top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဆားလယ်ရွာက နံရံဆေးရေးပန်းချီတွေနဲ့ ဒုတိယပုဂံ ဆီ

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော်တို့ဆီမှာ ပုဂံငယ် (Little Bagan) တို့ ဒုတိယပုဂံ (Second Bagan) တို့ဆိုပြီး တင်စားကြတဲ့ နေရာတွေ တော်တော်များပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် ရောက်ရှိခဲ့တဲ့ ဆားလယ်ရွာက စေတီပုထိုးတွေကတော့ တကယ့် ပုဂံအလား ပုံစံတူလွန်းလှပါတယ်။ ဒါကြောင့် ပုဂံ ကို လည်ပြီးတဲ့သူတွေ၊ နံရံဆေးရေးပန်းချီတွေကို စိတ်ဝင်စားသူတွေ၊ ရှေးဟောင်းယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအတွက် ဆားလယ်ရွာက ဘုရားတွေဟာ တကယ့်ရွှေတွေပါပဲ။


ဆားလယ်ရွာ ဆိုတာ

ဆားလယ်ရွာအကြောင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေတဲ့ မြင်ကွန်း၊ ကျွန်းတော်၊ ဆားလယ်ဒေသ ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်းနဲ့ ဆရာ ရနောင် (ဒွယ်) ရေးတဲ့ ဆောင်းပါးတွေမှာ စပြီး ရင်းနှီးခွင့်ရခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ ဟိုးအရင်က သံဖိုပေါများတဲ့ အရပ် ဖြစ်ပုံရပြီး (သံဖိုဖြစ်နိုင်ကြောင်း အထောက်အထားတွေလည်း ရှိ) ဓားသံလက်နက်တွေ ပေါများစွာ ထုတ်လုပ်နိုင်ခဲ့တဲ့ ရွာမို့ ဆားနဲ့တောင် လဲလှယ်နိုင်တဲ့ အနေအထား ရှိခဲ့တယ်။ အဲ့ဒါကြောင့် ဆားဓားလဲ၊ အဲ့ဒီကနေ ဆားလဲ၊ နောက်ဆုံးတော့ ဆားလယ်ရွာ ရယ်လို့ အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ အမြန်ဖတ်တော့ "ဆလယ်ရွာ" ဖြစ်သွားပါတယ်။ ကျွန်တော်ရောက်သွားတော့ ဆားလယ်ရွာဟာ အတော်ကြီးလှတဲ့ ရွာကြီးပါ။ သာယာလှပေသည် ဆိုတာမျိုး။ စနစ်ကျတဲ့ လမ်းတွေနဲ့ ရွာက နေချင့်စဖွယ်ပါ။ CBT လိုမျိုးတောင် ဖြစ်စေချင်မိပါသေးတယ်။

ဆားလယ်ရွာ
ယခင် သံဖိုတွေ ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား

ဆားလယ်ရွာနားက ပုဂံ မဟုတ်တဲ့ ပုဂံ

ဆားလယ်ရွာ ဟာ ဧရာဝတီမြစ်ကမ်းနဲ့လည်း မဝေးလှပါဘူး။ ဆားလယ်ရွာအဝင်မှာတင် ပုဂံခေတ်ပုံစံ ဘုရား ၃ ဆူ ရှိနေပြီး၊ အဲ့ဒီကနေ ဆိုင်ကယ်၊ ကားတို့နဲ့ သွားလို့ ၅ မိနစ်လောက်အကွာက စပြီး ရှေးဟောင်း ဘုရား အစုစုကို ဖူးမြင်ကြရပါတယ်။ ယခင်ကတော့ ထိန်းသိမ်းသူ မဲ့ခဲ့ပုံ ရတဲ့အတွက် ဌာပနာ ရှိမယ်ထင်လို့ ဘုရားဖျက်၊ ဘုရားဝမ်းဖောက်၊ ဘုရားပုလ္လင်ဖောက် လုပ်ခဲ့ကြတဲ့အတွက် ဆင်းတုတော်နဲ့ ပုလ္လင်တော်တွေကတော့ ပြန်ပြင်ထားတာများပါတယ်။ ဝမ်းသာစရာကတော့ ဘုရားတော်တော်များများမှာ Mural Painting လို့ခေါ်တဲ့ နံရံဆေးရေးပန်းချီတွေဟာ အရောင်ပြည့်ပြည့်စုံစုံနဲ့ ထူးထူးခြားခြားများများစားစား ဖူးမြင်လေ့လာနိုင်ကြတာပါပဲ။ ဒီဘုရားတွေဟာ ပုဂံခေတ်ထက် တစ်ရာစုခန့် နောက်ကျပြီး ဖြစ်တည်လာတယ်လို့ ယူဆပါတယ်။ ၁၂ ရာစု၊ ၁၃ ရာစု ဝန်းကျင်က ဘုရားတွေ ဖြစ်ပါတယ်။ ဘုရား ၃ ဆူ၊ ၄ ဆူ တစ်စု အနေနဲ့ သူ့အစုနဲ့ သူ ကုန်းမြင့်လေးတွေပေါ်မှာ ရှိနေပါတယ်။

