မေမြို့ လို့ဆိုဆို ပြင်ဦးလွင် လို့ပဲခေါ်ခေါ် ဒီမြို့နာမည်လေး ကြားလိုက်တာနဲ့ မျက်လုံးထဲမှာ ချယ်ရီတွေ မြင်လာတယ်။ ထင်းရှူးပင်တွေ၊ တိမ်ခိုးတိမ်ငွေ့တွေကြားက တောင်ပေါ်မြို့လေးကို မြင်လာတတ်ကြတယ်။ ရာသီဥတုက အစွန်းရောက်တာမျိုး မရှိလို့ ဒီဒေသကို တောင်ပေါ်က လူတွေလည်း နှစ်သက်ကြသလို၊ မြေပြန့် နဲ့ မြစ်ဝကျွန်းပေါ်က လူတွေ၊ ပင်လယ်ကလူတွေလည်း နှစ်သက်ကြတယ်လေ။ မေ ဆိုတဲ့ မြို့နာမည်လေးကိုက ချစ်စရာ ဖြစ်နေပြီမို့ ဒီအရပ် ဒီဒေသကို အားလပ်ရက်လေး ရပြီဆို သူသူငါငါ ပြေးလာတတ်ကြတာ မဆန်းဘူးပေါ့။ အရင်က ကျွန်တော်လည်း ပြင်ဦးလွင် အကြောင်းတွေ ရေးဖူးပါတယ်။ တန်ဆောင်တိုင်မီးပုံးပျံပွဲ နဲ့ ဆက်စပ်ပြီး ပြင်ဦးလွင်မြို့က လည်ပတ်နေထိုင်စားသောက်စရာတွေ၊ လည်ပတ်စရာအသစ်ထွက်လာတဲ့ ခြံ ၆ ခြံ အကြောင်း၊ ကော်ဖီဆိုင်ချစ်သူတွေအတွက် ဒီမြို့က ချစ်စရာကော်ဖီဆိုင်လေးတွေအကြောင်း ပြီးတော့ ရေတံခွန်တွေ နဲ့ Campsite တွေအကြောင်း စုံနေပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ၂၀၁၉ မှာ ဖြည့်ဆည်းစရာတွေ ရှိနေလို့ ပြင်ဦးလွင် အကြောင်းကို ၂၀၁၉ ဗားရှင်းအသစ်နဲ့ တင်ဆက်ပေးချင်ပါတယ်။
မေမြို့ သို့မဟုတ် ပြင်ဦးလွင်
ရှမ်းတောင်တန်းတွေနဲ့ မြေပြန့်ဒေသကို ကြားခံဆက်သွယ်ပေးထားတဲ့ မြို့လေးလို့ ဆိုရလောက်အောင် မန္တလေးတိုင်းအဆုံး ရှမ်းပြည်နယ်အစ နယ်စပ်မြို့လေးပါ။ ဒီမြို့ကို အမျိုးမျိုးခေါ်ဆိုခဲ့ကြတယ်။ ပန်းမြို့တော်၊ တောင်စခန်းမြို့၊ တောင်လှေကားမြို့ လို့ တင်စားခေါ်ဝေါ်ခဲ့သလို ကိုလိုနီခေတ်တုန်းက မေမြို့ ခုတော့ ပြင်ဦးလွင် ဆိုပြီး သိကြတယ်ပေါ့။ ရာသီဥတုမပြင်းထန်ဘဲ အချိန်တိုင်းအေးမြနေတာကိုက ပန်းကမ္ဘာမျှော်စင် အဖြစ် တင်စားစေပါသေးတယ်။ ကိုလိုနီခေတ်က အပန်းဖြေစခန်းမြို့လည်း ဖြစ်တဲ့အတွက် ကိုလိုနီအဆောက်အဦးတွေ အများအပြားကျန်ကြွင်းနေခဲ့တဲ့ အရပ်ဒေသလည်း ဖြစ်ပြီး နို့နဲ့ နို့ထွက်ပစ္စည်းမှာလည်း နာမည်ရပါတယ်။ သဘောကျတာတစ်ခုက သူလည်း လူမျိုးဘာသာပေါင်းစုံ ချစ်ကြည်စွာနေထိုင်နေတဲ့အရပ်လို့ မြင်မိပါသေးတယ်။ ဘာသာစုံနဲ့ ဆက်နွယ်နေတဲ့ ဘုရားကျောင်းကန်အစုံ၊ အစားအသောက်အစုံ၊ ဝတ်စားဆင်ယင်မှုအစုံနဲ့ ဓလေ့အစုံကို မြင်တွေ့ရတဲ့ အရပ်ဒေသပါပဲ။
ပြင်ဦးလွင်မှာ လည်ပတ်စရာ အသစ်များ
အသစ်ဆိုတဲ့နေရာမှာ တကယ်ကို ၂၀၁၈ အကုန် ၂၀၁၉ မှ စပြီး ဖွင့်လှစ်တည်ရှိလာတဲ့ နေရာတွေနဲ့ အရင်က ရှိပေမဲ့ လူသိပ်မသိသေးတဲ့နေရာလေးတွေရယ်ကို စုစည်းပေးလိုက်တာပါ။
Mico Hill
အရင်က ထိုင်းကို အလည်သွားရင် ချစ်စရာကောင်းအောင် ပန်းခြံလေးတွေကို ဥရောပပုံစံတွေ၊ ရုပ်တုလေးတွေ၊ ပန်းတွေနဲ့ ပြင်ဆင်ပြီး ခရီးသွားတွေကို ဆွဲဆောင်ကြတာမြင်တော့ မချင့်မရဲဖြစ်တယ်။ ကိုယ်တွေဆီမှာ မရှိလို့။ ဟော အခု Mico Hill ကို မြင်လာတော့ ထိုင်းကပုံစံမျိုးလို့ ခံစားရပြီး သဘောကျတယ်။ အရမ်းကြီးတော့ လက်ရာမသေသပ်ပေမဲ့ အတော်လေး အဆင်ပြေနေတာ တွေ့ရတာ အားတက်မိတယ်။ တည်းခိုနေထိုင်လို့ရအောင်အထိ ရည်ရွယ်တည်ဆောက်နေတဲ့ ဒီ Resort မှာ ပန်းခြံလေးတွေ၊ ဆင်ပေးထားတဲ့ ဓါတ်ပုံရိုက်ချင်စရာနေရာနဲ့ အဆောက်အဦးတွေက လူငယ်ကြိုက်ဖြစ်ပါလိမ့်မယ်။ နောက်များဆို ဖျော်ဖြေပွဲတွေတောင် လုပ်ဦးမယ်တဲ့။ ရှေ့အဝင်မှာတော့ စားသောက်ဆိုင်တစ်ခု ဖွင့်ထားပါတယ်။ ဝင်ကြေးအားဖြင့် လူတစ်ဦး ၁၀၀၀ ကျပ် နဲ့ ရေသန့်ဘူးသေး ပေးပါတယ်။ လည်စရာတစ်နေရာထပ်တိုးတယ်ပေါ့လေ။ ပြင်ဦးလွင် - လားရှိုးလမ်း အတိုင်း၊ မဟာအံ့ထူးကံသာဘုရားကြီးအကျော်က မြို့ဝင်ကြေး ကောက်တဲ့နေရာ ကို မိနစ်နည်းနည်း ဆက်သွားရင် လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ ရှိပါတယ်။
