top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

စျေးလေးလည်း သက်သာ အမြဲလည်းလှတဲ့ အနီးဆုံးက ငွေဆောင်ကမ်းခြေ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • May 29, 2020
  • 3 min read

Updated: Sep 11, 2020

မြစ်ဝကျွန်းပေါ်သား ကိုယ်တွေအတွက်တော့ ဆောင်းကလည်း ခပ်နွေးနွေးနဲ့ နေလို့ကောင်းနေတာပဲ။ ဒီအချိန်က တကယ်ကို ကမ်းခြေ သွားလို့ အကောင်းဆုံးအချိန်ပေါ့။ နွေ မှဆို အရမ်းပူနေသေးတယ်။ ခုချိန်က ညနေညခင်းဆို အေးနေမယ်။ တိုက်တဲ့လေကလည်း အေးမယ်။ ယုတ်စွအဆုံး သောက်ဟယ် စားဟယ် ဆိုရင်တောင် ဒီအချိန်က နွေရာသီလောက် အပူသိပ်မများတော့ ပျော်ရတယ်။ အကောင်းဆုံးက ကမ်းခြေမှာ မီးပုံပွဲလေး လုပ်လို့ သင့်တာမို့လို့ပဲ။ နွေခေါင်ခေါင်ကြီးကျတော့လည်း မီးပုံပွဲက ကမ်းခြေငရဲရောက်သွားသလို ဖြစ်နေမယ်လေနော်။


ငွေဆောင် က ခရီးပိုတိုတယ်

ကမ်းခြေတွေ သွားမယ်ဆို ကျွန်တော်တို့ ဦးဆုံးစဉ်းစားမိတာ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ ဆိုပါတော့။ ရန်ကုန်မြို့ပြဘဝကနေ အချိန်တို ပြေးထွက်ရေဆော့နိုင်တဲ့ နေရာကောင်းတွေထဲမှာ ငွေဆောင်က ထူးထူးခြားခြား ခရီးလမ်း အတိုဆုံး ရောက်နိုင်တာ ဒီတစ်ခါ ကိုယ်တိုင်ကားမောင်းရင်း သတိပြုမိလိုက်တယ်။ အချိန် ၄ နာရီလောက်နဲ့ ရောက်နိုင်တဲ့ ပင်လယ်ကမ်းခြေမြို့လေးဖြစ်သလို ရေကလည်း အတော်ကြည်လင်နေပြီး ပင်လယ်စာလည်း စုံတယ်။ ပင်လယ်ရေချိုးတာအပြင် ငှက်ကြည့်မလား၊ ရေငုပ်ပြီး ငါး နဲ့ သန္တာကျောက်တန်း ရေအောက်ကမ္ဘာကို ကြည့်မလား၊ ကျွန်းပတ်မလား ဒီလို လုပ်ဆောင်ချက်တွေလည်း လုပ်နိုင်သေးတယ်။ အဓိက က ငွေ ပေါ့။ ဈေးအားဖြင့်လည်း သက်သက်သာသာနဲ့ ခံစားနိုင်တာမျိုးဆိုရမယ်။ ရှေ့မှာ တင်ပြဖူးခဲ့တဲ့ ဒေါ်လာတွေ အများကြီး ပေးမှ ရမဲ့ ခံစားမှုမျိုးထဲက တချို့ကို ဈေးသက်သက်သာသာနဲ့ လက်လှမ်းမီစွာ ခံစားနိုင်မဲ့ ငွေဆောင်ကမ်းခြေ ဟာ ကျွန်တော်တို့လို အခြေခံလူလတ်တန်းစားတွေ အမြဲ သွားလာဖြစ်တဲ့ ကမ်းခြေ ဖြစ်နေတာ မဆန်းဘူးပေါ့လေ။


