top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၄) | ပင်လယ်သေ၊ ပင်လယ်နီ၊ ဂါလိလဲပင်လယ် နှင့် ယော်ဒန်မြစ်

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Oct 31, 2021
  • 3 min read

အပတ်တိုင်း တနင်္ဂနွေနေ့ဆို တင်ဆက်ပေးနေတဲ့ “သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း” ကို စောင့်ပြီး အားပေးဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီတစ်ပတ်တော့ Holy Land မှာ မြင်တွေ့ကြရမယ့် ကျမ်းစာထဲက ပင်လယ်၊ မြစ်နဲ့ အိုင်တွေ အကြောင်းကို ပြောပြပေးချင်တာပါ။ အစ္စရေး၊ ပါလက်စတိုင်း၊ ဂျော်ဒန် ဝန်းကျင်ကို ခရီးဆန့်တဲ့အခါ ထူးခြားတဲ့ ပင်လယ် (၄) ခု နဲ့ မြစ် (၁) စင်း ကို ကြုံတွေ့ကြရပါမယ်။ ကုန်းတွင်းပင်လယ် လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဂါလိလဲအိုင် (ဂယ်လိလီအိုင်)၊ အရောင်တကယ်မနီပေမဲ့ နာမည်ကတော့ နီနေတဲ့ ပင်လယ်နီ၊ ဆေးဖက်ဝင်ပြီး ရေနစ်လို့ မသေနိုင်တဲ့ ပင်လယ်သေ၊ အကြီးမားဆုံးပင်လယ်လို့ ပြောဆိုကြတဲ့ မက်ဒီတာရန်းနီယန်းပင်လယ် နဲ့ ယော်ဒန်မြစ် (ဂျော်ဒန်မြစ်) တို့ပဲ ဖြစ်ပါတယ်။ ပင်လယ် (၄) ခုမှာ မက်ဒီတာရန်းနီးယန်း (Mediterranean) ပင်လယ်က နိုင်ငံတွေမျှလို့ ထိစပ်မှုရှိနေပြီး ခရစ်ယာန်ဘုရားဖူးတွေအတွက်ကတော့ ဂါလိလဲအိုင်၊ ပင်လယ်သေ၊ ပင်လယ်နီ နဲ့ ဂျော်ဒန်မြစ် တို့ဟာ အထူးအရေးပါတယ်လို့ ဆိုနိုင်ပါတယ်။

အရောင်တကယ်မနီပေမဲ့ နာမည်ကတော့ နီနေတဲ့ ပင်လယ်နီ

ပင်လယ်သေ (The Dead Sea)

နာမည်ကျော် ပင်လယ်သေဟာ ဂျော်ဒန်နဲ့ အစ္စရေး နှစ်နိုင်ငံထဲ ပါဝင်နေပြီး ကိုယ်နှစ်သက်ရာနိုင်ငံကနေ အလည်သွားလို့ရတာမျိုးပါ။ ကျွန်တော်တို့ခရီးတုန်းကတော့ မူလအစီအစဉ်က ဂျော်ဒန်မှာ လည်ပတ်လေ့လာဖို့ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် အစ္စရေး ကျမှ လည်ပတ်လေ့လာခဲ့ရပါတယ်။ ဒါလည်း တစ်မျိုးကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ပင်လယ်သေဟာလည်း ကုန်းတွင်းပင်လယ် လို့ ခေါ်ဆိုနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် Sea Level အောက် ပေပေါင်း ၁၂၉၀ နိမ့်ပြီး တည်ရှိနေတာမို့ ကမ္ဘာ့အနိမ့်ဆုံးနေရာလို့တောင် ဆိုကြပါတယ်။ အတိုင်းအတာအားဖြင့် အရှည် ၄၈ မိုင် နဲ့ အကျယ် ၁၁ မိုင် ရှိပါတယ်။ ရေငန်နှုန်း အလွန်မြင့်မားပြီး သီးသန့်ဖြစ်တည်နေတာလည်း ထူးခြားမှုတစ်ခုပါ။ ပင်လယ်သေ အတွင်းမှာ ရေနေသက်ရှိသတ္တဝါတွေ ရှင်သန်နိုင်စွမ်းမရှိတဲ့အတွက် ပင်လယ်သေ လို့ ခေါ်တွင်တယ်လို့တော့ မှတ်သားဖူးခဲ့ပါတယ်။