ပစ်တိုင်းထောင်ကျောင်း
ပြင်ဦးလွင် - လားရှိုးလမ်းအတိုင်း ဒီဇင်ဘာခြံကို ကျော်လာခဲ့ရင် လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ ပစ်တိုင်းထောင်ကျောင်း လမ်းညွှန်ဆိုင်းဘုတ်တွေ့မယ်။ ဒီဇင်ဘာခြံ ကျော်ကတည်းက ဖြေးဖြေး သတိနဲ့မောင်းပါ။ ကျွန်တော်တို့လည်း သတိထားလျက်နဲ့ကို လွန်သွားတတ်လို့။ အဲ့ဒီ လမ်းညွှန်ဆိုင်းဘုတ်လေး ရှိရာလမ်းအတိုင်း အတွင်းကို ခပ်ဝေးဝေး ဝင်လာရင် ပစ်တိုင်းထောင်အရုပ်လေးတွေ များစွာနဲ့ ဗုဒ္ဓရုပ်ပွားတော်များစွာ လှပသပ္ပါယ်ထူးခြားစွာ တည်ဆောက်ထားတဲ့ ပစ်တိုင်းထောင်ကျောင်းနဲ့စေတီ ကို ဖူးမြင်ကြရပါလိမ့်မယ်။ အတော်ထူးခြားတဲ့ စိတ်ကူးလေးပါပဲ။ တောင်ကုန်းလေး အဆင့်ဆင့်မှာ တစ်တန်းချင်း ရုပ်ပွားတော်တွေကို ဖူးကြရမဲ့အပြင် အရောင်အစပ်အဟပ် ထူးခြားတော့ ဓါတ်ပုံရိုက်ဖို့အတွက်ပါ အဆင်ပြေနေတာ တွေ့ရပါတယ်။
စည်သာကော်ဖီခြံ
အရင်ကတည်းက ရှိပေမဲ့ ခုနောက်ပိုင်းမှ ပိုပြီး လူသိလာတဲ့နေရာပါ။ ကော်ဖီဆိုင်ခပ်ကြီးကြီးလေး ရှိပြီး အောက်ဘက်က ပန်းခြံလိုနေရာလေးနဲ့ ကော်ဖီခြံတစ်ခွင် လိုက်ကြည့်ဖို့ဆိုရင်တော့ ဝင်ကြေး ၁၀၀၀ ကျပ် ပေးရပါတယ်။ ကော်ဖီတစ်ခွက် ပြန်တိုက်ပါလိမ့်မယ်။ ကော်ဖီခြံက အကျယ်ကြီးပါ။ ထိပ်ဘက်မှာတော့ ကော်ဖီအစေ့ထုတ်နေတာမျိုး၊ လှန်းထားတာမျိုး မြင်ကြရမယ်။ အတွင်းဘက်ကို ဆက်လျှောက်ရင် အဆုံးနားမှာ လမ်းဆုံတစ်ခုတွေ့မယ်။ တစ်ဘက်က လှေဆိပ်ရောက်ပြီး တစ်ဘက်က ကော်ဖီစေ့ခင်း ကိုရောက်မယ်။ လမ်းတော့ အတော်လျှောက်ရတာမို့ Soft Trekking လို ဖြစ်နေတာ။ လှေဆိပ်ဆိုပေမဲ့ ခုတော့ လှေတွေကို ဒီအတိုင်း သိမ်းထားတာပဲ တွေ့ရတယ်။ ဆော့သူ မရှိ။ လှေဆိပ်ဆင်းတဲ့ နေရာက ဝန်ထမ်းအိမ်ရာမှာ ခွေးတွေ အများကြီး ထိန်းသိမ်းထားလို့ လာရတာ နည်းနည်းတော့ လှန့်သား။ ရောက်လက်စမို့သာ ဆင်းကြည့်ဖြစ်တာ။ ဒီနေရာလေးလည်း လည်ပတ်စရာတစ်ခုအနေနဲ့ စိတ်ဝင်စားမိပါတယ်။
ဒီဇင်ဘာ ရေတံခွန်
ကျွန်တော် ပထမအခေါက်တွေ ရောက်တုန်းက ဝင်ကြေးမရှိဘူး။ အခုတော့ ဝင်ကြေးက လူတစ်ဦး ၁၀၀၀ ကျပ်၊ ကား က ၅၀၀ ကျပ် ပေးရပါပြီ။ အတွင်းကို ဘတ်ဂီကားနဲ့လည်မယ်ဆို တစ်ဦးကို အသွား ၅၀၀ နဲ့ အပြန် ၅၀၀ ကျပ် ပေးရတတ်တယ်။ ခြံလေးက အဲ့လောက်မကျယ်သေးလို့ ကျွန်တော့်အနေနဲ့ကတော့ ဘတ်ဂီ စီးတာထက် လမ်းလျှောက်ကြည့်တာလေးကို ပိုသဘောကျမိတယ်။ လှေစီးဖို့ လှေဆိပ်လေးလည်းရှိပြီး လှေတွေ အသင့်ပြင်ထားပေးပြီ။ စားသောက်ဆိုင်တွေလည်း အကုန်စုံလာပြီ။ မြင်းစီးချင်ရင်လည်း ရသလို၊ ကလေးလေးတွေ အရုပ်ကောက်၊ အရုပ်ပစ်ချင်ရင်လည်း အတော်စုံလင်သွားတာကို သတိပြုမိတယ်။ ကြိုးတံတားလေးတွေက ဒီပန်းခြံရဲ့ အထင်ကရ ဖြစ်လာပြီးတော့ ဒီတစ်ခေါက်မှာ ထူးထူးခြားခြား သတိပြုမိတာက အနားယူစားသောက်ဖို့ အဖြူရောင်ပိတ်ထူမိုးထားတဲ့ တဲလေးတွေကို ရေချောင်းလေးဘက် ထိုးထွက်ဆောက်ပေးထားတာပဲ။ ဒါလေးက ဓါတ်ပုံရိုက်ချင်စရာလေး ဖြစ်နေပြီး လာရောက်တဲ့သူတွေ အတော်သဘောကျနေကြပါတယ်။ ပန်းစိုက်ထားတာတွေလည်း အတော်လေးစုံလာသလို ပန်းပွင့်ချိန်လည်း ဖြစ်လာတော့ ဒီနေရာဟာ သွားလည်လို့ကောင်းတဲ့နေရာတစ်ခု ပိုဖြစ်လာတယ်လို့ ဆိုရပါမယ်။
