထိမ်းအမှတ်တိုင် ကိုလည်း တွေ့မြင်ကြရပါတယ်။ ခရစ်ယာန်တွေကတော့ ဒီမီးမြွေရုပ်တိုင် နဲ့ ဆက်စပ်တဲ့ အကြောင်းအရာကို သိရှိကြပြီး ဖြစ်ပါမယ်။ မောရှေ ဟာ ဣသရေလလူမျိုးတွေကို ကယ်ထုတ်လာတဲ့လမ်းတလျှောက် ကတိတော်ပြည်ကို ဝင်ရောက်ဖို့ အသွားမှာ ဣသရေလလူမျိုးတွေရဲ့ မခံရပ်နိုင်စရာ ဘုရားအပေါ် ငြီးတွားပြစ်တင်အပြစ်ပြုခြင်းတွေများစွာကြောင့် မီးမြွေတွေရဲ့ ကိုက်ခဲခြင်းခံရပြီး သေဆုံးကြရပါတယ်။ အဲ့ဒီချိန်မှာ မောရှေဆီ လာကြပြီး ပြစ်မှားမိသမျှအတွက် ဘုရားကို တောင်းပန်ကြတဲ့အခါ မီးမြွေရုပ် ကိုလုပ်ပြီး တိုင်ပေါ်မှာ မြှောက်ထားလို့ မြွေကိုက်ခံရသူတိုင်း အဲ့ဒီ မြွေရုပ်ကို ကြည့်ရှုရင် အသက်ဘေးက လွတ်မယ် ဆိုတဲ့အတွက် မောရှေဟာ ကြေးဝါနဲ့ မြွေရုပ်လုပ်လို့ တိုင်ပေါ်မှာ မြှောက်ထားခဲ့ပါတယ်။ အပြည့်အစုံကို သမ္မာကျမ်းစာ ရဲ့ တောလည်ရာကျမ်း ၂၁:၄-၉ မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီအဖြစ်အပျက်ဟာ မောဘပြည် (ယနေ့ ဂျော်ဒန်နိုင်ငံ) ကို ခရီးသွားနေချိန်အတွင်း ဖြစ်ပျက်ခဲ့တာပါ။ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာ မဟုတ်ပေမဲ့ မောရှေနဲ့ ဆက်စပ်တဲ့အတွက် ဒီ မြွေရုပ်တိုင် ကို Saint Moses ဘုရားကျောင်းရှေ့မှာ ဖန်တီးပြသ စိုက်ထူထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အီတလျံအနုပညာရှင် Giovanni Fantoni က ဖန်တီးခဲ့တာလို့ သိရပါတယ်။ ဒီမြွေရုပ် ကို တိုင်ပေါ်မှာ မြှောက်ရခြင်းနဲ့ ဆက်စပ်နိမိတ်ပုံကတော့ သခင်ယေရှု ကားတိုင်မှာ မြှောက်ထားခြင်း ခံရမယ်ဆိုတာပါပဲ။ ဒါနဲ့ပတ်သက်လို့တော့ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃:၁၄ မှာ ဖတ်နိုင်ပါတယ်။


ထူးခြားလွန်းတဲ့ ရှေးဟောင်းအနုပညာလက်ရာ Mosaic များ

ကျွန်တော် ရှေ့မှာ ပြောခဲ့သလို ဒီမှာရှိတဲ့ The Church of Saint Moses (သူတော်စင်ကြီး မောရှေ ဘုရားကျောင်း) ထဲမှာ ဂျော်ဒန်နိုင်ငံ ရဲ့ အနုပညာအမြောက်ဆုံးနဲ့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Mosaics တွေရှိနေပါတယ်။ Mosaics ဆိုတာ မတူညီတဲအရာဝတ္ထု ဥပမာ ကျောက်ပြား၊ ဖန်၊ မှန် အစအနများစွာဖြင့် ပုံဖော်ဖန်တီးထားသော အနုပညာလက်ရာတွေ လို့ အကြမ်းဖျဉ်း မှတ်သားနိုင်ပါလိမ့်မယ်။ ထူးခြားကြီးမားလှပြီး Masterpiece လို့ ပြောကြတဲ့ Mosaic ကတော့ ခရစ်နှစ် ၅၃၀ မှာ ဖန်တီးခဲ့တဲ့ အမဲလိုက်သူတွေနဲ့ ခြင်္သေ့တွေ၊ ကျားတွေ၊ ဝက်ဝံတွေ စတဲ့ တိရစ္ဆာန်တွေပါဝင်တဲ့ ဖန်တီးမှုကြီးပါပဲ။ ကြမ်းခင်းမှာ မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် ဂျေရုဆလင် ရဲ့ နေရာအမည်နာမတွေ ပါဝင်တဲ့ မြေပုံ Mosaic ဖန်တီးမှုကိုလည်း မြင်ကြရပါမယ်။


သမ္မာကျမ်းစာထဲက နေရာတွေကို လည်ပတ်တဲ့အခါ ကျမ်းစာပါ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်ပြီး လည်ပတ်တော့ ပိုပြီး ဗဟုသုတ ဖြစ်ရပါတယ်။ ကျမ်းစာကို ပြန်ဖတ်တဲ့အခါလည်း ပိုနားလည် သဘောပေါက်စေတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ အဲ့တုန်းက ပျာယာခတ်နေတဲ့ ခရီးသွားဘလော်ဂါ ကျွန်တော် ဟာ မြန်မာပြည်က အတူလာတဲ့ ခရီးဖော်တစ်အုပ်တမ ကို အဖွဲ့လိုက် ဓါတ်ပုံတွေ အများကြီး ရိုက်ပေးပြီး သကာလ ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်ထည့်ထားတဲ့ ကင်မရာကျောပိုးအိတ်ကြီးကို ဘေးမှာချထားမိလေတော့ အပြင်ရောက်ပြီး ကားထွက်ခါနီးအထိ သတိမရခဲ့ဘူးလေ။ ကားထွက်ပြီဆိုမှ အိတ်ကျန်ခဲ့မှန်း သိရပြီး ရှိသမျှ ဝန်ထမ်းတွေကို တောင်းပန်လို့ အသည်းအသန် ပြန်ပြေးဝင်ပြီး ပြန်ရှာယူခဲ့ရပါတယ်။ တော်သေးတယ် ဧည့်သည် အရမ်းများပေမဲ့ အိတ်ကို ဘယ်သူမှ မထိမကိုင်ကြဘဲ ဒီအတိုင်းလေး ရှိနေခဲ့တာ။ မဟုတ်ရင် ပါလာသမျှ အကုန်အပြင် ကျွန်တော့်ရဲ့ ကင်မရာပစ္စည်းတွေပါ ပါသွားတော့မှာ။ ဒါကြောင့် နီဘိုတောင်ဟာ ကျွန်တော့်အတွက်တော့ အမှတ်တရ ကြီးကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်ဗျာ။


အားလုံးပဲ ကျန်းမာခြင်းနဲ့ အစဉ်ပြည့်စုံကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page