ငွေဆောင် မှာ ပင်လယ်စာ အရသာက နည်းနည်းလိုတယ်။

အဟုတ်ပဲ။ ချောင်းသာနဲ့ ယှဉ်ရင် ငွေဆောင်မှာ ပင်လယ်စာ ချက်တဲ့ပုံနဲ့ ဈေးနှုန်းက နည်းနည်းလေး လိုအပ်ချက်ရှိနေသေးတယ် ထင်မိတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ ရှာမတွေ့သေးတာလား မပြောတတ်။ ခုထိတော့ ချောင်းသာက ထမင်းချက်သူတွေဆီ လှမ်းမှာ မိနေတုန်းပဲ။ ဒီတစ်ခေါက်တော့ စမ်းကြည့်မိတာ ကျွန်တော် တည်းခဲ့တဲ့ Ocean Paradise Resort ဟိုတယ်က စားသောက်ခန်းမ က ဟင်းတွေလည်း ကောင်းသလို၊ ဟိုတယ်နားလေးတင် ဆိုင်ငယ်လေးတွေ မှာ စားကြည့်တာလည်း အရသာ မဆိုးတာ သတိထားမိတယ်။ ဘယ်လိုဖြစ်တယ်တော့မသိ၊ ကျွန်တော့် လျှာမှာတော့ ချောင်းသာက ပင်လယ်စာ ချက်ပြုတ်ပုံတွေကတော့ ပိုထိနေဆဲပဲ။


ငွေဆောင်ရဲ့ လည်ပတ်စရာနေရာတွေကို ရင်ထဲပိုထိတယ်။

အစားအသောက်မှာ ချောင်းသာကို သဘောပိုကျမိပေမဲ့ ကျွန်းပတ်တာ၊ ရေကြည်တာ၊ Snorkeling လုပ်တာ စတာတွေကိုတော့ ငွေဆောင်ကို ရင်ထဲ ပိုထိတယ်လို့ ခံစားရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံစားမှုချင်းကတော့ မတူနိုင်လို့ ကျွန်တော့် ပုဂ္ဂလိကခံစားချက်လို့ပဲ ပြောပါရစေ။ ငွေဆောင်ကို အရင်ကဆို ဆင်စခန်းတွေ လည်၊ ကမ်းခြေမှာ ရေဆော့လောက်ပဲ လုပ်ဖြစ်ရာကနေ ဒီတစ်ခေါက် ကျွန်းပတ်ဖို့ စဉ်းစားလိုက်တာ မှန်သွားတယ် ပြောရမယ်။ အနီးအပါး ဘယ်တွေ သွားကြမလဲဆိုတာ ကြည့်လိုက်ရအောင်။


ငှက်ကျွန်း

ငွေဆောင်က ငှက်ကျွန်းကိုတော့ မဖြစ်မနေ သွားစေချင်မိပါတယ်။ ဘာလီအလား ထင်မှတ်ရလောက်အောင် ကျောက်တောင်နဲ့ ပင်လယ်ရဲ့ အချိတ်အဆက်မိမိ လှနေပုံက မှင်သက်ရလောက်တယ်။ ဘာလီမှာလည်း ရေဆော့မရတဲ့ နေရာတွေများသလို၊ ဒီကျွန်းပေါ်မှာလည်း ထိုနည်းတူ ရေဆော့ဖို့တော့ အဆင်မပြေပေမဲ့ ရှုခင်းက အရမ်းလှပါတယ်။ ရှုခင်းလှလှမြင်ရဖို့ တောင်ပေါ်တော့ တက်ရတယ်။ လှေကားလေး လုပ်ပေးထားတော့ သိပ်မခက်ခဲပေမဲ့ မောတာကတော့ မောမှာပါပဲ။ အပေါ်ရောက်ရင်လည်း တက်ရတာနဲ့ တန်တဲ့ မြင်ကွင်းအလှအပ ကို ခံစားရတာမို့ အမောချက်ချင်း ပြေစေပါတယ်။ ခုတော့ လူများများ လာကြတာမို့ ဓါတ်ပုံတော့ လုရိုက်ရတာပေါ့လေ။ ရာသီဥတု၊ ပင်လယ်ဆားငွေ့၊ လေဒါဏ် စတာတွေ ခံစားရတာမို့ မလိုအပ်ဘဲ ကာထားတဲ့ တန်းတွေကို မီတာ ထိုင်တာတွေ မလုပ်မိဖို့တော့ သတိပြုမိစေချင်တယ်။ ဒါက စိတ်ပူလို့ပါ။ ကိုယ်ဖြစ်ကိုယ်ခံမယ် တွေးရင်တော့ လုပ်လို့ရပါတယ်။ ကျွန်တော်လည်း လှချင်ဇောနဲ့ လုပ်မိတာတွေ ရှိတယ်လေ။