သမ္မာကျမ်းစာထဲမှာတော့ ပင်လယ်သေ ကို အမည်အမျိုးမျိုးနဲ့ခေါ်ဆိုခဲ့ကြပါတယ်။ သောဒုံအိုင် (ကမ္ဘာ ၁၄:၃)၊ လွင်ပြင်အိုင် တည်းဟူသော ဒုံအိုင် (ယောရှု ၃:၁၆)၊ အရှေ့ပင်လယ် (ဇာခရိ ၁၄:၈) စသဖြင့် ရေးသားခေါ်ဆိုခဲ့ကြတာ တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ပင်လယ်‌သေ ဟာ အာဗြံဟံ ခေတ်ကနဲ့ ပုံစံအရွယ်အစားဟာ တူညီသလောက်ရှိတုန်းလို့ သိရပါတယ်။ ရေအရမ်းကြီးချိန်မှာတောင် ရေမျက်နှာပြင် ပေအနည်းငယ်ခန့်လောက်သာ မြင့်တက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ကျမ်းစာထဲမှာ ဒီပင်လယ်သေနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုက စိတ်ဝင်စားစရာပါပဲ။ ဆိုးညစ်မှုတွေများနေတဲ့ သောဒုံမြို့ကို ဖျက်ဆီးတော့မယ့်အချိန်မှာ ကောင်းကင်တမန် နှစ်ပါး ကို ကူညီစောင့်ရှောက်ခဲ့တဲ့ လောတ တို့မိသားစု ဟာ အသက်ချမ်းသာရာရဖို့ ဖြစ်လာပါတယ်။ ပင်လယ်သေ ကို သောဒုံအိုင်လို့လည်း ခေါ်ဆိုတာမို့ သောဒုံမြို့ဟာလည်း ဒီဝန်းကျင်မှာပဲ တည်ရှိမယ်လို့ ကျွန်တော်ယူဆမိပါတယ်။ မြို့ပျက်တော့မယ့် မနက်မိုးသောက်ချိန်မှာ ကောင်းကင်တမန်တွေက လောတ ကို နှိုးပြီး သူရဲ့မယား၊ သမီးနှစ်ယောက် ကို ခေါ်လို့ ဘေးလွတ်ရာကို ပြေးစေပါတယ်။ ပြေးတဲ့အခါ နောက်ကိုလှည့်မကြည့်ဖို့ သေချာမှာလိုက်ပါတယ်။ လောတ တို့ ဇောရမြို့ကို ရောက်ချိန်မှ ကောင်းကင်ကနေ မီးမိုးရွာကျလို့ ဖျက်ဆီးခြင်းခံရပါတော့တယ်။ ဒီအချိန်မှာ လောတရဲ့ မယားကတော့ နောက်ကိုလှည့်ကြည့်မိတဲ့အတွက် ဆားတိုင် ဖြစ်တယ်လို့ ဆိုပါတယ်။ အခုထိတိုင် လောတမယား ဆားတိုင် ကျောက်ကြီးကို ပင်လယ်သေအနီး ကုန်းမြင့်တစ်နေရာမှာ တွေ့မြင်လေ့လာနိုင်ကြဆဲပါ။

“လောတ၏ မယားမူကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁၉:၂၆)

စိတ်မပြတ်ဘဲ နောက်လှည့်ကြည့်မိလို့ ဆားတိုင်ဖြစ်ခဲ့ရတဲ့ လောတမယား ဆားတိုင် ကျောက်ကြီး