ဒီလို ရှေးဟောင်းဘုရား ၃ ဆူ တစ်စု၊ ၄ ဆူ တစ်စုလေးတွေနဲ့ ခပ်လှမ်းလှမ်းလေးတွေမှာ ရှိကြတယ်

ယာခင်းတွေ ဖြတ်လို့ ကျွန်တော်တို့တွေ Soft Trekking လေးလုပ်ပြီး ကူးချည်သန်းချည် လေ့လာခဲ့ကြရတယ်။ သူ့အစုနဲ့သူမှာ နှစ်ထပ်ဘုရားတွေ ရှိနေတာဟာလည်း ထူးခြားမှုတစ်ခုပါ။

အပေါ်ထပ်ကို တက်ပြီး လေ့လာလို့ရတာတွေ ရှိသလို၊ တက်ဖို့ လင်းနို့တွေ ရှိနေတာမျိုးလည်း ကြုံခဲ့ပါတယ်။ ကျွန်တော်ကတော့ ကံကောင်းထောက်မစွာ ဘုရားတစ်ဆူရဲ့ အပေါ်ဘက်ကို တက်ကြည့်ခွင့်ရခဲ့ပါတယ်။ ဒီနေရာကမှ ကျွန်တော်တို့ ဘုရားလည်ဖူးနေတဲ့ ယာခင်းတွေ နောက်မှာ ဧရာဝတီမြစ်ကြီး ရှိနေပါလားဆိုတာ သိလိုက်ရတယ်။ ပြီးတော့ ယာခင်းတွေထက်က သူ့အစုနဲ့သူ ရှိနေတဲ့ ကုန်းတော်တွေပေါ်က ရှေးဟောင်းဘုရားတွေလည်း လှမ်းမြင်ကြရပါတယ်။

အုတ်ဖိုအထိကို ရှေးဟောင်းဘုရားတွေ ရှိနေပြီး အရေအတွက်အားဖြင့် (၄၁) ဆူ ရှိတယ်လို့ ဆားလယ်ရွာသားလည်း ဖြစ်၊ ရှေးဟောင်းသုတေသန ရဲ့ ဝန်ထမ်းလည်းဖြစ်တဲ့ ကိုမြင့်ဆွေ က ရှင်းပြပါတယ်။ ဒီက နံရံဆေးရေးပန်းချီတွေ ရှိတဲ့ ဘုရားတွေနဲ့ အခြားသောဘုရားတွေကို တာဝန်ယူစောင့်ရှောက်ပေးနေကြတဲ့ ရှေးဟောင်းသုတေသနဝန်ထမ်းတွေလည်း ရှိနေတာက ဒီရှေးဟောင်းဘုရားတွေအတွက် အား ဖြစ်စေပါတယ်။ သူတို့က စနစ်တကျ သော့ခတ်သိမ်းဆည်းလုပ်ပါတယ်။ တချို့တော်တော်ကောင်းကောင်းနဲ့ အင်္ဂတေပန်းတွေ ရှိနေတဲ့ ဂူဘုရားတွေကို ဒီမှာ တွေ့ရပါသေးတယ်။ ဘုရားပုံစံတွေက ဆင်တူတွေများတဲ့အတွက် အကုန်လုံးတောင် မသွားဖြစ်တော့ပါဘူး။ တစ်စုနဲ့ တစ်စု ရှိတဲ့ပုံစံရော၊ တည်ဆောက်ဖွဲ့စည်းထားပုံရော အတော်လေး ဆင်တူကြပါတယ်။ ၁၅ ဆူလောက်ထိပဲ ကျွန်တော် လည်ပတ်ကြည့်ရှုလေ့လာခဲ့ပါတယ်။ အချိန်ရမယ်ဆိုရင် ရွာဘုန်းကြီးကျောင်းထဲ သိမ်းထားတဲ့ ကျောက်စာချပ်တွေကိုလည်း လေ့လာနိုင်ပါသေးတယ်။


