ပုဂံရှုခင်း ကို ကောင်းကင်ခရီးနဲ့ ဘောလုံးပျံစီးပြီး ခံစားမယ်
- Thiha Lu Lin
- Nov 2, 2020
- 2 min read
ကျွန်တော်တို့ အရင်က ဘောလုံးပျံစီးဖို့ဆိုတာ စိတ်ကူးအိပ်မက်သက်သက်လိုပဲနော်။ ဈေးကလည်း ကောင်းတာကိုး။ ခုများကျတော့ အတော်လေး ဈေးသက်သာလာတာ တွေ့ရတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ရင် ဈေးနှုန်းက နည်းနည်းကွာနေသေးတဲ့တိုင် ဒီက Safety ပိုင်းကောင်းတာတွေ ထည့်သွင်းစဉ်းစားရင်တော့ အတော်လေး တန်တယ်ပြောရမယ်။ သူများနိုင်ငံတွေမှာလို ပျက်ကျပါဘတယ်၊ ဘာညာ ကိုယ်တွေဆီမှာ သိရသလောက် မရှိဘူးလေနော်။ ခုလို အချိန်မျိုးက ဘောလုံးပျံစီးဖို့ အတန်ဆုံး အချိန်လို့ ပြောလို့ရပြီ။ အဲ့ဒါကြောင့်ပဲ ကျွန်တော်က Oriental Ballooning ကို ဆက်သွယ်ပြီး ပုဂံမှာ စီးကြည့်ဖို့ စီစဉ်ခဲ့တာ။ သူတို့ရဲ့ ဝန်ဆောင်မှုကို သဘောကျတာရော၊ စိတ်ချရတာရော အဘက်ဘက်က စဉ်းစားပြီး ရွေးချယ်လိုက်တာ ဆိုပါတော့။ အရင်လည်း သူတို့နဲ့ အင်းလေးမှာ တစ်ခါ၊ ဘားအံမှာ တစ်ခါ စီးဖူးထားပြီမို့ Pilot တွေရဲ့ ကျွမ်းကျင်မှု နဲ့ ဝန်ထမ်းတွေရဲ့ နွေးထွေးတဲ့ဝန်ဆောင်မှုတွေကို သိပြီးသားလည်း ဖြစ်နေပြီကိုး။

ပုဂံ နေထွက်ချိန် ကို ကောင်းကင်က ကြည့်မယ်
မနက် ၅ နာရီလောက်ဆို ကြိုပို့ကားက ဟိုတယ်ရှေ့ ရောက်လာပြီ။ ကျွန်တော်က Bagan View Hotel မှာ တည်းတာမို့ ရှေ့ဆုံးလောက် လာကြိုတယ်။ ပြီးတော့ ဘောလုံးတက်မဲ့နေရာအထိ ကြိုပို့ကားက မောင်းသွားပြီး လမ်းမှာ လူကြိုတယ်။ စုစုပေါင်း ၁၂ လုံး ထွက်မှာမို့ သူ့အဖွဲ့နဲ့သူ လူတွေ အများကြီးပဲ သဲသောင်ပေါ် ရောက်နေကြတာ တွေ့ရတယ်။ အဲ့ဒီမှာ မနက်စာ ခပ်ပါးပါး ကျွေးတယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ် ထိုင်ရတယ်။ ခပ်ပါးပါးဆိုတာ ကော်ဖီ၊ လက်ဖက်ရည် နဲ့ ပေါင်မုန့်အစုံ အဲ့လောက်ပဲပါတဲ့ မနက်စာ မို့ပါ။ တက်မဲ့အချိန်နီးလာတော့ သက်ဆိုင်ရာ အဖွဲ့အလိုက် Pilot (ဘောလုံးပျံမှူး) နဲ့ မိတ်ဆက်ပေးပြီး တက်ညီလက်ညီ ကိုယ်စီးရမဲ့ ဘောလုံးတွေဆီ ထွက်ခဲ့ကြတယ်။

မနက်က မလင်းသေးဘူး။ ရောင်နီတော့ သန်းလာပြီ။ အဲ့ဒီအချိန်မှာ ဘောလုံးတွေကို လေသွင်းပြီး မီးမှုတ်ပြတာ သိပ်လှတဲ့ ပန်းချီကားလိုပဲ။ ဘောလုံး မတက်ခင် Pilot က လူကိုကြည့်ပြီး စီးရမဲ့ ခြင်းထဲ ကို ခွဲထည့်တယ်။ ဘောလုံးပျံရင် လိုက်နာရမဲ့ စည်းကမ်းတွေ နဲ့ ပြန်ဆင်းတဲ့အခါ နေရမဲ့အနေအထားတွေ သေချာ သင်ပြပေးပြီး ဘောလုံး မီးစာပြည့်တာနဲ့ အားလုံး အလျင်အမြန် တက်လိုက်ရတယ်။ အဲ့ခြင်းထဲရောက်ပြီး မပျံခင် တစ်ခါ ဆင်းရင် နေရမဲ့ ပုံစံကို လက်တွေ့ လုပ်ကြရတယ်။ ပြီးတော့ အဖွဲ့လိုက် ဓါတ်ပုံမှတ်တမ်းတင်ပြီး စပျံပါတယ်။


