top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ပြင်ဦးလွင်မှာ (Trekking) တောလမ်းလျှောက်ဖူးပြီလား

Writer's picture: Thiha Lu LinThiha Lu Lin

တောလမ်းလျှောက် (Trekking) ဆိုတာနဲ့ ကျွန်တော် ပထမဆုံး သတိရမိတာက ကလော ကိုပါ။ ကလော ပြီးရင် သတိအထားမိဆုံးက သီပေါ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် သတိမေ့နေတာက ပြင်ဦးလွင်ဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက Trekking မှာ ဦးဆောင်ခဲ့တယ်ဆိုတာကိုပါ။ အရင်ကတော့ နိုင်ငံခြားသားတွေပဲ လာလုပ်လေ့ရှိတဲ့ Trekking ကို ခုဆို ပြည်တွင်းက လူငယ်တွေ အရမ်းစိတ်ဝင်တစား လုပ်ဆောင်လာကြတယ်။ လူငယ်တွေကတဆင့် လူကြီးတွေကိုပါ ကူးစက်ပြီး အသက် (၅၀) ကျော်အရွယ်တွေထိကို ပါဝင်လုပ်ဆောင်လာကြတာ သတိပြုမိလိုက်ပါတယ်။ Trekking ဆိုရင် ရှမ်းတောင်ပိုင်း၊ ရှမ်းရှေ့ပိုင်း၊ ရှမ်းမြောက်ပိုင်း၊ ချင်း၊ ကယား ဒေသတွေမှာ ပိုပြီး လူသိများကြပါတယ်။ ကပ်ကျော် ဖြစ်နေတတ်တဲ့ ပြင်ဦးလွင် Trekking လေးကို ဒီတစ်ခေါက် ကျွန်တော် သွားဖြစ်ခဲ့တော့ နောက်ထပ် အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်လေးတွေ ထပ်ရလိုက်ပြန်ရောပေါ့ဗျာ။


ပြင်ဦးလွင် က Trekking လမ်းကြောင်း

ရုတ်တရက်ဆို ပြင်ဦးလွင်က Trekking လုပ်လို့ကောင်းမယ် သိပ်မထင်ရဘူးဗျ။ တကယ်တော့ သူ့မှာလည်း လမ်းလျှောက်လေ့လာလို့ကောင်းတဲ့ ရှမ်းရွာတွေ၊ ဂေါ်ရခါးရွာတွေ၊ ရေတံခွန်၊ ဆည်၊ တောင် နဲ့ စိုက်ခင်းတွေ ရှိနေတယ်။ ရေပျံတောင်ရေတံခွန် ဘက်ဆိုရင်လည်း အတော် လျှောက်လို့ကောင်းတယ်။ လမ်းမှာ စပျစ်ခြံတွေ ဝင်လည်လို့ရတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော်က ဒီလမ်းကြောင်းကို သွားခဲ့ဖူးတော့၊ ဒီတစ်ခါ Trekking လုပ်ဖို့ကို ရှမ်းရွာတွေ အများဆုံးပါတဲ့ ဘက်ကို ရွေးဖြစ်သွားတယ်။

နောင်ခမ်းကြီးရွာ ဘက်ကနေ ချောင်းဦးရွာကို စဝင်ပြီး Sunset တောင် - ပန်းဦးတောင်ရွာ - ဆင်ဖြူအင်း နဲ့ ဆင်လမ်းရွာတွေဘက်ကို လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။


ပြင်ဦးလွင်မှာ Trekking လုပ်သင့်တဲ့ အကြောင်းချက်များ

  • ရာသီဥတု ပြင်းထန်မှု သိပ်မရှိလို့ ပူတဲ့အချိန်မှာတောင် သွားလို့အဆင်ပြေတယ်။

  • ဟင်းသီးဟင်းရွက်စိုက်ခင်းတွေအပြင် သစ်သီးစိုက်ခင်းတွေကိုပါ အတွေ့အကြုံခံစားယူနိုင်တယ်။

  • နေ့ချင်းပြန်သွားပြီး ပြင်ဦးလွင်မြို့မှာ မြို့ပြအရသာကို ခံစားနိုင်သေးတယ်။

  • ရွာတွေ ပိုစိပ်လို့ ပျင်းစရာ သိပ်မရှိဘူး။

  • ရွေးချယ်စရာ စုံတယ်။ (ရေကြိုက်တဲ့သူက ရေတံခွန်လမ်း၊ တောင်ကြိုက်တဲ့သူက တောင်တက်လမ်း တွေ ရွေးနိုင်သေးတယ်။)