ပင်လယ်သေမှာ ဆားဖြစ်တည်မှုနဲ့အတူ မက်ဂနက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် ကလိုရိုရိုက်စ် နဲ့ မက်ဂနက်ဆီယမ် ဘရိုမိုက် တွေလို အရေးပါတဲ့ဓါတ်သတ္တုတွေ ပါဝင်နေပါတယ်။ ပင်လယ်သေမှာ လူနဲ့ တိရစ္ဆာန်တွေဟာ အလိုလို ရေပေါ် ပေါလောပေါ်နိုင်တဲ့ သတ္တိရှိပါတယ်။ လူရဲ့ခေါင်းကို မော့ထားရင်ကို အလိုလိုပေါ်နိုင်တဲ့သဘောပါ။ Life Jacket ဝတ်ထားသလိုပါပဲ။ ဒါကြောင့်လည်း နာမည်ကြီးပါတယ်။ ဒါ့အပြင် ပင်လယ်သေ က ရေဟာ ဆီလိုမျိုးချွဲချွဲပုံစံလေး ရှိတတ်ပြီး သူ့ဆီက ထွက်တဲ့ အမည်းရောင်ရွှံ့ဟာ ဆေးဖက်ဝင် သဘာဝပစ္စည်းတစ်ခုဖြစ်လို့ အလှကုန်နဲ့ ဆေးဝါးတွေ ဖော်စပ်ရာမှာ အသုံးပြုကြပါတယ်။ အရသာကတော့ အတော်လေး ခါးသက်ပြီး မျက်စိထဲဝင်ရင် အတော်ဆေးကြောရခက်တဲ့အထိပါပဲ။ နှစ်ပေါင်း ၃ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ဒီပင်လယ်သေ ကို အမှီပြုပြီး အပန်းဖြေစခန်းတွေ ဖွင့်ထားကြရာမှာ အခမဲ့ကနေ အခကြေးငွေယူတဲ့နေရာတွေအထိ အမျိုးမျိုးတွေ့မြင်ကြရပါလိမ့်မယ်။ နေဝင်ချိန် နဲ့ နေထွက်ချိန်တွေ ကြည့်ရင်လည်း လှပေမဲ့ သူ့ဆီကထွက်နေတဲ့ ကန့်အနံ့ဆိုး ကြောင့်တော့ အပြည့်အဝ ခံစားချက်ကောင်းနေမှာတော့ မဟုတ်မှာ သေချာပါတယ်။


ပင်လယ်နီ (The Red Sea)

ပင်လယ်နီ ဟာ ၁၃၉၈ မိုင် ရှည်လျားပြီး အကျယ်ပြန့်ဆုံးနေရာမှာ ၂၂၀ မိုင်ကျော် ကျယ်ပြန့်ပါတယ်။ ရေနေသတ္တဝါမျိုးစိတ်ပေါင် တစ်ထောင်ကျော် နဲ့ အပျော့နဲ့အမာ သန္တာကျောက်တန်းမျိုးစိတ်ပေါင်း ၂၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေဟိုတယ်နဲ့ စခန်းတွေ၊ အဏ္ဏဝါပြတိုက်တွေ မျိုးစုံ ဖန်တီးတည်ဆောက်ထားကြပါပြီ။ ပင်လယ်နီ ဟာလည်း ခရစ်ယာန်ဘုရားဖူးတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ဘာသာရေးနဲ့ဆက်နွယ်ပြီး သီးသန့် လေ့လာစရာမျိုးမရှိလှဘဲ အပန်းဖြေရုံဖြစ်ပါလိမ့်မယ်။ ပျော်စရာလေးတွေ ဖြစ်စေပါမယ်။ ပင်လယ်နီ ဟာ ကျမ်းစာထဲမှာတော့ အီဂျစ်ပြည်ကနေ မောရှေ တို့ ဣသရေလလူမျိုး (ယနေ့ ဂျူးလူမျိုး) တွေကို ကယ်ထုတ်လာရာမှာ အီဂျစ်ဘုရင် က ပြန်လည် တိုက်ခိုက်ဖို့ လိုက်လာတဲ့အချိန် ရှေ့မှာ ပင်လယ်ပဲ ရှိတော့တာမို့ လမ်းဆုံးပြီလို့ ထင်မှတ်ခဲ့ကြပေမဲ့ ဘုရားသခင် က မောရှေ ကို ပင်လယ်မှာ လက်ဆန့်လို့ ပင်လယ်ခွဲစေခဲ့ပြီး ပင်လယ်အောက်က မြေပေါ်မှာ လမ်းလျှောက်ဖြတ်သန်းစေခဲ့ပါတယ်။ နောက်ကလိုက်လာတဲ့ ဖာရောမင်းစစ်တပ်ကြီးကလည်း ပင်လယ်ထဲ လိုက်ဖြတ်ချိန်မှာတော့ ပင်လယ်ရေပြန်လာစေခဲ့လို့ အားလုံး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့်လည်း သက်ဝင်ယုံကြည်သူတွေဟာ ဘေးကြပ်နံကြပ်ဖြစ်တဲ့ အချိန်မျိုးတွေဆိုရင် ဒီအဖြစ်အပျက်ကို အမြဲဆင်ခြင်နှလုံးသွင်းပြီး ဘုရားအပေါ်မှာ ကိုးစားခြင်းနဲ့ ခွန်အားယူကြလေ့ရှိပါတယ်။

“မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တစ်ညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။ ဣသရေလအမျိုးတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြ၍၊ ရေသည်သူတို့လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။” (ထွက်မြောက်ရာ ၁၄:၂၁-၂၂)


ဂါလိလဲပင်လယ် (သို့) ဂယ်လိလီအိုင် (The Sea of Galilee)

ကြီးမားတဲ့အိုင်ကြီး ဖြစ်ပြီး မုန်တိုင်းထန် လေပြင်း လှိုင်းကြီးတဲ့အထိ ဖြစ်နိုင်တာမို့ ပင်လယ်လို့လည်း တင်စားကြတာဖြစ်နိုင်ပါတယ်။ အိုင်က လေပြင်းလှိုင်းထန် ဖြစ်နိုင်သလားလို့ အရင်က ကျွန်တော် သံသယဖြစ်ဖူးပါတယ်။ အင်းတော်ကြီးအိုင်နဲ့ ပြန်ယှဉ်စဉ်းစားမိလိုက်တော့ ဖြစ်နိုင်တယ်လို့ တွက်ဆမိသွားပါတယ်။ ဒီအိုင်ကို ကျမ်းစာထဲမှာ ဂါလိလဲအိုင် ပြီးတော့ တိဗေရိအိုင် စသဖြင့် ဖော်ပြတတ်ပါသေးတယ်။ ဂယ်လိလီအိုင်ဟာ ဂျော်ဒန်မြစ်နဲ့ ဆက်စပ်မှုရှိနေတာ ဖြစ်ပါတယ်။ ဟာမွန်တောင်ကနေ နှင်းတွေအရည်ပျော်တဲ့အခါမှာလည်း ဒီအိုင်ထဲကို ရေစီးဝင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ၆၈၅ ပေ မှာ ရှိနေတဲ့ ရေချိုအိုင် ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၁၃ မိုင် ရှည်လျားပြီး ၇မိုင်ခွဲ ကျယ်ဝန်းပါတယ်။ အနက်ကတော့ မီတာ ၅၀ ပါ။ ယေရှုခရစ်တော်ဟာ ၃ နှစ်တာ ဓမ္မအမှုတော်ဆောင်ခြင်းတွေကို ဒီအိုင်ဝန်းကျင်က မြို့ရွာတွေမှာ အများဆုံး ပြုလုပ်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မသစ်ကျမ်းစာထဲမှာ မကြာခဏဆိုသလို တွေ့မြင်ရတတ်ပြီး ခရစ်ယာန်ဘုရားဖူးတွေလည်း အတော်စိတ်ဝင်စားကြတဲ့နေရာလို့ ဆိုနိုင်ပါတယ်။ ကျမ်းစာ မဿဲ ၈ မှာ ဖော်ပြထားတဲ့အတိုင်း ယေရှုခရစ်တော်ဟာ အိုင်ကို ဖြတ်ကူးစဉ်မှာ လှိုင်းကြီးလေထန် လို့ လှေမှောက်မတတ်ဖြစ်နေချိန် ကျိန်းစက်နေခဲ့ပါတယ်။ တပည့်တော်တွေက ကြောက်လန့်ပြီး ကိုယ်တော်ကို နှိုးကြပါတယ်။ ယေရှုခရစ်တော်က လေနှင့်ပင်လယ်ကို ဆုံးမလို့ ငြိမ်သက်သာယာစေတဲ့ တန်ခိုးပြရာနေရာလည်း ဖြစ်ပါတယ်။

