ကျွန်တော် ဒီတလော ခရီးပြန်ထွက်ဖြစ်နေတော့ သိပ်သွားချင်နေတယ် လွိုင်ကော်ဘက်ကို တစ်ခေါက် ပြန်ရောက်လာခဲ့တယ်။ ငယ်ငယ်က ဖေဖေ တာဝန်ကျတော့ ဒီလွိုင်ကော်မြို့ကို ရောက်ဖူး၊ နေဖူးပေမယ့် စိတ်ဝင်စားစရာနေရာလေးတချို့ကို အဲ့ဒီအချိန်က ရောက်ခွင့်မရနိုင်ခဲ့ဘူး။ လက်နက်သံ တညံညံနဲ့ ကာလဆိုတော့ ဖေဖေကလည်း သိပ် မသွားစေချင်ပါဘူး။
ခုမှပဲ ကျွန်တော်လည်း ဒီဘက်ကို ကောင်းကောင်းလည်ခွင့်ရတော့တယ်။ ပြောရရင် ပဒေါင်လူမျိုးတွေကို သိပ်တွေ့ဖူးချင်တာပေါ့နော်။ ကယန်းလူမျိုးတွေလို့လည်း ခေါ်ကြတဲ့ ပဒေါင်လူမျိုးတွေရဲ့ ကျက်စားရာနေရာလေးကို ဒီတစ်ခေါက် လွိုင်ကော်ဘက်ရောက်တော့ အရောက်သွားနိုင်ခဲ့တယ်။ ဒါတောင် ရွာထဲ မရောက်ဖြစ်ဘူး။ ရွာနားက သူတို့ ဈေးဆိုင်လေးတွေ ရှိတဲ့နေရာပဲ။ ရွာထဲမှာလည်း ကျွန်တော်တို့သိတဲ့ ပဒေါင်ကြေးကွင်းစွပ်အမျိုးသမီးတွေ ရှိ၊ မှ မရှိတော့ဘဲကိုး။ နောက်မျိုးဆက်တွေက အဲ့ဒါကြီးတွေ မဝတ်ချင်တော့ဘူးလေ။ ဒါကို သွားပြောလို့လည်း မဖြစ်ဘူး။ ကိုယ်သာ သူတို့နေရာမှာဆိုလည်း ဝတ်ချင်မှာ မဟုတ်ဘူးလေ။ သို့ပေမယ့် ခရီးသွားလုပ်ငန်းအတွက်တော့ အားလျော့စရာ ဖြစ်တာပေါ့။ ကယန်း (ပဒေါင်) တွေရှိတဲ့ ပန်ပက် (တချို့ကလည်း ပန်ပဲ့ တဲ့) နေရာက လွိုင်ကော်ကနေဆို မိုင် (၂၀) ပဲ ဝေးတဲ့နေရာမှာ ရှိပါတယ်။ လမ်းလည်းကောင်းတော့ သွားရင် တစ်နာရီခွဲလောက်ပဲ ကြာတယ်။ လမ်းတလျှောက် ကြည့်စရာပေါတယ်။ ဒေသခံတွေရဲ့ လူမှုဘဝတွေ၊ စိုက်ခင်း လှလှကြီးတွေ၊ နေကြာပန်းခင်းကြီးတွေ၊ ထင်းရှူးပင်တွေ စုံမှ စုံပဲ။ မပျင်းရဘူး။
ဒီမောဆိုးမြို့ဘက်ကြုံလို့ ဝင်လည်ရင် အခါသင့်တဲ့အချိန်များဆို ဈေးနေ့လေးတောင် တွေ့နိုင်သေးတယ်။ ဒါဆိုရင်တော့ ခေါင်ရည် မြည်းခဲ့လေ။ သူတို့ ဈေးနေ့က ကျွန်တော်တို့ မြို့ပြက အလည်လာသူတွေအတွက် မထူးခြားဘူး။ သူတို့အတွက်ကတော့ ဗိုလ်ချုပ်ဈေးကြီးပါပဲ။ အဲ့ဒီရက်ကျမှ အစုံဝယ်နိုင်တာကိုး။ ကျွန်တော်တို့ ခရီးသွားတွေအတွက်ကျတော့ အဲ့ဒီလိုမျိုး မြို့ပြမှာ မြင်ရတာတွေ မမြင်ချင်ဘူးလေ။ တွေ့ချင်တာက ဒေသထွက်တွေ၊ ဒေသခံလူတွေကိုး။