  • ရွာမှာ ညအိပ်ညနေ နေလို့လည်းရသေးတယ်။ ရွာမှာ အိပ်ရင်တော့ မီးက အချိန်အတိုင်းအတာတစ်ခုထိ ရမယ်။ အင်တာနက်ရော ဖုန်းရောတော့ မပြတ်တောက်ဘူး။

  • လမ်းခရီး သိပ်မကြမ်းလို့ အခုမှ စ သွားချင်သူတွေ၊ မိန်းကလေးတွေနဲ့ လူကြီးပိုင်းပါ သင့်လျော်တယ်။


ဈေးနှုန်း

ပြင်ဦးလွင် Trekking ကို သီးသန့် တစ်ဦးစ နှစ်ဦးစ ဆို ကျွန်တော် သွားခဲ့တုန်းက တစ်ဦး ၅၀,၀၀၀ ကျပ်က စတင်လို့ အပြီးအစီး စုံစမ်းနိုင်သလို (အဝေးပြေးကားခတော့ မပါဘူးပေါ့)၊ လူများရင် ဈေးလျော့သွားနိုင်တယ်လို့ သိရတယ်။ ဒီအထဲမှာ Trekking သွားဖို့ အကြိုအပို့ သုံးဘီးခတွေရော၊ Local Trekking Guide ဝန်ဆောင်မှု၊ နေ့လည်စာ၊ အဆာပြေမုန့်အအေး တွေပါဝင်သလို၊ ဟိုတယ် တစ်ညအိပ်နဲ့ ဟိုတယ်မှာ ညစာ နဲ့ မနက်စာတွေ ပါဝင်ပါတယ်။ ဒီခရီးစဉ်ကို စိတ်ဝင်စားလို့ အသေးစိတ်စုံစမ်းကြည့်မယ်ဆိုရင် Thiha Bala Hotel သီဟဗလ ဟိုတယ် (ဖုန်း - 09 774 488238) မှာ စုံစမ်းကြည့်နိုင်ပါတယ်။ ဈေးအပြောင်းအလဲ ရှိနိုင်လို့ ကြိုတင်ဆက်ပြီး စုံစမ်းထားတာ ပိုကောင်းပါတယ်။


Trekking မတိုင်ခင် ဘာတွေကြိုပြင်ဆင်မလဲ

  • ကြံ့ခိုင်မှုအတိုင်းအတာတစ်ခု ရှိဖို့ လိုအပ်ပါတယ်။ နှလုံးကျန်းမာရေးတော့ တစ်ချက်သတိပြုပြီးမှ လိုက်သင့်ပါတယ်။

  • လိုအပ်တာတွေ ထည့်ယူဖို့ ကျောပိုးအိတ်တစ်လုံး လိုအပ်နိုင်ပါမယ်။

  • Walking Shoe ဒါမှမဟုတ် ခရီးကြမ်းသွားလို့ကောင်းတဲ့ဖိနပ်မျိုး စီးသင့်ပါတယ်။

  • ကြွက်သားညောင်းညာခြင်းအတွက် ဒါဏ်ကြေဆေး ဆောင်ထားသင့်ပါတယ်။

  • အကိုက်အခဲပျောက်ဆေး ဆောင်လာသင့်ပါတယ်။

  • Power Bank လိုအပ်ပါတယ်။

  • ဆာတတ်ရင် စားဖို့ မုန့်နည်းနည်း လိုအပ်ပါတယ်။ ရွာတွေမှာ ဝယ်လို့တော့ ရပါတယ်။

  • နေကာမျက်မှန် နဲ့ ဦးထုပ် အထူးလိုအပ်ပါတယ်။

  • မိုးတွင်းလည်း သွားလို့ရလို့ မိုးတွင်းသွားချင်သူတွေကတော့ မိုးကာအင်္ကျီဆောင်လာသင့်ပါတယ်။

  • နေလောင်ခံလိမ်းဆေး နဲ့ SPF Spray တွေလိုအပ်ပါတယ်။

  • ခရီးစဉ်မှာ နာနတ်ခင်းတွေနဲ့ မြက်ခင်းတွေကြား သွားရတာတွေရှိလို့ ဘောင်းဘီအတိုထက်စာရင် အရှည်က ပိုသင့်လျော်ပါတယ်။ ဒါမှ မရှမိမှာပါ။ အင်္ကျီကတော့ အထူကြီး မလိုအပ်ပါဘူး။ ဆောင်းရာသီဆိုရင်တော့ အထူ လိုအပ်ပါမယ်။


