top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၆) | သက်စမ်းရေ တရားပြရာ ရှမာရိပြည်

Writer's picture: Thiha Lu LinThiha Lu Lin

တနင်္ဂနွေနေ့လေး တဖန်ရောက်လာပြန်တော့ အပတ်တိုင်း တင်ဆက်ပေးနေတဲ့ “သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း” အတွက် အကြောင်းအရာအသစ်လေး တစ်ခု ရွေးချယ်ထားပါတယ်။ အဲ့ဒါကတော့ ကျမ်းစာထဲမှာ ရှိခင်အရပ် လို့ ဆိုထားတဲ့ Shechem နဲ့ ကောင်းချီးမင်္ဂလာခံရာ ဂေရဇိမ်တောင် (Mount Gerizim)၊ ကျိန်ခြင်းတင်ရာ ဧဗလတောင် (Mount Ebal) တို့ရှိရာ ရှမာရိပြည် အကြောင်းလေးပါပဲ။

“သင်တို့သည် သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်းတော်မူပြီးမှ ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရကြမည်။” (တရားဟောရာကျမ်း ၁၁:၂၉)

ရှိခင် / ရှေခင် Shechem မြို့ရဲ့အလှ

ရှမာရိပြည် (Samaria) သို့

ဓမ္မာသစ်ကျမ်းစာခေတ်က ဂျူးတွေဟာ ရှမာရိတွေနဲ့ အပေါင်းအဖော် မလုပ်ကြပါဘူး။ ယေရှုခရစ်တော်ဟာ ယုဒပြည်မှာ ဗတ္တဇံပေးပြီး လူများစွာတို့ရဲ့ သက်ဝင်ယုံကြည်မှုကို ရရှိခဲ့တာကြောင့် ဖာရိရှဲတွေက ဒါကို သိရှိသွားပြီး ပြဿနာပြုမှာစိုးတဲ့အတွက် ဂါလိလဲပြည် (ဂယ်လိလီ) ဘက်ကို ကြွပါတယ်။ ဒီခရီးမှာ ရှမာရိပြည်ကနေ ဖြတ်သွားရတဲ့အတွက် ယာကုပ်ရေတွင်းရှိရာမှာ ခဏနားနေတုန်း ယောကျ်ားများစွာနဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုကြောင့် လူတွေရဲ့ ကျဉ်ထားခြင်းကို ခံရတဲ့ ရှမာရိအမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး သူမက အစပြုလို့ သူမရဲ့ သက်သေခံခြင်းအားဖြင့် ရှမာရိလူများစွာရဲ့ အသက်တာကို ပြောင်းလဲစေမယ့် အသက်စမ်းရေ အကြောင်းကို တရားလမ်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း ခရစ်ယာန်ဘုရားဖူးတွေအတွက် ဒီအရပ်ဟာ စိတ်ဝင်စားစရာ တစ်ခု ဖြစ်နေတာပါ။ ဒါ့အပြင် ဓမ္မာဟောင်းကျမ်းစာခေတ်မှာလည်း ဒီအရပ်ဟာ ယာကုပ်က ယောသပ်ကို ပေးခဲ့တဲ့ မြေနေရာလည်း ဖြစ်သလို ယောသပ် ကို သူ့အစ်ကိုတွေက မနာလိုဖြစ်မှုကြောင့် အီဂျစ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခဲ့ရာ အရပ်လည်း ဖြစ်ပါသေးတယ်။

