ကျွန်တော် ရွှေဘိုခရိုင်ဘက်ကို တစ်ခေါက်ပြန်ရောက်ဖို့ အကြောင်းဖြစ်လာတော့ အရင်တစ်ခါ မရောက်ဖြစ်ခဲ့တဲ့ နေရာတွေကို သွားလည်ပတ်ဖို့ စဉ်းစားဖြစ်တယ်။ ဒါနဲ့ပဲ စိမ်းစိမ်းလန်းလန်း သဘာဝအလှတွေနဲ့ မိုးတွင်းဆို ပိုအသက်ဝင်တဲ့ ရှိန်းမကား ဘက်ကို ရောက်ခဲ့ရပါတယ်။ ရှိန်းမကား ရဲ့ အလှက အဲ့ဒီ သစ်ပင်အုံ့အုံ့စိမ်းစိမ်းတွေနဲ့ ဘုန်းကြီးကျောင်းဆီ သွားတဲ့ အုတ်လမ်းလေးပေါ်က ရေညှိပင်ကပ်နေတာလေးတွေ ပါပဲ။ Photo Spot တစ်ခုပဲပေါ့။ ကျန်တာကတော့ အရမ်းကြီး ထူးခြားနေမှာတော့ မဟုတ်ဘူး။ အကယ်လို့ ကိုယ်က သမိုင်းအကြောင်းအရာတွေ၊ ရှေးဟောင်းပစ္စည်းတွေ သိပ်မနှစ်သက်တတ်ဘူး ဆိုရင် ပေါ့လေ။
ရှိန်းမကား (သို့မဟုတ်) ရှိမ္မကား
ရှိန်းမကား ကို ရှိမ္မကား လို့ ဟိုးအရင်က စာလုံးပေါင်းခဲ့ပုံရတယ်။ ဒီဒေသတစ်ဝိုက် ဟိုးခေတ် စာလုံးဆိုင်းဘုတ်၊ အလှူကမ္ဗည်းတွေမှာဆိုရင် ရှိမ္မကား ဆိုတဲ့ စာလုံးပေါင်းကို တွေ့ရပြီး၊ ခေတ်သစ် အရေးမှာတော့ ရှိန်းမကား လို့ ရေးတာ တွေ့ခဲ့ရပါတယ်။ ရှိန်းမကား ဆိုတဲ့ စကားနောက်မှာ မြို့လေးတစ်ခု (ရွာကြီးတစ်ရွာဆိုလည်းဟုတ်တယ်)၊ ဘေးမဲ့တော၊ တောရကျောင်းကြီး တွေ တွဲပါနေ မှာ အသေအချာပါ။ ဒီ ရှိန်းမကား အရပ်ဟာ ဟိုးအရင်က သမင်တွေကို စောင့်ရှောက်ပေးတဲ့ ဘေးမဲ့တော ရှိရာ အရပ်ဖြစ်ခဲ့ပြီး ခုထိတိုင်လည်း ဒေသခံတွေကို စကားတီးခေါက်ကြည့်ရင် ရှိန်းမကားဆိုတာနဲ့ သမင်တွေ ရှိတယ်ဆိုတာမျိုး ပြောလေ့ ရှိဆဲပါ။ ရှိန်းမကား ကတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းမှာ တည်ရှိနေပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ပျူနဲ့ ဆက်နွယ်နေတဲ့ ရာဇဝင်တွေ ရှိရာ အရပ်လို့ ယေဘုယျ ဆိုချင်ပါတယ်။
ရှိန်းမကား ဆီ ခရီးနှင်မယ်ဆိုရင်
ဒီအရပ်ကို သွားမယ်ဆိုရင်တော့ မန္တလေးကနေဆို ၂ နာရီခွဲလောက် ကားမောင်းရပါတယ်။ စစ်ကိုင်းကနေ လမ်းခွဲသွားလို့ရတယ်။ ဝက်လက်အထိ တက်ပြီး လမ်းခွဲလည်း ရတယ်။ ကျွန်တော်ကတော့ ရွှေဘိုကနေ သွားတာဖြစ်လို့ ၁ နာရီကျော်ကျော် လောက် ကားမောင်းပြီး သွားရပါတယ်။ လမ်းက ကားတစ်စီးခွဲစာ လို့ပြောရမလား ကိုးလို့ကန့်လန့် လမ်းပုံစံတွေ များတယ်။ ကောင်းတဲ့လမ်းပိုင်း အရမ်းကောင်းတယ်။ ဆိုးတဲ့နေရာကျတော့လည်း အတော်ဆိုးပါတယ်။ ကားအမြင့်တွေနဲ့က ပိုသင့်လျော်တယ်။ ဆိုင်ကယ်နဲ့လည်း အဆင်ပြေပါတယ်။ လမ်းက ကားတစ်စီးခွဲစာကျော်ကျော် မို့ ဆိုင်ကယ်နဲ့ဆိုရင် ဦးထုပ်လေး သေချာစောင်းပါ၊ နောက်ကြည့်မှန်နဲ့ ရှေ့နောက် ကားအလာကို သေချာကြည့်ပြီးမှ သွားစေချင်ပါတယ်။