ကျွန်တော့်ရဲ့ ကိုယ်တွေ့ ပြင်ဦးလွင် Trekking

ကျွန်တော် ပြင်ဦးလွင် Trekking သွားဖို့အတွက် သီဟဗလ ဟိုတယ် ကို ချိတ်ဆက်လိုက်တယ်။ ဒီရက်ပိုင်း သူတို့ ကြော်ငြာနေတာလည်း မြင်နေရတော့ သွားချင်စိတ်ဖြစ်သွားတယ်လေ။ Trekking ပိုးဆိုတာလည်း ဝင်သွားပြီးရင် အချိန်ကျတာနဲ့ ယင်းထတယ်ပဲ ပြောရမလား၊ မသွားရ မနေနိုင်ဖြစ်ပြီး ခါတိုင်းသွားနေကျ ကလောဘက်ထက် ပြင်ဦးလွင် ကို သွားပစ်လိုက်တယ်။ သီဟဗလ ဟိုတယ် ရဲ့ အစီအစဉ်မှာက လူတစ်ဦးကို သတ်မှတ်ထားတဲ့ ပမာဏတစ်ခုနဲ့ ဒီ Trekking ခရီးစဉ်ရယ်၊ ဟိုတယ်မှာ တစ်ညတာ တည်းခိုခွင့်၊ ညစာ နဲ့ မနက်စာ တွေ ပါဝင်တယ်။ ရေပျံတောင် ရေတံခွန်ဘက် ခရီးစဉ် နဲ့ ရှမ်းတိုင်းရင်းသားရွာများဆီ ခရီးစဉ် နှစ်မျိုးမှာ ကျွန်တော်က တောင်တက်တဲ့ ခရီးစဉ်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားရွာများဆီ ခရီးစဉ်ကို ရွေးချယ်ပြီး သွားဖြစ်ခဲ့တယ်။


မနက် (၉) နာရီမှာ Local Trekking Guide ကိုဖိုးသား (ကိုအိုစမာ) က သုံးဘီးကြီးနဲ့ ဟိုတယ်ရှေ့ ရောက်နေပြီ။ အရမ်းဖောရွေပြီး ဒေသအကြောင်း အတော်ကျွမ်းကျင်သူပါ။ တစ်လမ်းလုံးလည်း မသိသူ မရှိလောက်အောင်ကို တစ်ရွာဝင်တစ်ရွာထွက်၊ စိုက်ခင်းထဲက လူတွေပါမကျန် နှုတ်ဆက် စကားပြောနိုင်သူလို့ မှတ်ချက်ချမိတယ်။ သုံးဘီးလေးစီးရတာကိုက စိတ်ထဲမှာ Trekking နဲ့ပတ်သက်တဲ့ အငွေ့အသက်ကို စပြီး ခံစားရလာစေတယ်။ နောင်ခမ်းကြီးရွာဘက်ကို မိနစ် ၂၀ လောက် အရင်သွားပြီး မြေနီလမ်းလေးတစ်ခုမှာ သုံးဘီးရပ်လို့ ကျွန်တော်တို့ လမ်းစလျှောက်ရပါတယ်။ ချောင်းဦးရွာဘက်ကို သွားမယ်လို့ သိရပါတယ်။ လမ်းမှာ သောက်ဖို့ ရေဗူးသေးလေးတွေကို ကိုဖိုးသားက သူ့ကျောပိုးအိတ်ထဲ ထည့်လွယ်သလို၊ ကျွန်တော်တို့ လိုက်တဲ့သူတွေကိုလည်း တစ်ယောက်တစ်ဗူးစီ ဝေထားပေးပါတယ်။