Gerizim ဂေရဇိမ်တောင် (ဘယ်)၊ Ebal ဧဗလတောင် (ညာ) နဲ့ ‌ရှိခင်/ရှေခင်မြို့

ရှိခင် သို့မဟုတ် ရှေခင် Shechem

ဒီ Shechem မြို့လေးကိုတော့ ဂေရဇိမ်တောင် နဲ့ ဧဗလတောင် နှစ်တောင်ကြားတောင်ခြေမှာ လှပစွာ မြင်တွေ့ကြရပါတယ်။ အစ္စရေးပြည် မြောက်ပိုင်း၊ ပါလက်စတိုင်းပြည် ထဲမှာ တည်ရှိနေတာပါ။ ရှမာရိပြည်လို့ အကြမ်းဖျဉ်းခေါ်ဆိုကြရမယ့် ဒီနယ်တစ်ဝိုက်မှာ တကယ်တော့ ရှမာရိလူမျိုးတွေ နေထိုင်ရာမြို့နဲ့ရွာတွေ အများအပြားရှိပါတယ်။ ဒီမြို့လေးအကြောင်းကိုတော့ ကျမ်းစာထဲမှာ ကမ္ဘာဦးကျမ်း မှာကတည်းက မြင်တွေ့ကြရမှာပါ။

“အာဗြံသည် ထိုပြည်ကို လျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ ရောက်လေ၏။” (ကမ္ဘာဦးကျမ်း ၁၂:၆)

မြန်မာပြန်ကျမ်းစာထဲမှာတော့ ဒီမြို့လေးကို ရှိခင် လို့ ရေးသားခဲ့သလို ရှေခင် လို့လည်း ရေးသားဖော်ပြတာကို တွေ့ကြရပါလိမ့်မယ်။

ဒီမြို့လေးကို အစ္စရေးနိုင်ငံတော်ကြီးရဲ့ ပထမဆုံးမြို့တော်အဖြစ်လည်း ဖော်ပြပြောဆိုကြပါသေးတယ်။ သွားလည်တဲ့အခါတော့ လူသူရှင်းလင်းနေတတ်တာကိုတွေ့ရပါမယ်။ ရှမာရိလူမျိုးတွေနဲ့ သက်ဆိုင်တဲ့ ပွဲတော်အချိန်တွေမှာတော့ စည်ကားတတ်ပါတယ်။ ဒီမြို့ထဲမှာ ယောရှု လုပ်ထားခဲ့တဲ့ အထိမ်းအမှတ်ကျောက်ပြားကြီးကိုလည်း ထိန်းသိမ်းထားတာ တွေ့မြင်နိုင်ပါတယ်။ ပျက်စီးနေတာလေးကို ထိန်းသိမ်းထားတာပါ။


ယောသပ် ရဲ့ ဂူဗိမာန်

ဖခင် ယာကုပ်ရဲ့ ချစ်မြတ်နိုးအရေးပေးခြင်းကို အမြဲခံရတဲ့အတွက် အစ်ကိုတွေရဲ့ မနာလိုဖြစ်ခြင်းကို ခံရပြီး အီဂျစ်ပြည်ကို ကျွန်အဖြစ်ရောင်းစားခံလိုက်ရတဲ့ ယောသပ်အကြောင်းဟာလည်း သမ္မာကျမ်းစာ ထဲမှာ ယုံကြည်သက်ဝင်သူတွေ ဖတ်ပြီး အားယူကြရတဲ့ သမိုင်းအကြောင်းအရာ ဖြစ်ပါတယ်။ ယောသပ် ဟာ ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး ဘုရားတရားကိုင်းရှိုင်းသူဖြစ်တာမို့ ဘယ်နေရာရောက်ရောက် အမြဲထိပ်မှာချည်းပဲ ဖြစ်နေခဲ့တယ်။ နောက်ဆုံး အီဂျစ်ဘုရင်ကတောင် ရာထူးပေးချီးမြှောက်ရတဲ့အထိ ကောင်းချီးခံစားခဲ့ရတယ်။ ဒီလိုကောင်းစားချိန်မှာလည်း သူဖခင်နဲ့ ညီအစ်ကိုတွေ အားလုံးကို ခွင့်လွှတ်ချစ်ခင်စွာနဲ့ အီဂျစ်ပြည်ကို ခေါ်ဆောင်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ သူ့အကြောင်းအရာဟာ ခရစ်ယာန်ဘာသာသက်ဝင်သူတွေအတွက် ဘုရားနဲ့လျှောက်လှမ်းတဲ့အသက်တာ ဟာ ဘယ်လိုကောင်းမွန်တယ်ဆိုတာ အားယူဖို့ဖြစ်လာခဲ့ပါတယ်။ ယောသပ် ဟာ အီဂျစ်ပြည်မှာပဲ ကွယ်လွန်ခဲ့ပေမဲ့ သူ့အရိုးတို့ကိုတော့ ရှိခင် (ရှေခင်) Shechem မြို့မှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့တာမို့ သူ့ရဲ့ ဂူဗိမာန် ကိုလည်း သွားရောက်လေ့လာနိုင်ပါသေးတယ်။

“ဣသရေလအမျိုးတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ်၏ အရိုးတို့ကို ရှေခင်၏ အဘ ဟာမော်၏ သားတို့တွင် ငွေတစ်ပိဿနှင့် ယာကုပ် ဝယ်သော ရှေခင်မြို့နယ် မြေကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားတို့၏ အမွေမြေဖြစ်သတည်း။” (ယောရှုမှတ်စာ ၂၄:၃၂)


ဂေရဇိမ်တောင်ပေါ်က ရှေးဟောင်းဘုရားကျောင်းကြီး

Mount Gerizim ကို မြန်မာပြန်ကျမ်းစာထဲမှာတော့ ဂေရဇိမ်တောင် လို့ ရေးသားဖော်ပြပါတယ်။ ဒီတောင်ဆီကို ခရစ်ယာန်ဘုရားဖူးတွေဟာ လာရောက်လေ့လာကြပါတယ်။ တောင်နှစ်တောင် ဘေးချင်းယှဉ်လျက်ရှိနေပေမဲ့ ဂေရဇိမ်တောင် ပေါ်မှာတော့ ဘုရားသခင် က ကောင်းချီးမင်္ဂလာတောင် ချပေးတာမို့လားတော့ မပြောတတ် ဟိုဘက်ဧဗလတောင် နဲ့ယှဉ်ရင် ဒီဘက်မှာက လေ့လာစရာ ပိုများသလိုပါပဲ။ တောင်ထိပ်ပေါ်မှာ ခုဆို ရှေးအကျဆုံးလို့ ဆိုနိုင်မယ့် ရှစ်ထောင့်ပုံဘုရားကျောင်းဟောင်းကြီးကို ပြန်လည်တူးဖော်တွေ့ရှိ ထိန်းသိမ်းထားကို လေ့လာကြရမယ့်အပြင် ရှေးခေတ်အဆောက်အအုံတချို့ ပြန်လည်တွေ့ရှိတူးဖော်ထားတာတွေကိုပါ လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှမာရိလူမျိုးတွေနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေကို ပြုလုပ်ကျင်းပလေ့လည်း ရှိပါတယ်။ တောင်ထိပ်ကနေ လှမ်းမြင်ရတဲ့ Shechem မြို့မြင်ကွင်းကလည်း အတော်လှပပါတယ်။


ယာကုပ်ရဲ့ရေတွင်း (Jacob’s Well)

ဂေရဇိမ်တောင်စွန်းက Askar ရွာလေး (Village ဆိုလို့သာ ရွာလို့ ပြောရတယ်၊ တကယ်တော့ မြို့ပါပဲ) မှာတော့ ဓမ္မဟောင်းကာလတုန်းက ယာကုပ် တူးဖော်အောင်မြင်ခဲ့တဲ့ ရေတွင်း ကို မြင်တွေ့ကြရပါမယ်။ အခုတော့ ဘုရားကျောင်းကြီးရဲ့ မြေအောက်ခန်းထဲမှာ သေချာထိန်းသိမ်းထားပါပြီ။ ခုထိ ရေထွက်နေတုန်းမို့ ရေသောက်လို့ရပါတယ်။ လာတဲ့ဧည့်သည်တွေ ရေသောက်ကြလေ့ရှိတာမို့ ရေခွက်တွေလည်း ထားပေးထားပါတယ်။ အဲ့ဒီရေတွင်းမှာ ရေသောက်ကြတဲ့ အဓိကအကြောင်းကတော့ ရှေ့မှာ ကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်း ခရစ်တော် ရဲ့ သက်စမ်းရေ တရားပြရာနေရာဖြစ်လို့ပါပဲ။ ရှမာရိအမျိုးတွေနဲ့ ယုဒအမျိုးတွေ အဆင့်အတန်းခွဲပြီး အပေါင်းအဖော် မလုပ်ကြချိန်မှာ ယေရှုခရစ်တော်ဟာ ရှမာရိအမျိုးသမီး ဆီကနေ ရေတောင်းသောက်ခဲ့ပါတယ်။ အကျင့်စာရိတ္တယိုယွင်းနေတဲ့ အမျိုးသမီးက အံ့ဩနေခဲ့ရတယ်။ ထူးခြားတဲ့သူဖြစ်မှန်းလည်း ရိပ်မိခဲ့တယ်။ ခရစ်တော် က သူမဘဝအကြောင်းကို ပြောပြလိုက်တဲ့အခါ ချက်ချင်းယုံကြည်သွားတယ်။