စူဠာမဏိပုထိုးတော်ကြီး နဲ့ မြမဉ္ဖူ လေးမျက်နှာဘုရားကြီး
ဘုရားဖူးတွေနဲ့ ခရီးသွားတွေ သတိမပြုမိဘဲ ကျော်သွားတတ်တဲ့ ဒီဘုရားဟာ Ruby Mart ဘေး မြဝတီဆီဆိုင်ရှေ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ အတွင်းကို ဝင်သွားလိုက်ရင် တည်ဆောက်ဖွဲ့စည်းထားပုံ ထူးခြားတဲ့ ဒီဘုရားကြီးကို ဖူးမြင်ကြရမှာပါ။ အတွင်းဘက်မှာ ကျောင်းတိုက်တွေလည်း ရှိပြီး ကားရပ်ဖို့လည်း နေရာလုံလောက်ပါတယ်။ အပေါ်ထိတက်ပြီး ဖူးလို့ရတာမို့ ရှုခင်းလည်း အဆင်ပြေတယ်လို့ ဆိုရပါမယ်။
အစဉ်အလာမပြတ် အခြားလည်ပတ်စရာနေရာများ
ဘုရားကျောင်းကန်နဲ့ စေတီပုထိုးများ
(၁) မဟာအံ့ထူးကံသာစေတီ
ကြီးမားတဲ့ စကျင်ကျောက်ကနေ ထုဆစ်ထားတဲ့ ဆင်းတုတော်ကြီးက တရုတ်နိုင်ငံကို ပင့်ဆောင်သွားစဉ်မှာ အခု ဘုရားတည်တဲ့နေရာအရောက် မြေခခဲ့တဲ့အတွက် ပြည်ချစ်ဘုရားအဖြစ် နာမည်ကြီးပြီး ခုလို မဟာအံ့ထူးကံသာစေတီကြီးကို တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကို အလည်လာသူတိုင်း လာရောက်ဖူးမြော်ကြသလို၊ ဒီဘုရားကြီးရဲ့ တဘက်ခြမ်းက ကွင်းပြင်ကြီးမှာ မီးပုံးပျံပွဲတော်ကြီးနဲ့ ဈေးပွဲတော်ကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။
(၂) ဇိနမာန်အောင် ကျောက်တောင်စေတီ
ပြင်ဦးလွင်မြို့အဝင်မှာ မြင်တွေ့ဖူးမြင်ကြရတာဖြစ်ပြီး တောင်လေးပေါ်ကို တက်သွားရသလိုမို့ မြို့အပြင်ဘက်ခြမ်းက လူနေအိမ်လေးတွေနဲ့ တောင်၊ ချောက် စတာတွေကို မြင်တွေ့နိုင်မဲ့နေရာလည်း ဖြစ်ပါတယ်။ တောင်ပေါ်ကနေ ရှုခင်းလှတယ်လို့လည်း ဆိုကြပါတယ်။
(၃) နှီးဘုရား
ဓါတ်တော်ချိုင့်ရေတံခွန်နားမရောက်ခင်လေး ပြင်ဦးလွင်ဘက်အတက်လမ်း ညာဘက်အခြမ်းမှာ ရှိပါတယ်။ အတွင်းဘက်ကို နည်းနည်းဝင်ရတယ်။ မြို့ရှောင်လမ်းကနေ သွားရင်လည်း ရောက်ပါတယ်။ နှီးဘုရားကြီးကို ဖူးမြော်ရင်း ဝန်းကျင်သဘာဝအလှကို ခံစားနိုင်ပါတယ်။
(၄) မြွေဘုရား
မန္တလေး - ပြင်ဦးလွင် အတက် ကားလမ်း ညဘက်ခြမ်းမှာပဲ တည်ရှိတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း မရောက်ဖြစ်သေးပါဘူး။ ဒီဘုရားကိုလည်း ခရီးသွားဧည့်သည်တချို့ဝင်ရောက်ဖူးမြှော်ကြတယ်လို့ ကြားရပါတယ်။
(၅) တရုတ်ဘုံကျောင်း
ပြင်ဦးလွင်ရောက်ရင် သွားရောက်လည်ပတ်ပြီး ဘုရားဖူးသင့်တဲ့အထဲမှာ တရုတ်ဘုံကျောင်းကြီးလည်း ပါဝင်ပါတယ်။ သတ်သတ်လွတ်စားသောက်ဆိုင်တစ်ခုလည်း ရှိတဲ့ ဒီဘုံကျောင်းကြီးအတွင်းမှာ ဘုရားဖူးရင်း ဗေဒင်မေး စာချနိုင်ပါတယ်။ တရုတ်နံပါတ်နဲ့ ဟောစာတမ်းတွေကို သီလရှင်ဆရာလေးများက ကူညီပေးလေ့ရှိတတ်ပါတယ်။ ဘုံကျောင်းကြီးအတွင်းမှာ ဓါတ်ပုံရိုက်ဖို့ လှပနေပြီး၊ ဝတ်စုံငှားတဲ့နေရာလည်း ရှိလို့၊ တရုတ်၊ ကိုးရီးယားဝတ်စုံများကို ငှားရမ်းဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။
(၆) နှစ်ပေါင်းရာကျော်ရှိ ဘုရားကျောင်းကြီးများ
ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဧည့်သည်များပြီး ဆူညံလာလို့ ဘုရားဝတ်ပြုချိန် အနှောင့်အယှက်ဖြစ်လာတဲ့အတွက် ဧည့်အလာ သိပ်လက်မခံတော့တာ များပါတယ်။ ကျွန်တော်လည်း ဘယ်နေရာဆိုတာ မညွှန်းချင်တော့ပါဘူး။
သဘာဝလိုဏ်ဂူ
(၁) ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူ
ဒီနေရာကတော့ နာမည်ကျော်ပါ။ ပြင်ဦးလွင်ရောက်သူတိုင်း လာရောက်လည်ပတ်ကြပြီး လိုဏ်ဂူအတွင်းက ဘုရားတွေကို ဖူးမြှော်ကြပါတယ်။ ရေတံခွန်အငယ်စားလေးလည်း ဖြစ်လို့ ရေကစားကြသူများလည်း ပေါများပြီး၊ နေ့လည်စာ ထမင်းဆီဆမ်း၊ ဆတ်သားခြောက်ဖုတ် စတာတွေ စားသုံးလို့ ကောင်းတဲ့နေရာ ဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ ပရဆေး နဲ့ တောထွက်ပစ္စည်းတွေ ဝယ်လို့ရတဲ့နေရာတစ်ခုပါ။ ခွေးလယားစေ့အနက်လည်း ဒီမှာဝယ်လို့ရပါတယ်။
ရေတံခွန်များ
(၁) ဓါတ်တော်ချိုင့်ရေတံခွန်
အရမ်းလှတဲ့ရေတံခွန်အမြင့်တစ်ခု ဖြစ်ပါတယ်။ အောက်ခြေအထိဆင်းပြီး သွားကြည့်ရင် ပိုလှပါတယ်။ ဒါပေမဲ့ အပေါ်ပြန်တက်တဲ့အခါမှာတော့ အခက်အခဲတွေ့နိုင်ပြီး၊ ကိုယ့်အနားမှာ ကိုယ့်ကို ထမ်းခေါ်ပေးမဲ့ အထမ်းဆရာတွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဈေးကတော့ အတော်မြင့်မားနေတတ်တာမို့ ကိုယ့်ဘက်က လုံလောက်တဲ့ ကျန်းမာရေးအခြေအနေနဲ့ သက်လုံရှိမှ ဒီရေတံခွန်ကို သွားသင့်ပါတယ်။ ရေတံခွန်မှာ အဆင့် (၃) ဆင့်ရှိပြီး အဆင့်တိုင်းက သူ့အလှနဲ့သူ ရှိနေပါတယ်။ ရေတံခွန်တစ်ခုလုံးရဲ့ အလှကိုတော့ The View ဟိုတယ် ကနေ လှမ်းမြင်ရပါတယ်။ ကူပွန် ၁၀၀၀ ကျပ် ဖြတ်ပြီး The View ရဲ့ စားသောက်ဆိုင်မှာ သုံးစွဲရင် ဒီရှုခင်းကို မြင်တွေ့နိုင်တဲ့ ရှုခင်းသာနေရာလေးကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
(၂) ပွဲကောက်/ပွေးကောက် ရေတံခွန် သို့မဟုတ် BE Fall
မဟာအံ့ထူးကံသာဘုရားကို လာရောက်ဖူးမြှော်ပြီးတာနဲ့ ဧည့်သည်အတော်များများက ဘုရားကြီးရှေ့ဘက် မျက်နှာချင်းဆိုင်လမ်းကနေ ဝင်သွားလို့ရတဲ့ ပွဲကောက်ရေတံခွန် ဆီကို ရောက်လာကြပါတယ်။ ပွဲကောက်ရေတံခွန်က အလွယ်တကူ သွားလည်လို့ရတာရော၊ အပန်းဖြေဖို့ လွတ်လပ်မှုရှိတာရော (ဆိုလိုတာက အရက်သောက် ပျော်ပါးနိုင်တာ) မို့ ဧည့်သည်အတော်များတတ်ပါတယ်။ ခရီးသွားရာသီချိန်ဆို ပိုပြီးဆိုးရွားပါတယ်။ ရေကူးသူလည်း များပြီး၊ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းဆိုင်တွေလည်း များပါတယ်။ ပွဲကောက်မှာတော့ ဒေသထွက် ဝိုင်ပုလင်းတွေနဲ့ ယိုမျိုးစုံကို ရောင်းချတာ ပိုပြီးများတာ သတိပြုမိပါတယ်။
(၃) ဒီဇင်ဘာခြံ ရေတံခွန်
အထက်မှာ ဖော်ပြခဲ့ပါပြီ။
(၄) ရေပျံတောင် ရေတံခွန်
ရေတံခွန်အသစ်တစ်ခုအနေနဲ့ရော တောလမ်းလျှောက်၊ တောင်တက်ခရီးစဉ်တစ်ခုအနေနဲ့ရော သဘာဝအလှကို ခံစားဖို့ လာရောက်ကြသူ များပါတယ်။ ရေပျံတောင် ရေတံခွန်က ဓါတ်တော်ချိုင့် ရေတံခွန်လိုပဲ အသွားမှာတော့ အဆင်းချည်းပဲ ဖြစ်ပြီး အပြန်မှာတော့ တောင်တက်ခရီး ဖြစ်သွားလို့ သက်လုံကောင်းဖို့၊ ဒူးကောင်းဖို့ လိုအပ်ပါတယ်။ ရေတံခွန် အဆင့် (၇) ဆင့် ရှိပြီး အဆင့်တိုင်းမှာလည်း လှပကျယ်ဝန်းတဲ့ ရေတံခွန်လေးတွေ တွေ့မြင်ရပါတယ်။ အောက်ဘက်ဆင့်ကတော့ အလှဆုံးလို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ အဆင့် (၇) ဆင့်လုံး မရောက်ဖြစ်တော့ ဒီကိစ္စကို ငြင်းနိုင်ဖွယ်မရှိသေးပါဘူး။ အတက်ခရီးလမ်းကတော့ သွားလေ့သွားထ မရှိသူများအတွက် ပင်ပန်းခက်ခဲနိုင်ပါတယ်။ ဒီရေပျံတောင်ရဲ့ တောင်ထိပ်ကနေ ဒုဌဝတီမြစ်ရဲ့တောင်တန်းတွေကြား စီးဆင်းသွားပုံ၊ တောင်တန်းစိမ်းစိမ်းတွေရဲ့အလှ၊ တိမ်ပင်လယ်တွေကို ခံစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီရေပျံတောင်ဆီ သွားတဲ့ လမ်းတစ်လျှောက်ကလည်း စိုက်ခင်းလေးတွေနဲ့ လှပနေတာကို မြင်ကြဦးမှာပါ။ လမ်းကတော့ နိမ့်တဲ့ကားသေးတွေနဲ့ အဆင်မပြေလှပါဘူး။ စကပ်တပ်ထားတဲ့ကားလေးတွေ ပိုထိ နိုင်ပါတယ်။ မိုးရွာထားရင် မြေပြင်က စီးပြီး ချော်နိုင်ပါတယ်။ ဆိုင်ကယ်နဲ့တော့ အတော်အဆင်ပြေပါတယ်။ တချို့လမ်းပိုင်းတွေ ကျဉ်းလွန်းတော့ ကားနှစ်စီး အသွားအပြန်ဆုံရင် ရှောင်ရခက်တတ်ပါတယ်။ ပြင်လွင်ဦးရဲ့ လည်ပတ်ချင်စရာ နေရာသစ်တစ်ခုအဖြစ်တော့ ညွှန်းဆိုချင်မိပါတယ်။