“ကိုယ်တော်က ယုံကြည်အားနည်းသောသူတို့ အဘယ်ကြောင့် ကြောက်တတ်သနည်း ဟု မေးတော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။” (မဿဲ ၈:၂၆)


ဒီ ဂယ်လိလီအိုင်ကြီးမှာ လည်ပတ်လုပ်ဆောင်စရာများပါတယ်။ ငါးမြှား၊ ရွက်လှေစီး၊ ကယက်လှေလှော်၊ ငှက်ပျောသီးလှေစီး စသဖြင့် ကိုယ်ပျော်ရာ လုပ်နိုင်ပါသေးတယ်။ ဘုရားဖူးတွေကတော့ ယေရှုခရစ်တော်လက်ထက်က လှေကြီးမျိုးကို စီးနင်းရင်း အိုင်ဝန်းကျင်ကို လှည့်ပတ်လေ့လာကြ၊ ဘုရားဝတ်ပြုကြနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။ လှေကြီးတွေပေါ်မှာ နိုင်ငံအစုံရဲ့ အလံတွေ ထားထားပြီး သက်ဆိုင်ရာ ဘုရားဖူးအဖွဲ့ရဲ့နိုင်ငံအလိုက် နိုင်ငံတော်သီချင်း ဖွင့်ပြပေးတတ်တာဟာလည်း တစ်မျိုး ထူးခြားပါတယ်။ လှေဆိပ်နားမှာပဲ Man in the Galilee Museum ရှိနေပါတယ်။ Yigal Allon Centre ထဲမှာ ရှိနေတဲ့ အဲ့ဒီပြတိုက်ထဲမှာ အိုင်ထဲက ပြန်လည် တွေ့ရှိဆယ်ယူထားတဲ့ ယေရှုခရစ်တော် စီးနင်းဖူးတယ်လို့ ယူဆရတဲ့ လှေကြီး ကို ပြသထားပါတယ်။ ဝင်ကြေးပေးဆောင်ပြီး ဝင်ရောက်လေ့လာနိုင်ကြပါတယ်။


ယော်ဒန်မြစ် (သို့) ဂျော်ဒန်မြစ် (Jorden River)