လိပ်ကျွန်း

ကျွန်းတစ်ခုလုံးက ကျောက်တောင်ကြီးတွေနဲ့ ဖွဲ့စည်းထားသလို ဖြစ်နေပြီး အဝေးကကြည့်ရင် လိပ်ပုံစံ ပေါ်နေတာမို့ ဒီလို ခေါ်ကြတယ် ယူဆပါတယ်။ အဲ့ဒီမှာတော့ ကျွန်းပေါ်နေတာထက် Snorkeling လာလုပ်ကြတာပါ။ ရေငုပ်ပြီး ရေအောက်ကမ္ဘာရဲ့ အလှကို လာကြည့်ကြတယ်။ လာကြည့်တဲ့ လူနဲ့ လှေတွေ များတော့ အောက်က ငါးတွေ ရှိပါ့မလားတောင် တွေးပူမိတယ်။ ရှိပေမဲ့ နည်းနည်းတော့ နည်းသွားပါတယ်။ တချို့ပင်လယ်မှာ Snorkeling လုပ်ရသလို ငါးအုပ်လိုက်ကြီးတွေ တွေ့တာမျိုး ရှားပါးတာ သတိပြုမိတယ်။ ဂျယ်လီငါးတွေ တွေ့တယ်။


ဒီခရီးစဉ်တွေကိုတော့ ကျွန်းပတ်ခရီးစဉ်တွေအဖြစ် ကမ်းခြေက လှေသမားတွေ ရောင်းကြပါတယ်။ Speed Boat ငှားပြီးသွားရတာပါ။ Speed Boat စက်လှေခ ၁၂၀,၀၀၀ ကျပ် ဝန်းကျင် ပေးရတတ်ပါတယ်။ လူ ၅ ဦး လောက်အထိ စီးနင်းနိုင်တယ်။ ကျွန်တော်သွားတုန်းကတော့ သူငယ်ချင်း ၂ ဦးတည်းမို့ လှေရဲ့ ခုန်ချက်က ခါးတောင်ကျိုးပလား မှတ်ရတယ်။ လူများများနဲ့မှ ဝိတ်ရှိပြီး လှေက လှိုင်းကို ဖြတ်တက်ရမှာ ပိုငြိမ့်ညောင်းတာလို့ မှတ်ခဲ့ရပါတယ်။ တချို့ကတော့ ရိုးရိုးစက်လှေကြီးတွေနဲ့ လာကြပါတယ်။ အချိန်ယူမှုမှာက ရိုးရိုးစက်လှေနဲ့ Speed Boat ကွာခြားပြီး ဈေးနှုန်းအားဖြင့်လည်း ရိုးရိုးစက်လှေက သက်သာပါတယ်။ ကျွန်တော်ကတော့ တည်းခဲ့တဲ့ Ocean Paradise Resort ကိုပဲ စုံစမ်းမေးမြန်းစီစဉ်ခိုင်းလိုက်တာမို့ သိပ်ခေါင်းမစားခဲ့ရဘူး။ သူတို့ပဲ ချိတ်ဆက်ပေး၊ ဈေးဆစ်ပေးတော့၊ အဆင်ပြေသွားတယ်။ စက်လှေစီးဖို့ မနက် ၉ နာရီ ထွက်ကြရပါတယ်။ နေ့လည်စာကို ငှက်ကျွန်းမှာ စားကြသလို၊ တချို့ကလည်း ထမင်းဗူးသယ်ပြီး စားလေ့ရှိပါတယ်။ ငှက်ကျွန်းမှာတော့ စားတာသောက်တာ ဒီဘက်ကမ်းခြေထက် ဈေးနည်းနည်း ပိုပါမယ်။ ဒီခရီးစဉ်အပြင် ချောင်းသာ ကို စက်လှေနဲ့သွားတာမျိုးလည်း လုပ်နိုင်သေးတယ်။


ငွေဆောင်ရွာဈေးတန်း

ပင်လယ်ထွက် အခြောက်အခြမ်းတွေ၊ ဟာလဝါ၊ သရက်တောထိုးမုန့်၊ ကမ်းခြေဖက်ရှင် အသုံးအဆောင် နဲ့ စားသောက်ဆိုင်တွေ စည်စည်ကားကားနဲ့ မနက်ရော ညပါ အသက်ဝင်နေတဲ့ ဒီရွာဈေးတန်းလေးကိုလည်း လည်ပတ်သင့်ပါတယ်။ ပင်လယ်အမှတ်တရပစ္စည်းလေးတွေလည်း ဝယ်ယူနိုင်ဦးမယ်လေ။


ငွေဆောင်မှာ တည်းဖို့ အကောင်းဆုံး အဆင့်မြင့်ဟိုတယ် ဆိုရင်?