ဝိုင်ခြံ
(၁) ရွှေပြင်ဦးလွင် စပျစ်ခြံ
ရေပျံတောင်သွားတဲ့ လမ်းလေးပေါ်မှာပဲ ရှိပြီး မြို့ပြနဲ့ အလှမ်းဝေးတဲ့ တောတောင်သဘာဝအလှကို ခံစားကြရတယ်။ ဆင်ခေါင်းလေးကျေးရွာမှာပါ။ မြို့ရှောင်လမ်းက ထင်းရူးတန်းမှာ ဓါတ်ပုံရိုက်ရင်း သွားလည်နိုင်ပါတယ်။ စပျစ်ခင်းကြီးတွေကို စနစ်တကျ စိုက်ပျိုးထားလို့ စပျစ်သီး တကယ် ခူးပြီး ဝယ်ယူစားသုံးနိုင်ပါတယ်။ ခူးဖို့အတွက် ခြင်းတောင်းလေးတွေ၊ ကပ်ကြေးလေးတွေ အဆင်သင့် အဝမှာ ချပေးထားပြီး ခူးမဲ့သူက ခြင်းလေးနဲ့ ကပ်ကြေးလေးကိုင်ပြီး စပျစ်တန်းတွေကြား တစ်တန်းဝင် တစ်တန်းထွက်လိုက်ရှာ ခူးယူနိုင်ပါတယ်။ စပျစ်ခင်းကျယ်လို့ လမ်းတွေလျှောက်ရင်း စပျစ်သီးရှာခူးရတာကလည်း ပျော်စရာတစ်မျိုး ဖြစ်နေပါတယ်။ စပျစ်မျိုးလည်း ကောင်းပါတယ်။ အလုံးကြီးပြီး အရသာလေးပင်မှု ရှိပါတယ်။ ပွဲတော်ချိန်နဲ့ကိုက်လို့ လာခူးသူများရင်တော့ ခူးစရာ အသီးမကျန်တတ်လောက်အောင်ကို ရောင်းချရပါတယ်။ စပျစ်သီးဈေးတော့ ကြီးတယ်လို့ ခံစားရပေမဲ့ စားရတဲ့အရသာရယ်၊ ကိုယ်တိုင်ခူးရအောင်ဖန်တီးပေးတာလေးတွေ စဉ်းစားကြည့်ရင်တော့ တန်တယ်လို့ပဲ မှတ်ထားလိုက်မိတယ်။ ကိုယ်တန်တာနဲ့ သူများတန်တာ ကွာချင်ကွာမှာမို့ မှတ်ချက်အထူးအထွေတော့ မပေးလိုပါဘူး။ စားသောက်ဆိုင်တွဲထားလို့ စပျစ်ဝိုင်ဖောက်ထားတာကို မြည်းစမ်း သောက်ကြည့်နိုင်တယ်။ အမြည်းနဲ့ တခြားအစားအသောက်တွေ မှာတဲ့အခါ စုံလင်မှုတော့ မရှိဘူး။ ရတဲ့ဟာတွေကလည်း ဈေးမြင့်နေတယ်။
ပန်းခြံ နဲ့ အခြားလည်ပတ်စရာများ
(၁) အမျိုးသားကန်တော်ကြီးဥယျာဉ်
ပန်းပွဲတော်ပြုလုပ်လေ့ရှိတဲ့အပြင် ၁၂ ရာသီ ပန်းပွင့်စုံစုံနဲ့ ပြင်ဆင်ဆောင်ရွက်ထားလေ့ရှိပြီး နေရာကျယ်ကျယ်၊ လေသန့်ဝဝ ရှူရှိုက်အပန်းဖြေနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရေပြင်ကျယ်ကြီး နဲ့ ပန်းပင်တွေရဲ့ အလှကို ခံစားရမှာ ဖြစ်သလို၊ ငှက်တွေကို သဘာဝအတိုင်းလွှတ်ထားတဲ့ ငှက်လှောင်အိမ်အကြီးစားထဲမှာ ငှက်အကြီးအသေးအစုံကို လွတ်လွတ်လပ်လပ်ကြည့်ကြရပါဦးမယ်။ လိပ်ပြာပြတိုက်မှာလည်း လိပ်ပြာနဲ့ အင်းဆက်ကောင်လေးတွေရဲ့ ဖြစ်တည်မှုတွေ၊ မြောက်များစွားသော လိပ်ပြာအမျိုးအစားတွေကို လေ့လာနိုင်တဲ့အပြင် သစ်ခွဥယျာဉ်လည်း ရှိသေးလို့ သစ်ခွမျိုးစိတ်တွေကို လေ့လာခွင့်ရဦးမှာပါ။ အမျိုးသားကန်တော်ကြီးအတွင်းက နန်းမြင့်မျှော်စင်ကနေလည်း အမျိုးသားဥယျာဉ်တစ်ခုလုံးရဲ့အလှကို မြင်တွေ့ ခံစားနိုင်ပါဦးမယ်။ ထင်းရှူးတောလေးတစ်ခုလည်း ပါဝင်လို့ ထင်းရှူးတောလေးထဲ ကဗျာဆန်ဆန် ဓါတ်ပုံရိုက်လိုသူတွေ ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။ ထင်းရှူးတောနဲ့ မနီးမဝေးက ဝါးရုံတောထဲမှာလည်း ဝါးမျိုးစိတ်အစုံကို တွေ့မြင်ရမဲ့အပြင် ဝါးရုံတောရှေ့ဘက်က တိရိစ္ဆာန်ရုံငယ်လေးကနေ ချစ်စဖွယ်အကောင်လေးတွေရဲ့ သဘာဝလှုပ်ရှားမှုကို မြင်ကြရဦးမှာပါ။ ရွှံ့အိုင်ထဲကို ဖြတ်ပြီး တံတားလေးထိုးလို့ လမ်းလျှောက်ဖို့ စီစဉ်ပေးထားတာကလည်း သဘာဝကို လက်တွေ့ခံစားနိုင်စေပါတယ်။ ဒါ့အပြင် သက်တမ်းရင့် ကျောက်ဖြစ် သစ်ပင်ကြီးတွေကိုလည်း ပြသထားပေးပြီး သစ်ပင်တွေရဲ့ အမည်နာမတွေကို ရုက္ခဗေဒအခေါ်အဝေါ်တွေနဲ့ ဖော်ပြပေးထားတဲ့အတွက် ဗဟုသုတ ရှာဖွေလိုသူတွေရဲ့ အကြိုက်တွေ့နေရာလည်း ဖြစ်ပါလိမ့်မယ်။ အများသုံးအိမ်သာ သန့်ရှင်းမှု ဆိုးရွားတာကလွဲရင် အပန်းဖြေစရာကောင်းတဲ့ ဥယျာဉ်ကြီးတစ်ခု ဖြစ်ပါတယ်။