ဆားလယ်ရွာကို ဘယ်လို သွားမလဲ

ဆားလယ်ရွာကို ချောက်၊ စလေမြို့တို့ကနေ တဆင့် သွားပါတယ်။ ကျွန်တော်က ရှင်ပင်စာကြိုဘုရားကြီးဆီ သွားတဲ့ လမ်းအတိုင်း မိုင် (၂၀) လောက် သွားရပါတယ်။ လမ်းက ရှင်ပင်စာကြိုအထိ ကတ္တရာလမ်း အတော်ကောင်းပါတယ်။ လမ်းက ယာဉ်နှစ်စီး ယှဉ်သွားရုံလောက်လေးပေမဲ့ အသွားအလာနည်းတော့ မောင်းကောင်းတယ်။ ဆိုင်ကယ်လေးတွေတော့ သတိပြုရတယ်။ တခါတရံ နွားလှည်းတွေ ရှိတတ်တယ်။ ရှင်ပင်စာကြိုဘုရားကျော်ရင်တော့ လမ်းကျယ်ကျယ်နဲ့ ကျောက်ခင်းမြေလမ်းကို ဆက်သွားရပါတယ်။ လမ်းတလျှောက်လုံး ဆားလယ်ထိ ဒီလိုလမ်းပါပဲ။ ရေကျော်တွေရောက်ရင်တော့ ကုန်းတက် ကုန်းဆင်းလေး ဖြစ်ပါတယ်။ လမ်းက တဖြည်းဖြည်းကျဉ်းသွားပြီး လမ်းနည်းနည်းကြမ်းလာပါတယ်။ ဒါကြောင့် ခရီးမိုင်က နည်းပေမဲ့ သွားရတာ အချိန်ပေးရပါတယ်။ ရောက်တဲ့အခါတော့ အထူးကျေနပ်စရာ ဖြစ်စေပါတယ်။ လမ်းခရီးတစ်လျှောက်လည်း အရမ်းသာယာပါတယ်။ ကျွန်တော်သွားတဲ့အချိန်က ဇူလိုင်မိုးတွင်းပေမဲ့ မိုးနည်းတဲ့ဒေသမို့ ရာသီဥတုက ပိုသာယာသလို ဖြစ်နေပါတယ်။ တိုက်ဆိုင်စွာပဲ ဆားလယ်ရောက်တော့ မိုးခပ်များများရွာတာနဲ့ အပြန်လမ်းဟာ မြေနီပေါ် နည်းနည်းရုန်းကန်သွားလာလိုက်ရပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီတော့ ဖုန်ထမဲ့သဘောရှိပါတယ်။


စာဖတ်သူမိတ်ဆွေတစ်ယောက်ရဲ့ ခရီးညွှန်းကတော့ ရေနံချောင်းက သွားတာပါ။ ရေနံချောင်းဘက်ကနေ သွားမယ်ဆိုရင်တော့ ရေနံချောင်းစက်မှုဇုံတောင်ဖျား၊ အလယ်တန်းကျောင်းတောင်ထိ သွား၊ ဘက်ဘေးမှသုံးဆယ့်ခြောက် ပင်းဝဖွံ့ဖြိုးရေးလမ်းကနေသွားလို့ရတယ်လို့ သိရပါတယ်။ ခရီးပိုနီးတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ စလေ ကနေ သွားခဲ့တာပါ။


