top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

တိတ်ဆိတ်သန့်ရှင်းခြင်းတွေနဲ့ ဖားဆောင်း အလည်ခရီး

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော့်ရဲ့ ဒီတစ်ခါ ကယားပြည်နယ်ခရီးစဉ်လေးက “ဖားဆောင်းမြို့” မှာ အဆုံးသတ်ခဲ့တယ်။

တကယ်ကတော့ ဆက်သွားသင့်သေးပေမဲ့ အကြောင်းကြောင်းကြောင့် ဒီနေရာလေးကနေ လှည့်ပြန်ခဲ့တယ်ပဲ ဆိုပါတော့။

ဖားဆောင်းမြို့လေးမှာ တစ်ညတာနေထိုင်လည်ပတ်ခဲ့ရတာကလည်း ဘဝမှာ အမှတ်တရနေ့စွဲတစ်ခု အဖြစ် ရှိနေဦးမှာ သေချာပါတယ်။


ဖားဆောင်းမြို့ ဆိုတာ

တကယ်ကို တိတ်ဆိတ်ငြိမ်းအေးနေတဲ့အသွင်နဲ့ တည်ငြိမ်သူ မြို့လေးတစ်မြို့ပါ။ ကျွန်တော်သွားတဲ့အချိန်ကတော့ ဘော်လခဲ ကနေ ဖားဆောင်းကြား လမ်းပြုပြင်နေဆဲမို့ မိုင်အားဖြင့် မများပေမဲ့ အချိန်အတော်ကြာ သွားယူခဲ့ရပါတယ်။ ဖားဆောင်းဟာ ဖယ်ကဆောင်း လို့ မွန်ဘာသာအသံထွက်ကနေ ပြောင်းလဲ ဆင်းသက်လာတယ်လို့လည်း ဆိုကြသလို ရှမ်းဘာသာစကား အားဖြင့် ကြီးမားတဲ့ ကျောက်ဖျာ စောင်းနေတဲ့အရပ်လို့လည်း ဆိုကြပြန်ပါသေးတယ်။ အရင်ကရှိခဲ့တဲ့ ခဲမဖြူရွာ ၁၉၇၁ ခုနှစ်မှာ မီးသင့်တော့ ရွာလုံးကျွတ် ဖားဆောင်းရွာကို ပြောင်းရွှေ့အခြေချကြရာကနေ မြို့အဖြစ် ဖြစ်ပေါ်လာတယ်လို့လည်း ဆိုပါသေးတယ်။ သံလွင်မြစ်ကြီးဘေးမှာ တသွင်သွင်စီးဆင်းနေတဲ့အလှကို တစ်မြို့လုံးက မြင်ကြရပါတယ်။ ပွန်ချောင်း (နမ်ပွန်ချောင်း) နဲ့ သံလွင်မြစ်ဆုံရာအရပ်လည်း ဖြစ်ပါတယ်။


ရာသီဥတု

ရာသီဥတုအားဖြင့်တော့ နွေရာသီ ပူတဲ့အချိန်မှာ အပူချိန်များတတ်ပြီး၊ ဆောင်းတွင်းမှာတော့လည်း အတော်အေးမြပြန်ပါတယ်။ မိုးလည်း များတတ်ပါသေးတယ်။ သွားလို့အကောင်းဆုံးအချိန်က ဆောင်းတွင်း နဲ့ နွေဦးကာလ ဖြစ်ပါတယ်။


ဖားဆောင်းမြို့မှာ လည်စရာ

မြို့နဲ့ အနီးဝန်းကျင်လေးဆိုရင်တော့ လည်ပတ်စရာ အတော်လေး နည်းပါးပါလိမ့်မယ်။ ဒါပေမဲ့ အချိန်လေးပေးပြီး ခပ်ဝေးဝေး သွားနိုင်ရင်တော့ လည်စရာလေးတွေ ထပ်များလာတာကို သတိပြုမိပါတယ်။ မြို့အနီးဝန်းကျင်မှာ ဘယ်တွေ လည်စရာ ရှိမလဲဆိုရင် -