မိုးက ရှေ့နှစ်ရက်တုန်းက ရွာထားတာမို့ ရာသီဥတုလေးက လမ်းလျှောက်ရ အတော်အဆင်ပြေနေတယ်။ နွေနှောင်း မေလ မှာ အပူချိန်သိပ်မရှိဘဲ အေးအေးသက်သာ လမ်းလျှောက်ရတော့ မောတယ် သိပ်မခံစားရဘူး။ လမ်းဖြောင့်လေးတွေရှိသလို တောင်လေးတွေကို ပြေပြေလေး တက်ရတာတွေလည်း ရှိပါတယ်။ စပြီး တက်တဲ့လမ်းလေးမှာတင် ကျွန်တော်တို့ လျှောက်သွားမဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ နေဝင်တောင်ကို ပျပျလေး လှမ်းမြင်ရတယ်။ ဒီဘက်လမ်းမှာက ဒေသအလိုက် ယုံကြည်ကိုးကွယ်မှုတစ်ခုဖြစ်တဲ့ အမတော် စောမွန်လှနဲ့ ပတ်သက်တာလေးတွေ အတော်များတယ်ဆိုတာ သိလိုက်ရတယ်။


အမတော် စောမွန်လှ နဲ့ပတ်သက်တဲ့ သူ့အကြောင်းကတော့ အကျဉ်းချုံး ပြောပြမှလည်း ဒီ Trekking ခရီးက ပိုစိတ်ဝင်စားစရာ ဖြစ်တော့မှာကိုး။ အနော်ရထာမင်းကြီးရဲ့ အထူးအရေးပေးခံရတဲ့ မိဖုရား စောမွန်လှ ကို မိဖုရားခေါင်ကြီးအပါအဝင် မိဖုရားအများက မနာလိုမုန်းတီးကြတယ်တဲ့။ စောမွန်လှ ရဲ့ နားတောင်းမှာ ဘုရားဓါတ်တော်တွေ ကိန်းဝပ်ထားတာမို့ ဘုရားဝတ်ပြုချိန်ဆို ရောင်ခြည်ကွန့်မြူးတယ် ဆိုပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စုန်းဖြစ်နိုင်ချေရှိတယ်လို့ သွေးထိုးတော့ ဘုရင်က ယုံပြီး ရှမ်းပြည်ကို ပြန်လွှတ်တယ်။ ဒီမှာတင် လမ်းခရီးတစ်လျှောက် သူတည်ခဲ့တဲ့ စေတီတွေ၊ သူ ပုန်းခိုခဲ့တဲ့နေရာတွေ ဟာ ခုချိန်မှာ သမိုင်းဝင်တွေ ဖြစ်လာတော့တယ်။ စေတီ ရှစ်ဆူ တည်ခဲ့တဲ့အလျှောက် ရွှေစာရံ၊ ဘော်ကြို စေတီတွေဟာ နာမည်ကျော်ပြီး၊ ခု ဒီခရီးစဉ်မှာ ပါဝင်တဲ့ နေမဝင်တောင်စေတီ ဟာလည်း အမတော် စောမွန်လှရဲ့ ကောင်းမှုတွေထဲက တစ်ခုလို့ ဆိုကြပါတယ်။


ပြင်ဦးလွင် Trekking တစ်လျှောက်မှာ နာနတ်ခင်းတွေကို အများဆုံး မြင်ကြရတယ်။ နာနတ် အဖြစ်ဆုံးအချိန်က ဇွန်၊ ဇူလိုင်လတွေမို့ လာမဲ့ရာသီတွေမှာဆို နာနတ်ချိုချိုတွေ စားရကြုံဦးမှာပါ။ ကျွန်တော်တောင် တစ်လုံးစားခွင့်ကြုံတယ်။ အတော်ကို ချိုပါတယ်။ နာနတ်ခင်းတွေက တောင်စောင်းတွေမှာ ၁၂ ရာသီစိုက်တဲ့ နှစ်ရှည်ပင်တွေပါ။ ရေသိပ်မကြိုက်လို့ ရေမများအောင် တောင်စောင်းမှာ စိုက်ကြတယ်လို့ ဗဟုသုတ ရပါတယ်။ နာနတ်ကြားမှာ ရေမကြိုက်တဲ့ အပင်တွေဖြစ်တဲ့ ပိန်း၊ ကောက်ညင်း၊ ကန်စွန်းဥ တို့လို ရာသီအသီးအနှံတွေလည်း စိုက်တတ်ကြတယ်။ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ခရမ်းချဉ်၊ ပန်းမုန်ညင်း၊ စပါး စတဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကိုလည်း မျက်စိတဆုံး မြင်ခွင့်ရသလို၊ သစ္စာပန်း၊ ဂန္ဓာပန်း စတဲ့ ပန်းခင်းတွေလည်း ကြုံကြိုက်ခွင့်ရပါတယ်။ နာနတ် နဲ့ စတော်ဗယ်ရီသီး ခင်းတွေကိုလည်း ဒီခရီးစဉ်မှာ မြင်ရတယ်။ ကော်ဖီပင်တွေလည်း ကြုံခဲ့ရပါတယ်။ သဘာဝ ရေထွက်နေရာတွေကိုလည်း မျက်မြင်တွေ့ခဲ့ရတယ်။