ဆားလယ်ရွာက ရှေးဟောင်းဘုရားတွေကို ဘာကြောင့် လေ့လာဖူးမြင်သင့်သလဲ

အဓိက ကတော့ -

  • ပုဂံ မဟုတ်တဲ့ အရပ်ဒေသတစ်ခုမှာ ပုဂံက ရှေးဟောင်းဘုရားတွေနဲ့ တစ်ပုံစံတည်းတူတဲ့ ဘုရားတွေ ရှိနေတယ်ဆိုတာ လေ့လာသင့်တယ်။

  • ခေတ်ကာလ တူညီပေမဲ့ နံရံဆေးရေးပန်းချီတွေက ပိုထင်သာ မြင်သာ ရှိလို့ လေ့လာသူတွေအတွက် အကျိုးရှိတယ်။

  • နံရံဆေးပန်းချီတွေကို ထိန်းသိမ်းထားတယ်ဆိုသော်လည်း ရာသီဥတုဒါဏ်၊ နေနဲ့လေဒါဏ်တွေ ကို ခံစားနေရတာမို့ ခုတောင် ပါးလျနေပါပြီ။ လုံးဝ ပျောက်မသွားခင် မြင်ဖူးသင့်ပါတယ်။

  • အင်္ဂတွေပန်းလက်ရာတွေ အတော်များများကျန်နေသေးလို့ လေ့လာသင့်ပါတယ်။ ပန်းတော့လက်ရာတွေ၊ တည်ဆောက်မှုဗိသုကာဟန် ထူးခြားမှုတွေကို လေ့လာသင့်ပါတယ်။

  • ဆားလယ်ရွာဟာ သိပ်သာယာလှပလို့ သွားလည်သင့်ပါတယ်။

  • သူများတွေ အများကြီးပုံတွေတင်ပြီးမှ ကိုယ်တင်တာထက် ကိုယ်အရင်တင်တာမျိုး ဖြစ်စေချင်လို့ပါ။

၂၀၁၆ ငလျင်မှာ ပြိုကျသွားတဲ့ ဂူဘုရားတစ်ဆူကို ထိန်းသိမ်းထားတဲ့ နောက်ဆုံးအခြေအနေ
နောက်ပိုင်း ပြန်ပြင်တဲ့အခါဘိလပ်မြေမသုံးဘဲ ယခင်နည်းအတိုင်းထုံးအချိုး ၂:၃ နဲ့ ၃:၃ နဲ့ ပြင်ဆင်တဲ့အကြောင်း နမူနာပြ
ရှေးအုတ်တွေအပြင်ခေတ်သစ်အုတ်တွေသုံးရာမှာလည်း ဘိလပ်မြေမသုံးတော့ဘဲ စနစ်တကျပြင်ဆင်ပုံကိုပြသ

ပန်းတော့လက်ရာများနဲ့ ဗိသုကာဟန်များ

ဒီ ဆားလယ်က ဂူဘုရားတွေမှာ လိုဏ် (၂) ဆင့်ပါတဲ့ ဂူဘုရား (၅) ဆူ ရှိပါတယ်။ အပေါ်ဆင့်ကို တက်ဖို့ ကြောင်လိန်လှေကားတစ်စင်းစီ ပါတယ်။ ဒါပေမဲ့ ပစ္စယံက သေးငယ်ပြီး အကာလည်း မရှိတာမို့ တက်ရောက်ခဲ့ရင်တော့ တစ်ခုခုဆို ကိုယ့်တာဝန် ကိုယ်ယူရမှာပါ။ အဲ့ဒီထဲမှာ ထူးခြားတာက ဘုရားအမှတ် ၅ နဲ့ ၁၉ ပါ။ ဘုရားအမှတ် ၅ မှာ လှေကား နှစ်စင်း ပါရှိပြီး၊ ၁၉ က တခြားလိုဏ်နှစ်ဆင့် ဘုရားတွေလို မဟာဗောဓိကွမ်းထောင်ကို လိုဏ်ဖောက်ထားတာမဟုတ်ဘဲ အပေါ်ဆင့်မှာ တိုက်ခံထားတဲ့ လိုဏ် ၂ ဆင့် ဂူဘုရား ဖြစ်ပါတယ်။ ဆားလယ်ဒေသမှာ ဒီလိုမျိုးက ဒီတစ်ဆူတည်းသာ ရှိတာပါ။