(၂) The Croft ခြံ
နောက်ထပ် စိုက်ပျိုးရေးခြံလေးပါပဲ။ အရမ်းကြီးတော့ မကျယ်ဘူး။ မြို့ထဲလောက်မှာပဲ မို့ ခြံသိပ်မကျယ်တာ မဆန်းဘူးပေါ့လေ။ ပြင်ဦးလွင် ကန်တော်ကြီးနဲ့ မဝေးလှဘူး။ စိုက်ထားတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကတော့ မျိုးစုံပဲ။ စတော်ဗယ်ရီတွေလည်း ရှိတယ်။ တခြားရောပဲ စုံစိနေတာ။ သူကတော့ ဝင်ကြေးနဲ့ ဝင်ရတယ်။ လူတစ်ဦးကို ကျပ် ၂၅၀၀ ပေးရင် အထဲမှာ Hi-tea Set လေးရတယ်။ မုန့်၊ သစ်သီးတွေ ပါတဲ့ ချိုင့်လှလှလေးတစ်ခုနဲ့ အအေး သို့မဟုတ် ကော်ဖီ တစ်မျိုး ပါမယ်။ ခြံထိပ်နားမှာ ရှိတဲပ Cottage ခေါ်မလား အဲ့ဒီ အဆောက်အဦးနီနီကြီးကြောင့် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်နေတာရယ်။ ရေစင်လေးကလည်း ချစ်စရာကောင်းတယ်။ ဒီနေရာလေးမှာ Pre-wedding လာရိုက်ကြတာများတယ်။ လမ်းညွှန်ပေးရမယ်ဆိုရင် ကန်တော်ကြီးပတ်လမ်းအတိုင်းတည့်တည့်သွား၊ ကန်တော်ကြီးရော၊ တိုင်းရင်းသားကျေးရွာရော ကျော်သွားရင် ထိပ်အပိတ်ပုံစံ လမ်းမကြီးက ချိုးချသွားတယ်။ ချိုးချသွားတဲ့အခါ ကတ္တရာလမ်းအတိုင်း ဆက်မလိုက်ဘဲ၊ မြေနီးလမ်းလေးအတိုင်း အပေါ်တက်လိုက်တာနဲ့ ရောက်ပါတယ်။ အဆောက်အဦးနီနီကြီးက ထင်သာမြင်သာရှိပါတယ်ဗျ။
(၃) YGW Garden
စားသောက်ဆိုင်လေးနဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစရာနေရာတစ်ခုပါ။ ပန်းခြံလေးသဖွယ် ပြင်ဆင်ထားပေးပြီး ဝက်ဝံလေးတွေ၊ မျောက်လေးတွေ၊ ငှက်လေးတွေ မွေးမြူပြသထားပါတယ်။ ဓါတ်ပုံရိုက်စရာ Photospot ကောင်းတွေ အများကြီးရှိတဲ့အပြင် ဆိုင်ရဲ့ အပြင်အဆင်ကို ကန်းထရီးစတိုင်နဲ့ ပြင်ဆင်ထားပါတယ်။ လိုက်ဖက်မှုရှိတဲ့ ရှေးဟောင်းအသုံးအဆောင်အတော်များများကိုလည်း တွေ့ရတတ်ပါတယ်။ လမ်းညွှန်ပေးရမယ်ဆိုရင် ပိတ်ချင်းမြောင်သွားတဲ့လမ်းအတိုင်း (ပြင်ဦးလွင် - လားရှိုးလမ်း) ကနေ ဝက်ဝံရွာမဝင်ခင် တောင်ဆင်းဆင်းချင်းအကွေ့လေးမှာ YGW ခြံသို့ဆိုတာလေး နံရံအဖြူတစ်ခုမှာ ရေးထားတာ တွေ့ရင် အဲ့ဒီလမ်းထဲ ကွေ့ပြီး တည့်တည့်သွားရုံပဲ။ အထဲကို ၃ မိနစ်လောက်တော့ ဝင်ရသေးတယ်။လမ်းက ကျဉ်းလို့ ကားနှစ်စီး အသွားအပြန်ဆုံရင် နည်းနည်းခက်ခဲစွာ ရှောင်မောင်းရတတ်ပါတယ်။
(၄) ထင်းရှူးတန်း/ထင်းရှူးလမ်း
ခုတလောမှ ရေပန်းအတော်စားနေတဲ့ နေရာလေးပါ။ ပြင်ဦးလွင်မြို့ရှောင်လမ်းပေါ်မှာ ရှိပါတယ်။ ပြင်ဦးလွင်မြို့ရှောင်လမ်းဟာ လမ်းအတော်ကောင်းမွန်ပြီး ထင်းရှူးတောလေးတစ်ခုကို ဖြတ်သန်းဖောက်လုပ်ထားတာ ဖြစ်လို့ ထင်ရှူးတန်းလေးနဲ့ ကားလမ်းလေးဟာ ဓါတ်ပုံရိုက်ဖို့ အတော်ပြည့်စုံတဲ့ ရှုခင်းလေး ဖြစ်သွားခဲ့ပါတယ်။ ဒီနေရာကို ဧည့်သည်အတော်များများ လာပြီး ဓါတ်ပုံရိုက်ကြပါတယ်။ လမ်းအလယ်မှာ ရိုက်ကူးတဲ့အခါ ကားအန္တရာယ် သတိပြုပါ။ မြို့ရှောင်လမ်းဖြစ်လို့ ကားကြီးတွေ များပါတယ်။ အရှိန်လည်း ပါပါတယ်။ ကိုယ်တိုင် ကားမောင်းလာတဲ့အခါမှာလည်း ဒီနေရာရောက်ရင် သတိပြုပေးပါ။ သူများကို ထိခိုက်မိနိုင်ပါတယ်။
