ဗီယက်နမ်နိုင်ငံဟာ အခုလပိုင်းမှာတင် ခရီးသွားဝင်ရောက်မှုကို တင်းကြပ်ခြင်းမရှိတော့ဘဲ ဝင်ရောက်ခွင့်ပြုနေခဲ့ပြီး နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အသစ်ဖန်တီးမှုအမျိုးမျိုးနဲ့ အရှိန်မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ဒီလုပ်ဆောင်မှုထဲမှာ အချိန်ကိုက်ပြီး ကမ္ဘာ့အရှည်ဆုံး မှန်ကြမ်းခင်း ကြိုးတံတား တစ်စင်းကို ဖွင့်လှစ်ပြသလိုက်တာပါပဲ။
ထူးခြားတာကတော့ ဒီမှန်ကြမ်းခင်းကြိုးတံတားဟာ ကမ္ဘာ့ဂရင်းနစ်စံချိန် ဝင် ဖြစ်သွားခဲ့တာပါ။ ယခင်က တရုတ်နိုင်ငံ Guangdong မှာရှိတဲ့ ၁,၇၂၆ ပေ အရှည်ရှိ မှန်ကြမ်းခင်းတံတားက ဂရင်းနစ်စံချိန်ဝင်ပါ။ အခုတော့ ဗီယက်နမ်နိုင်ငံက မှန်ကြမ်းခင်းတံတားက ပြောင်းလဲစံချိန်သစ်တင်လိုက်နိုင်ပါပြီ။ ဒီကြိုးတံတားဟာ အောက်ခြေတောကနေ အမြင့်ပေ ၄၉၂ ပေခန့်မှာ တည်ရှိပြီး အရှည်အားဖြင့် ၂,၀၇၃ ပေရှည်လျားပါတယ်။ ဗီယက်နမ်နိုင်ငံ ရဲ့ အနောက်မြောက်ဘက် Son La ခရိုင်အတွင်းမှာ တည်ရှိတဲ့ ဒီမှန်ကြမ်းခင်း ကြိုးတံတား ကို Bach Long (နဂါးဖြူ) လို့ ခေါ်ဆိုကြပြီး ၂၀၂၂ ခုနှစ် ဧပြီလ မှာ အများပြည်သူအတွက် ပြန်လည်ဖွင့်ခဲ့ကာ ကမ္ဘာ့ဂရင်းနစ် စံချိန်တင်မှတ်တမ်းကိုတော့ မေလ ၂၈ ရက်နေ့မှာ သက်ဆိုင်ရာခရိုင်အာဏာပိုင်တွေကို အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။
ဒီ Bach Long မှန်တံတားဟာ ဗီယက်နမ် ရဲ့ တတိယမြောက် မှန်တံတားဖြစ်ပြီး SUV ကား ဖြတ်သန်းမောင်းနင်လို့ ခံနိုင်ရည်အားကို စစ်ဆေးခဲ့တဲ့ ခရီးသွားလုပ်ငန်းအထောက်အကူပြု မှန်တံတားပဲ ဖြစ်ပါတယ်။
Comments