ရတနာဈာန်အောင် စေတီတော်

မြို့အဝင်မှာတင် တောင်ကုန်းလေးပေါ်မှာ သပ္ပါယ်လွန်းစွာ ရှိနေတဲ့ စေတီပါ။ ၂၀၂၀ ဖေဖော်ဝါရီလ ကမှ ထီးအသစ်တင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီစေတီပေါ်ကနေ ဘုရားဖူးရင်း သံလွင်မြစ်အလှကိုလည်း ခံစားနိုင်ပါသေးတယ်။ ညနေစောင်း ဆို အတော်လှနိုင်ပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်က မွန်းတည့်ခါနီးမို့ အတော်လေး ပူတယ်လို့ ခံစားလိုက်ရတယ်။


သံလွင်တံတား

ဖားဆောင်း က သံလွင်မြစ်ကူး တံတားကြီးကိုကလည်း ရှုခင်းကြည့်ဖို့ လည်ပတ်စရာ ဖြစ်ပါတယ်။ တံတားပေါ် လမ်းလျှောက်လို့ရတာက သံလွင်မြစ်အလှကို ကြည့်ဖို့ အားသာချက်တစ်ခု လို ဖြစ်နေပါတယ်။ ဒီတံတားကြီးက ၂၀၁၅ ဇူလိုင်လ ကမှ ဖွင့်ထားတဲ့ တံတားပါ။


အာရုံခံဘုရား

သံလွင်တံတားဘက်သွားတဲ့ လမ်းဆုံကနေ တောင်ပေါ်လေး တက်သွားရင် ဒက္ခိဏာရာမကျောင်းတိုက်နဲ့ အာရုံခံဘုရားတွေဆီ ရောက်ရှိ ဖူးမြင်နိုင်ပါလိမ့်မယ်။ တံတားကနေ လှမ်းကြည့်ရင်လည်း မြင်ရပါတယ်။


မြစ်ဆုံ

ဒီမှာ လူငယ်တွေ သဘောအကျဆုံးလည်းဖြစ် ကယားပြည်နယ်ရဲ့ အခြားနေရာတွေကလည်း လာပြီးလည်ပတ်ရေဆော့ကြတဲ့ နေရာကတော့ ပွန်မြစ်ဆုံ ပါ။ ပွန်မြစ် နဲ့ ထူးချောင်းနှစ်စင်း ဆုံကြတဲ့ နေရာလေးက မြို့မဝင်ခင် ခပ်လှမ်းလှမ်းမှာ ရှိနေပါတယ်။ ရာသီချိန်ဆို စားသောက်ဆိုင်တွေနဲ့ စည်ကားနေတတ်ပြီး ငါးဖမ်းကြ၊ ရေချိုးရေဆော့ကြ နဲ့ ပျော်စရာနေရာလေး ဖြစ်နေတတ်ပါတယ်။


အခြားလည်ပတ်စရာနေရာများ

ဖားဆောင်း နဲ့ ပတ်သက်ရင်တော့ ဒါ လည်စရာ အကုန်လို့ ပြောရမယ်ထင်ပါတယ်။ ကျွန်တော် ရောက်ခဲ့သလောက်ပေါ့ခင်ဗျာ။ ဒါပေမဲ့ အချိန်ပေးနိုင်ဦးမယ်ဆိုရင်တော့ ဒီနေရာလေးတွေကို ဆက်သွားပြီး လည်ပတ်နိုင်ပါသေးတယ်။

  • မော်ချီးသတ္တုတွင်း (ခဲဖြူရွာကို ဖြတ်ပြီး တစ်နာရီခန့် ကားမောင်းသွားလာနိုင်)

  • အရောင်ပြောင်းတောင်

  • တနန်းလော့ဂူ

  • မယ်စဲ့မြို့ (ထိုင်းနယ်စပ်မြို့လေး)

  • နတ်တောင်

  • ဘော်လခဲမြို့ နဲ့ အနီးနားလည်ပတ်စရာများ (ကျွန်တော် ရေးသားထားပြီး)