(၅) တော်ဝင်နှင်းဆီခြံ
နှင်းဆီပန်းပင်တွေကို ထောင်ဂဏန်းကနေ သိန်းဂဏန်းထိ အစားစားရောင်းချပေးနေတဲ့ တော်ဝင်နှင်းဆီခြံကလည်း လည်ပတ်သူတွေ သွားရောက်လည်ပတ် ဝယ်ယူသင့်တဲ့နေရာတစ်ခုပါ။ ပန်းခြံမဟုတ်တော့ ဒီအတိုင်း လည်ပတ်တာထက် ဝယ်ယူရင်းမှ လည်ပတ်တာက ပိုမိုသင့်လျော်ပါတယ်။ လမ်းညွှန်ပေးရမယ်ဆိုရင် ဆင်ခေါင်းလေးကျေးရွာမှာပဲ။ ရေပျံတောင်ဘက်လာရင် မြို့ရှောင်လမ်းဘက်က ဖြတ်လမ်းတစ်ခုနဲ့ ဝင်လာတဲ့အခါ လမ်းခွဲတစ်ခုကို မြင်ရမယ်။ အဲ့ဒီကျရင် ညာဘက် သွားရင် စပျစ်ခြံ၊ ဘယ်ဘက်သွားရင် နှင်းဆီခြံပဲ။ မဟာအံ့ထူးကံသာ ဘုရားကြီးအလွန်က လမ်းခွဲကနေ လာရင်လည်း အဲ့ဒီခြံကို ရောက်နိုင်ပါတယ်။ ဒါပေမဲ့ နှင်းဆီခြံရောက်ရင် အတော်လေး ကျေနပ်စရာ ဖြစ်သွားလောက်အောင် နှင်းဆီပန်းပင်တွေနဲ့ နှင်းဆီအပွင့် အရောင်စုံတို့က လာရောက်ဝယ်ယူကြည့်ရှုသူတွေကို စွဲဆောင်မှုအပြည့်ပေးပါတယ်။ နှင်းဆီခင်းကြီးထဲ ရောက်သွားသလိုပါပဲ။ နှင်းဆီတွေကို စနစ်တကျ စိုက်ပျိုးထားပြီး အပင်လိုက် ရောင်းချပေးနေတယ်လို့ သိရပါတယ်။
(၆) ခေတ်မီကလေးကစားကွင်း
အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ ရှေ့ဘက်မှာ ကပ်လျက်တည်ရှိတဲ့ ကစားကွင်းက ကလေးတွေအတွက် ခေတ်မီတဲ့ ကစားစရာတွေ ရှိနေပါတယ်။ စက်တွေက အတော်လေးကောင်းမွန်ပေမဲ့ ဆော့ကစားသူ နည်းပါးနေတာ တွေ့ရတယ်။ ကိုယ်တွေမှာတော့ လိုက်လာတဲ့ တူ၊ တူမလေးတွေ ဆော့ချင်တယ်ဆိုလို့ လူမပြည့်ပေမဲ့လည်း စက်မောင်းနိုင်ဖို့ လူအပြည့်စာ ပေးပြီး ကစားခိုင်းခဲ့ရတယ်။ သွားရောက်လည်ပတ် ဆော့ကစားသင့်တဲ့ ခေတ်မီကစားကွင်းတစ်ခုပါ။
(၇) အမျိုးသားအထိမ်းအမှတ်ဥယျာဉ်
National Landmark ပြင်ဦးလွင်ဟာလည်း လည်ပတ်ကြည့်ရှုဖို့ကောင်းပါတယ်။ ပြင်ဦးလွင်ရာသီဥတုနဲ့မို့ အတွင်းဘက်မှာ လည်ပတ်စရာ ဝေးလံပေမဲ့ အေးအေးချမ်းချမ်း သွားလာ လည်ပတ်နိုင်ပါတယ်။ ပူတဲ့ရာသီမှာဆိုရင်တော့ နေအတော်ပူပါတယ်။ ဘက်ဂီကားလေးတွေနဲ့ သွားလာလည်ပတ်နိုင်ပါတယ်။ မြန်မာနိုင်ငံအဝှမ်းက အထိမ်းအမှတ်အဆောက်အဦးတွေကို မြင်တွေ့ကြရမှာပါ။ ဒီနေရာဟာလည်း အမျိုးသားကန်တော်ကြီးဥယျာဉ်နဲ့ ကပ်လျက်မှာပဲ တည်ရှိပါတယ်။ ခေတ်မီကလေးကစားကွင်း ရဲ့ ဘေးဘက်မှာပါ။
(၈) ထူး လိမ္မော်ခြံ
အရင်က ပင်လိန်ရွာမှာရှိတဲ့ ခြံတွေကို သွားရင် ဖြတ်ဖြတ်သွားတယ်။ အဲ့ကတည်းက လမ်းတွေကို သေချာလေး လုပ်ထားတော့ တစ်ခုခု အစီအစဉ်ရှိနေသလားမသိဘူးလို့ တွေးမိခဲ့တာ။ ခုတော့ ထူးလိမ္မော်ခြံအနေနဲ့ အများပြည်သူ အပန်းဖြေစရာနေရာလေး ဖြစ်သွားပြီ။ လိမ္မော်ပင်တွေဆိုတာ မနည်းဘူး။ ဝင်ကြေး က တစ်ယောက် ၂၀၀၀ ကျပ် ပေးရတယ်။ လက်မှတ်လေးတွေပေးတယ်။ အဲ့ဒီလက်မှတ်ကို စားသောက်ဆိုင်မှာ ပြရင် သဘာဝလိမ္မော်ရည်တစ်ခွက် ဒါမှမဟုတ် လိမ္မော်တုံးချိန်ဆိုရင် သဘာဝခြံထွက် ကော်ဖီတစ်ခွက် တိုက်တယ်။ လိမ္မော်သီး ခူးဖို့အတွက်က ထော်လာဂျီလေးတွေ စီးပြီး သွားရတယ်။ အသီးများချိန်ဆိုရင်တော့ ဒီဘက်မှာတင် ခူးလို့ရတယ်။ ကျွန်တော်သွားတဲ့အချိန်က အသီးတုံးချိန်ဖြစ်နေတော့ ဟိုဘက်ခြမ်းက ခြံထဲသွားရလို့ ခုလို စီးသွားရတာ။ နေပူရင်ဆောင်းဖို့ ခမောက် နဲ့ လိမ္မော်သီးခူးဖို့ ပလိုင်းတွေ ပေးတယ်။ အဲ့ဒါတွေနဲ့ လိမ္မော်သီးပင်တန်းတွေဆီ ထော်လဂျီလေးတွေက လိုက်ပို့ပေးပြီး ကိုယ်က စိတ်ကြိုက်ခူးနိုင်တယ်။ ခူးသမျှကိုလည်း ပြန်ဝယ်ရတယ်။ တစ်ကီလိုကို ၁၅၀၀ ကျပ်လောက် ပေးရတယ်။
