top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ပြင်ဦးလွင် ထင်းရှူးတောထဲ လမ်းလျှောက်ထွက်မယ်

Writer's picture: Thiha Lu LinThiha Lu Lin

ပြင်ဦးလွင် ကို အခါပေါင်းများစွာ ကျွန်တော် ရောက်ခဲ့လည်း လည်ပတ်စရာ နေရာတွေက အသစ်အသစ်တွေနဲ့ မကုန်နိုင် မခမ်းနိုင်အောင် ဖြစ်နေရတာကိုက ပြင်ဦးလွင် ကို ပိုချစ်တဲ့ စိတ် တိုးလာစေသလားပဲ။ ပြင်ဦးလွင်မြို့ ရဲ့ ရာသီဥတုလေးက ဟိုးတုန်းကထက်စာရင် ပူလာတယ် ဆိုကြပေမဲ့လည်း ခုတိုင် အနယ်နယ်အရပ်ရပ်က ခရီးသွားတွေကို အေးမြလန်းဆန်းမှုတွေ ပေးနိုင်နေတုန်းပါပဲ။ အဓိက က ထင်းရှူးတောကြီးတွေ အကုန် ပျက်သုဉ်းမသွားသေးတာကြောင့်လို့ ဆိုရပါမယ်။ ထင်ရှူးတောတွေရဲ့ တန်ဖိုးက ခုမှ ပိုသိလာရတဲ့ အဖြစ်ပါ။ အရင်ကဆို မန္တလေးကနေ ပြင်ဦးလွင် တက်ဖို့ အုန်းချောလောက်ကနေ စိမ့်ခနဲ ခံစားလိုက်ရတာမျိုး။ ခုတော့ အနီးစခန်းရောက်လည်း မအေးနိုင်တော့ဘူးရယ်။ ဒီတော့လည်း ဟိုးတုန်းက ပြင်ဦးလွင် အရသာမျိုးခံစားရဖို့ ကျွန်တော်ဟာ ဒီတစ်ခေါက်တော့ မြို့နဲ့ ခပ်လှမ်းလှမ်းက ထင်းရှူးတောတွေဘက်ကို Trekking လျှောက်ဖြစ်ခဲ့ပါတယ်။


“သလဲသီးများ နဲ့ စတော်ဘယ်ရီ

ချယ်ရီမြိုင်၊ ထင်းရှူးတန်းနဲ့

စိန်ပန်းပြာ ပန်းမြို့တော်ဝယ်

အိမ်ကလေးများတွေ့ရမယ်

ဆိုစကားတွေများကြားတော့ ကိုယ်လာစမ်းချင်တယ်

ပန်းလိုလှတဲ့သူရယ် မျှော်နေစမ်းကွဲ့

တောင်လှေကားမြို့တော် ဝယ်…”

သီချင်းလေးထဲကလို သလဲသီးက လွဲရင် အကုန်တွေ့ရမဲ့ Trekking လေးမို့ ကျွန်တော် လျှောက်ရတာ အတော် ပျော်ခဲ့ပါတယ်။


Trekking ဆိုရင် ကြောက်တယ်တဲ့လား

ခရီးသွားတွေမှာ အမျိုးမျိုး ရှိတယ်။ တချို့ကလည်း စွန့်စွန့်စားစား ကိုယ်လက်လှုပ်ရှား ချွေးသန်တရွှဲရွှဲမှ ခရီးသွားတယ်လို့ စိတ်ထဲ ခံစားရတာမျိုး၊ တချို့ကျတော့လည်း ပေါ့ပေါ့ပါးပါး နားနားနေနေ သောက်သောက်စားစားမှ ခရီးသွားရတာ ကျေနပ်သွားသလိုမျိုးပေါ့။ ကိုယ့်ခံယူချက်နဲ့ကိုယ် ခရီးသွားနေကြတာပဲမို့ ဝေဖန်စရာ မရှိပါဘူး။ ခုနောက်ပိုင်းမှာ လူငယ်တွေ Trekking ဆိုတဲ့ လမ်းလျှောက်ခရီးစဉ်တွေကို ပိုစိတ်ဝင်စားလာကြတယ်။ ရှမ်းပြည်အနှံ့ကတော့ Trekking လုပ်လို့အကောင်းဆုံးပဲ။ သိပ်မလျှောက်ဖြစ်ကြသေးတာက ပြင်ဦးလွင်ဘက်ပါ။ ပြင်ဦးလွင်က အရင်က Trekking တွေ တော်တော် လုပ်ဖြစ်ခဲ့ပေမဲ့ ပြည်တွင်းခရီးသွားတွေကြားမှာတော့ သိပ်မသိကြသေးဘူး။ ပြင်ဦးလွင်ကို ပန်းလေးတွေနဲ့ အနုအရွမြို့လေးလို့ပဲ ထင်နေကြတုန်း။ တကယ်တော့ ပြင်ဦးလွင်တဝိုက်မှာလည်း လမ်းလျှောက်လည်ပတ်ချင်စရာ တောတွေ၊ တောင်တွေ၊ ရေတံခွန် နဲ့ ရွာတွေ အများကြီး ရှိပါတယ်။ ဟော အခု ထပ်တိုးလာပြီ ထင်းရှူးတော လမ်းလျှောက်ခရီးစဉ်တဲ့။ ကျွန်တော် သွားကြည့်တာ မပင်ပန်းဘဲ ပေါ့ပေါ့ပါးပါး အေးအေးစိမ့်စိမ့်နဲ့ သွားလို့ကောင်းတဲ့အတွက် ပင်ပင်ပန်းပန်းကြီး မကြိုက်သူတွေတောင် စမ်းကြည့်နိုင်တဲ့ Trekking တစ်ခု ဖြစ်ပါတယ်။