ရှိန်းမကားကို လည်လို့ကောင်းတဲ့အချိန်
ဖြစ်နိုင်ရင် နေပွင့်တဲ့ နေ့လည်ခင်းလောက်ကနေ ညနေ နေကျချိန်အထိ အဆင်ပြေပါတယ်။ ဒီဘက်က မိုးလည်းနည်းတတ်လို့ မိုးတွင်းလာရင်လည်း အဆင်ပြေတယ်။ နွေထက် မိုးတွင်းမှာ ပိုလှတဲ့သဘောလည်း ရှိပါတယ်။ မိုးတွင်းကျတော့ အပင်တွေက စိမ်းစိမ်းစိုစိုလေးရှိနေပြီး ရေညှိပင်လေးတွေ ကပ်ပြီး ပေါက်နေတာက ရှိန်းမကားရဲ့ အလှတစ်ခု မို့ ဒီအလှကို မြင်တွေ့နိုင်တာကလည်း မိုးတွင်းပဲ ဖြစ်ပါတယ်။
ရှိန်းမကား မှာ လည်ပတ်စရာ
ဒီမှာတော့ လည်ပတ်စရာ မများလှပါဘူး။ တချို့များအတွက်ဆို “ဟာ ဒီလောက်လေးနဲ့ လာရတာ မတန်ဘူး” လို့တောင် ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ ရှိန်းမကားမှာ သူ့အလှနဲ့သူ ပြည့်စုံနေတော့ သေချာခံစားတတ်မှ အဆင်ပြေပါမယ်။ ဒါကြောင့် တချို့ က ရှိန်းမကား တစ်ခုတည်း ခရီးစဉ် မဆွဲဘဲ၊ ဟန်လင်းမြို့ဟောင်း၊ စစ်ကိုင်းဘုရားဖူး၊ ရွှေဘိုအလည်အပတ် စသဖြင့် တခြားအစီအစဉ်တွေနဲ့ တွဲဖက်ပြီး သွားလည်ပတ်လေ့ရှိပါတယ်။
ရှိန်းမကားရွာကြီး
မြို့လေးလည်းဟုတ် ရွာကြီးဆိုလည်း ဟုတ်တဲ့ ရှိန်းမကားရွာကို ဘယ်ကနေလာလာ အရင်ဖြတ်ကြရမှာပါ။ ရွာလယ်လမ်းလေးတလျှောက် စည်ကားနေတာလေး သတိပြုမိတယ်။ ဒါတောင် ကျွန်တော် သွားတဲ့အချိန်က ခရီးသွားရာသီ ဟုတ်ဟန်မတူဘူး။ စိမ်းစိုနေတဲ့ စပါးခင်းတွေ ကို ဖြတ်ကျော်လာရပြီး တကယ့် ရိုးရှင်းတဲ့ မြန်မာရွာတစ်ခုရဲ့ ဟန်ပန်ကို တွေ့မြင်လေ့လာကြရမှာပါ။ မြန်မာဆန်ပေမဲ့ ခေတ်မီတဲ့ သဘောတော့ ရှိပါတယ်။ တချို့အပိုင်းတွေက မြို့နဲ့တောင် တူနေပါပြီ။ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိပါတယ်။
ရှိန်းမကား ဘေးမဲ့တော နဲ့ ရှေးဟောင်းပစ္စည်းတွေရှိတဲ့ တောရကြီးကျောင်း
အဓိက လာရောက်လည်ပတ်ကြတာက ဘေးမဲ့တော နဲ့ တောရကြီးကျောင်းတိုက် ဆီကိုပါ။ ဘေးမဲ့တောမှာ သမင်တွေ ပေါတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ သိပ်နက်နက် မသွားလို့လား မသိ၊ မတွေ့ခဲ့။ တခြား ဘာအကောင်မှလည်း မတွေ့ပါဘူး။ ဘုန်းကြီးကျောင်းနား ကပ်နေတဲ့ ခွေးလေးတစ်ကောင်ပဲ တွေ့ခဲ့ရတယ်။ အချို့ကလည်း ဒီဘေးမဲ့တောထဲ တိရစ္ဆာန်ငယ်လေးတွေ အတော်စုံတယ်လို့ ညွှန်းကြတာ ဖတ်ရတယ်။ ဘေးမဲ့တောက ၃၃၄ ဧက ကျယ်ဝန်းပြီး သမင်၊ တောခွေး၊ ချေ၊ တောကြောင်၊ တောကျက် စတာတွေ ရှိတယ် လို့ ဖတ်ခဲ့ရဖူးပါတယ်။ တောရကြီးကျောင်းကတော့ သူ့ဆီ သွားတဲ့ အုတ်လမ်းလေးက စွဲဆောင်မှု ရှိနေတာပါ။ အစိမ်းရောင် သစ်ပင်တွေ အုံ့ဆိုင်းနေပြီး ရေညှိကပ်နေတဲ့ အုတ်လမ်းလေးတလျှောက်လမ်းလျှောက်ရတာ ခံစားမှု သိပ်ကောင်းပါတယ်။ လမ်းက သိပ်မဝေးဘဲ၊ လှလွန်းလို့ ခဏလေးနဲ့ ရောက်သွားတယ်တောင် ထင်ရတယ်။ အဲ့ဒီလမ်းလေး လွန်ရင် ဘုန်းကြီးကျောင်းဝန်းထဲ ရောက်ပြီး၊ အဲ့ဒီမှာ မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်က မင်းတုန်းမင်းကြီး လှူဒါန်းတည်ဆောက်ခဲ့တဲ့ ရှေးဟောင်းကျောင်းတိုက်ကြီးကို တွေ့ကြရပါတယ်။ အဲ့ဒါကို တောရကြီးကျောင်းလို့ ခေါ်တယ်လို့ သိရပါတယ်။ ပျက်စီးယိုယွင်းနေပေမဲ့ သေချာထိန်းသိမ်းနေတဲ့ပုံတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ မြန်မာမှု ဗိသုကာလက်ရာ အင်္ဂတွေပန်းပုလက်ရာတွေကို သေချာလေ့လာနိုင်ခွင့် ရပါသေးတယ်။ ကုန်းဘောင်ခေတ် လက်ရာတွေလို့ သိရပါတယ်။ ဒါလေးတွေက ရွှေတွေပေါ့ဗျာ။ တစ်ခါ မင်းတုန်းမင်းကြီး တည်ခဲ့တဲ့ စောင်းတန်းလို ဇရပ်လို ဟာတွေလည်း ရှိသေးတယ်။ ပြီးတော့ မင်းတုန်းမင်းကြီးရဲ့ ရှေးဟောင်းအသုံးအဆောင် တော်တော်များများကိုလည်း ဘုန်းကြီးကျောင်းက ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ရှေးဟောင်းကျောင်းတိုက်ကြီးတွေ ကျော်သွားရင် စေတီတစ်ဆူနဲ့အတူ ထုံးဖြူလေး သုတ်ထားတဲ့ လမ်းကွေ့လေး တစ်ခုရယ်၊ မြစ်ထဲကို ဆင်းတဲ့ လှေကားတစ်စင်းရယ်ကို တွေ့ရပါတယ်။ ဧရာဝတီမြစ်ထဲထိဆင်းပြီး မြစ်ရဲ့အလှကို ခံစားနိုင်သလို၊ ရွှေရောင်သုတ်ထားတဲ့ ကျောင်းဆောင်ဟောင်းတစ်ခုကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။ အဲ့ဒီကနေ သစ်ပင်ခပ်အုပ်အုပ်လေးထဲ လူလျှောက်လမ်းလေးအတိုင်း ဆင်းကြည့်ရင် အောက်ဘက်မှာ တရားထိုင်တဲ့ ဂူလိုမျိုး ဂူကြီး ဂူငယ်လေးတွေကို တွေ့ကြရပါဦးမယ်။
ရှိန်းမကား ကနေ ကျွန်တော်က ရွှေဘို ပြန်တော့ လမ်းတလျှောက် ရွာတွေနဲ့ ရှေးဟောင်းဘုရားတွေ အတော်များများတွေ့ရတယ်။ အင်းဘဲကြီးရွာ ဆိုလည်း ကျွန်တော် မျက်စိကျတဲ့အထဲ ပါတယ်။ ရှေးဟောင်းဘုရားပုံစံလေးတွေ အစီအရီ အများအပြားနဲ့ ဗမာဆန်တဲ့ ရွာကြီးတစ်ရွာပါပဲ။ ညနေစောင်းမှ ပြန်လာတာမို့ လယ်ကွင်းစိမ်းစိမ်းတွေကြား နေဝင်ချိန်က အနုပညာမြောက်မြောက်နဲ့ ကျွန်တော့်အတွေးတွေကို သူ့ဆီ အပါခေါ်သွားနိုင်တယ်။ ရှိန်းမကားရဲ့ စိမ်းလန်းတဲ့ သဘာဝတောအုပ်လေးနဲ့ ဧရာဝတီမြစ်ရဲ့ အလှတွေ၊ ကုန်းဘောင်ခေတ် ခမ်းနားတဲ့လက်ရာ ကျောင်းတော်ကြီးတွေက ပြန်တွေးတိုင်း ပြန်အမှတ်ရစေမှာ အသေအချာပါပဲဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Nay Myo, Kyaw Thant
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Commenti