ကျွန်တော်တို့လို ကုမ္ပဏီဝန်ထမ်းလစာလေးစုပြီး အားလပ်ရက် အပန်းဖြေရသူ အခြေခံလူလတ်တန်းစား တွေအတွက် ကိုယ်နိုင်တဲ့ ဈေးနှုန်းလေးအတွင်းကနေ ဇိမ်ခံလို့ကောင်းမဲ့ဟိုတယ် ရွေးရတာ ခေါင်းစားစရာပါပဲ။ ဈေးကြီးမှ ရနိုင်မဲ့ facilities မျိုးနဲ့ ဇိမ်ခံချင်ပေမဲ့ ပေးရမဲ့ဈေးကို နှမြောနေမိတတ်ကြတယ်မို့လား။

ဒီတစ်ခါ ကျွန်တော် တည်းခိုဖြစ်ခဲ့တဲ့ Ocean Paradise Resort မှာ တည်းကြည့်ဖို့ အကြံပြုချင်တယ်။

ဘာလို့လဲဆိုတော့…


(၁) ဈေးနှုန်းအားဖြင့် အဆင်ပြေတယ်

ဒါအရေးကြီးဆုံးပဲ။ အကောင်းစားဟိုတယ်ကြီးကို ဈေးသက်သာမှ ကျွန်တော်တို့အတွက် ကိုက်မယ်လေ။ Ocean Paradise Resort မှာက Superior အခန်းက ၆၅၀၀၀ ကျပ် ပဲ ရှိတယ်။ Suite အခန်းက ၈၄၀၀၀ ကျပ် နဲ့ Sky Suite အခန်းက ၁၂၆၀၀၀ ကျပ် အသီးသီးပဲ။ ရုတ်တရက် များသလိုပဲ။ ဒါပေမဲ့ Superior နဲ့ Suite အခန်းတွေက ၂ ယောက်တည်းမှာမို့ တစ်ဦးစာ ဆို ဘယ်လောက်မှ မရှိတော့ဘူး။ ကျွန်တော်က Sky Suite ကို သဘောကျတယ်။ အခန်းက ၂ ခန်း နဲ့ ၃ ယောက် အေးဆေး နေလို့ရသလို Pent House အိမ်ကြီးနဲ့ ကိုယ့်အိမ်ကိုယ်ရာလို ခံစားရတာမျိုးကို သဘောကျတာ။ ရေချိုးခန်း အိမ်သာလည်း လုနေစရာ မလိုဘူး။ သီးသန်း ၂ ခန်းစီ ပါတယ်။ သူငယ်ချင်း၊ မိသားစုတွေ စုဆုံဖို့ ဧည့်ခန်းကလည်း အကျယ်ကြီးရှိသေးတယ်။ ညဘက် ကြယ်ကြည့်ဖို့ အဆင်ပြေတဲ့ ခေါင်မိုးထပ်ကျယ်ကျယ်မှာ ပင်လယ်လှိုင်းသံတွေနားထောင်ရင်း ခံစားအိပ်စက်ရမှာမျိုးမို့ သဘောကျမိတယ်။


(၂) ကာရာအိုကေ ဆိုလို့ ရတယ်

ကိုယ့်ဟိုတယ်ထဲမှာတင် ပတ်လုပ်စရာတွေ များတယ်လေ။ သူငယ်ချင်းအုပ်စုလိုက်၊ မိသားစုလိုက်၊ ဆွေမျိုးအဖွဲ့လိုက် လုပ်စရာတစ်ခုအနေနဲ့ ကာရာအိုကေ ဆိုဖို့ အခန်းကျယ်ကျယ် ၃ ခန်း ရှိသေးတယ်။ တစ်နာရီမှ ၂၅၀၀၀ ကျပ် ပဲ။


