top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ပြင်ဦးလွင် ထဲက နောက်ထပ် ပြင်ဦးလွင်

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 19, 2018
  • 3 min read

Updated: Sep 9, 2021

ပြင်ဦးလွင်မြို့ကို အခေါက်ပေါင်းများစွာ ရောက်ဖြစ်ပေမဲ့ ဒီတစ်ကြိမ်ကတော့ အရင်အခါတွေနဲ့မတူဘဲ သီးသီးသန့်သန့် အနားယူလာခဲ့တာပါ။ မိုးစက်တွေအောက်က ပြင်ဦးလွင်မြို့ကို ခံစားဖို့ပေါ့။ အရမ်းကဗျာဆန်သွားလား မသိ။ အပြင်ထွက်လည်ဖို့လည်း စိတ်ကူးမရှိလှဘူး။ တစ်နေရာရာမှာ တစ်ခုခုကို မေ့ထားပြီး ကွေးကွေးလေး နေချင်ရုံပဲမို့ ဟိုတယ်က အဓိက ဖြစ်သွားတယ်။ ဒါကြောင့် ဘယ်မှာတည်းရမလဲ ဆိုပြီး အဆင်ပြေဆုံးဟိုတယ်ကို ရှာတဲ့နောက်… ပြင်ဦးလွင်ထဲက ပြင်ဦးလွင် ကို တွေ့သွားခဲ့ပါတယ်။

ပြင်ဦးလွင် နာရီစင်ပုံတူလေး ရှိတဲ့ ချစ်စရာ ပြင်ဦးလွင်ဟိုတယ်

ပြင်ဦးလွင်မြို့က ပြင်ဦးလွင်ဟိုတယ်

ဒီ ဟိုတယ်လေးကို ခါတိုင်း ကန်တော်ကြီးပန်းခြံသွားရင် ဖြတ်ဖြတ်သွားရလို့ သတိထားမိတာ ကြာပြီ။ ချစ်စရာ ပုံစံလေး။ ပြင်ဦးလွင်အငွေ့အသက်လေးတွေကို မြင်ရတဲ့နေရာလေးလို့ အဲ့ဒီလမ်းကွေ့လေးကိုရောက်တိုင်း ခံစားရတယ်။ ဒီတစ်ခါတော့ ဒီမှာတည်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာ သိပ်မှန်သွားသလားပဲ။ ခြံဝန်းထဲက ကားပါကင်လေးထဲ ကားထားပြီး Reception အတွင်းထဲကို ဝင်လိုက်တာနဲ့ ပြင်ဦးလွင်က အိမ်ကြီးကြီးတစ်ခုထဲ ဝင်လိုက်ရသလို အပြင်အဆင်က ဟိုဘက်ခေတ် ဒီဘက်ခေတ် နှစ်ခေတ်ကို ခြုံငုံ ခံစားရတယ်။ မျက်နှာကျက်ပေါ်က ပန်ကာကြီးတွေ၊ ခပ်လှမ်းလှမ်းက စန္ဒရားကြီး။ အရာအားလုံးက ရုပ်ရှင်ဇာတ်ကားတစ်ခုလိုပဲ။ ပြင်ဦးလွင်ကို ဒါကြောင့် မြန်မာပြည်ရဲ့ ဟောလိဝုဒ် လို့ တင်စားကြတာများလားပဲ။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကောက်တွေးလိုက်တယ်။

Hotel Pyin Oo Lwin ရဲ့ Reception ကို အဝင်လမ်း
အတွင်းခန်းရဲ့ လှပထည်ဝါ ခန်းနားမှု
စန္ဒရားတီးချင်ရင်လည်း စန္ဒရားကြီးတစ်လုံး ရှိနေတယ်
ဟိုတယ်ရဲ့ စာကြည့်တိုက်

Reception နဲ့ ကပ်လျက်မှာ Lobby ရှိတယ်။ Lobby အကျော်လေးမှာ ဘိလိယက်ကစားခုံကြီးတစ်ခု ရှိနေတယ်။ မဆိုးဘူး။ အဲ့ဒီရဲ့ ဘယ်ဘက်ခြမ်းမှာ အစည်းအဝေးခန်းမ အပျံစားတစ်ခုတွေ့တယ်။ ညာဘက်ခြမ်းမှာတော့ ရေကူးကန် ကို အမိုးလေးနဲ့ လုပ်ပေးထားတယ်။ Indoor တော့ မဟုတ်ဘူး၊ Outdoor လည်း မမည်ပြန်ဘူးပေါ့။ ရေကူးကန်ရဲ့ တစ်ဘက်ခြမ်းမှာတော့ Spa နဲ့ Gym ရှိတယ်။ Gym ကတော့ အဖြစ်သဘောလေးပါပဲ။ ပြေးစက်လေး စက်ဘီးလေး ရှိတယ်ဆိုရုံပေါ့။ ရေကူးကန်ကတော့ ကူးချင်စရာကြီးပါဗျာ။ ရာသီဥတုက မိုးတွေရွာပြီး အေးစိမ့်စိမ့် ဖြစ်နေလို့သာ မကူးဖြစ်လိုက်တာ၊ နှမြောသား။