ဂျော်ဒန်မြစ် ဟာလည်း သမ္မာကျမ်းစာထဲမှာ အရေးပါတာမို့ ခရစ်ယာန်ဘုရားဖူးတွေဟာ မြစ်ရေကို တန်ဖိုးထားကြတာ တွေ့ရပါမယ်။ ဒီရောက်မှ နှစ်ခြင်းခံယူကြသူတွေလည်း များစွာ တွေ့ကြရပြီး မြစ်ရေ ကို ရေဗူးလွတ်တွေနဲ့ သိမ်းဆည်းလို့ ကိုယ့်နိုင်ငံကို ပြန်သယ်ယူကြတာလည်း တွေ့ကြရပါတယ်။ ဘုရားဖူးအပြန်လက်ဆောင် ရောင်းချတဲ့ဆိုင်တွေမှာလည်း မြစ်ရေကို သန့်ရှင်းသောရေ အဖြစ် ပုလင်းလေးတွေထဲ ထည့်သွင်းရောင်းချကြလေ့ရှိပါတယ်။ ကျမ်းစာထဲမှာလည်း ယော်ဒန်မြစ် (ဂျော်ဒန်မြစ်) နဲ့ ပတ်သက်ပြီး ဖော်ပြချက်တွေကို တော်တော်များများ တွေ့ရတတ်ပါတယ်။ အထူးခြားဆုံးအဖြစ်အပျက်ကတော့ ယောရှုတို့ ယော်ဒန်မြစ်ကို ကူးကြတဲ့အကြောင်းပါ။ ပင်လယ်နီတုန်းက ပင်လယ်ရေကွဲမှ ဖြတ်ကူးကြပေမယ့် ဒီယော်ဒန်မြစ်ကို ဖြတ်ကူးရာမှာတော့ ယုံကြည်ခြင်းနဲ့ ကူးစေခဲ့တာပါပဲ။ ခြေကို အရင်ချတော့မှ ရေက တန့်သွားတာ ဖြစ်ပါတယ်။ ပဋိညာဉ်သေတ္တာ ထမ်းသူ ယဇ်ပုရောဟိတ်တွေဟာ မြစ်လယ်မှာ ရပ်တန့်နေကြရပြီး လူအားလုံးကူးပြီးမှ တက်ကြရပါတယ်။ အဲ့အခါမှာ ရေက ပုံမှန်အတိုင်း ပြန်စီးဆင်းတာဖြစ်ပါတယ် (ယောရှုမှတ်စာ ၃)။ ဒါ့အပြင် ပရောဖက်ကြီး ဧလိယ ကောင်းကင်သို့ ချီဆောင်ခါနီးမှာ တပည့် ဧလိရှဲ ကို ကောင်းချီးပေးလို့ ခွဲခွာခဲ့တဲ့နေရာဟာလည်း ဒီ ယော်ဒန်မြစ်နားမှာ ဖြစ်ပါတယ် (ဓမ္မရာဇဝင် စတုတ္ထ ၂)။ ဆီးရီးယား က ဗိုလ်ချုပ်မင်းနေမန် နူနာစွဲတဲ့အခါ ကျွန်မလေး အားဖြင့် ပရောဖက် ဧလိရှဲ ထံကို သွားရောက်လို့ ကျန်းမာခြင်းတောင်းခံတဲ့အခါ ယော်ဒန်မြစ်ရေမှာ ခုနစ်ကြိမ် ရေချိုးစေခဲ့ပြီး နူနာပျောက်ကင်းစေခဲ့တာကိုလည်း တွေ့ရပါဦးမယ် (ဓမ္မရာဇဝင် စတုတ္ထ ၅)။ ယေရှုခရစ်တော် ဟာလည်း ဒီ ယော်ဒန်မြစ်မှာ ဗတ္တိဇံ (နှစ်ခြင်း) ခံယူခဲ့တာဖြစ်ပါတဲ့အတွက် ဒီဒေသကိုရောက်ရင် ခရစ်ယာန်ဘုရားဖူးတွေဟာ ဂျော်ဒန်မြစ်ကို မဖြစ်မနေ လာကြရခြင်းဖြစ်ပါတယ်။

“ထိုအခါယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။” (မာကု ၁:၉)


Holy Land ခရီးစဉ်တွေမှာ ထူးထူးခြားခြား မြင်တွေ့ကြရမယ့် ပင်လယ်တွေ မြစ်တွေ ဟာ သမ္မာကျမ်းစာထဲမှာ ပါဝင်တဲ့အချက်အလက်တွေနဲ့ စစ်ဆေးတိုက်ဆိုင်ရင်း လည်ပတ်လေ့လာတဲ့အခါမှာ ပိုပြီးစိတ်ဝင်စားစရာ ဖြစ်ကြရပါတယ်။ ဒီဒေသတွေအကြောင်းကို ဖော်ပြတဲ့အခါ ကျွန်တော်ကတော့ ဘုရားဖူးခရီးစဉ်အနေနဲ့ အသားပေးရေးသားတာဖြစ်လို့ တချို့လူငယ်တွေအနေနဲ့ ဘုရားဖူးခရီးစဉ်ဆိုပြီး စိတ်ဝင်စားမှုလျော့နိုင်ပေမဲ့ တကယ်တော့ လူငယ်တွေအတွက်လည်း ပျော်စရာဖန်တီးဖို့များစွာ ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ တစ်ချိန် ဘုရား ပို့ဆောင်ဦးမယ်ဆိုရင်တော့ ဒီဒေသက အခြားသော လူငယ်စိတ်ဝင်စားစရာနေရာတွေနဲ့ အကြောင်းအရာတွေကိုလည်း တင်ဆက်ချင်မိပါသေးတယ်။


အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးကြပါစေ။

May God bless you all!

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

댓글


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page