မြို့ရှောင်လမ်း ထင်းရှူးတော ရောက်ဖူးတယ်လေ.. အတူတူပဲလား?

မတူပါဘူး။ မြို့ရှောင်လမ်း ထင်းရှူးတောဘက်ကို လျှောက်တာ မဟုတ်လို့ တမူကွဲပြားတဲ့ တောင်တက်တောင်ဆင်း အရသာလေးတွေ၊ ရှမ်းရွာလေးတွေရဲ့ ဓလေ့တွေ၊ စိုက်ခင်းတွေ နဲ့ ပန်းအလှတွေကို မြင်ရကြမှာပါ။


ပြင်ဦးလွင် ထင်ရှူးတောလမ်းလျှောက်ခရီးစဉ် ဘယ်လိုသွားသလဲ

ကျွန်တော်က ပြင်ဦးလွင်လာတိုင်း သီဟဗလ ဟိုတယ် မှာပဲ တည်းဖြစ်ပါတယ်။ သီဟဗလ ဟိုတယ် ကို ခရီးစဉ် အသစ်အဆန်းလေး မေးမြန်းရင်း Cherry Hill May Myo Tours ရဲ့ ထင်းရှူးတော Trekking အစီအစဉ်သစ်လေးကို မြင်လို့ လျှောက်ဖြစ်သွားတာပါ။ ဒီခရီးစဉ်ကို စိတ်ဝင်စားရင် Cherry Hill May Myo Tours နဲ့ ချိတ်ဆက်နိုင်သလို၊ သီဟဗလ ဟိုတယ် နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

တစ်ဦးတည်း ဆိုရင်တော့ ၃ သောင်းကျပ်၊ နှစ်ဦး ကနေ ငါးဦးထိ ဆိုရင် တစ်ဦးကို ၂ သောင်းခွဲကျပ်၊ ငါးဦးနဲ့အထက် ဆို ၂ သောင်းကျပ် နဲ့ ဝန်ဆောင်မှုပေးတယ်။ Local Guide ပါတယ်။ နေ့လည်စာ ပါတယ်။ ကား အကြိုအပို့ ပါတယ်။ ခရီးစဉ်အတွက် ပေးရတဲ့ အချိန်ကလည်း နေ့တစ်ဝက်လောက်ပဲမို့ တခြားလည်စရာ ရှိတာတွေပါ ဆက်လည်လို့ ရသေးတာ အဆင်ပြေတယ်။ သူတို့ရဲ့ ခရီးစဉ်မှာကိုပဲ ဒီ Trekking ပြီးတာနဲ့ တော်ဝင်နှင်းဆီခြံ ဆိုတဲ့ နှင်းဆီတွေ အမျိုးအစားစုံ စိုက်ပျိုးထားတဲ့ သိပ်လှတဲ့ ခြံကြီးရယ်၊ စည်သာကော်ဖီခြံ (အဲ့ဒီထဲမှာလည်း လည်စရာများတယ်။ ဟိုးအတွင်းထိ လမ်းလျှောက်ပြီး လျှောက်ကြည့်လို့ရသေးတယ်။) ပြီးတော့ The Croft Organic Farm တွေပါ ပို့ပေးဦးမှာဆိုတော့ တန်တယ် ပြောရမယ်။ ပန်းခြံဝင်ကြေးတွေတော့ ကိုယ့်ဘာသာကိုယ် ပေးရတယ်။ စည်သာ ဆိုလည်း ကော်ဖီဆိုင်ပဲဆို မပေးရဘူး။ အတွင်းထဲ ဝင်မယ်ဆို ပေးရတယ်။ The Croft လည်း ပေးရတယ်။ နှစ်ထောင်ကျပ်စီ ပေးရမယ်။