အတွင်းကို ပြန်လာရင် ဘားကို တွေ့မယ်။ ဘားနဲ့ ကပ်လျက်မှာ စာကြည့်တိုက်ငယ်လေး ဖန်တီးပေးထားတယ်။ စာအုပ်စင်တွေမှာ စာအုပ်ကောင်းတွေ အများကြီးတွေ့လိုက်တယ်။ ဟိုတယ်မှာ စာကြည့်တိုက်ဖန်တီးပေးထားတာ ကျွန်တော်တည်းဖူးသလောက် ဒီမှာ ပထမဆုံး မြင်ဖူးတာပဲ။ ကျွန်တော် သိပ်အများကြီး မတည်းဖူးတာလည်း ဖြစ်ပါလိမ့်မယ်။ သိပ်ကျေနပ်သဘောကျမိတယ်ဗျာ။ ဒီနေရာလေးကို ထပ်ကျော်သွားတာနဲ့ စားသောက်ခန်းရောက်ပါတယ်။ အခန်းထဲမှာ မဟုတ်ဘဲ တစ်ဘက်အပွင့်ပါ။ မနက်စာကို ဒီမှာ စားရပါတယ်။ ဒီနေရာကို ကျော်သွားပြီး အခန်းတွေဆီကို သွားလို့ရပါတယ်။

ပြင်ဦးလွင်ထဲက နောက်ထပ်ပြင်ဦးလွင် လို့ တင်စားရတဲ့ အကြောင်းကတော့ ဟိုတယ်နာမည်ကလည်း ပြင်ဦးလွင် ဟိုတယ် ဗျာ။ အတွင်းထဲကိုရောက်တာနဲ့ ပြင်ဦးလွင် နာရီစင်အသေးစားလေးကို ခန့်ခန့်ထည်ထည် ဆောက်လုပ်ထားတာကို မြင်ကြရဦးမယ်။ ဒါလေးကလည်း ဒီဟိုတယ်မှာ တည်းချင်စိတ်ဖြစ်စေခြင်းထဲက တစ်ချက်ပဲ။ Pre-wedding တွေ လာရိုက်ကြသူတွေရှိတာ ကြားဖူးတယ်။ လမ်းလေးတွေက လှတယ်။ ရေကန်တွေ၊ တံတားလေးတွေနဲ့ ချစ်ဖို့ကောင်းနေတယ်။ အခန်းလေးတွေဟာ ဘန်ဂလိုသီးသန့်ပုံစံလေးတွေ ဖြစ်ပါတယ်။ နှစ်ခန်းတွဲလေးတွေ ဖြစ်ပေမဲ့ သီးသန့်ဟန်လေး ရှိပါတယ်။ ကိုယ့်အခန်းရှေ့ ကားရပ်လို့ရသလို၊ တချို့အခန်းရှေ့လည်း ကားရပ်စရာ မရှိပြန်ပါဘူး။ ကျွန်တော်တို့ အခန်းရှေ့ဆို ကားရပ်ဖို့ အဆင်မပြေဘူး။ ဒါကြောင့် ကားကို ဟိုးအပြင်က ကားပါကင်မှာထားခဲ့ရတယ်။