(၃) ရေကူးမယ်

ကမ်းခြေလာပေမဲ့ ပင်လယ်ထဲ ရေချိုးရတာ မကြိုက်တဲ့အထဲမှာ ကျွန်တော်က ထိပ်ဆုံးက ပါတယ်။ ဒါပေမဲ့ ရေကူးကန်ထဲတော့ ရေစိမ်ချင်သေးတာ။ ကမ်းခြေဟိုတယ်တွေမှာ ရေကူးကန်ပါတာမျိုးပဲ ကြိုက်တယ်။ Ocean Paradise Resort ရဲ့ ရေကူးကန်က ကျယ်ပြီး လှလို့ ရေကူးရင်ကူး မကူးတောင် ကန်ဘေး ကော့တေးလ်ထိုင်သောက်ပြီး ရေကူးသူတွေရဲ့ အပျော်ကို ကူးစက်ခံစားရတာကိုက ဘဝရဲ့ အရသာတစ်ခုလို ဖြစ်နေတာ။


(၄) ဟိုတယ်စားသောက်ဆိုင်မှာ ပင်လယ်စာ စားမယ်

ဟိုတယ်တွေက စားသောက်ဆိုင်တွေမှာ ဟင်းစားရင် လက်ရာက တစ်ခုခုလိုနေတတ်သလို ခံစားရတယ်။ Ocean Paradise မှာ ထူးခြားတာက ဟိုတယ် မတည်းရင်တောင် စားသောက်ဆိုင်အနေနဲ့ လာစားဖို့ ဆိုင်ဝင်ပေါက်က သီးသန့်ဖွင့်ထားပေးတာမျိုးမို့ ဒီမှာ မတည်းကြပေမဲ့ သူ့လက်ရာကို သဘောကျလို့ လာစားကြတဲ့ ပြင်ပက ဧည့်သည်တွေ ရှိနေတတ်တာပဲ။ ပင်လယ်စာလက်ရာလေးတွေလည်း အဆင်ပြေတဲ့ဆိုင်ဖြစ်ပါတယ်။


(၅) ဝန်ထမ်းတွေ ရဲ့ မိသားစုလို နွေးထွေးတဲ့ဆက်ဆံရေး ရှိတယ်

မိသားစုလို ဆက်ဆံရေးလို့ဆိုရင် တချို့ကလန့်ကြတယ်။ ကျွန်တော်လည်း ကြုံဖူးတယ်။ မိသားစုလို ဆက်ဆံတာပါဆိုလို့ အမယ် ရောက်လည်းသွားရော ကိုယ့်ကို အိမ်မှာ အမေက အော်သလို၊ အဖေက အမိန့်ပေးသလို နွေးထွေးလိုက်တဲ့ ဆက်ဆံရေးမျိုးတွေလေ။ ခု ဒီမှာ ဆိုလိုချင်တဲ့ မိသားစုလို နွေးထွေးတဲ့ ဆက်ဆံရေးဆိုတာက ကိုယ့်မိတ်ဆွေရင်း၊ ဆွေမျိုးရင်း တစ်ယောက်ကို ဝန်ဆောင်မှုပေးရသလိုကို ကိုယ်ဘာကိုလိုချင်တာလည်း သူ့ဘက်က အကောင်းဆုံးလို့ထင်တဲ့ ပြင်ဆင်ဝန်ဆောင်မှုမျိုးကို ဆိုလိုတာပါ။ အရမ်းကြီး ဖက်လှဲတကင်း ရင်းနှီးဖော်ရွေနေတာမျိုးမဟုတ်ဘဲ၊ လေးစားသမှုနဲ့ ရင်းနှီးဝန်ဆောင်မှုပေးတာကို သဘောကျမိစေတယ်။


(၆) အသင်းအဖွဲ့တွေအတွက် Retreat Trip တွေဆို အဆင်ပြေတယ်

ဈေးနှုန်းအရရော၊ နေရာအကျယ်အဝန်းအရပါ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ နှစ်ပတ်လည် ခရီးစဉ်၊ အပျော်ခရီးစဉ်တွေ စီစဉ်မယ်ဆိုရင် အတော်သင့်လျော်တဲ့နေရာလို့ မြင်မိပါတယ်။