ပုဂံပြည်မှာတောင် တွေ့ရခဲတဲ့ အာရုံခံအနောက်လှည့် ဂူဘုရားတွေကိုလည်း ဒီမှာ တွေ့ရပါတယ်။ ဘုရားအမှတ် ၃၅ နဲ့ ၄၁ တွေပါ။


ဂူဘုရားတွေရဲ့ ဆင်းတုတော် ရှိရာ နောက်ကျောမှာ တံကဲတွေ ကို ပန်းတော့လက်ရာတံကဲပုံစံအတိုင်း ဆေးရေးတံကဲတွေ တွေ့ရတတ်ပါတယ်။ တချို့မှာလည်း အဖုအဖောင်းလေးတွေနဲ့ ပန်းတော့နဲ့ ဆေးရေး ပေါင်းစပ်ထားတာတွေ ရှိနေပြန်တယ်။ ဘုရားအမှတ် ၂၀ နဲ့ ၂၃ တို့မှာ မူလလက်ရာ ဆင်းတုတော်တွေမှာ သံကူပန်းတော့လက်ရာတွေနဲ့ ပေါင်းစပ်ထားတာ တွေ့ရပါမယ်။

ငလျင်ဒါဏ်တွေ ဆိုးဆိုးရွားရွား အကြိမ်ကြိမ် ခံခဲ့ရသည့်တိုင် အကောင်းအတိုင်းရှိနေသေးတဲ့ အင်္ဂတေပန်းများနဲ့ ဂူဘုရား

ပန်းပုလက်ရာများ

ဆားလယ်က ဂူဘုရားတွေမှာ ဘုရားအမှတ် (၁၀) နဲ့ (၂၃) တို့ကို လေ့လာကြည့်ရင် သစ်သားပန်းပုလက်ရာ တံကဲတွေကို ပန်းတော့လက်ရာတံကဲတွေနဲ့ ဆေးရေးတံကဲတို့ကို အတူရေးဆွဲဖန်တီးထားတာ တွေ့ကြရပါဦးမယ်။ ဘုရားအမှတ် ၃ မှာ မတ်ရပ်ဆင်းတုတော် ၄ ဆူ၊ ဘုရားအမှတ် ၁၀ နဲ့ ၃၄ မှာ မင်းရပ်တော် ဆင်းတု တစ်ဆူစီကို လေ့လာနိုင်ပါမယ်။


မူလဆေးရေးများ

မူလဆေးရေးတွေ လေ့လာနိုင်မဲ့ ဘုရားအမှတ်တွေကတော့ ၁၊ ၃၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၃၊ ၁၄၊ ၁၅၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၃၊ ၂၇၊ ၂၈၊ ၃၀၊ ၃၄၊ ၃၉ ၊ ၄၁ တို့ပဲ ဖြစ်ပါတယ်။ ခေတ်အပြောင်းမှာ လုံးဝ ပြုပြင်ထားတာမျိုး မရှိဘဲ တကယ့်မူလလက်ရာ ဆေးရေးတွေကို လေ့လာမယ်ဆိုရင်တော့ ဘုရားအမှတ် ၁၀၊ ၁၃ နဲ့ ၁၅ ကို သွားရောက်သင့်ပါတယ်။ အတော်လည်း စုံလင်ပါတယ်။ ကျန်တဲ့ဘုရားတွေမှာတော့ နေဒါဏ်လေဒါဏ်မိုးဒါဏ်၊ သဘာဝဘေးဒါဏ်၊ လင်းနို့ချေးဒါဏ်တွေနဲ့ အရောင်မြိန်တာတွေရော၊ ပျက်စီးနေတာရော နဲ့ အစုံအလင် တွေ့ရမှာ မဟုတ်ပါဘူး။ ဆေးရေးတွေကိုတော့ အနီ၊ နီညို၊ အဖြူ၊ အဝါ၊ အစိမ်း နဲ့ အနက်ရောင်တွေ အသုံးပြုထားပါတယ်။ အစိမ်းကိုတော့ အချို့မှာပဲ သုံးတာပါ။

နံရံဆေးရေးပန်းချီတွေ လေ့လာခဲ့ရတဲ့ ဂူဘုရား အမှတ် (၈)