အခန်းဖွဲ့စည်းထားပုံ

ဒီ ပြင်ဦးလွင်ဟိုတယ် ရဲ့ Deluxe အခန်း ကို ရွေးတည်းဖြစ်တာမို့လို့ စားသောက်ခန်းမ နဲ့ သိပ်မနီးမဝေးလေးက ဘန်ဂလိုအခန်းလေးကို ရတယ်။ အခန်းရှေ့ရောက်တာနဲ့ ကိုယ့်အိမ်လေးရောက်သလို ဖြစ်သွားတာတော့ သဘောကျမိတယ်။ ထင်းတုံးတွေ တွေ့လို အလှပြထားတယ် ထင်မိတာ။ အထဲရောက်တော့မှ မီးလင်းဖို အကြီးကြီးတွေ့လိုက်ရတယ်။ အေးတဲ့ဆောင်းရာသီဆို တကယ် မီးဖိုလို့ရမဲ့ပုံစံရှိတယ်။ အလှပြရုံမဟုတ်ဘူးလို့ ဘာကြောင့်တွေးမိသလဲဆိုတော့ ထင်းထိုးတဲ့ အတံတွေ၊ ဂေါ်ပြားတွေကအစ အကုန်အခန်းထဲ ထည့်ပေးထားတာတွေ့မိလို့ပါ။ အပြင်ဘက်မှာ ကြားကွက် ကစားနိုင်တဲ့ စားပွဲနဲ့ ထိုင်ခုံလေးတွေက ချစ်စရာကောင်းတယ်။ အတွင်းပိုင်းကျပြန်တော့လည်း အခန်းနဲ့မတူဘဲ အိမ်လေးနဲ့တူအောင် ဖန်တီးထားတယ်။ အဲကွန်းလည်း ရှိတယ်။ အကြိုက်ဆုံးက မီးဖိုဆောင်ပုံစံ ပြင်ဆင်ထားတဲ့ ဘားကောင်တာပဲ။ အရက်၊ ဝိုင်၊ ဘီယာ အစုံတင်ပေးထားတယ်။ မသိရင် ကိုယ့်အိမ်မှာလိုပဲ။ မျက်နှာကျက်မှာလည်း ပန်ကာကြီး ရှိနေတာက ဆွဲဆောင်မှုတစ်ခုပါပဲ။


အိပ်ခန်း၊ အလုပ်စားပွဲ၊ မီးလင်းဖို နဲ့ ဧည့်ခန်းပုံစံလေးတွေကို အခန်းကျယ်ထဲမှာ ပြင်ဆင်ပေးထားပြီးတော့ လျှောတံခါးလေးအဖွင့်အပိတ်နဲ့ နောက်တစ်ခန်းထဲမှာတော့ အဝတ်လဲခန်း၊ အလှပြင်ခုံ၊ မီးခံသေတ္တာနဲ့ ဘီဒိုတွေ ရှိတာတစ်ခြမ်း၊ ရေချိုးကန်၊ ရေချိုးခန်း နဲ့ အိမ်သာ တို့က တစ်ခြမ်း စီစဉ်ပေးထားတယ်။ အသုံးအဆောင်တွေက ခေတ်မီနေသလို၊ ဖွဲ့စည်းထားပုံကြောင့် ရှေးတုန်းက ကိုလိုနီခေတ်အိမ်လေးထဲ ရောက်နေရတဲ့ ခံစားမှုမျိုးလည်း ပေးပြန်ပါတယ်။


ဈေးနှုန်း

ဒီ ပြင်ဦးလွင်ဟိုတယ်ကို LODGGY.COM ကနေ Booking တင်လိုက်တာ။ Monsoon Promotion ချနေတယ်ဆိုတာလည်း သိလိုက်ရလို့ အဆင်ပြေသွားတယ်ပြောရမယ်။ ခါတိုင်းဈေးတွေထက် သက်သာနေတယ်လေ။ ဒါနဲ့ပဲ အရင် တစ်သိန်း ပေးရတဲ့ Deluxe အခန်းကို ၆၀,၀၀၀ ကျပ်တည်းနဲ့ တည်းလို့ရသွားတယ်။ Suite အခန်းဆိုရင် အရင်က တစ်သိန်းနှစ်သောင်း ပေးရတယ်။ အခုဆို ၈၀,၀၀၀ ကျပ်နဲ့ တည်းလိုရတယ်တဲ့။ ခုတောင် အတော်ကျယ်လို့ ဒီအခန်းနဲ့တင် ကျေနပ်ပါတယ်။