ကိုယ်တွေ့ ထင်းရှူးတော Trekking

မနက် ၉ နာရီလောက်မှ ဟိုတယ်မနက်စာ စားပြီး ကိုယ်လက်သန့်စင်အပြီး အေးဆေးလေး ဟိုတယ်ကို ကားလာကြိုပေးတာမို့ အဲ့ဒီကနေ စထွက်ပါတယ်။ ဒီခရီးစဉ်လေးမှာ အစအဆုံး လိုက်ပြီး လမ်းပြကူညီပေးတာကတော့ သိပ်ဖော်ရွေပြီး ရှင်းပြတာ တော်တဲ့ Local Guide ကိုစိုင်းကျော် ပေါ့ဗျာ။ ထင်းရှူးတောတွေဆီကို တန်းရောက်တာ မဟုတ်ပါဘူး။ ရွာလေးတွေကို အရင်ရောက်တာပါ။ ရွာလေးတွေကနေမှ ရွာရဲ့ လူမှုဘဝတွေကို လေ့လာရင်း တောတောင်တွေဘက်ကို လမ်းလျှောက်ကြတာ ဖြစ်ပါတယ်။ ထင်းရှူးတောထဲကြီးပဲ သွားနေရရင်တော့ ပျင်းစရာကြီးလို့ တွေးခဲ့မိတာ။ တကယ်တမ်းကျတော့ ထင်းရှူးတောတွေထဲ ဖြတ်လိုက် ရွာလေးတွေထဲ ဝင်ပြီး စတော်ဗယ်ရီစိုက်ခင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတွေ ဖြတ်ပြီး သွားရသေးတယ်။ လမ်းမှာ Macadamia ဆိုတဲ့ ချောကလက် ထဲ အစေ့ထည့်တဲ့ အစေ့ပါတဲ့အသီးတွေကိုလည်း ဗဟုသုတ မြင်ကြရသေးသလို၊ ခုလိုအချိန်ဆို နေကြာရိုင်း အဝါ တစ်လမ်းလုံးပွင့်နေတဲ့ လမ်းလှလှလေးတွေလည်း လျှောက်ရသေးတယ်။ ကျွန်တော် သွားတဲ့အချိန်က ချယ်ရီ မပွင့်သေးလို့ မဟုတ်ရင် လမ်းတစ်လျှောက်ချယ်ရီပင်တွေလည်း အများကြီးတွေ့တော့ ပွင့်ချိန်ဆို ချယ်ရီလမ်းလေးတွေ ဖြစ်နေဦးမှာ သေချာတယ်။ ဒီဇင်ဘာလ ဆို ချယ်ရီတွေ ပွင့်ဖို့ မျှော်လင့်ရပြီ။ မက်မန်းပင်ကြီးတွေပါ အခင်းလိုက် မြင်ရဦးမှာဆိုတော့ အတော်စုံအောင် လေ့လာခွင့်ရမဲ့ လမ်းလျှောက်ခရီးစဉ်ပါ။


နေ့ခင်းထမင်းကိုတော့ ထင်းရှူးတောလေးမှာ သဘာဝဆန်ဆန်ပဲ စားကြတယ်။ ပြီးတာနဲ့ ထင်းရှူးတောခရီးစဉ်ရဲ့ အဆုံးသတ် တောကြီးကြီးထဲ ဝင်ပြီး သဘာဝရဲ့ အေးမြမှုကို ထင်းရှူးပင်တွေအောက် ခံစားရင်း ထင်းရှူးတွေရဲ့ အကျိုးကျေးဇူးကို လက်တွေ့ ခံစားလိုက်ကြတယ်။


ထင်းရှူးတွေက ထိန်းသိမ်းထားတာမို့ ထင်းရှူးဆီ ခြစ်ယူတဲ့ ပုံစံကိုလည်း တွေ့မြင်ကြရတယ်။ ထင်းရှူးဆီလေးတွေ အိတ်ထဲကျနေတာကို လက်နဲ့ တို့ထိ နမ်းကြည့်လိုက်တာ၊ မွှေးနေတာပဲ။ စိတ်ကို လန်းဆန်းသွားသလိုပဲ။ တချို့ထင်းရှူးပင်တွေကိုတော့ မီးမွှေးထင်းရှူးဆီ ထုတ်ဖို့ မီးမြှိုက်ခံထားရတာမျိုး မြင်ရတာတော့ ရင်ကွဲစရာပါ။ ဒီလို ထင်းရှူးတောကြီးတွေ ဖြစ်ဖို့ နှစ်ပေါင်း ၃၀ လောက် ကြာပါတယ်။ ရာသီဥတုနဲ့ ဂေဟစနစ်အတွက် အရေးပါလွန်းလို့ ဝမ်းရေးအတွက် ဖြေရှင်းနေတာတွေကို ကျွန်တော်တို့ ဝိုင်းဝန်းစဉ်းစားကြဖို့ လိုပါပြီ။



ပြင်ဦးလွင်ကိုပဲ ခရီးထွက်ရတာ ကြိုက်တယ်။ ခဏခဏ ရောက်လို့ သွားနေကျ နေရာတွေလည်း မသွားချင်တော့ဘူး။ နောက်တစ်ခါ သွားနေကျနေရာတွေနဲ့ ခွဲထွက်ပြီး ဓါတ်ပုံလေးတွေ တင်ချင်တယ် ဆိုသူများအတွက်တော့ ပြင်ဦးလွင် ထင်းရှူးတော Trekking က ကွက်တိ အဆင်ပြေသွားမှာလို့ ဆိုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Ko Phyo (Danamoe Photo, Pyin Oo Lwin)

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

348 views0 comments

コメント


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page