ဖားဆောင်းမြို့မှာ တည်းခိုစရာ

ရွေးချယ်စရာနည်းပါးပေမဲ့ ရှိတာလေးတွေကလည်း သန့်ပြန့်အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ ရမင်းသစ် မိုတယ် မှာ တည်းခဲ့ပါတယ်။ နှစ်ထပ်ဆောင်နဲ့ အခန်းတွေက အဆင်ပြေပါတယ်။ ရေချိုးခန်းအိမ်သာတွဲလျက်ပါတယ်ဆိုပေမဲ့ အိပ်ခန်းထဲကနေ အပြင်ပြန်ထွက် ပြန်ဝင်လုပ်ရသလို ဖြစ်နေတာလေးပဲ အဆင်မပြေသလို ခံစားရတယ်။ သန့်ရှင်းအဆင်ပြေသလို သဘောကောင်း ဖော်ရွေပါတယ်။ မိုတယ်နောက်ကနေ သံလွင်မြစ်ကိုလည်း ကပ်လျက်မြင်ရတာလည်း ပျော်စရာတစ်ခုပါ။ ရွေးချယ်အသင့်ဆုံး မိုတယ်ပါ။ အခြားရွေးချယ်စရာအနေနဲ့ မြို့အဝင်နားမှာ ဆောင်းရိပ်မွန် ဆိုတာ ရှိပါသေးတယ်။


ဖားဆောင်းမြို့မှာ စားစရာ

စားဖို့ကတော့ ဆိုင်သေးလေးတွေရှိပါတယ်။ မနက်စာရောင်းတဲ့ဆိုင်တွေ ကောင်းတာများတယ်။ နေ့လည်စာ၊ ညစာ ကောင်းကောင်းစားချင်ရင်တော့ Master-3 က အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ လက်ရာလေးလည်း အဆင်ပြေတယ်။


ဘယ်လိုသွားမလဲ

ဒါတွေကို ဘယ်လိုသွားရမလဲ စဉ်းစားနေလောက်ပြီ။ လည်ပတ်တဲ့နေရာမှာ ဖားဆောင်းကို တိုက်ရိုက်လာတာထက် လွိုင်ကော်ကနေပြီး တဆင့်ခံလည်ပတ်တာ ပိုကောင်းတယ်လို့ ယူဆမိပါတယ်။ ဒီလို သမာရိုးကျလည်ပတ်စရာတွေကနဲ့ ခွဲထွက် သွားလာလည်ပတ်မယ်ဆို Treasure Host Loikaw ခရီးသွားလုပ်ငန်း ဖုန်း ၀၉ ၉၇၀၄၇၈၂၈၂ ကို ဆက်သွယ် စုံစမ်းကြည့်နိုင်ပါတယ်။


ဖားဆောင်းမြို့လေးက ကျွန်တော် အလည်လာတုန်းရော ပြန်သွားချိန်ထိရော အရာရာက တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ ကျန်ရစ်နှုတ်ဆက်သွားခဲ့တယ်။ ကားကြီးကားသေး အသွားအလာလည်း နည်းတဲ့အချိန်ရောက်သွားလို့လား မပြောတတ်။ အတော်လေး ဆိတ်ငြိမ်တဲ့မြို့လေးအဖြစ် မှတ်မှတ်သားသား ဖြစ်မိပါတယ်။ မယ်စဲ့ဘက်ကို ခရီးမဆက်ခဲ့ရလို့ စိတ်ထဲ ဘဝင်မကျနေတဲ့ကျွန်တော် ဖားဆောင်းမြို့လေးကို နောက်တစ်ခါ ပြန်မြင်ရဖို့ အများကြီး မျှော်လင့်ထားပါသေးတယ်ခင်ဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Tun Lin Maung, Ah Khaw, Ma Htike

Camera :: SONY Alpha 7II with 16 - 35mm Lens, DJI Mavic Pro

Photos are modified in Lightroom by Thiha Lu Lin.

110 views0 comments

תגובות


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page