ကျွန်တော်တို့ မနက် ၉ နာရီ စထွက်တာ ၁၀ နာရီခွဲ လောက်မှာ ချောင်းဦးရွာကို ရောက်တယ်။ ချောင်းဦးရွာက မက်မန်းသီးဆားစိမ်တဲ့ စဉ့်အိုးကြီးတွေကို မြင်တွေ့ခဲ့ရသလို ရွာထဲက ရှမ်းအိမ်လေးမှာ ခဏနားရင်း အပန်းဖြေခွင့်ရခဲ့ပါတယ်။ ရှမ်းအိမ်လေးမှာ ကိုယ်တိုင်ထိုးထားတဲ့ နာနတ်ယို နဲ့ စတော်ဗယ်ရီယို ကောင်းကောင်းလေးကို ပေါင်မုန့်နဲ့သုတ်စားပြီး ရေနွေးကြမ်းနဲ့ကျိုက်ရတာ အတော်သဘောတွေ့မိတယ်။ ဝယ်ချင်တာတောင် ဝယ်ခွင့်မရတဲ့ အိမ်လုပ် ယိုကောင်းကောင်းလေးတွေအတွက် အိမ်ရှင် ရှမ်းအဘွား ကိုလည်း ကျေးဇူးတင်မိသေးတယ်။


အမောပြေတော့ ချောင်းဦးကနေ နေဝင်တောင်ဘက်ကို ဆက်လျှောက်ကြတယ်။ လမ်းမှာ သဘာဝရေခြံစိုက်ခင်းလေးတွေ မြင်ကြရတယ်။ ရေခြံ ဆိုတာက ရေရှိတဲ့ ခြံလေးတွေကို ခေါ်တာပါ။ စိုက်ခင်းအတွက် ရေကို သဘာဝအလျောက်သွယ်ယူဖို့အဆင်ပြေနေတဲ့ ခြံလေးတွေပေါ့။


ခရီးစဉ်မှာပါဝင်တဲ့ ရွာစဉ်တွေအားလုံးက ပြင်ဦးလွင်မှာ ရှိတဲ့ ဆည်ကြီး ၆ ခု အနက် အကြီးဆုံး ဆည်ကြီး ဖြစ်တဲ့ ဆင်လမ်းဆည် ကို ပတ်ပြီး ရှိနေတာမို့ ဆင်လမ်းဆည်ရဲ့ အလှကိုလည်း ခံစားရတယ်။ ဆင်လမ်းဆည်ကနေ ရေအားလျှပ်စစ်ရယူတာလည်းရှိလို့ ဒီရွာတွေကို ညနေ ၆ နာရီကနေ ည ၁၀ နာရီလောက်ထိ မီးပေးနိုင်တယ်လို့လည်း သိရပါတယ်။


နေဝင်တောင်က ပင်လယ်ရေပြင်ကနေ အမြင့်ပေ ၄၀၄၂ မြင့်တဲ့တောင်ပါ။ ရှုခင်းကောင်းကောင်း မြင်ရတယ်။ ဘုန်းဘုန်း ၃ ပါး နဲ့ ကိုရင် ၂ ပါး ပဲ ရှိတယ်။ အရမ်းအေးချမ်းတယ်။ အမတော် စောမွန်လှ တည်ထားခဲ့တာ ဖြစ်ပြီးတော့ အမတော် စောမွန်လှ နဲ့ မောင်တော် ရဲ့ ရုပ်တူတွေရှိတယ်။ အရမ်းအသက်ဝင်တယ်။ နေဝင်တောင်ပေါ်ကိုတော့ အတော် တက်လိုက်ရတယ်။ ခရီးစဉ်တလျှောက်မှာတော့ ဒီနေရာက အတော်အပင်ပန်းဆုံးပဲ။ ကျန်တာကတော့ ပြေပြေလေးတွေပါ။ ဒီဘုရားအတွက် လိုအပ်တဲ့ အုတ်တွေကို အမတော် စောမွန်လှ တည်ခဲ့တဲ့ အုတ်ဖိုရွာကနေ ယူပြီး ဒီဘုရားကိုတင်လှူမဲ့ ပန်းတွေအတွက် ပန်းစိုက်ဖို့ တည်ခဲ့တဲ့ ပန်းဦးတောင်ရွာကနေ ယူတယ်လို့ သိရတယ်။ သမိုင်းလေးနဲ့ ယှဉ်ပြီး ကြည့်တော့မှ ခရီးစဉ်က ပိုပြီးစိတ်ဝင်စားစရာကောင်းလာသလို၊ လျှောက်ရတာလည်း စိတ်အား တက်ကြွလာတယ်။