ခု ကယန်းသူ (ပဒေါင်) တွေဆီရောက်တော့ ခရီးသွားတွေကို ပြစားဖို့ သာသာ လုပ်ထားတဲ့ အပြင်အဆင်လေးတွေ ဆိုပေမယ့်လည်း သူများနိုင်ငံက ကိုယ့်လူမျိုးတွေကို ပြစားတာထက်၊ ဒီမှာ ဒါမျိုးလေးတွေလည်း ဖြစ်လာတာ ကျေနပ်မိသလိုလိုပါပဲ။ တချိုု့ဆို ထိုင်းက ပြန်ပြောင်းလာကြတာ။ မြန်မာစကားတောင် မတတ်လို့ ဘာသာပြန်နဲ့ ပြောရတယ်။ ရောင်းတာလေးတွေက ဝယ်ချင်စရာလေးတွေချည်းပဲ။ ရိုးရာအထည်တွေ၊ ကယန်းဝတ်စုံ၊ ကယားဝတ်စုံ၊ ပဒေါင်တွေကို အခြေခံလုပ်ထားတဲ့ အမှတ်တရပစ္စည်းတွေ၊ ဓါတ်ပုံရိုက်လိုသူတွေအတွက် အသင့်ဝတ်ဆင် ဆင်မြန်းနိုင်တဲ့ ဝတ်စုံ ငှားရမ်းပေးတာတွေ စုံသမှ သိပ်စုံပေါ့။ နောက်ဆိုရင် ဒါမျိုး တွေ့ရပါတော့မလားတော့ တွေးပူမိသား။ ခုဆို နောက်မျိုးဆက်တွေက ကြေးကွင်းကြီးတွေ မဝတ်ချင်တော့ဘူးလေ။ သူတို့တွေ အသက် ၅ နှစ်လောက်ကစပြီး ကြေးကွင်းတွေ ဝတ်ကြတယ်။ အဲ့လိုနဲ့ တစ်နှစ်ကြီးသွားတိုင်း ကြေးကွင်းရဲ့ အရှည်ကို ပိုပို ရှည်ပြီး ပြောင်းလဲ ဝတ်ဆင်ကြတယ်။ ငယ်ငယ်က ကျွန်တော်ထင်တာက ကြေးကွင်းကြီးတွေကို ခေါင်းကနေ တစ်နှစ်တစ်ကွင်း စွပ်ချတယ်ပေါ့။ တကယ်က သူတို့ဝတ်ထားတဲ့ ကြေးကွင်းကြီးက တစ်ဆက်တည်းကြေးချောင်းကြီးကို စပရိန်လို လိမ်ထားတာပါ။ ဘာလို့ ဝတ်လဲဆိုတာကို ကြားဖူးတာတော့ အမျိုးမျိုးပေါ့။ ဗမာဘုရင်တွေ တော်ကောက်မှာ စိုးလို့ လိုလို၊ တောထဲ ဟင်းစားရှာ၊ ဟင်းရွက်ရှာ သွားရင် ကျားကိုက်ခံရမှာ စိုးလို့ လိုလို ပါပဲ။
ကျွန်တော်ကတော့ ကယန်းအမျိုးသားအင်္ကျီတစ်ထည်၊ စားပွဲတင် စာရွက်ဖိ ပဒေါင်အရုပ် တစ်ရုပ်၊ လူတစ်ကိုယ်စာအပြည့်ထုထားပြီး လက်ရာလှတဲ့ ၇ လက်မ အရွယ် အရုပ်တစ်ရုပ်၊ နံရံမှာ ချိတ်လို့ရတဲ့ ပဒေါင် သစ်သားထွင်း အရုပ်တွေ ဝယ်လာတယ်။
ဈေးတော့ ကောင်းတယ်နော်။ လျှော့ခိုင်းလို့လည်း လုံးဝမရ။ အားလုံးက တစ်သောင်းကျော်ဆိုတာချည်းပဲ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comentários