ကောင်းလှချေလားချည်းပဲတော့ မဟုတ်ဘူးပေါ့လေ။ ဘယ်အရာမဆို အတိုင်းအတာလေးတစ်ခုတော့ ရှိတာပေါ့။ ကျွန်တော် သဘောမကျတာလေးတွေလည်း ရှိပါတယ်။ ဆိုပါတော့ Ocean Paradise Resort က ကမ်းခြေဘက်အခြမ်းမှာ ဟိုတယ်ဆောက်ထားပေမဲ့ ထွက်လိုက်ရင် ကမ်းခြေတန်းရောက်တဲ့ ဟိုတယ်မျိုး မဟုတ်သေးဘူး။ သူ့အရှေ့မှာ ဟိုတယ်တစ်ခု ရှိနေတာလေး ရှိတယ်။ ဒါပေမဲ့ အထပ်မြင့်ဆောက်ထားတာမို့ အပေါ်စီးကနေ ပင်လယ်ကို မြင်ကွင်းရနိုင်ဖို့ ကြိုးစားထားတယ်။ တခါတလေ တရုတ်ခရီးသွားအဖွဲ့တွေ ရှိနိုင်တယ်။ ဒါလေးပဲ။ ကောင်းတဲ့အချက်တွေနဲ့ ယှဉ်တော့ အဲ့ဒါက အသေးအဖွဲလေး ဖြစ်သွားတယ်ပေါ့လေ။


Ocean Paradise Resort ကို Booking တင်မယ်ဆိုရင်တော့ -

Yangon Reservation Office (9:30AM to 6:00PM) - 09-5200591, 09-5200594, 09-762100100, 09-763100100, 09-7661000

Ngwe Saung Hotel (24hr) - 09-764100100, 09-951510100, 09-951510200 ကို ဆက်သွယ်နိုင်ပါတယ်။


အခြေခံကုန်ကျစရိတ် အကြမ်းလေး

သူငယ်ချင်း ၄ ယောက် ၂ ညအိပ် သွားတာနဲ့ တွက်ကြည့်မယ်ဆိုရင်...

- ဟိုတယ် ၂ ညအိပ် ၁ ဦးနှုန်း :: ၆၅၀၀၀ ကျပ် (၂ ယောက်ခန်း share, extra မထိုးပေါ့လေ)

- ကျွန်းပတ်စက်လှေခ :: ၃၀၀၀၀ ကျပ် (၁၂၀၀၀၀ ကို ၄ ယောက် စင်းလုံးငှါး)

- ရန်ကုန် ငွေဆောင် အသွားအပြန်ကားခ :: ၂၀၀၀၀ ကျပ်

- စားစရိတ် :: ၃၀၀၀၀ ကျပ် (တစ်ရက် ၁၅၀၀၀ နှုန်းနဲ့)

====================

စုစုပေါင်း အခြေခံကုန်ကျနိုင်ငွေ :: ၁၄၅,၀၀၀ ကျပ်


ဆိုတော့ Resrot ကြီးမှာတည်းပြီး တစ်သိန်းခွဲဝန်းကျင်နဲ့ ဇိမ်ကျကျ အပန်းဖြေနိုင်တာ တန်တယ် ပြောရမယ်။


ငွေဆောင် ကိုပဲ ရွေးချယ်ပါ

ဘာပဲဖြစ်ဖြစ်ပါ။ ဒီတစ်နှစ် ပွင့်လင်းရာသီတော့ ခရီးထွက်မယ်ဆို ငွေဆောင်ကို ရွေးချယ်ဖို့ ကျွန်တော်က အကြံပြုချင်တယ်။ အချိန်အတိုဆုံးရောက်နိုင်တဲ့ ကမ်းခြေလှလှဖြစ်သလို၊ လုပ်ဆောင်စရာ Activities လည်း များလို့ သဘောကျမိတာကြောင့်လို့ ဆိုချင်ပါတယ်။ ဈေးလည်း သက်သက်သာသာနဲ့ လည်ပတ်ရမှာမို့ ရွေးချယ်စဉ်းစားစေချင်မိတာပါဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Min Hsann

Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page