ပြင်သစ် ခရီးသွားနှစ်ဦး ဖြစ်သူ Celement Dumais (၂၈ နှစ်) နဲ့ Paul Rouz-dit-Buisson (၂၇ နှစ်) တို့ဟာ ဘရာဇီးနိုင်ငံ ရဲ့ Rio de Janeiro မြို့မှာ ရှိတဲ့ ကမ္ဘာကျော် ခရစ်တော်ရုပ်တုကြီး အပေါ်မှာ မနက်ခင်း နေထွက်ချိန်ကို ကြည့်ရှုခဲ့ကြလို့ ဘရာဇီး အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
ခရီးသွားတွေကြားမှာ နေထွက်ချိန်၊ နေဝင်ချိန်တွေကို တမူထူးခြားစွာ ခံစားတတ်သူတွေ များစွာ ပါဝင်ပါတယ်။ မှတ်တမ်းကောင်း ရလိုသူများဟာလည်း ဒီလိုအချိန်တွေကို အမိအရ ဓါတ်ပုံ နဲ့ ဗီဒီယိုမှတ်တမ်းတင်မှုတွေ ကြိုးစားလုပ်ဆောင်လေ့ ရှိတတ်ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်လူငယ် ခရီးသွားနှစ်ဦးဟာ ပေပေါင်း ၁၂၅ ပေမြင့်တဲ့ ရုပ်တုကြီးပေါ်ကို တနင်္ဂနွေညပိုင်းမှာ ဝင်ရောက်ခဲ့ကြပြီး ရုပ်တုကြီးဆီ ဝင်ရောက်လေ့လာခွင့် ပိတ်တဲ့ အချိန်ထိ အတွင်းမှာ နောက်နေ့ နေထွက်ချိန်ကြည့်ဖို့ ဆက်နေခဲ့ကြပါတယ်။ နေမထွက်ခင်လေးမှာ ခရစ်တော်ရုပ်တုကြီးရဲ့ ဖြန့်ထားတဲ့ လက်နှစ်ဘက် က တစ်ဘက် ကို လှေကားနဲ့ တက်ခဲ့ကြပြီး နေထွက်ချိန်ကို မြို့အပေါ်ရှုခင်းအလှရယ်၊ Guanabara ပင်လယ်ကွေ့ရဲ့အလှရယ်နဲ့ ပေါင်းစပ် ခံစားခဲ့ကြတာပါ။
စွန့်စားမှုက သိပ်မကြာခင်ဘဲ အဆုံးသတ်ရပါတော့တယ်။ အစောင့်တွေဟာ ဒီ နှစ်ဦး ကို တွေ့ရှိသွားကြလို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦး လက်နှစ်ဘက်လုံးရော၊ ဦးခေါင်းပေါ်ထိပါ တက်လို့ ရှုခင်းကြည့်ခဲ့ကြတာဖြစ်တယ်လို့ Roux-dit-Buisson က ဝန်ခံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တနင်္လာနေ့အထိ အထိန်းသိမ်းခံထားရပြီး အာမခံငွေ အမေရိကန်ဒေါ်လာ ၁,၉၀၀ ပေးဆောင်လို့ ပြန်လည် လွတ်မြောက်ခဲ့တာပါ။
သူတို့နှစ်ဦးဟာ နိုင်ငံအသီးသီးက ကမ္ဘာကျော် ရုပ်တုနဲ့ နေရာများစွာမှာ ခုလို လုပ်ဆောင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ အခုတစ်ကြိမ်မှာတော့ ဘရာဇီးနိုင်ငံ က ကမ္ဘာကျော် ခရစ်တော်ရုပ်တု Christ the Redeemer Statue မှာ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီရုပ်တုဟာ လာမဲ့ ၂၀၂၁ အောက်တိုဘာလ မှာ နှစ် ၉၀ ပြည့်တော့မှာ ဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာ ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီနေရာဟာ နှစ်စဉ် လူ ၂ သန်းကျော် လာရောက်လည်ပတ်ကြတဲ့ ဘရားဇီးနိုင်ငံ ရဲ့ အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါတယ်။ - Source: AFP
コメント