ဆေးရေးတွေကို အတွင်းဘက်တွေမှာပဲ တွေ့ကြရတာပါ။ အလင်း နေရောင် တိုက်ရိုက်ထိတဲ့ အပိုင်းတွေက အရောင်လွင့်တာ မြန်ပါတယ်။ အာရုံခံ အမိုးတွေမှာ ခြေတော်ရာတွေ တွေ့ရတတ်ပြီး နံရံ ၂ ဘက်မှာတော့ ၅၅၀ ဇာတ်ကွက်တွေ ရေးဆွဲလေ့ ရှိပါတယ်။ အမိုးမှာတော့ စကြာဝဠာဗဟိုရ် ကို ရေးဆွဲလေ့ရှိပြီး သမ္ဗုဒ္ဓေဆင်းတုတွေ၊ နှစ်ကျိပ်ရှစ်ဆူဘုရားတွေလည်း ရံပြီး ရေးဆွဲတတ်ပါတယ်။ နံရံ ၂ ဘက်မှာတော့ ဗုဒ္ဓဝင်ခန်းတွေ များပါတယ်။ ငရဲကြီးရှစ်ထပ် သရုပ်ဖော်ပုံတွေလည်း မြင်ခဲ့ရတယ်။ ဆင်းတုတော်တွေရဲ့ နောက်ခံ တံကဲမှာတော့ ဗောဓိညောင်ပင်ပုံကို အလယ်ထိပ်တည့်တည့်မှာ ရေးဆွဲထားပါတယ်။ တံကဲတိုင်ထိပ်နှစ်ဘက်မှာ ကိန္နရီ ကိန္နရာတွေ ထည့်ဆွဲပြီး အောက်ခြေမှာ သာဝက နှစ်ပါးကို ဆွဲလေ့ရှိပါတယ်။ ဗုဒ္ဓဝင်ခန်းတွေရဲ့ အောက်ခြေမှာ ဆင်းတုရဲ့ ညာဘက်ဆို အရိမေတ္တယျဘုရားအလောင်း နတ်ရုပ်နဲ့ ဘယ်ဘက်ဆို အဝလော့ကိတေ့သွရ နတ်ရုပ် (လောကနတ်လို့လည်းဆိုကြ) ကို ထည့်သွင်းရေးဆွဲတတ်တယ်။ အတော်များများမှာ 3D ပုံစံ ရေးဆွဲထားတဲ့ ကုလသာအိုးတွေကို နံရံထောင့်ချိုးတွေမှာ တွေ့ရတယ်။ ဒါက ပုဂံက ဂူဘုရားတွေရဲ့ ဆေးရေးဆွဲသားဟန် အယူအဆတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဝင် ပန်းချီတွေ
ဂူဘုရားတွေထဲ နောက်ခံ နံရံဆေးရေးပန်းချီတွေ အရောင်စုံ အတော် ကောင်းမွန်ဆဲ

ကျွန်တော်ရဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းခရီးစဉ်တလျှောက် အတော်ကျေနပ်စရာ ဖြစ်စေခဲ့တဲ့ ဆားလယ်ရွာက ရှေးဟောင်းဘုရားတွေနဲ့ နံရံဆေးရေးပန်းချီတွေကို ကျွန်တော့်လိုပဲ ထူးခြားတဲ့ မြန်မာ့အနုသုခုမတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ မြင်တွေ့လိုသူများအတွက် လက်တို့ လမ်းညွှန်ပေးလိုက်ရပါတယ်။ ဒီခရီးအတွက် အစစ ကူညီပေးခဲ့ကြတဲ့ Salay House က ကိုထွန်း၊ မခိုင် တို့ မိသားစု၊ လေးစားရပါတဲ့ စာရေးဆရာနဲ့ ဧည့်လမ်းညွှန် ဆရာ ဦးလတ် (မောင်မောင်လတ် [ရှေးဟောင်းသုတေသန])၊ ရှေးဟောင်းသုတေသနက ကိုမြင့်ဆွေ တို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, La Yong, U Latt

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

934 views1 comment

1 Comment


Guest
Jul 27, 2021

ပုဂံဆားလယ်စေတီများ

Like
Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page