စားသောက်ဆိုင်ထဲမှာ လိမ္မော်ရည် ဒါမှမဟုတ် ကော်ဖီသောက်ရင်း တစ်ဘက်က လိမ္မော်ခြံအကျယ်ကြီးဆီကို မျက်နှာမူပြီး ထုတ်ထားတဲ့စင်ကနေ စားသောက်ရင်း ရှုခင်းခံစားနိုင်တယ်။ အပေါ်ထပ်ကနေဆို ပိုမြင်ကွင်းလှတယ်။
လမ်းညွှန်ပေးရရင် အလွယ်ဆုံးက ပင်လိန်ဘက်ကို ပွဲကောက်ရေတံခွန်ထဲကနေ ဝင်လိုက်။ ရွာထဲလို့ပြောရင် ဝင်ကြေးမပေးရဘူး။ အဲ့ဒီလမ်းအတိုင်းဝင်လာရင် ကွန်ကရစ်လမ်းလေးပေါ်ရောက်လာမယ်။ အဲ့ဒါဆို ထူးလိမ္မော်ခြံကို မြင်သာပါပြီ။
(၉) Governor’s House
ဘုရင်ခံနေခဲ့တဲ့ စံအိမ်ကြီးကိုလည်း လည်ပတ်သင့်ပါသေးတယ်။ တည်းခိုလိုသူတွေအတွက် ဈေးအတော်မြင့်မားစွာနဲ့ စံအိမ်တစ်ခုလုံး ငှားရမ်းနေထိုင်နိုင်ပြီး၊ စားသောက်ဆိုင်လေးတစ်ခုလည်း တွဲလျက်ရှိပါတယ်။ ရေကူးကန်ကလည်း ထူးခြားစွာ Indoor Swimming Pool ပါ။ ခမ်းနားပါတယ်။ လေ့လာလိုသူတွေက ဝင်ကြေးပေးဆောင် လေ့လာရပြီး၊ အတွင်းမှာ ဓါတ်ပုံရိုက်ကူးဖို့ ခွင့်ပြုလေ့ မရှိပါဘူး။ ထူးခြားတဲ့ ဖယောင်းပုံတူရုပ်တွေကို တွေ့ရဦးမှာပါ။ အသက်ဝင်လွန်းပါတယ်။ ဖယောင်းရုပ်တွေ သက်တမ်းကြာလို့ ပြာစိမ်းနေတာလေးတော့ ရှိပါတယ်။ သီပေါမင်း ရဲ့ ပုံတူဖယောင်းရုပ်အပါအဝင် ဖယောင်းရုပ်အတော်များများက စိတ်ဝင်စားစရာ ပုံဝတ္ထုကို လာရောက်လည်ပတ်သူတွေကို ပြောပြပေးနေပါတယ်။
(၁၀) သူရဲကောင်းကြေးရုပ်တုများ
ပြင်ဦးလွင်မြို့အဝင်နားက စစ်တက္ကသိုလ်ရှေ့မှာ မြင်တွေ့ရတဲ့ မြန်မာ့သူရဲကောင်းစစ်သည်ရုပ်တု ၃ ခု ဟာလည်း မြို့ကို အလည်လာသူတိုင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးရာနေရာတစ်ခု ဖြစ်ပါတယ်။
(၁၁) နာရီစင်
ပြင်ဦးလွင်မြို့ရဲ့ နာရီစင်ဟာလည်း ဓါတ်ပုံရိုက်ကူးသူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်စေတဲ့ နေရာတစ်ခုပါ။
(၁၂) Cozy World
အနီးစခန်းနားက ဒီပန်းခြံကိုလည်း သွားပြီး အပန်းဖြေကြပါတယ်။ သိပ်မကျယ်ဘူး။ ရေကူးကန်လေး ရှိမယ်။ ပန်းခြံတွင်း အရုပ်လေးတွေ ကြိုးတံတားလေးတွေ၊ အဆောက်အဦးပြင်ထားတာတွေ ရှိမယ်။ ဒီလောက်ပဲ။ ဝင်ကြေး ၁၀၀၀ ကျပ်ထင်တယ်။ သိပ်မမှတ်မိတော့ဘူး။ အတွင်းမှာ စားသောက်ဆိုင်လည်း ရှိတယ်။ ဒီပန်းခြံလည်း အမြဲ ကျော်သွားတတ်တော့ သတိထားရတယ်။ ထိပ်မှာ ဘုန်းကြီးကျောင်းလား၊ ဘုရားလား မုခ်ဦးတစ်ခု သတိထားမိတယ်။ အဲ့ဒီလမ်းအတိုင်း အတွင်းကို နည်းနည်းဝင်ရပါတယ်။
(၁၃) ဒေသခံလမ်းညွှန်တွေနဲ့ ချိတ်ဆက်မယ်
ဒေသခံလမ်းညွှန်တွေမဲ့ ချိတ်ဆက်လို့ ရှမ်းရွာတွေဆီ Trekking သွားမယ်။ စိုက်ခင်းတွေလေ့လာမယ်။ ယို၊ သစ်သီးဆားရေစိမ်၊ ဝိုင်ဖောက်တာတွေ လေ့လာမယ်။ ဘန့်ဘွေးကျင်း ရေတံခွန်၊ ဝက်ဝံရေတံခွန်၊ မြင်ဇင်းရေတံခွန် တွေကို စွန့်စား သွားကြမယ်။ ဒုဋ္ဌဝတီမြစ်ဘေး Campsite မှာ အနားယူမယ်။ ဒါတွေ လုပ်ဆောင်နိုင် ပါသေးတယ်။ ဒီအကြောင်းအရာတွေ ရှေ့မှာ ကျွန်တော် ရေးထားပြီးသားပါ။
ပြင်ဦးလွင်ကတော့ လည်ပတ်စရာတွေ အမြဲလိုလို တိုးလာတဲ့အတွက် အပန်းဖြေလို့ ကောင်းဆဲ အရပ်ဒေသတစ်ခုလို့ ယူဆမိပါတယ်။ မေမြို့ သို့မဟုတ် ပြင်ဦးလွင်က ချစ်စရာကောင်းတဲ့အရပ် မို့ ကျွန်တော်ကတော့ ပိတ်ရက်တိုင်း ရောက်ဖြစ်နေဦးမှာ အသေအချာပါပဲ။
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
Thiha, the Traveller @ သီဟလုလင်
Thank you brother.