နေဝင်တောင်နဲ့ မနီးမဝေးလမ်းပေါ်မှာ အမတော် စောမွန်လှ ပုန်းခိုခဲ့ဖူးတဲ့ စောမွန်လှ လိုဏ်ဂူတော် ဆိုတာ ရှိနေပြန်တယ်။ လိုဏ်ဂူတော်ရဲ့ အဆုံးဟာ သီပေါထိ ပေါက်တယ်လို့ တချို့ဆိုကြပေမဲ့ အဆုံးထိတော့ ဘယ်သူမှ မသွားဖူးသေးဘူးတဲ့။ လိုဏ်ဂူရဲ့ အပေါ်မှာ စေတီတစ်ဆူလည်း တည်ထားပါသေးတယ်။ အဲ့ဒီနေရာဟာလည်း အတော်စိတ်ဝင်စားဖို့ကောင်းတယ်။


အဲ့ဒီနေရာကနေ ပန်းဦးတောင်ရွာကို အတော်လမ်းလျှောက်ရပါတယ်။ ကိုဖိုးတာကတော့ ဒေသအကြောင်း၊ စိုက်ခင်းတွေနဲ့ ပတ်သက်တဲ့အကြောင်း အစုံအစိကို မပျင်းရအောင် ရှင်းပြရှာတယ်။ ကြားတည်းမှာ ကိုယ်သိချင်တာတွေလည်း ဖြတ်မေးပေါ့။ သူက ဒီမှာ Local Trekking Guide လုပ်လာတာ ၁၉ နှစ်ရှိပြီဆိုတော့ သူ့အတွေ့အကြုံကိုလည်း လေးစားရတယ်။ ပြည်တွင်းဧည့်သည်တွေ အလာနည်းတဲ့အကြောင်းနဲ့၊ သိသူ နည်းကြောင်းလည်း သူက ပြောပြသွားသေးတယ်။ ပန်းဦးတောင်ရွာမှာ နေ့လည်စာ စားကြမှာပါ။ ပုံမှန်ဆို နေ့လည်စာ က ခေါက်ဆွဲပြုတ်ချို၊ လက်ဖက်သုပ်၊ အသီးအရွက်ကြော်တာ သုပ်တာ စတဲ့ ဒေသစာတွေပါ။ ကျွန်တော်တို့အဖွဲ့ ကံကောင်းချင်တော့ အဲ့ဒီနေ့က ပန်းဦးတောင်ရွာမှာ မင်္ဂလာဆောင်အလှူ ရှိနေတယ်။ ဒီနယ်တစ်ဝိုက်မှာက မင်္ဂလာဆောင်အလှူဆို ဘေးဘီရွာတွေကအစ မီးခိုးတိတ် လာအားပေးကြတာမျိုး။ မနက် ၄ နာရီလောက်ကတည်းက မင်္ဂလာဆောင်အိမ်က စည်ကားနေပြီ။ နေ့လည် ၁၂ ကျော်မှ လူပါးသွားတယ်။ ကျွန်တော်တို့ ရောက်တော့ ၁ နာရီလောက် ရှိတော့မယ်။ မင်္ဂလာဆောင်အလှူမို့ ဟင်းပွဲတွေက ရှယ်ပဲ။ ဝက်စတူးဟင်း၊ သီးစုံဟင်း၊ ဝက်အစိမ်းကြော်၊ ဝက်မုန်ညင်းချဉ်ကြော် တွေကို စားခဲ့ရတယ်။ ဂျင်းကလည်း သူတို့စိုက်တဲ့ဟာကိုပဲ သုပ်ကျွေးတာ၊ စားကောင်းသလား မမေးနဲ့။ အဖန်ရည်လေးနဲ့ နေ့ခင်းက ဇိမ်အတော်ကျသွားတယ်။ စားပြီးတော့ စိုက်ခင်းက တောင်းလာတဲ့ နာနတ်သီးကို ခွဲစားကြသေး။ ဒီဘက်ဒေသက နာနတ်သီး နာမည်ကြီးတာလည်း မမေးနဲ့ သဘာဝအတိုင်းကို ချိုနေတာ။ ပန်းဦးတောင်ရွာမှာက ညအိပ်ဧည့်သည်တွေရှိရင် ဒီမှာ အိပ်ကြတာများတယ်။ ညစာလည်း ဒီရွာမှာပဲ စားပေါ့။ ညစာ ကိုတော့ အသားနှစ်မျိုး၊ အသီးအရွက် သုံးမျိုး နဲ့ ဟင်းရည်တွေ ချက်ပေးတယ်။ နောက်နေ့ မနက်စာဆိုလည်း ခေါပုတ်လိုမျိုး ဒါမှမဟုတ် ပေါင်မုန့်နဲ့ ကြက်ဥ အမေရိကန်ဘရိတ်ဖတ် စီစဉ်ပေးတယ်။