အတွင်းဘက်က ရွှေငါးလေးတွေ မွေးထားတဲ့ ကန်ရယ်၊ တံတားလေးရယ်

မနက်စာ

ဟိုတယ်တစ်ခုမှာ နောက်ထပ်အသက်တစ်ခုက မနက်စာပဲ။ မနက်စာ ကို ဘယ်လိုပုံစံနဲ့ တည်ခင်းသလဲ ကျွန်တော် သိပ်စိတ်ဝင်စားတယ်။ မနက်စာ ကို မနက် ၉ နာရီလောက်မှ အေးဆေးသွားစားပေမဲ့ ဘူဖေးမနက်စာ က စုံစုံလင်လင် ရှိတုန်းပဲ။ ဒါတောင် ဧည့်ပါးတဲ့ရာသီနော်။ မခိုမကပ် ထည့်ပေးပြင်ပေးတာ သဘောကျတယ်။ စားဖိုမှူးကြီးကိုယ်တိုင် စကားတွေနဲ့ ဧည့်ခံနေတာ သတိထားမိလိုက်တယ်။ ဖောရွေတာလေး သဘောကျမိပြန်တယ်။ ဒီဟိုတယ်က Feel Group အောက်မှာ ရှိနေတာမို့ထင်တယ် အစားအသောက်လက်ရာလေးတော့ ပြောစရာမရှိအောင်ပါဘဲ။ အခန်းကို မှာစားတဲ့ မနက်စာကိုလည်း စားဖိုမှူးကြီးကိုယ်တိုင် သေချာ ပြောပြအကြံပေးနေတာ သတိထားမိလိုက်တယ်။


ဝန်ဆောင်မှု

ဖောဖောရွေရွေ ရှိတာလေး သတိထားမိတယ်။ ဒါလေး လိုချင်ပါတယ်။ ဒီဟာလေး ဖွင့်မရလို့ အမျိုးမျိုး ဖုန်းနဲ့ လှမ်းပြောတာကို သေချာဂရုစိုက်ပြီး လာလုပ်ပေး လာပြင်ပေးတယ်။ သဘောကျမိတယ်။

ဘာတွေ ပြင်ဆင်စေချင်လဲ

အင်း.. အားလည်းနာတယ်။ ခင်လည်း ခင်တယ်။ ပြောတော့ ပြောရမှာပါပဲ။ အခန်းပိုင်း စပြောရရင် သန့်ရှင်းရေးပိုင်းလေး နည်းနည်းပိုဂရုစိုက်စေချင်မိတယ်။ အဝတ်လဲခန်းထဲ ဝင်လိုက်တာနဲ့ ပင့်ကူမျှင်အရှည်ကြီးတွေ တွေ့လိုက်ရတာတော့ နည်းနည်း အံ့သြသွားမိတယ်။ အိမ်သာမှာလည်း ခြေနင်းနေရာက ဘယ်ကရေတွေ ရောက်လာမှန်းမသိ ရေတွေ ပြည့်ပြည့်လာတယ်။ စီးဖို့အပေါက်နဲ့ ရေအိုင်နေတာနဲ့က ကလောနဲ့ ငပလီ လို့ ဆက်စပ်မရဖြစ်နေလေတော့ ရေထွက်လမ်းမရှိဖြစ်နေတယ်။ အဲ့ဒီရေတွေလည်း ဘယ်ကနေ ဘယ်လို ယိုစိမ့်ရောက်လာသလဲ မသိဘူးရယ်။


နောက် မနက်စာ ကိစ္စ။ ဧည့်ပါးချိန်မှာတောင် ဘူဖေးသေချာခင်းပေးတာ အဆင်ပြေပေမဲ့ ဟိုတယ်ကြီးတစ်ခုအနေနဲ့ဆိုရင်တော့ ရွေးချယ်စရာ နည်းနေတယ် ထင်မိတယ်။ အဲ့ဒီနေ့က အဓိက စားရတဲ့ဟာက ခေါက်ဆွဲကြော်ပဲ ဖြစ်နေပြီး တခြားရွေးစရာ မရှိ။ ကျွန်တော်က ခေါက်ဆွဲကြော် မကြိုက်တာမို့ ထမင်းကြော်၊ ကြာဇံကြော် တစ်ခုခု စားချင်တာတောင် ရွေးစရာ မရှိခဲ့ဘူး။

ဝန်ထမ်းတချို့ရဲ့ ဆက်ဆံရေးပိုင်း။ ကျွန်တော်မနက်စာ စားပြီး အခန်းပြန်တော့ ဟိုတယ်ဝန်ထမ်းကောင်လေး နှစ်ယောက်တွေ့တယ်။ ကိုယ်ကတောင် ပြုံးပြဖို့ စပြီးကြိုးစားပေမဲ့ သူတို့က အတင်းကြီး လွှဲနေတော့ ဟုတ်ပြီလေ။ ကိုယ် အားနာမိတတ်လေခြင်းလို့ နောင်တရမိတယ်။ တခြားဟိုတယ်တွေမှာ ဧည့်သည်တွေကို တွေ့တာနဲ့ ဧည့်သည်တွေ တုံ့ပြန်မှုရှိရှိ မရှိရှိ မင်္ဂလာပါ၊ Good Morning, Good Evening လုပ်ကြပါတယ်။ ခု ဒါမျိုးမရှိဘဲ နှစ်ယောက်သား တွန်းထိုးနေကြတာတော့ ဟိုတယ်ဝန်ထမ်းမပီသရာကျတယ်လို့ မြင်ပါတယ်။ ကိုယ်ပဲ ကံဆိုးစွာတွေ့တတ်ဆုံတတ်တာ ဖြစ်မှာပါ။