ပုဂံ ရဲ့ နေထွက်ချိန်က ဧရာဝတီမြစ်နဲ့အတူ လှနေလိုက်တာဆိုတာ။ ကိုယ့်မျက်စိအောက်မှာ လှည်းဝင်ရိုးသံ တညံညံ ဆိုတဲ့ ပုဂံဘုရားပေါင်းများစွာ ရဲ့ အလှကို မြင်တွေ့ ခံစားရတယ်။ အရင်ကတော့ စေတီအကြီးတွေအောက်လောက်ထိ ဆင်းပျံပြပေးလေ့ရှိပေမဲ့ ခုနောက်ပိုင်းတော့ စေတီတွေကို ထိခိုက်မှာ စိုးလို့ အောက် အတော်ကပ်တဲ့အထိ ပျံမပြတော့ပါဘူး။ သတ်မှတ်ထားတဲ့ အမြင့်ကနေပဲ ပျံပြပေးပါတယ်။ ပုဂံရဲ့ နာမည်ကျော်ဘုရားတွေကို ကောင်းကင်ကနေ ဖူးရတယ်ပေါ့ဗျာ။


အချိန် တစ်နာရီကျော်ကြာ ပျံဝဲပြီး လေကြောင်းသင့်ရာအတိုင်း လွင့်လို့ ဆင်းဖို့ အဆင်ပြေ နေရာလည်း ရောက်ရော ညင်သာစွာနဲ့ အထိအခိုက် မရှိ ဆင်းသက်ပါတယ်။ ပြီးတာနဲ့ အချိုရည် အမောပြေတိုက်ပြီး ရှန်ပိန်ဖောက်သောက် ဂုဏ်ပြုပါသေးတယ်။ တစ်ဦးချင်းဆီကို Certificate နဲ့ လက်ဆောင်ပစ္စည်းတွေ ပေးတာကလည်း ပျော်စရာလေးပါ။ နိုင်ငံခြားသားတွေနဲ့ အတူစီးရတာမို့ သူတို့နဲ့ ခင်မင်စကားတွေဆိုရင် မိတ်ဆွေဖွဲ့ရတာလည်း တစ်မျိုး ပျော်စရာ ဖြစ်ပါသေးတယ်။ အဲ့ဒါပြီးတာနဲ့ ကိုယ်တည်းတဲ့ ဟိုတယ်ကို ပြန်ပို့ပေးပြီး မနက်စာ အချိန်မကုန်ခင် ဟိုတယ်ပြန်ရောက်တာမို့ အေးဆေး မနက်စာကို ဟိုတယ်မှာ စားလိုက်နိုင်သေးတယ်လေ။
ဈေးကြီးလား
အရင်ကတော့ ကြီးတယ်ပြောရမယ်။ ခုတော့ ဧပြီ ၁၀ ရက်နေ့အထိ ပရိုမိုးရှင်းရှိတော့ ဧပြီ ၁၀ ရက်မတိုင်ခင် Oriental Ballooning မှာ ဘောလုံးပျံစီးဖို့ ဝယ်မယ်ဆိုရင် တစ်ဦးတည်းဆို ၂၅၀,၀၀၀ ကျပ် (ယခင် ပုံမှန်ဈေး ၃၅၀,၀၀၀ ကျပ်)၊ နှစ်ယောက်စီးမှာဆို ၄၅၀,၀၀၀ ကျပ် (ယခင် ပုံမှန်ဈေး ၇၀၀,၀၀၀ ကျပ်) ပဲ ပေးရမှာ။ ကိုယ့်သူငယ်ချင်းမိတ်ဆွေ မိသားစုက ၅ ဦးလောက် စီးကြမယ်ဆိုရင် ပိုတန်ပြီ။ ၄ ဦးစာ ပဲပေးရတော့မှာလေ။ ၄ ဦးစာဈေးကို ၅ ဦးမျှခံကြရင် သက်သာပြီးရင်းသက်သာ ဖြစ်တော့မှာ။ အချိန်အကန့်အသတ်လေးရှိတော့ ပုဂံ မြန်မြန်သွားပြီး စီးမှ သင့်မယ်နော်။
ဓါတ်ပုံရိုက်ပေးလား
GoPro နဲ့ အဖွဲ့လိုက်ပုံတွေ ရိုက်ပေးထားပြီး Website မှာတင်ပေးထားလို့ ဖိုင်ဆိုက်ဒ်ကြီးကြီးနဲ့ကို ပြန်ကူးယူနိုင်ပါတယ်။ ဒါလေးလည်း အမှတ်တရဖြစ်တာပေါ့။

ပုဂံ ဟာ မြန်မာမှာ ဘောလုံးပျံ စီးဖို့ ကမ္ဘာက စိတ်အဝင်စားဆုံး နေရာပါ။ ပုဂံရဲ့ အလှကို ကျွန်တော်တို့ နိုင်ငံသားတွေလည်း ခုဆို ဈေးသက်သက်သာသာနဲ့ မြင်တွေ့ခံစား စီးနင်းနိုင်ပြီမို့ ပရိုမိုးရှင်းအချိန် မကုန်ခင်လေး Oriental Ballooning ကို စီးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, San Thida, Oriental Ballooning
Camera :: SONY Alpha 7II with 16 - 35mm Lens, Samsung Galaxy Note10+ & GoPro
Photos are modified in Lightroom by Thiha Lu Lin.
Comments