ပန်းဦးတောင်ရွာမှာ ခဏနားပြီး ဆက်လျှောက်ကြတယ်။ နေ့လည်စာ စားပြီး ဆက်လျှောက်တဲ့ ခရီးက ပထမပိုင်းလောက် စိတ်ဝင်စားစရာ မကောင်းလှပေမဲ့ ဒေသန္တရဗဟုသုတ ကတော့ ရနေတုန်းပဲ။ ဒီဘက်ပိုင်းမှာတော့ စတော်ဗယ်ရီခင်းတွေကိုပါ မြင်ကြရတယ်။ အဲ့ဒီကနေမှ ကော်ဖီပင်တွေကို သစ်ပင် အကြီးကြီးတစ်ခုက မိုးပြီး အရိပ်ပေးထားသလို ဖြစ်နေတဲ့ နေရာလေးကိုလည်း ရောက်ခဲ့သေးတယ်။ သူက ပင်းတယဘက်မှာ တွေ့ရတဲ့ သက်တမ်းရင့် ညောင်ပင်ကြီးလို သစ်ပင်ကြီးမျိုး။ အဲ့ဘက်ထက်တောင် ကြီးမားတာများဆိုတာလေ။


လမ်းအတော်လျှောက်ပြီးတော့ ဆင်ဖြူအင်းရွာ ကို ရောက်လာတယ်။ ဆင်ဖြူအင်းရွာကတော့ အတော်လေး ဖွံ့ဖြိုးစပြုနေပြီ။ မီးတောင် ရနေတဲ့သဘော ရှိတယ်။ လမ်းတွေကိုလည်း ကိုယ်ထူကိုယ်ထ ကျောက်လေးတွေ ခင်းထားရှာတယ်။ အဲ့ဒီရွာက ကုန်စုံဆိုင်လေးမှာ အအေးသောက် အနားယူပြီး ဆင်လမ်းရွာကို ဆက်လာကြတယ်။ ဒီလမ်းမှာတော့ ပန်းခင်းလေးတွေ မြင်ရတယ်။ ပထမ ရွာတွေကြားမှာကို သစ္စာပန်းခင်းတွေ မြင်ခဲ့ရပြီးသားမှာ ဒီလမ်းတကြောမှာတော့ ဂန္ဓာမာအဖြူလေးတွေပါ မြင်ရကြတယ်။ အဝါ၊ အနီတွေ ရှိပေမဲ့ ခုမှ အဖူးတွေပဲ ရှိတုန်း။ အဖြူကတော့ ကျွန်တော်သွားတဲ့အချိန်ပွင့်နေပြီ။ လီလီတွေလည်း ကံကောင်းရင် ကြုံရဦးမယ်။ ဒီဘက် ဆင်လမ်းရွာတကြောတော့ ပိုပြီး မြို့ပြအငွေ့အသက်တွေ ရလာမယ်။ ရွာနဲ့တောင် သိပ်မတူလှတော့ဘဲ ရပ်ကွက်တစ်ခုလို ခံစားလာရတယ်။ ဆင်လမ်းရွာမှာ ခရီးစဉ်ဆုံးပြီး သုံးဘီးကားလေးက လာစောင့်နေပါတယ်။ အဲ့ဒီကနေ သီဟဗလ ဟိုတယ်ကို ကျွန်တော်တို့ ပြန်ခဲ့ကြတယ်ပေါ့။