“ယေရှုကလည်း၊ ဤရေကို သောက်သောသူသည် နောက်တစ်ဖန် ရေငတ်ဦးမည်။ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၃-၁၄)

အကျင့်မကောင်းလို့ အများက ဝိုင်းပယ်ထားကြတဲ့ အမျိုးသမီးကို တရားပြခဲ့ပြီး အဲ့ဒီအမျိုးသမီးဟာ အဲ့အချိန်မှာ အသက်တာပြောင်းလဲခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူမ က မြို့ကို ပြန်ပြေးပြီး ရှမာရိလူမျိုးတွေကို ဒီအကြောင်းသက်သေခံပြောကြားခဲ့လို့ အဲ့ဒီမြို့မှာရှိနေကြတဲ့သူတွေလည်း အသက်တာမှာ ပြောင်းလဲခြင်း (တရားထူးရခြင်း) တွေ ဖြစ်ခဲ့ကြရတယ်လို့ ကျမ်းစာမှာဖော်ပြပါတယ်။


ဧဗလတောင်ပေါ်က ယောရှု ယဇ်ပလ္လင်

ကျမ်းစာထဲမှာ မြန်မာလိုပြန်ဆိုထားတဲ့ ဧဗလ ခေါ် ဒီ Ebal တောင်ပေါ်သွားရင် မြင်တွေ့ကြရမှာကတော့ ယောရှု တည်ခဲ့တဲ့ ယဇ်ပလ္လင် ပါ။ ပျက်စီးနေတဲ့အနေအထားကို ထိန်းသိမ်းထားတာလေး မြင်တွေ့ကြရပါမယ်။

“ထိုအခါ ယောရှုသည် ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လေ၏။” (ယောရှုမှတ်စာ ၈:၃၀)


ဒီနေရာတွေကတော့ သာမန် Holy Land ခရီးစဉ်တွေမှာ ပါဝင်လေ့ မရှိပါဘူး။ သွားရတာလည်း လှမ်းတယ်လို့ သိရပါတယ်။ သီးသန့်အချိန်ယူပြီး သွားကြရမယ့်နေရာတွေဖြစ်သလို ခရီးသွားလည်း သိပ်များလေ့ မရှိပါဘူး။ ရွာလေးတွေ (ကျွန်တော်တို့အတွက်တော့ မြို့တွေပေါ့) များစွာရဲ့ အေးချမ်းတိတ်ဆိတ်မှုကို ခံစားကြရမယ့်အပြင် တောင်ကြီးနှစ်တောင် ပေါ်က ထူးခြားတဲ့ သမိုင်းဝင်နေရာတွေကို လေ့လာကြည့်ရှုရတာဟာလည်း အတော်စိတ်ဝင်စားစရာ ဖြစ်ရသလို ကျမ်းစာထဲက ရှမာရိလူမျိုးတွေအကြောင်းကိုလည်း ပိုပြီးသိရှိလေ့လာနိုင်မယ့်နေရာဖြစ်တယ်လို့ ဆိုပါရစေ။


အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးပါစေ။

May God Bless You All!

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page