ဧည့်သည်တွေကို အဓိက ဆွဲဆောင်ထားတဲ့ နာရီစင်ကြီးက နာရီတချို့ ပျက်စီးနေတာလေး ပြင်ဆင်စေချင်တယ်။

မနက်စာကို ရှင်ဘုရင်လို စားပစ်လိုက်တယ်လေ

ပြင်ဦးလွင် ဟိုတယ်မှာ တည်းပြီး The Taj အိန္ဒိယဆိုင်မှာ စားမယ်

နီးလို့လေ။ ကျွန်တော်က ဟိုးအရင်ကတည်းက ရန်ကုန် The Taj က ဒန်ပေါက်နဲ့ မြောက်ပိုင်းအိန္ဒိယစာတွေ ကြိုက်တယ်။ အရသာက မပြင်းဘူး၊ ရင်မပူဘူး။ စားလို့လည်း အရသာရှိနေတယ်။ လူတိုင်းပြောနေကြတာက ပြင်ဦးလွင်ဆိုင်က ပိုကောင်းတယ်တဲ့။ ခုတခေါက် စားကြည့်တော့ ပြောတဲ့အတိုင်း မှန်နေတယ်။ ဈေးတော့ နည်းနည်းကြီးတယ်။ မှာမှ ချက်ပြုတ်ပေးတာမို့ နည်းနည်းကြာပေမဲ့ အဲ့ဒါကြောင့် အရသာရှိနေတာမှန်းသိတော့ အထွန့်မတက်မိဘူး။ မွန်ဘိုင်းက နိုင်ငံခြားစာဖိုမှုးတွေ ကိုယ်တိုင်ချက်တယ်လို့ ကြားတယ်။ ဒါကြောင့်လည်း အရသာ မှန်နေတာ နေမယ်။ The Taj Pyin Oo Lwin မှာ သဘောအကျဆုံးက စားနေရင် ကန်တော်ကြီးရေကန်ကို မြင်နေရတာပဲ။ နောက်တစ်ခါ သွားဖြစ်ရင် ထပ်စားဦးမယ်။


ပြင်ဦးလွင်ဟိုတယ်မှာ တည်းမယ်

Hotel Pyin Oo Lwin လိပ်စာက အမှတ် (၉)၊ နန္ဒလမ်း၊ ပြင်ဦးလွင်။ အဲ့လိုရှာ မိုးလင်းမယ်။ ကန်တော်ကြီးဘက်ကို သွားလိုက်၊ အဲ့ဒီမှာ အကွေ့လေးတစ်နေရာ ရှိတယ်။ အဲ့ဒီမှာ လမ်းရဲ့ ညာဘက်ခြမ်းမှာ ဆိုင်းဘုတ်ရေးထားပြီး ဟိုတယ်က ဘယ်ဘက်ခြမ်းမှာ ရှိတယ်။ ဖုန်းနဲ့ ကြိုတင် စုံစမ်းချင်ရင်တော့ 095010460, 0933364666 တို့ကို ဆက်သွယ်နိုင်တယ်တဲ့။


ပြင်ဦးလွင် ထဲက နောက်ထပ် ပြင်ဦးလွင်

ခြုံငုံပြီး ပြင်ဦးလွင်ဟိုတယ်အကြောင်းပြောရရင် ကျွန်တော် တည်းရတာ သိပ်သဘောကျတဲ့ အခန်းအပြင်အဆင်မျိုး ရှိတယ်။ မနက်စာ အရသာကောင်းတယ်။ အခန်းက ကျယ်ပြီး သီးသန့်ဆန်တယ်။ ကန်တော်ကြီးနဲ့ နီးလို့ မနက်စောစော ကန်တော်ကြီးမှာ လူရှင်းရှင်း ဓါတ်ပုံသွားရိုက်ချင်ရင်လည်း အဆင်ပြေတယ်။ ပြင်ဦးလွင်ရဲ့ အငွေ့အသက်တွေ တကယ်ခံစားရလို့ ပြင်ဦးလွင်ထဲက နောက်ထပ် ပြင်ဦးလွင်လေးအဖြစ် အမြဲချီးကျူးနေမိဦးမှာပါပဲ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Commentaires


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page