ဟိုရောက်တော့ ညနေ ၅ နာရီ ကွက်တိပဲ။


ဒီခရီးစဉ် Package ထဲမှာ သီဟဗလ ဟိုတယ်က ညစာ ပါဝင်ပြီးသားဖြစ်လို့ ညစာကို ဟိုတယ်မှာပဲ စားလိုက်တယ်။ ပြီးတော့ မြို့ထဲ လမ်းလျှောက်ကြတယ်။ သီဟဗလ ဟိုတယ်က မြို့ထဲမှာမို့လို့ ဆွယ်တာဆိုင်တွေ၊ သစ်သီးယို၊ မလိုင်၊ ဝိုင် ဆိုင်တွေ အကုန်နဲ့ နီးတယ်။ ဝယ်ချင်တာတွေ ဝယ်ပြီးတော့ ဟိုတယ်ပြန်လာတော့ ခြေထောက်က မသယ်ချင်လောက်အောင်ကို ဖြစ်နေပြီ။ ကံကောင်းချင်တော့ ဟိုတယ်အနီးနားမှာ အနှိပ်ဆိုင်လေးတွေ့လို့ အပြေးသွားလိုက်သေးတယ်။


သီဟဗလ ဟိုတယ် မှာ တစ်ညအိပ်ပြီး မနက်ကို မနက်စာဘူဖေး အပြတ်ဆွဲပြီးမှ ပြင်ဦးလွင်က လည်စရာတခြားနေရာတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်ခဲ့ကြတယ်။ ညနေ ကားဂိတ်အမီ အထုတ်တွေလာပြန်သယ်ပြီး ရန်ကုန်ကို ဆင်းလာလိုက်တော့ ဒီတစ်ခါ ပြင်ဦးလွင် ခရီးဟာ ဟိုးအရင်က လာနေကျထက် ပိုပြီး အဓိပ္ပါယ်ရှိသွားသလို ခံစားလိုက်ရတယ်။ ပြင်ဦးလွင်မှာ Trekking ရှိရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေးကို ငါတို့ ပြင်ဦးလွင်မှာ ရှိနေတာ ကြာပြီဟဲ့ လို့ တပ်လှန့်ပေးလိုက်တာကြောင့် ကျွန်တော်ကလည်း ကျွန်တော့်မိတ်ဆွေတွေကို ပြန်ပြီး အသိပေးလိုက်ပါတယ်။



ပြင်ဦးလွင် Trekking ကို သီးသန့် တစ်ဦးစ နှစ်ဦးစ ဆို တစ်ဦး ၅၀,၀၀၀ ကျပ်က စတင်လို့ အပြီးအစီး စုံစမ်းနိုင်သလို (အဝေးပြေးကားခတော့ မပါဘူးပေါ့)၊ လူများရင် ဈေးလျော့သွားနိုင်တယ်လို့ သိရတယ်။ ဒီအထဲမှာ Trekking သွားဖို့ အကြိုအပို့ သုံးဘီးခတွေရော၊ Local Trekking Guide ဝန်ဆောင်မှု၊ နေ့လည်စာ၊ အဆာပြေမုန့်အအေး တွေပါဝင်သလို၊ ဟိုတယ် တစ်ညအိပ်နဲ့ ဟိုတယ်မှာ ညစာ နဲ့ မနက်စာတွေ ပါဝင်ပါတယ်။ Guide ရဲ့ ဝန်ဆောင်မှုကို နှစ်သက်လို့ Tip ပေးချင်ရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေးလို့ရပါတယ်။ တကယ်သဘောကျရင် မမေ့မလျော့ပေးစေချင်ပါတယ်။ ကိုယ်တွေလည်း သူများနိုင်ငံသွားလည်ရင် သဘောကျရင်ပေးတတ်တာမို့၊ ကိုယ့်ချင်းကိုယ့်ချင်းဆို ပိုပြီး အားပေးသင့်ပါတယ်လို့။ ဒီခရီးစဉ်ကို စိတ်ဝင်စားလို့ အသေးစိတ်စုံစမ်းကြည့်မယ်ဆိုရင် Thiha Bala Hotel သီဟဗလ ဟိုတယ် (ဖုန်း - 09 774 488238) မှာ စုံစမ်းကြည့်နိုင်ပါတယ်လို့ သတင်းလေးပါးချင်ပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Danamoe Photo Studio (Pyin Oo Lwin)

Camera :: SONY Alpha 7II with 85mm Lens and others.

Photos are modified in Lightroom by Thiha Lu Lin & Danamoe Photo Studio.

432 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page